မင်းကို ဒဏ်ရာရအောင်ဘယ်သူလုပ်တာလဲ
Vol. 4 Ch. 54
“ (၈၆)…”
“(၈၇)…”
“(၈၈)…”
“(၈၉)…”
“(၉၀)…”
“အထပ်(၉၀)…”
လူတိုင်း ဆက်လက်၍ အံ့ဩနိုင်စွမ်းပင်မရှိတော့ချေ။
သူတို့အနေဖြင့် ကျင့်သားကျနေကြပြီဖြစ်၏။
အထပ်(၉၀)တွင် ရွှမ်ယီက လူသားဆန်သော ရုပ်သေးတစ်ရုပ်နှင့် တိုက်ခိုက်နေခဲ့သည်။
“ ဘုန်း…”
သူ၏ ဓားချက်ကို ပြိုင်ဘက်က အလွယ်တကူတားဆီးနိုင်နေသည်။
ရွှမ်ယီ၏ လက်ရှိတိုက်ခိုက်မှုများအား ထိုရုပ်သေးအား ကိုင်တွယ်ရန် မလုံလောက်တော့ချေ။
ရွှမ်ယီက ဓားရည်ရွယ်ချက် အဆင့်(၁) အထွတ်အထိပ်ကို ထည့်သွင်းအသုံးပြုထားသည်။
သို့သော် ပြိုင်ဘက်အားထိခိုက်အောင်လုပ်နိုင်စွမ်းမရှိချေ။
ထိုရုပ်သေး၏ သန်မာမှုက အခြေတည်ဝိညာဉ်အဆင့်(၇)နှင့် ယှဉ်နိုင်စွမ်းရှိနေသည်။
“ အဆင့်(၁)က မလုံလောက်ဘူးဆိုတော့လည်း အဆင့်(၂) သုံးရတော့မှာပေါ့…”
စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားအရှိန်အဝါများထွက်လာခဲ့သည်။
“ လေလျှပ်စီးဓား….”
အဆင့်လွန်ထိ လေ့ကျင့်ထားသည့် လေလျှပ်စီးဓားသိုင်းကွက်အား အသုံးပြုလိုက်ပြီး ၎င်းတွင် ဓားရည်ရွယ်ချက်အဆင့်(၂)၏ ကြောက်မက်ဖွယ်စွမ်းအားများလည်း ပါ၀င်နေခဲ့သည်။
“ ဘန်း…”
ဓားချက်နှင့် ရုပ်သေးထိတွေ့သွားသည်နှင့် ချက်ချင်း ပေါက်ကွဲသွားလေသည်။
မူလက ပြိုင်ဘက်ကို လုံး၀မထိခိုက်စေသောဓားချက်က ယခုတွင် ချက်ချင်း ဇာတ်သိမ်းပေးလိုက်နိုင်သည်။
ဓားရည်ရွယ်ချက်အဆင့်(၂)၏ စွမ်းအား ကြောက်ဖို့ကောင်းလေစွ။
“ ဒါက အဆင့်(၂) ဓားရည်ရွယ်ချက်ရဲ့ စွမ်းအားလား… ကြောက်ဖို့ကောင်းလိုက်တာ…”
ကုယီယီ၏ ရေခဲဝိညာဉ်ခန္ဓာကိုယ်သာ နိုးထမလာပါက ရွှမ်ယီလည်း ဆုလာဘ်ရမည်မဟုတ်သလို မျှော်စင်ခရီးကလည်း ဤနေရာတွင် လမ်းဆုံးသွားပေလိမ့်မည်။
ထို့နောက် ရွှမ်ယီက ဓားရည်ရွယ်ချက် အဆင့်(၂)အား အသုံးပြုပြီး (၉၉)ထပ်သို့ ရောက်ရှိသွားခဲ့သည်။
နတ်ဘုရားသန့်စင်ခြင်းစေတီ၏ နောက်ဆုံးအဆင့်ဖြစ်ပေသည်။
“ သူက (၉၉)ထပ်ကိုရောက်သွားပြီ.. နောက်ဆုံးတိုက်ပွဲတစ်ပွဲပဲကျန်တော့တယ်….”
