ကျင့်စဉ်ကျင့်ကြံခြင်းအစနှင့်အဆုံး
Vol. 1 Ch. 28
အခန်း (၂၈) ကျင့်စဉ်ကျင့်ကြံခြင်းအစနှင့်အဆုံး
ပြည်နယ် အုပ်ချုပ်ရေးမှူး စော၏ စကားများကို ထူးဆန်းသည်ဟု ဆန်းလျန် မထင်မိပါ။ သူက ကြယ်ငါးပွင့် အနီရောင် အလံတော်အောက်ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်တွင် မွေးဖွားခဲ့သူ ဖြစ်လေသည်။
သူက နည်းနည်းပါးပါးတော့ သားသမီးဝတ် ကျေခဲ့မည် ထင်သည်။ သို့သော် သစ္စာ မစောင့်သိခြင်း ကိုတော့ သူ စိတ်မဝင်စားခဲ့ပေ။
သူက ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို ဘာမှ မပြောဘဲ ပြုံးပြလိုက်သည်။
ခံယူချက် မတူညီသည့် လူနှစ်ယောက်မှာ ရပ်တည်ချက်လည်း တူညီမည် မဟုတ်ပေ။ ဘာလို့ စိတ်အနှောင့်အယှက် အဖြစ်ခံပြီး ရှင်းပြ နေတော့မည်နည်း။
ပြည်နယ် အုပ်ချုပ်ရေးမှူးစောက မုန့်ဟန်ကို ခေါ်ရန်အတွက် လွှတ်လိုက်သည့်လူ ရောက်လာသည့် အချိန်မှာတော့ နေ့လည်ခင်း အချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။
လမ်းတစ်ဝက်တွင်ပင် မုန့်ဟန်မှာ သတိ ရလာလေသည်။ သို့သော် သူက သတိမေ့ချင်ယောင် ဆက်ဆောင် နေလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော လမ်းသွားလမ်းလာများ ဝိုင်းကြည့် ကြသည်ကို ရှက်သောကြောင့် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မုန့်ဟန်ကို အနိုင် တိုက်ခိုက်ခဲ့သည့် ဆန်းလျန်၏ သတင်းမှာ သိုင်းလောက တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အားလုံးမှာ ဆန်းလျန်အကြောင်းကို ပြောနေကြ လေတော့သည်။
မုန့်ဟန်မှာ သိုင်းလောက အတော်ဆုံး သိုင်းသမားဖြစ်သည့် ယန်ယင်းကို မမီသည့် တိုင်အောင် သိုင်းလောကတွင် နာမည်တစ်လုံးနှင့် ထင်ရှားသည့် လူတစ်ယောက် မဟုတ်ပါလား။
ချယ်ရီပန်းရနံ့ ရေနွေးနွေးလေးဖြင့် ဆန်းလျန် ရေချိုးလိုက်သည်။ သူက တည်းခိုရိပ်သာ၏ နေ့စဉ်လုပ်ငန်းများဖြင့် ခေါင်းရှုပ် မခံပေ။ ထို့ကြောင့် အပြင်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။
ချင်ပြည်နယ် မြို့တော်မှာ ကြီးမားသည့် မြို့ကြီးတစ်ခု မဟုတ်သော်လည်း သေးငယ်သည့် မြို့တစ်မြို့တော့ မဟုတ်ပေ။
