စကြာဝဠာကိုထိန်းချုပ်ပြီး ကမ္ဘာကြီးကိုပြောင်းလဲ
Vol. 93 Ch. 1308
အခန်း (၁၃၀၈) စကြာဝဠာကိုထိန်းချုပ်ပြီး ကမ္ဘာကြီးကိုပြောင်းလဲ
အစပိုင်းတွင် ရန်ကျောက်ကဲတွေးထင်ခဲ့သည်မှာ ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ သည် သူမသေဆုံးပြီးနောက် နက်ရှိုင်းနတ်ဘုရားအဆင့်ရှိသော ‘ထျန်းကျွင်း’ အဆင့် နတ်ဆိုးတစ်ပါးကို ပစ်မှတ်ထားလိမ့်မည်ဟု ယူဆခဲ့သည်။
ယခုတော့ ကြည့်ရသည်မှာ သူမက ထင်မှတ်ထားသည်ထက် ပိုမိုရဲတင်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။
မိစ္ဆာနတ်ဘုရား (၁၂)ပါးတွင် ‘ကမ္ဘာဖျက်နတ်ဆိုး’ ၏တည်ရှိမှုက အလွန်တရာ ထူးခြားလှသည်။
ယွမ်စီကောင်းကင်နတ်ဆိုး ‘ယွမ်စီထျန်းမော်’ နှင့် ယွိချင်အဆက်အနွယ်မှ ယွမ်စီထျန်းကျွင်းတို့ ‘မူလကနဦးနေရာ’ အတွက် တိုက်ခိုက်ခဲ့ကြသလို ‘ကမ္ဘာဖျက်နတ်ဆိုး’ နှင့် စန့်ချင်အဆက်အနွယ်မှ လင်ပေါင်ထျန်းကျွင်းသည်လည်း ကမ္ဘာလောက၏ ဖြစ်စဉ် “အစ” နှင့် “အဆုံးသတ်” ကို ကိုယ်စားပြုသည်။ သူတို့နှစ်ယောက်လုံးက ကမ္ဘာပျက်ကိန်းဖြစ်စဉ်၏ သင်္ကေတများ ဖြစ်ကြ၏။
လင်ပေါင်ထျန်းကျွင်းသာ လောကကိုကျော်လွန်သွားခြင်း မရှိသေးလျှင် ကမ္ဘာပျက်ကိန်းကြုံတွေ့ရသည့် ကမ္ဘာ့အဆုံးသတ်နေ့ရက်များ ရောက်ရှိလာသည့်အခါ ၊ လင်ပေါင်ထျန်းကျွင်းနှင့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး (ကမ္ဘာဖျက်နတ်ဆိုး) တို့ ရင်ဆိုင်တိုက်ခိုက်ကြရမည် ဖြစ်သည်။
သို့သော် လင်ပေါင်ထျန်းကျွင်း လောကကို ကျော်လွန်သွားပြီဖြစ်လေရာ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးအတွက် အတားအဆီး မရှိတော့ပေ။
သူ့အနေဖြင့် ကမ္ဘာပျက်ကိန်းကြုံတွေ့ရသည့် ကမ္ဘာ့အဆုံးသတ်နေ့ရက်များတွင် လောကသို့ဆင်းသက်လာရန် စောင့်ဆိုင်းနေရုံသာ ရှိသည်။
သို့သော် ထိုနေ့ရက်များမတိုင်မီ ကမ္ဘာဖျက်နတ်ဆိုးက လောကသို့ ဆင်းသက်လာမည် မဟုတ်ပေ။
