← Chapters

ကမ္ဘာဖျက်နတ်ဆိုးဓား

Vol. 93 Ch. 1307

ကမ္ဘာဖျက်နတ်ဆိုးဓား

Vol. 93 Ch. 1307

အခန်း (၁၃၀၇) ကမ္ဘာဖျက်နတ်ဆိုးဓား

ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ ၏ ငရဲကိုးထပ်တွင် ပြန်လည်မွေးဖွားခြင်း အစီအစဉ်ကို လူအနည်းငယ်သာလျှင် သိရှိကြသည်။

သို့သော် ခွန်လွန်အထင်ကရကိုးပါးတွင်ပါဝင်သည့် အချို့သူများက ရာဟုကြယ်ထက်ယံအရှင်သခင်၏ လျှို့ဝှက်ချက်ကို မသိမသာ ရိပ်မိခဲ့ကြပြီး ၊ ထိုသူများထဲတွင် လင်ချင်းသည်လည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။

ကျန်းရွှင်ဟွားက မဟာနတ်ဆိုးတစ်ပါး၏ အခွင့်အာဏဦကို ရယူရန်စီစဉ်ထားပြီး သူမ၏ပစ်မှတ်မှာ တစ်ချိန်က ရန်ရှင်းထန် သုတ်သင်ပစ်ခဲ့သော သတ္တုပလ္လင်ကိုပိုင်စိုးသည့် မဟာနတ်ဆိုး ဖြစ်သည်။

ရာဟုကြယ်ထက်ယံအရှင်သခင်၏ပစ်မှတ်က ကောင်းကင်ဘုံအရှင်အဆင့်ရှိသော နတ်ဆိုးတစ်ပါးမဟုတ်သလို ထျန်းကျွင်းအဆင့်ရှိသော နတ်ဆိုးတစ်ပါးလည်း မဟုတ်ခဲ့ပေ။

သူက မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှတစ်ပါးဖြစ်သော “ဒြပ်စင်ငါးပါးတွင် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး” ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကျန်းရွှင်ဟွား ထိုမျှသတ္တိကောင်းပြီး အောင်မြင်မှုရရှိရန် ယုံကြည်ချက်ရှိနေရသည့်အကြောင်းရင်းကို လင်ချင်း သိရှိလေသည်။ အကြောင်းရင်းမှာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရော တောင်ပိုင်းချန်စန်းဧကရာဇ်ကပါ သူမကို ထောက်ခံကူညီပေးကြသောကြောင့် ဖြစ်၏။

ဤသည်က ကျန်းရွှင်ဟွား၏ ကိုယ်ပိုင်ရည်ရွယ်ချက်တစ်ခုတည်း မဟုတ်ခဲ့ပေ။ အဆင့်မြင့်တန်ခိုးစွမ်းအားရှင်များ၏ အကြံအစည်များပါ ပါဝင်သည်။

ထိုသို့ပင် ဖြစ်လေသည်....။

သို့သော် ထိုခဏတွင် အနက်ရောင်မိစ္ဆာမီးလျှံများကြားမှ ဆိုးရွားသော စွမ်းအားရောင်ဝါကို အာရုံခံမိသည့်အခါ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း လင်ချင်း ခံစားလိုက်ရသည်။

ထို ကိုယ်တွင်းစွမ်းအားက သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးဖြစ်သည့် ဓားနတ်ဆိုး’ယင်းရှီယန်’ ၏ စွမ်းအားရောင်ဝါနှင့် တူညီခြင်း မရှိပေ။

ထိုစွမ်းအားက ရက်စက်ကြမ်းကြုတ်မှု သိပ်မရှိသလို အလွန်အမင်းထက်ရှမှုလည်း မရှိပေ။

သို့သော် ပိုမိုအေးစက်ပြီး သေစေနိုင်လောက်အောင် တိတ်ဆိတ်ခြင်းဖြင့် လွှမ်းမိုးနေသည်။ ထိုစွမ်းအားရောင်ဝါက ပိုမိုကြောက်မက်ဖွယ်ရာကောင်းသလို ပိုမိုထိတ်လန့်ဖွယ်ရာကောင်းကာ ဆိုးရွားသည့် အပြစ်တရားတို့ဖြင့် ပြည့်နက်နေသည်။