ဆန်းလျန် စိတ် ကြည်ကြည်လင်လင်နှင့် လမ်းလျှောက် ထွက်လာခဲ့သည်။ သူ့ကို မည်သူမျှ ဂရုစိုက်မိသည့်ပုံ မပေါ်ပေ။ လမ်းပေါ်မှ ကျောက်တုံးများမှ လွဲပြီး သူ့ကို ရိုက်မည့်သူ လှည့်စားမည့်သူ မရှိပေ။
"အဲဒါ ဆန်းလျန်လား"
သိပ်မရင်းနှီးသည့် အသံတစ်သံ …
သို့သော် သူ့နာမည်ကို ပြောနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူနှင့် သိကျွမ်းသည့် သူတစ်ယောက် ဖြစ်နိုင်လေသည်။
ဆန်းလျန် အသံလာရာဆီသို့ လှည့်ကြည့်လိုက်တော့ သူ့အား ကြည့်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့ရလေသည်။
ဆန်းလျန်၏ ခေါင်းထဲတွင် နာမည်တစ်ခု ပေါ်လာလေသည်။ ထိုသူမှာ သူ့ပထမ ဒေါ်လေး၏ အစ်ကိုဖြစ်သူ ရွှီဟုန်ပင် ဖြစ်လေသည်။
သူ့အဒေါ်ဖြစ်သူ ရွှီသခင်မမှာ သူ့ကို သဘောကျသည့်သူ မဟုတ်ပါ။ ဆန်းလျန်မှာလည်း ရွှီဟုန်ကို ငယ်စဉ်က နှစ်ကြိမ်ခန့် မျှသာ တွေ့ဖူးလေသည်။
ရွှီဟုန်အနေဖြင့် ဆန်းလျန်ကို သေချာ အမှတ်မထားလျှင် မှတ်မိ နိုင်စရာအကြောင်း မရှိပေ။
ရွှီဟုန်၏ ဘေးတွင်ရပ်နေသည့် အစိမ်းရောင်ဝတ်ဆင်ထားသည့် အစေခံ မိန်းကလေးကို မြင်လိုက်ရသည့် အတွက် ဆန်းလျန်အတွေးများ ရပ်တန့်သွားသည်။ ဆန်းလျန် အမှတ်မမှားဘူး ဆိုလျှင် ထိုအစေခံ မိန်းကလေးမှာ သူ၏ ဦးလေးဖြစ်သူ ဆန်းချင်းရှိ၏ နေအိမ်မှ ဖြစ်လေသည်။
နာမည် အတိအကျ မသိသော်လည်း သူမ၏ မျက်နှာကို အသေအချာ မှတ်မိနေခဲ့သည်။
“ဒီနေ့ မင်းရဲ့ တည်းခိုးရိပ်သာ ဖွင့်ပွဲနေ့လို့ သတင်းကြားတယ်။ မင်းက ဘယ်လိုဖြစ်လို့ လျှောက်သွား နေရတာလဲ”
ရွှီဟုန်က ပြုံးပြရင်း မေးလိုက်သည်။
“အဲဒီ တည်းခိုရိပ်သာ အလုပ်တွေက ကျွန်တော် စိတ်ပူရမယ့် အလုပ်တွေ မဟုတ်ပါဘူး ဦးလေးရွှီ။ဦးလေး အပေါင်ဆိုင်တွေ အသစ်ဖွင့်တိုင်းလည်း ဦးလေး အလုပ်တွေ များနေတာ ကျွန်တော် မတွေ့မိပါဘူး”
ဆန်းလျန်က ကိုယ်ကို အရှေ့သို့ အနည်းငယ် ကွေးညွှတ် ဂါရဝ ပြုလိုက်ပြီး မတိုးမကျယ် လေသံဖြင့် ပြောလိုက်သည်။
“ဟား ဟား မင်းကတော့ကွာ။မင်းကြည့်ရတာ နောက်ဆုံးတစ်ခေါက် တွေ့တုန်းကထက် စာရင် တော်တော် စကားတတ်လာတာပဲ။အရင်တုန်းက မင်းက ဘယ်သူ့ကိုမှ စကားပြောတာ မဟုတ်ဘူး။ ဦးလေးတို့ ဆုံဖြစ်ကြတဲ့ အချိန် သိပ်မရှိတော့ အိမ်ကိုလည်း လာလည်ဦးလေ”