ထို့ကြောင့် သူက ပြန်လည်မွေးဖွားရန် အမြဲတမ်းစောင့်ဆိုင်းနေသည့် သတ္တိပလ္လင်ကိုပိုင်ဆိုင်သည့် ရှေးဟောင်းနတ်ဆိုးနှင့် တူညီခြင်းမရှိလေရာ ကျန်းရွှင်ဟွားအနေဖြင့် ကမ္ဘာဖျက်နတ်ဆိုး၏ အခွင့်အာဏာကို ရယူရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် မိစ္ဆာချီစွမ်းအား အနက်ရောင်မီးတောက်မီးလျှံများဖြင့် ပြည့်နက်နေသည့် အနက်ရောင်ဓားသွားကို တွေ့မြင်ရသည့်အခါ ကမ္ဘာလောက၏ နိယာမအားလုံး ဖျက်ဆီးခံရသည့်ပမာ ခံစားရပြီး ကမ္ဘာပျက်ကပ်ဘေး လောကသို့ ကျရောက်လာသည့်ပမာ ဖြစ်သည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ အောင်မြင်ခဲ့ကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်ရသည်။
တကယ်တော့ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကလည်း အလွန်တရာ ကွာခြားလွန်းသည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ သူမက ဘိုးဘေးမဟာနတ်ဆိုး (၆)ပါး၏ တန်ခိုးစွမ်းအားအစိတ်အပိုင်းကို အမှန်ပင်ရူခဲ့ပြီး သူမ၏ ကျင့်ကြံခြင်းလမ်းကြောင်းကို ချမှတ်ခဲ့သည်။
သို့သော် ယင်းကို တွေးကြည့်မည်ဆိုလျှင် အကျိုးဆက်များသည် အလွန်ကြောက်စရာကောင်းသည်။
ဥပမာဆိုရသော် ကမ္ဘာပျက်ကိန်းသင်္ကေတဖြစ်သော ဆဋ္ဌမမြောက်ဘိုးဘေးမဟာနတ်ဆိုးသည် မျှော်လင့်ထားသည်ဖက် အချိန်စောပြီး လူ့လောကသို့ ဆင်းသက်လာနိုင်မည်လား။
ရန်ကျောက်ကဲသည် အဆိုးရွားဆုံးနည်းလမ်းဖြင့် အခြားသူတစ်ယောက်၏ ရည်ရွယ်ချက်ကို ခန်းမှန်းရန် ဘယ်သောအခါမှ နောက်တွန့်ခဲ့သူ မဟုတ်ပေ။
ယခု သူ သံသယဝင်မိသည်မှာ...
တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဖ်တို့က ငရဲကိုးထပ်တွင် ကြီးမားသောရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားစေရန် ကျန်းရွှင်ဟွားကို ငရဲကိုးထပ်သို့ စေလွှတ်ခဲ့ကြသည်ဖြစ်ရာ ၊ ယနေ့ဖြစ်လာသည့်အကျိုးဆက်က ငရဲကိုးထပ်မှ မဟာနတ်ဆိုးကြီးများက ထိုဧကရာဇ်နှစ်ပါးကို တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်နိုင်ပေသည်။
ဤသည်က တောင်ပိုင်းချန်ဆန်းဧကရာဇ် သို့မဟုတ် အခြားသူတစ်ယောက်ယောက်၏ နဂိုမူလအကြံအစည် တစ်ခုခုလည်း ဖြစ်နိုင်သည်။ သူတို့က အစကတည်းကပင် ကမ္ဘာဖျက်နတ်ဘုရားကို လောကသို့ ပိုမိုစောစီးစွာ ဆင်းသက်လာစေရန် စီစဉ်ခဲ့ခြင်းလား မပြောတတ်ပေ။
မည်သည့်ဖြစ်နိုင်ခြေက မှန်ကန်သည်ဖြစ်ပါစေ ကျန်းရွှင်ဟွားလုပ်ခဲ့သော ဤလုပ်ရပ်ကြီး၏ ဂယက်ရိုက်ခတ်မှုများအားလုံးက ဖန်းယွင်ရှန်းခေါင်းပေါ် ကျရောက်လာမည်သာ ဖြစ်သည်။