စကြာဝဠာတစ်ခုလ့ဒး ဖန်းဆင်းပြီးကတည်းက ဖြစ်ပေါ်လာသော မိစ္ဆာချီစွမ်းအားများအားလုံးစုစည်းပြီး ကမ္ဘာတစ်ခုလုံးအား သုတ်သင်ပစ်တော့မည့်အလား ထင်မှတ်ရသည်။

ဆိုးရွားလှသော အနက်ရောင် မိစ္ဆာချီစွမ်းအားမီးတောက်မီးလျှံများ ထွက်ပေါ်လာသည်နှင့် တာအိုစကြာဝဠာတစ်ခုလုံး ပျက်သုဉ်းခြင်းသို့ ဦးတည်သွားကာ ညှိုးနွမ်းခြောက်သွေ့သွားသော ဖြစ်စဉ်များ ပြသလာသည်။

အနက်ရောင် မိစ္ဆာချီစွမ်းအား မီးတောက်မီးလျှံများ၏ပိုင်ရှင်က သူ၏ တန်ခိုးစွမ်းအားကို တိကျသည့် နေရာတစ်ခုတည်းတွင်သာ အာရုံစိုက်နေခြင်းမရှိပါက အထက်ဘုံကမ္ဘာတစ်ခုလုံး ပျက်သုဉ်းသွားမည် ဖြစ်သည်။

မီးတောက်မီးလျှံများအားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အနက်ရောင်ဓားသွားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထိုဓားသွားက အာကာသအလွှာများကို ခုတ်ပိုင်းဖြတ်တောက်ပြီး လင်ချင်းရှေ့သို့ ရောက်ရှိလာသည်။

နေနှင့်လတို့ တစ်လှည့်စီတောက်ပနေပြီး ထူးကဲယင်နှင့် ထူးကဲယန် အလင်းတန်းများက ပေါင်းစည်းသွားကာ အနက်ရောင်ဓားကို အက်ကွဲသွားစေသည်။

သို့သော် အဆုံးမရှိသောအမှောင်ထုက နေနှင့်လ၏တောက်ပမှုကို ဝါးမျိုသွားကာ စကြာဝဠာတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

လင်ချင်းမျက်နှာအမူအရာက ရေခဲပမာ အေးစက်သွားသည်။

သူမပတ်ဝန်းကျင်မှ ငွေဖြူရောင် လရောင်ခြည်က အလိုလိုပျော်ဝင်သွားပြီး နက်ပြာရောင် အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။

ခဲ့ထူအမှောင်လွှမ်းခြုံမန္တန်။

‌ကောင်းဟန်၏ကိုယ်ပွားဖြစ်သော လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ က သူ၏ကိုယ်ပိုင်သိုင်းပညာကို ဖန်တီးသောအခါ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ က ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ ပံ့ပိုးကူညီပေးခဲ့သည်။

ထို့ကြောင့် လင်ချင်းသည် ထူးကဲယင်စွမ်းအားဖြစ်သော ‘လဝန်းစွမ်းအား’ နှင့် လကြတ်ခြင်းစွမ်းအားဖြစ်သော ‘ခဲ့ထူကြယ်’ ၏စွမ်းအား နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည်။

အလင်းနှင့်အမှောင် တစ်ခုနှင့်တစ်ခု ပြိုကွဲသွားသည့်အခါ လင်ချင်းက သူမ၏လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

အလင်းနှင့်အမှောင်၏ စွမ်းအား အစွန်းနှစ်ဖက်ကို လွန်ကဲစွာ လှည့်ပတ်လိုက်သောအခါ ထိုစွမ်းအားနှစ်ခုပေါင်းစည်းသွားပြီး မပြိုကွဲနိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လင်ချင်းက ‘သူတော်စင်အလင်းအလံရှည်’ ကို ကိုင်ကာ ရှေ့သို့ ဖြည်းညင်းစွာ ရိုက်နှက်ချလိုက်သည်။

တိုက်ကွက်က နှေးကွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် စကြာဝဠာဗလာနယ်ကို ရိုက်ချိုးဖျက်ဆီးနိုင်စွမ်းရှိသော ကြမ်းတမ်းသည့် တိုက်ကွက်တစ်ခု ဖြစ်သည်။

‘သူတော်စင်အလင်းအလံရှည်’ က နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ကိုယ်တိုင် သန့်စင်ထားသော ထိုက်ရွှီးမူလအဆင့် အမတမှော်ဝင်ပစ္စည်းဖြစ်လေရာ  ထိုပစ္စည်းထဲတွင်ပါဝင်သည့် တန်ခိုးစွမ်းအားနှင့် သိုင်းပညာအယူအဆက ကောင်းဟန်သင်ယူလေ့လာထားသည့် သိုင်းပညာ ၊ တန်ခိုးစွမ်းအားနှင့် ညီမျှသည်။

ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်တွင် ရန်ကျောက်ကဲ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အား အသုံးပြုသကဲ့သို့ပင် လင်ချင်းမှာလည်း ‘သူတော်စင်အလင်းအလံရှည်’ ကို ခေတ္တမျှ ငှားရမ်းအသုံးပြုရသည်ဖြစ်ရာ သူမအနေဖြင့် ထိုပစ္စည်းကိုအသုံးပြုရာတွင် ချောမွေ့ခြင်း မရှိလှပေ။

သို့သော် သူမက ကောင်းကင်ဖွင့်ကျမ်းစာကို သင်ယူထားသူ ဖြစ်၏။

ကောင်းဟန်ကလည်း ကောင်းကင်ဖွင့်ကျမ်းစာ၏ ထူးခြားဆန်းကျယ်သောအဓိပ္ပါယ်များစွာကို ‘သူတော်စင်အလင်းအလံရှည်’ ထဲတွင် ထည့်သွင်းထားသည်။

ထို့ကြောင့် ကောင်းကင်ဖွင့်ကျမ်းစာကို ကျင့်ကြံထားသည့် လင်ချင်းအနေဖြင့် ကောင်းဟန်တီထွင်ထားသည့် အမတမှော်ဝင်ပစ္စည်းကို ကိုင်ဆောင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

ရှည်လားပြီး အလင်းရောင်များထွက်ပေါ်နေသည့် အလံရှည်က ကောင်းကင်ကိုဖွင့်ကာ မြေကြီးကို ပိုင်းခြားနိုင်စွမ်းရှိသော တန်ခိုးစွမ်းအားဖြင့် ရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။ ထိုအလံရှည်က အမှောင်ထုတ်ကို ဖြိုခွင်းပြီး အသစ်သော ကမ္ဘာ‌လောကတစ်ခု တည်ဆောက်တော့မည့်အလား ထင်မှတ်ရသည်။

ကနဦးကောင်းကင်ပင်လယ် အက်ကွဲသွားပြီး မြေ ၊ ရေ ၊ လေ ၊ မီး တို့ အရှိန်အဟုန်ဖြင့် ကြမ်းတမ်းစွာ မြင့်တက်လာသည်။ ထို့နောက် တစ်ခဏအတွင်းမှာပဲ ထိုအရာအားလုံးက အဆုံးမရှိသော နေရောင်ခြည်အဖြစ် ပြောင်းလဲသွားသည်။

နေရောင်ခြည် အရှေ့သို့ ဖြတ်သန်းသွားသည်နှင့် ဗလာနယ်က အဆက်မပြတ် အက်ကွဲသွားသည်။

ထိုနေရောင်ခြည်က အလားတူပုံစံအတိုင်း စကြာဝဠာတစ်လျှောက် အဆက်မပြတ့်ချဲ့တွင်သွားပြီး ရပ်တန့်ရန် အရိပ်အမြွက်ပင်မရှိခဲ့ပေ။

ယခင်က ထူးကဲယင်စွမ်းအားနှင့် လရိပ်ပြောင်းပြန်စွမ်းအားတို့က အလင်းနှင့်အမှောင် စက်ဝန်းသံသရာတန်ခိုးစွမ်းအားအဖြစ် ပေါင်းစည်းသွားပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားက ရှေ့သို့ အဆက်မပြတ် ချဲ့ထွင်နေသည့် နေရောင်ခြည်ကို လုံလောက်သည့်စွမ်းအားဖြင့် အစွမ်းကုန် ထောက်ပံ့ပေးထားသည်။

ထို့ကြောင့် နေရောင်ခြည်က ပိုမိုအားကောင်းလာပြီး လုံးဝမရပ်တန့်ဘဲ ရှေ့သို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်သွား၏။

ထိုခဏတွင် အလွန်အမင်း ဆိုးရွားပြီး အပြစ်တရားဖြင့်ပြည့်နေသော အနက်ရောင်ဓားသွားက ဘယ်သောအခါမှ ပျက်ဆီးနိုင်ခြင်းမရှိဟု ထင်မှတ်ရသည်။