လမ်းပေါ်တွင် လမ်းလျှောက်နေသည့် စွဲဆောင်မှုရှိသည့် လူငယ်လေးမှာ ဆန်းလျန်ဟု အစေခံ မိန်းကလေးက ပြောကတည်းက ရွှီဟုန် အိမ်အလည် မခေါ်ဘဲ မနေနိုင် ဖြစ်သွားရလေသည်။
ဝူထုန် နတ်ဘုရားများမှာ ဆန်းအိမ်တော်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ သူ၏ ညီမဖြစ်သူ ရွှီသခင်မ၏ ပြောပုံအရ ဆိုလျှင် ဆန်းလျန်က လွဲပြီး သံသယ ဝင်ရမည့်သူ မရှိပေ။
ဆန်းလျန်၏ တည်းခိုရိပ်သာ ဖွင့်သည့် သတင်းကြားတော့ ရွှီဟုန်က လက်ဆောင်များ ပို့ပေးခဲ့သည်။ သို့သော်လည်း သူက အကြီးတစ်ယောက် ဖြစ်သောကြောင့် ဖွင့်ပွဲကိုတော့ ကိုယ်တိုင် မလာခဲ့ပေ။
ထို့ပြင် တည်းခိုရိပ်သာ တစ်ခုမှာ ဆန်းအိမ်တော်၏ များပြားလှသည့် စီးပွားရေး လုပ်ငန်းများနှင့် ယှဉ်လျှင် ဘာမှ မပြောပလောက်ပေ။ တည်းခိုရိပ်သာမှာ သက်တမ်း ရှည်ကြာလှပြီ ဖြစ်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့်တိုင် သိပ်တော့ အရေးမပါလှပေ။ ဆန်းလျန်၏ ဦးလေးဖြစ်သည့် ဆန်းချင်းစန်း ကိုယ်တိုင်ပင် ထိုသို့ တွေးထားလေသည်။
ရွှီဟုန် ဆန်းအိမ်တော်မှ ပြန်လာပြီးနောက် ဆန်းလျန်အကြောင်း စုံစမ်းရန်အတွက် နည်းလမ်း ရှာနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွှီသခင်မကလည်း အစေခံ မိန်းကလေးကို ဆန်းအိမ်တော် ပိုင်ဆိုင်သည့် ဆိုင်တစ်ဆိုင်သို့ သွားခိုင်း လိုက်လေသည်။ ပြည်နယ် မြို့တော်၏ ယန်ဆွေ့ အလှကုန်ဆိုင်မှ အသစ်ထွက်သည့် ပေါင်ဒါမှုန့်များ ဝယ်ခိုင်းရန်အတွက် ဖြစ်လေသည်။ ရွှီဟုန်မှာလည်း ဇနီး ဖြစ်သူအတွက် အလှကုန်ပစ္စည်း လက်ဆောင်ဝယ်သွားရန် အကြံရလိုက်သည်။
ရွှီဟုန်မှာ ချင်ပြည်နယ် မြို့တော်တွင် မွေးဖွား ကြီးပြင်းခဲ့သည့် သူတစ်ယောက် ဖြစ်ပြီး အဆင့်အတန်း မြင့်မြင့်ဖြင့် ယဉ်ကျေးစွာ နေတတ်သူ မဟုတ်ပေ။ သူက လမ်းလျှောက်နေရင်း အစေခံ မိန်းကလေးကို ညစ်ညမ်းသည့် ရိသဲ့သဲ့ စကားများဖြင့် မခံချင်အောင် ပြောနေခဲ့လေသည်။
အစေခံ မိန်းကလေးမှာ ဆန်းအိမ်တော်၏ ငယ်မွေးခြံပေါက် အစေခံ မျိုးရိုးမှ ဆင်းသက်လာသော အစေခံတစ်ယောက် မဟုတ်ပါ။ သူမတွင်လည်း သူမဂုဏ်သိက္ခာနှင့် သူမ ရှိလေသည်။