အနက်ရောင်အခိုးအငွေ့များဖြင့် လွှမ်းခြုံနေသည့် နက်ပြာရောင်မီးလျှံပင်လယ်ထဲတွင် မိန်းမပျိုတစ်ယောက်၏ပုံရိပ် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
သူမက အစိမ်းရောင်ကြိုးတစ်စဖြင့် ဆံပင်ကိုစည်းနှောင်ထားပြီး နှင်းဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ လက်ထဲတွင် နက်မှောင်သည့်ဓားတစ်လက်ကိုကိုင်ဆောင်ထားသည်။
မိန်းမပျို၏ဓားသွားအစွန်းက ထောင့်ဖြတ်အနေအထားဖြင့် လင်ချင်းထံသို့ ချိန်ရွယ်ထားသည်။
ထိုမိန်းမပျိုသည်ကား နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ‘ဖန်းယွင်ရှန်း’ ပင် ဖြစ်တော့၏။
သူမ၏မျက်ဝန်းများထဲတွင် ဂိုဏ်းတူမောင်နှမများ တွေ့မြင်ရလေ့ရှိသည့် နွေးထွေးမှုများကို တွေ့မြင်ရခြင်းမရှိတော့ပေ။ ယခု သူမ၏မျက်ဝန်းများက အေးစက်သည့်ရေကန်တစ်ခုပမာ ကြည်လင်ပြီး ဆုံးဖြတ်ချက်ခိုင်မာခြင်းများကို တွေ့မြင်ရသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရန်ကျောက်ကဲ သူမကို ပထမဆုံးအကြိမ် စတင်တွေ့ဆုံချိန်ကနှင့် ဆင်တူသည်။
လင်ချင်းက သူမကို စူးစိုက်ကြည့်ရင်း...
“.... မင်းက ကျန်းရွှင်ဟွား မဟုတ်ဘူး...”
သူမက ဆက်ပြောလိုက်သည်။
“ကျန်းရွှင်ဟွား ကျရှုံးသွားခဲ့တယ် ၊ ဒီလိုအခြေအနေတွေဖြစ်လာအောင် မင်းလုပ်လိုက်တာလား”
ဖန်းယွင်ရှန်းက တည်ငြိမ်စွာဖြင့်...
“ရာဟုကြယ်ထက်ယံအရှင်သခင်က အရမ်းတော်တဲ့သူတစ်ယောက်ပါ ၊ ကျွန်မက ကံကောင်းလို့ သူ့လက်ကလွတ်မြောက်ပြီး ကျွန်မရဲ့ဂိုဏ်းကို ပြန်လာနိုင်တာပါ ၊ အခုချိန်မှာ ကျွန်မ ဘာကိုမှ သိပ်ပြီးအရေးမစိုက်နိုင်သေးဘူး ၊ ဒီလိုအခြေအနေတွေဖြစ်လာအောင် ဇာတ်လမ်းဆင်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူး”
လင်ချင်းက သူမကို အချိန်အတန်ကြာ စူးစိုက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
“ကျန်းရွှင်ဟွား သူ့ဟာသူ ပိတ်မိသွားတာလား ၊ ဒါပေမဲ့ မင်းက ကျန်းရွှင်ဟွားကို ဆန့်ကျင်နိုင်တယ်ဆိုကတည်းက အတော်တော့ ထူးခြားတာပဲ ၊ မင်းနေရာမှာ ငါဆိုရင်တောင် သူ့ကိုအနိုင်ယူဖို့ ယုံကြည်ချက်ရှိမှာ မဟုတ်ဘူး”
ဖန်းယွင်ရှန်းမျက်နှာထက် ဂုဏ်ယူဝင့်ကြွားခြင်းမျိုးမရှိဘဲ သူမက အေးဆေးတည်ငြိမ်စွာဖြင့်...