ကောင်းကင်ကိုဖွင့်လှစ်ပြီး ကမ္ဘာမြေကို ပိုင်းခြားသွားနိုင်စွမ်းရှိသည့် နေရောင်ခြည်မှာ အမှောင်ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။

ကံကောင်းသည်မှာ လင်ချင်း၏တိုက်ခိုက်မှုက များစွာ ပိုမိုခိုင်မာသည်။

‘သူတော်စင်အလင်းအလံရှည်’ နှင့်အတူ သူမ၏တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ဖြည်းညင်းစွာပင် နေနျင့်လကိုပင် ချေမှုန်းနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာ အမှောင်ဓားကို ဖြည်းညင်းစွာ ဖိနှိပ်ထားလိုက်သည်။

ထို့နောက်မှာတော့ အနက်ရောင်ဓားသွားပျောက်ကွယ်သွားပြီး အနက်ရောင် မိစ္ဆာချီမီးလျှံများသည်လည်း အဝေးသို့ တွန်းထုတ်ခံလိုက်ရသည်။

သို့ပေသိ လင်ချင်း၏တိုက်ခိုက်မှုက ရှေ့သို့ဆက်တိုးရန် စွမ်းအားမရှိတော့ပေ။

ထို အမှောင်ဓားနှင့် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် သူမ၏ တန်ခိုးစွမ်းအားနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းများ ပင်ပန်းနွမ်းနယ်ပြီး ဆုတ်ယုတ်သွားသည့်ပမာ ခံစားလိုက်ရသည်။

ဤသို့ဖြစ်ရသည်မှာ သူမ၏ အမတချီစွမ်းအားအနှစ်သာရများ ကုန်ခမ်းသွားခြင်းကြောင့် မဟုတ်ပေ။ သိုင်းပညာရပ်များစွာ၏ နက်နဲမှုများနှင့်ပတ်သက်ပြီး သူမ၏ ထိုးထွင်းသိမြင်နိုင်မှု တဖြည်းဖြည်းအားနည်းသွားခြင်းသာ ဖြစ်သည်။

လောကနိယာမများကို သူမ၏နားလည်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းသွားပုံရသည်။

သူမနှင့် သူသင်ယူခဲ့သော သိုင်းပညာရပ်များကြား အရံအတားတစ်ခု ဖြစ်ပေါ်လာသည့်အလား ဖြစ်၏။

သူမ၏မှတ်ဉာဏ်များ ဆုံးရှုံးသွားခြင်း မဟုတ်ပေ။ သို့သော် သူမသည် ဘယ်တုန်းကမှ တာအိုတရားကို ထိုးထွင်းနားလည်ခဲ့ခြင်း မရှိသည့်ပမာ ခံစားရသည်။

ယခင်က သူမ ကျင့်ကြံခဲ့သမျှသည် သူမကိုယ်သူမ လှည့်စားမှုများသာဖြစ်ပြီး ၊ သူမသည် ဘယ်တုန်းကမှ ကျင့်ကြံခြင်းတွင် အာရုံမစိုက်ခဲ့သူပမာ ခံစားလာရသည်။

နတ်ဘုရားအဆင့်သို့တက်လှမ်းပြီးဖြစ်သော ကျင့်ကြံသူတစ်ယောက်အတွက် ၊ အမတချီစွမ်းအား(၅)ခုကို ပေါင်းစည်းထားသည့် ‘ထျန်းကျွင်း’ အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်အတွက် မည်သည့်နည်းနှင့်မှ ဤသို့ ဖြစ်လာစရာ အကြောင်းမရှိပေ။

သို့သော် ယခု ဖြစ်ပျက်သွားခဲ့ပေပြီ။

ဤအဖြစ်အပျက်က စောမင်ကျန့်က ကောင်းဟန် ၊ ကျန်းရှန်နှင့် ယန်ချဲ့တို့၏ ကျင့်ကြံခြင်းအဆင့်များ နိမ့်ကျသွားစေရန် ‘ကောင်းကင်ဖြတ်တော်ကကျမ်းစာ’ တန်ခိုးစွမ်းအား အသုံးပြုတိုက်ခိုက်ခြင်းကဲ့သို့ မဟုတ်ပေ။

လင်ချင်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

သူမက တစ်ဖန်ပြန်လည်အားကောင်းလာသော ကျယ်ပြန့်သည့် အမှောင်ထုစွမ်းအားရောင်ဝါကို ထူးဆန်းသောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