သူမက ဆန်းလျန်ကို မြင်လိုက်သည့် အခါတွင်တော့ ဝမ်းသာ သွားရလေသည်။ ဆန်းရော့ရှီ မှလွဲပြီး ဆန်းအိမ်တော်မှ အသက် နှစ်ဆယ်အောက် မိန်းကလေးတိုင်းမှာ ဆန်းလျန်ကို သူတို့၏ ချစ်သူအဖြစ် စိတ်ကူး ယဉ်ထားကြလေသည်။ ဆန်းလျန်က ချောမောလှပပြီး ကြင်နာတတ်သူ ဖြစ်သောကြောင့်ပင်။
ထို့ပြင် ဆန်းလျန်မှာ ဆွဲဆောင်မှု အလွန်ရှိပြီး ချစ်စရာကောင်းသော လူငယ်လေးတစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်နှင့် ပတ်သက်ပြီး အစေခံ မိန်းကလေးများ အချင်းချင်း နောက်ပြောင် ပြောဆိုကြသည့် အချိန်တိုင်း သူမက တစ်နေ့တွင် ပုံပြင်ထဲမှ ရွှေမင်းသမီးလေးလို ဆန်းလျန်နှင့် လက်ထပ်ခွင့် ရလိမ့်မည်ဟု စိတ်ကူး ယဉ်နေမိတတ်လေသည်။ ထို့ပြင် ဆန်းလျန် အနားတွင် ရှိသည့် အတွက်ကြောင့် ရွှီဟုန်မှာလည်း လက်လွတ်စပယ် မလုပ်ရဲတော့ပေ။
ခေတ်ပေါ်လောကတွင် သူလုပ်နေကျ အကျင့်အတိုင်း ဆန်းလျန်က အစေခံမိန်းကလေးကို ခေါင်းညိတ် နှုတ်ဆက်လိုက်လေသည်။ မည်သူ့ကိုမဆို ဆန်းလျန်က ယဉ်ကျေးစွာ နှုတ်ဆက် တတ်လေသည်။ သူက အဆင့်အတန်း မခွဲခြား တတ်သလို တန်းတူညီမျှ ဆက်ဆံခြင်းကို ယုံကြည် လက်ခံသည့် လူတစ်ယောက် ဖြစ်လေသည်။
သို့သော် သူ၏ ခေါင်းညိတ် နှုတ်ဆက်လိုက်ခြင်းကြောင့် အစေခံ မိန်းကလေးမှာ အပျော်လွန်ကာ ရင်ထဲပင် တလှပ်လှပ် ဖြစ်သွား ရလေသည်။ တစ်ကြိမ်မျှသာ ဆုံခဲ့ဖူးသည့် သခင်လေးက သူမကို မှတ်မိနေသည့်အတွက် စိတ်လှုပ်ရှား နေမိလေသည်။ သူမမှာ အလွန်ပင် ဝမ်းသာရွှင်မြူး နေလေတော့သည်။
သူမ၏ သူငယ်ချင်းများ မနာလိုဖြစ်အောင် ဤအကြောင်းကို ပြန်ပြောပြရ ဦးမည်ဟု တွေးနေမိ လေသည်။
ပျော်ရွှင်မှုကြောင့် ရွှီဟုန် ပြောခဲ့သည့် ရိသဲ့သဲ့ စကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည် များပါ ပျောက်ကွယ် သွားရလေသည်။ ဆန်းလျန်က သူတစ်ပါး၏ စိတ်ကို ဖတ်တတ်သူ တစ်ယောက် မဟုတ်ပါ။ ထို့ကြောင့် သူမ၏ စိတ်ထဲတွင် ဖြစ်နေသည် များကို ဆန်းလျန် မရိပ်မိပါ။ ဆန်းလျန်မှာ တစ်ခါတွေ့ဖူး မြင်ဖူးရုံနှင့်ပင် မှတ်မိနေတတ်သည့် မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် အစေခံ မိန်းကလေးသာ သိရှိ သွားပါက သူမအနေဖြင့် ထိုမျှလောက် ပျော်နိုင်မည် မဟုတ်တော့ပါ။