“လဝန်းထက်ယံအရှင်သခင်က ချီးကျူးလွန်းနေပါပြီ ၊ ကျွန်မက ကံကောင်းသွားခဲ့တာပါ”
သူမက အထက်ဘုံကမ္ဘာသို့ရောက်ရောက်ချင်းမှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ရာ လက်ရှိတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း ယေဘူယျနားလည်ထားပြီး ဖြစ်သည်။
ဖန်းယွင်ရှန်း၏ ကျောက်စိမ်းသားပမာ ဖြူစင်သော လက်တစ်ဖက်က အနက်ရောင်ဓားရှည်ကို တင်းကျပ်ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး ဓားသွားထိပ်စွန်းက လင်ချင်းဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထားသည်။
သူမက အေးဆေးစွာဖြင့်...
“ကျွန်မတို့ ဒီနေ့မှ ဆုံတွေ့ရတယ်ဆိုပေမယ့် ကျွန်မနဲ့ အကြီးအကဲက ရန်သူတွေဖြစ်ရပါတော့မယ် ၊ ကျွန်မက ဒီနေ့ ကျွန်မရဲ့ ဆရာ ၊ ကျွန်မရဲ့ခင်ပွန်းအတွက် တိုက်ပွဲဝင်ပေးချင်ပါတယ်”
လင်ချင်းက...
“မင်းမှာလည်း မင်းအကြောင်းနဲ့မင်းရှိသလို ငါ့မှာလည်း ငါ့အကြောင်းနဲ့ငါ ရှိတယ် ၊ တိုက်ပွဲရလဒ်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့ ၊ ပြီးတော့ မင်းက ဘိုးဘေးနတ်ဘုရားတစ်ပါးလည်း မဟုတ်ဘူးလေ”
ပြောပြီးသည်နှင့် သူမက လက်ထဲမှ ‘သူတော်စင်အလင်းအလံရှည်’ ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက အောက်ဘက်တွင် ကောင်းဟန်ပြုလုပ်ထားသည့် မီးတောက်မီးလျှံအစီအရင်ကြီးဆိသို့ ကျဆင်းသွားပြီး အစီအရင်ကိုတိုက်စားနေသည့် အနက်ရောင်မိစ္ဆာချီစွမ်းအားများကို ဖယ်ရှားပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လင်ချင်းက လက်ဖဝါးတစ်ဖက်ဖြင့် အဂ္ဂိရတ်ခန်းမကို ရိုက်ချလိုက်သည်။
ဖန်းယွင်ရှန်းရောက်လာပြီး လင်ချင်းကို ထိန်းထားလိုက်သည်နှင့် ရန်ကျောက်ကဲက သူ၏ ထုံးတမ်းအစီအရင်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ခံစစ်မှ တိုက်စစ်သို့ ပြန်လည်ပြောင်းလဲနိုင်ခဲ့သည်။
လက်ရှိအခြေအနေအရ သူ့မှာ ယခုမှပြန်ဆုံရသည့် ဖန်းယွင်ရှန်းအား အေးအေးဆေးဆေး သွားရောက်နှုတ်ဆက်နိုင်ခြင်း မရှိခဲ့ပေ။
အဂ္ဂိရတ်ခန်းမနှင့် အထက်ဘုံကမ္ဘာချိတ်ဆက်ထားသည့် အလင်းတိုင်လုံးများ ပြန်လည်သိပ်သည်းပြီး တည်ငြိမ်သွားကြောင်း တွေ့ရသည့်အခါ လင်ချင်း ဒီအတိုင်း ထိုင်ကြည့်မနေနိုင်တော့ပေ။
သို့သော် သူမ စတင်လှုပ်ရှားလိုက်သည်နှင့် လေထုထဲတွင် မတ်တတ်ရပ်နေသည့် ဖန်းယွင်ရှန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူမလက်ထဲမှ အနက်ရောင်ဓားရှည်က အလွန်တရာထက်မြက်နေပြီး အရင်ကနှင့်မတူညီစွာ စွမ်းအားပြင်းထန်လွန်းနေသည်။