ကျန်းရှန်နှင့် ယွဲ့ကျန့်ပေတို့က ဖြစ်ပျက်နေသည့်အခြေအနေများကို အာရုံစိုက်ကြည့်ရှုနေသည်။

ကျန်းရှန်သည်လည်း ကျန်းရွှင်ဟွားနှင့်ပတ်သက်ပြီး အနည်းငယ် သိရှိထားသည်။ ယခု သူက မျက်မှောင်ကျုံ့ထားပြီး သူ၏စိတ်ထဲတွင် အကြောက်ရားနှင့် သံသယများ ပြည့်နက်လာသည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ကြုံတွေ့ရသည့်အဖြစ်အပျက်များကို ယွဲ့ကျန့်ပေအား ပြောပြခဲ့ဖူးသည်။ ယခု အနက်ရောင်ဓား၏ ထိုးထွင်သိမြင်နိုင်သော တန်ခိုးစွမ်းအားကို အာရုံခံမိသည့်အခါ သူ့စိတ်ထဲ ဆိုးရွားသည့်ခံစားချက်တစ်ခု ခံစားလာရသည်။

ယွဲ့ကျန့်ပေ ရှေးဟောင်းဒဏ္ဍာရီတစ်ပုဒ်ကို သတိရသွားမိသည်။ ထိုဒဏ္ဍာရီက ယခု မျက်မြင်တွေ့နေရသည့်ဖြစ်စဉ်နှင့် အတော်လေး နက်ရှိုင်းစွာ ဆင်တူသည်။

ထိုဓားသွားကိုတွေ့မြင်သည်နှင့် အဂ္ဂိရတ်ခန်းမထဲတွင် ရွှင်မြူးသည့်မျက်နှာအမူအရာရှိနေသော ရန်ကျောက်ကဲမျက်နှာထက်မှ အပြုံးရိပ်က ပျက်ဆီးသွားသည်။

သူ အံတင်းတင်းကြိတ်ရင်း...

“ကျန်းရွှင်ဟွား... မင်းက အရူးပဲ... မင်း သေသင့်တယ်”

တခြားအကြောင်းကိစ္စဆိုလျှင် ရန်ကျောက်ကဲက ရာဟုကြယ်ထက်ယံအရှင်သခင်၏ရဲရင့်မှုအတွက် လက်မထောင်ပြမိမည် ဖြစ်သည်။

ထိုဖြစ်ရပ်မျိုး သူကိုယ်တိုင်တွင် ဖြစ်ပျက်သွားလျှင်တောင်မှ ရန်ကျောက်ကဲက ပျော်ရွှင်သည့်ခံစားချက်များဖြင့် မိုးနှင့်မြေကို ထိုးနှက်တိုက်ခိုက်မည် ဖြစ်သည်။

သို့သော် သူနှင့်အလွန်တရာ ရင်းနှီးသူတစ်ယောက်တွင် ထိုအဖြစ်အပျက်မျိုး ဖြစ်ပျက်လာသည့်အခါ ရန်ကျောက်ကဲစိတ်ထဲ ကျန်းရွှင်ဟွားကို ကျိန်ဆဲလိုစိတ်များပြင်းထန်လာသည်။

လင်ချင်း ၊ ကျန်းရှန်နှင့် ယွဲ့ကျန့်ပေတို့ အာရုံခံမိသည့်အတိုင်း ကျန်းရွှင်ဟွားက မဟာနတ်ဆိုးတစ်ပါး၏ အခွင့်အာဏာကို ရယူနိုင်ခဲ့သည်။ သို့သော် ထိုမဟာနတ်ဆိုးက သူ ယခင်က ပစ်မှတ်ထားခဲ့သော သတ္တုပလ္လင်ကိုပိုင်ဆိုင်သည့် မဟာနတ်ဆိုး မဟုတ်ခဲ့ပေ။

သို့မဟုတ် အစကတည်းကပင် ကျန်းရွှင်ဟွား၏ အစီအစဉ်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိခဲ့ကြခြင်းလည်း ဖြစ်နိုင်သည်။

ရာဟုကြယ်ထက်ယံအရှင်သခင်က ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ပါးကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

မိစ္ဆာနတ်ဘုရား (၁၂)ပါးကို အုပ်စုနှစ်စုခွဲခြားထားသည်။

“ဘိုးဘေးမဟာနတ်ဆိုး(၆)ပါး” နှင့် “ထိပ်တန်းမဟာနတ်ဆိုး(၆)ပါး” ဟူ၍ ဖြစ်သည်။

ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးတွင် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ၊ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ၊ မီးပလ္လင်ကိုပိုင်ဆိုင်သေသာနတ်ဆိုး ၊ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ၊ သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘စိတ်ဝိညာဉ်နတ်ဆိုး’ နှင့် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘အရိပ်နတ်ဆိုး’ တို့ ပါဝင်သည်။