အစေခံ မိန်းကလေး၏ ရင်ထဲမှ ခံစားချက်များကို ဆန်းလျန် မသိပါ။ သို့သော် ရွှီဟုန်ဆီမှ မကောင်းသည့် အငွေ့အသက်များ ထွက်ပေါ် နေသည်ကိုတော့ သူသတိ ထားလိုက် မိလေသည်။ ထို့ကြောင့် သိချင်စိတ်များ တစ်ဖွားဖွား ဖြစ်ပေါ်လာရ လေတော့သည်။
"ကျွန်တော်လည်း အားနေတာနဲ့ အတော်ပဲ။ဦးလေးအိမ်ကို ခဏ လိုက်လည်မယ်လေ"
ဆန်းလျန်က ပြန်ပြော လိုက်လေသည်။
ဆန်းရော့ရှီ၏ အိပ်မက်ထဲမှ နတ်မိစ္ဆာကို ဆန်းလျန် အမှတ် ရသွားမိလေသည်။
ရွှီဟုန်ဆီမှ ရသည့် မကောင်းသည့် အငွေ့အသက်များမှာ ထို နတ်မိစ္ဆာဆီမှ ရသည့် မကောင်းသည့် အငွေ့အသက်များနှင့် အတူတူပင် ဖြစ်နေလေသည်။
"အလှကုန် ပစ္စည်းတွေ ဝယ်ပြီးရင် သွားကြတာပေါ့။ဆန်းအိမ်တော်လောက် မချမ်းသာပေမယ့် ဦးလေးတို့ ရွှီအိမ်တော်ကလည်း စားကောင်း သောက်ဖွယ်တွေနဲ့ ဧည့်ခံ နိုင်ပါတယ်ကွ"
ရွှီဟုန်မှာ မကြွားဘဲ မနေနိုင်သဖြင့် ကြွားနေလိုက်သေးသည်။
သူက ညီမဖြစ်သူ ရွှီသခင်မ၏ စကားများကြောင့် ဆန်းလျန်ကို အိမ်သို့ အလည်လာရန် ဖိတ်ခေါ်နေခြင်း ဖြစ်လေသည်။ ဆန်းလျန်ကလွဲပြီး တခြားသူ မရှိနိုင်ဟု ရွှီသခင်မက ပြောလိုက် လေသည်။
ဆန်းရော့ရှီ နေပြန်ကောင်းလာသည့် နေ့က သူမက ဆန်းလျန်၏ နာမည်ကို ခေါ်ခဲ့သည် မဟုတ်ပါလား။
အခြားသူများ အနေဖြင့်တော့ ဆန်းရော့ရှီ အိပ်မက် မက်နေသည်ဟုပင် ထင်မည် ဖြစ်လေသည်။
သို့သော် ရွှီဟုန်နှင့် ရွှီသခင်မကတော့ ဆန်းရော့ရှီ နေမကောင်း ဖြစ်ရသည်မှာ နတ်မိစ္ဆာ ပြုစား ထားသောကြောင့် ဖြစ်ကြောင်း သိကြလေသည်။ ထို့ကြောင့် သူမ မြင်မက်သည့် အိပ်မက်မှာ သာမန် အိပ်မက်မျိုး မဟုတ်နိုင်ပေ။ သူမက ဆန်းလျန်၏ နာမည်ကို ခေါ်လိုက်သည်မှာ အကြောင်း တစ်ခုခုကြောင့် ဖြစ်သည်မှာ သေချာလေသည်။
တည်းခိုရိပ်သာ ဖွင့်ပွဲတွင် ရွှီဟုန်မှာ ဆန်းလျန်ကို သွားတွေ့ဆုံလိုခြင်း မရှိပါ။ သူ့တွေးထားသည့် အစီအစဉ်က တစ်မျိုးဖြစ်သော်လည်း အမှတ်မထင် လမ်းတွင် ဆန်းလျန်နှင် ဆုံမိခြင်း ဖြစ်လေသည်။ ဆန်းကြယ်လိုက်သည့် ကံကြမ္မာပင်။
သူတို့ နှစ်ယောက်လုံး သတိ မထားမိသည့် အချက်မှာ ရွှီဟုန်က ဝူထုန် နတ်မိစ္ဆာများကို နာကျင် စိတ်ဆိုးအောင် လုပ်သည့် လူအကြောင်းကို စုံစမ်းနေခြင်း ဖြစ်ပြီး ဆန်းလျန်ကလည်း ဆန်းရော့ရှီ၏ အိပ်မက်ထဲမှ နတ်မိစ္ဆာအကြောင်းကို သိချင်နေသူ ဖြစ်လေသည်။