နေရိပ်နတ်ဓား၏တန်ခိုးစွမ်းအားက အရင်ကနှင့် လုံးဝတူညီခြင်းမရှိတော့ဘဲ အလွန်တရာ စွမ်းအားကြီးမားနေသည်။
ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မိစ္ဆာချီစွမ်းအားက ဓားဝိညာဉ်ပညာပြောင်းလဲသွားပြီး လေထုကိုထိုးဖောက်လျှက် တာအိုစကြာဝဠာအား ဖြတ်ကျော်ကာ လင်ချင်းရှေ့သို့ရောက်လာပြီး ခုတ်ပိုင်းချလိုက်သည်။
ဖန်းယွင်ရှန်း၏မျက်တန်းများက အေးစက်သောမြစ်ရေပမာ တည်ငြိမ်နေသည်။
“ကျွန်မက ကမ္ဘာဖျက်နတ်ဆိုးနဲ့ မယှဉ်နိုင်သေးပါဘူး ၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတော့... အလုပ်ဖြစ်နိုင်ပါတယ်”
အနက်ရောင်ဓားက ဗလာနယ်ကိုခုတ်ပိုင်းချလိုက်ပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။ အချိန်နှင့်နေရာ တည်ရှိမှု ပျက်ပြယ်သွားပြီး တာအိုစကြာဝဠာတွင် သဏ္ဌန်မရှိသည့် အမှောင်ထုတွင်းနက်တစ်ခုသာလျှင် ကျန်ရစ်ခဲ့သည်။
ပိုမိုလေးနက်သည့် ကြိးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ထိုတန်ခိုးစွမ်းအားက အနှောင်အဖွဲ့မှလွတ်မြောက်လာသည့်ပမာ ပိုပြီးကြောက်စရာကောင်းလာသည်။
အဆုံးမရှိသော စကြာဝဠာက ပြားချပ်သည့်မျက်နှာပြင်တစ်ခုပမာ ဖိနှိပ်ခံလိုက်ရသည်။
ပြားချပ်သည့်မျက်နှာပြင်ထက်တွင် မျဉ်းကြောင်းတစ်ကောင်းမြင့်တက်ထွက်ပေါ်လာပြီး လင်ချင်း၏လှုပ်ရှားမှုအားလုံးကို ပိတ်ဆို့ထားလိုက်သည်။
လင်ချင်းက ‘သူတော်စင်အလင်းအလံရှည်’ ကို ဝှေ့ယမ်းပြီး ထိုမျဉ်းကြောင်းဆီသို့ ရိုက်ချလိုက်ရာ မျဉ်းကြောင်းထက်တွင် လှိုင်းဂယက်များပေါ်လာသည်။
မျဉ်းကြောင်းထက် လှိုင်းဂယက်များထွက်ပေါ်လာသည်နှင့် ရက်စက်ကြမ်းတမ်းသည့် ဓားအလင်းတန်းများက လင်ချင်းထံသို့ ဝင်ရောက်သွားသည်။ ထိုမျဉ်းကြောင်းက ကျော်လွန်နိုင်ခြင်းမရှိသော ကောင်းကင်ကျုံးတစ်ခုနှင့် ဆင်တူသည်။
“ကျွန်မ ငယ်ငယ်တုန်းက အကြီးအကဲရဲ့ ထူးကဲယင်သရဖူကြောင့် ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အများကြီး အထောက်အပံ့ရရှိခဲ့တယ် ၊ ဒီနေ့ ကျွန်မတို့ တိုက်ခိုက်ရပြီဆိုတော့ အကြီးအကဲကို လက်နက်အသုံးပြုပြီး မတိုက်ခိုက်ချင်ဘူး ၊ ဒီတော့ လဝန်းထက်ယံအရှင်သခင်... ကျွန်မနဲ့အတူ ဒီနေရာမှာ ထိုင်နေကြရအောင်”
လင်ချင်းကတော့ ဖန်းယွင်ရှန်းနှင့် ဤနေရာတွင် အတူတူထိုင်နေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