ဘိုးဘေးမဟာနတ်ဆိုး(၆)ပါးကတော့ ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးထက် ပိုမိုရှေးကျပြီး ပိုမို တန်ခိုးစွမ်းအားကြီးမားသည်။

ထို ဘိုးဘေးနတ်ဘုရား(၆)ပါးလုံးက ကနဦးကောင်ကင်ကာလတွင် မွေးဖွားခဲ့ကြသူများ ဖြစ်သည်။

သို့သော် ခြွင်းချက်တစ်ခုရှိပေသည်။

ကမ္ဘာဦးကာလကတည်းက ဤလောကတွင် တစ်ခါမှ ထွက်ပေါ်မလာခဲ့ဖူးသော ဘိုးဘေးမဟာနတ်ဆိုးတစ်ပါး ရှိခဲ့သည်။

ဒဏ္ဍာရီများအရဆိုလျှင် သူက နှောင်းပိုင်းကောင်းကင် အချိန်ကာလ ကုန်ဆုံးချိန်မှသာလျှင် ဤကမ္ဘာလောကသို့ ဆင်းသက်လာမည် ဖြစ်သည်။

သူ၏ နတ်ဆိုးဘွဲ့အမည်ကို မည်သူမှ မသိရှိကြပေ။

ထိုနတ်ဆိုး၏ ဝိသေသလက္ခဏာများကို အခြေခံပြီး လူအများက ယာယီအားဖြင့် သူ့ကို နာမည်တစ်ခုပေးထားခဲ့သည်။

“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး” သို့မဟုတ် “ကမ္ဘာဖျက်နတ်ဆိုး” ....။

***

မိစ္ဆာနတ်ဘုရား (၁၂) ပါး

ဘိုးဘေးမဟာနတ်ဆိုး (၆)ပါး နဲ့ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါး

ဘိုးဘေးမဟာနတ်ဆိုး (၆)ပါး

(၁) ယွမ်စီကောင်းကင်နတ်ဆိုး ‘ယွမ်စီထျန်းမော်’ (ယွမ်စီထျန်းကျွင်းမှ စည်းတံဆိပ်ခတ်ဖိနှိပ်ထား)

(၂) ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး (လင်ပေါင်ထျန်းကျွင်းမှ သုတ်သင်ဖယ်ရှင်း)

(၃) ထိုက်စန့်ကောင်းကင်နတ်ဆိုး (ထိုက်စန့်လောင်ကျွင်း၏မိစ္ဆာခန္ဓာကိုယ်ပွား)

(၄) သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး (အော်မီတော်ဖူဗုဒ္ဓ၏မိစ္ဆာခန္ဓာကိုယ်ပွား)

(၅) မဟာလွတ်‌မြောက်ခြင်းကောင်းကင်နတ်ဆိုး (မာရ်နတ် ၊ မိုးကောင်းကင်မိစ္ဆာ)

(၆) ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး (ကမ္ဘာဖျက်နတ်ဆိုး)

ထိပ်တန်းမဟာနတ်ဆိုး (၆) ပါး

(၁)ဒြပ်စင်ငါးပါးတွင် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး

(၂) ဒြပ်စင်ငါးပါးတွင် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး

(၃) ဒြပ်စင်ငါးပါးတွင် မီးပလ္လင်ကိုပိုင်ဆိုင်သေသာနတ်ဆိုး

(၄) ဒြပ်စင်ငါးပါးတွင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး

(၅) ဒြပ်စင်ငါးပါးတွင် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘စိတ်ဝိညာဉ်နတ်ဆိုး’

(၆) ဒြပ်စင်ငါးပါးတွင် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘အရိပ်နတ်ဆိုး’

(စိတ်ဝိညာဉ်နတ်ဆိုးနဲ့ အရိပ်နတ်ဆိုးကလွဲရင် ကျန်တဲ့ နတ်ဆိုး (၄)ပါးက အသွင်သဏ္ဌန်အမျိုးမျိုးနဲ့ ပြန်လည်မွေးဖွားကြပါတယ်)

___ ဘာသာပြန်သူ

All Chapters