ဆန်းလျန်တွင် နတ်သက်ခြွေ ဓားသိုင်းရှိသော်လည်း ထိုသိုင်းကျမ်းမှာ တာအိုကျင့်စဉ်နှင့် မည်သို့ ဆက်စပ်နေသည်ကို နားမလည်နိုင် ဖြစ်နေလေသည်။ ဆန်းကျူ ကျင့်စဉ်ကျမ်းက သူ၏ အတွင်းအားကို တိုးတက်စေပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများကို ရရှိ စေသော်လည်း နတ်ဘုရားတစ်ပါး ဖြစ်လာသည်အထိ ကျင့်ကြံရမည့် တာအိုကျင့်စဉ်၏ အခြေခံ အဆင့်ကိုပင် မရောက်နိုင်သေးပေ။
ကျမ်းစာအုပ်များမှာ ချင်းရွှမ်တောင်မှ နတ်ဘုရားများနှင့် သက်ဆိုင်သည့် စာအုပ်များ ဖြစ်သော်လည်း အနှစ်သာရမှာတော့ သိုင်းပညာကိုပင် အခြေခံထားခြင်း ဖြစ်လေသည်။ လင်ချုန်းရှောင်၏ တပည့် အားလုံးမှာ တာအိုကျင့်စဉ် ကျင့်ကြံရန်နှင့် နတ်ဘုရားတို့၏ လမ်းစဉ် ကိုလိုက်ရန် ဤ ကျမ်းစာအုပ်များကို အားမကိုးခဲ့ကြပေ။ ကျင့်စဉ်တိုင်းတွင် အစနှင့်အဆုံး ဆိုသည်မှာ ရှိရစမြဲ ဖြစ်လေသည်။ လင်ချုန်းရှောင်၏ သင်ပြပေးမှုဖြင့် "စိတ်အာရုံများကို ထိန်းချုပ်ခြင်း" စာအုပ်နှင့် "နတ်သက်ခြွေ ဓားသိုင်း" နှစ်ခုလုံးကို ဆန်းလျန်မှာ အခြေခံနှင့် အနှစ်သာရကို နားလည်ခဲ့သော်လည်း လင်ချုန်းရှောင် မသိသည့် အချက်များလည်း ရှိနေသေးသည်။ ပထမတွင် လင်ချုန်းရှောင်က ဆန်းလျန်၏ မေးခွန်းများကို ဖြေရန် ဆန္ဒမရှိခဲ့ပေ။
သို့သော် ...
နတ်မိစ္ဆာကတော့ လူသားများ၏ အိပ်မက်ထဲသို့ ဝင်ရောက် နှောက်ယှက်နိုင်သည် အထိ မိစ္ဆာအတတ်ကို ကျင့်ကြံအောင်မြင် ထားလေသည်။ ကျင့်စဉ်ပိုင်းနှင့် ပတ်သက်လျှင် နတ်မိစ္ဆာက ပိုပြီး သိရှိနိုင်သည်ဟု ဆန်းလျန် တွေးမိလေသည်။
ဆန်းလျန်သာ ရွှီဟုန်၏ အိမ်သို့ လိုက်သွားပြီး သဲလွန်စ တစ်ခုခု ရခဲ့မည် ဆိုလျှင် ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ လက်လွှတ် မခံသင့်သည့် အခွင့်အရေးမျိုးပင် ဖြစ်လေသည်။
သူတို့ နှစ်ယောက်လုံးမှာ သူတို့ သိချင်နေသည့် အရာများကို သိတော့မည်ဟု ဆိုကာ ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ် နေကြလေတော့သည်။
အစေခံ မိန်းကလေးမှာ အလှကုန် ပစ္စည်းများ ဝယ်ပြီး ဆန်းအိမ်တော်သို့ ပြန်ရမည်ကို မပြန်ချင် ဖြစ်နေရလေသည်။
ဆန်းလျန်ကတော့ သူမ ခံစားချက်များကို သတိမထားမိဘဲ ရွှီဟုန်နှင့်အတူ ရွှီအိမ်တော်သို့ လိုက်ပါ သွားလေတော့သည်။