လင်ချင်းဝင်ရောက်နှောက်ယှဥ်ခြင်း မရှိတော့သည်နှင့် ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာကို ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့သည်။
ကောင်းကင်ဘုံနန်းတော်တစ်ခုနှင့်ဆင်တူသော ကျောက်စိမ်းဖြူခန်းမကြီးဆီမှ အလင်းရောင်များထွက်ပေါ်လာပြီး ၊ ထိုအလင်းတန်းများက အထက်ဘုံကမ္ဘာနှင့် ချိတ်ဆက်သွားသည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင်တိမ်တိုက်ပင်လယ်ကြီး စတင်ဆင်းသက်လာပြီး ကောင်းဟန်တည်ဆောက်ထားသည့် မီးလျှံအစီအရင်အား လွှမ်းခြုံဖုံးအုပ်သွားသည်။
မီးလျှံအစီအရင်ကြီးက ခရမ်းရောင်မြူခိုးများကြား နစ်မြုပ်သွားပြီး မီးတောက်မီးလျှ့များ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
ထုံးတမ်းအစီအရင်တွင် တောက်လောင်နေသော မီးတောက်မီးလျှံစွမ်းအားများ ဆုံးရှုံးသွားသည်နှင့် တုန်လှုပ်နေသည့် ခွန်လွန်တောင်မှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။
အစီအရင်နှစ်ခု ပေါင်းစပ်လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာသော အထက်ဘုံကမ္ဘာ ပုံပျက်ခြင်းသည်လည်း တစ်ချိန်တည်းတွင် ရပ်တန့်သွားသည်။
သို့သော် ရန်ကျောက်ကဲ၏ ထုံးတမ်းအစီအရင်ကတော့ သူ့အလုပ်သူ ဆက်လက်လုပ်ဆောင်နေဆဲပင်။
အထက်ဘုံကမ္ဘာ၏ နယ်မြေကိုးခုအတွင်းမှ လေထုသည် နောက်ဆုံးတော့ ကန့်သတ်ချက်ကျော်လွန်သွားပြီး ပြင်းထန်သောအပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
သဏ္ဌန်မရှိသော ကောင်းကင်ကျုံးများက နယ်မြေကိုးခု၏ အပိုင်းတစ်ခုစီကို ပိတ်ဆို့ထားသည်။ ထိုခဏတွင် ထို ကောင်ကင်ကျုံးများက ရုပ်ပိုင်းဆိုင်ရာပုံစံတစ်ခု ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ စက်ဝန်းတောင်တန်းဒေသနှင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၏ ကျူတောပင်လယ်ဒေသကဲ့သို့ ဒေသ (၂)ခုကြားမှ လမ်းကြောင်းများ ယာယီပိတ်ဆို့ထားခြင်း ခံရသည်။
ထို့နောက် ဗလာနယ် အဆက်မပြတ်တုန်ခါလာပြီး အသွင်ကူးပြောင်းမှု စတင်ခဲ့သည်။
တစ်စုံတစ်ယောက်က အထက်ဘုံကမ္ဘာအပြင်ဘက်မှ ကြည့်ရှုမည်ဆိုလျှင် မြင်ရသည့်မြင်ကွင်းမှာ အထက်ဘုံကမ္ဘာနယ်မြေများမှ အလင်းရောင်များ ဖြာထွက်နေသည်ကို တွေ့မြင်ကြရပေမည်။
သို့သော် အထက်ဘုံကမ္ဘာအတွင်းမှ ကမ္ဘာ့အစိတ်အပိုင်းတစ်ခုက ထိုနေရာမှ ခွဲထုတ်ခံရသည့်ပမာ လေထုထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို တွေ့ရမည် ဖြစ်လေသည်။