ရွှမ်ယီကိုယ်တိုင်လည်း တိုက်ပွဲအား မျှော်လင့်နေခဲ့သည်။
ယခုအချိန်ထိ သူ၏ စွမ်းအားကို အပြည့်အ၀အသုံးမချရသေးပေ။
အဆင့်(၂) ဓားရည်ရွယ်ချက်ကို အသုံးပြုခဲ့သည်မှန်သော်လည်း အဆင့်(၂) အစောပိုင်းသာဖြစ်၏။ အထွတ်အထိပ်ကို အသုံးပြုခဲ့ခြင်းမရှိပေ။
ဓားရည်ရွယ်ချက်တွင် တစ်ဆင့်ခြင်းစီ၌ အဆင့်သေး(၂)ခုစီရှိ၏။ အစောပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်ဟူ၍ ဖြစ်သည်။
ယခုအချိန်ထိ ရွှမ်ယီက အဆင့်(၂) ဓားရည်ရွယ်ချက်၏ အစောပိုင်းအဆင့်ကိုသာ အသုံးပြုခဲ့လေသည်။
“ တစ်ယောက်ယောက်က ဒီအဘိုးကြီးရဲ့ နတ်ဘုရားသန့်စင်စေတီကို ထိပ်ဆုံးအထပ်ထိတက်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး..ဟားဟားဟား….”
ဤတစ်ကြိမ်တွင် ရွှမ်ယီရှေ့၌ ပေါ်လာသည်မှာ လူပုံစံရုပ်သေးများမဟုတ်တော့ချေ။ ထိုအစား ငယ်ရွယ်သော မျက်နှာနှင့် အဘိုးကြီးတစ်ဦးဖြစ်၏။
“ စီနီယာက….”
“ ဒီအဘိုးကြီးရဲ့ နာမည်က ဒေါသအိုးဆေဘာဘုရင်ပဲ…ဟောဒီက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ကို ငါဖန်တီးထားခဲ့တာလေ….”
အဘိုးအိုက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
ထိုအဘိုးကြီး၏ စကားများက ရွှမ်ယီ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
ဘုရင်တဲ့လား…
ထိုအရာမှာ ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ဘွဲ့လည်းဖြစ်သည်။
သူ့ရှေ့တွင်ရှိနေသော အဘိုးကြီးက ဘုရင်အဆင့်ကျင့်ကြံသူတဲ့လား…
ထို့အပြင် ဤမျှော်စင်အား ပြုလုပ်ခဲ့သူလည်းဖြစ်၏။
အဆင့်မြင့် လက်နက်သန့်စင်သူ တစ်ယောက်ပင် ဖြစ်နိုင်ချေရှိသည်။
“ ကောင်လေး.. မင်းက လုံး၀ကို လူမဆန်တဲ့ကောင်ပဲကွ.. ဟောဒီက အဘိုးကြီး ဒီမျှော်စင်ကို သန့်စင်ခဲ့တုံးက (၉၉)ထပ်အထိ ဘယ်သူမှ အောင်မြင်မယ်လို့ မထင်ထားခဲ့ဘူး…”
ရွှမ်ယီ ဆွံ့အသွားခဲ့သည်။
ထိုအဘိုးကြီး၏ စကားများက သူ့အား ချီးမွမ်းနေတာလား ကျိန်ဆဲနေတာလား မသဲကွဲပေ။
“ ဘယ်လိုလဲ.. ကောင်လေး.. မင်းငါ့ကို ဆရာအဖြစ်အသိအမှတ်ပြုချင်လား…”
ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်က တပည့်အဖြစ်လက်ခံမည်ဟုပြောလျှင် မည်သူမဆို ချက်ချင်း ဒူးထောက်ပြီး သဘောတူကြပေလိမ့်မည်။
သို့သော် ရွှမ်ယီက ထိုကဲ့သို့မဟုတ်ပေ။
ဒေါသအိုးဆေဘာဘုရင်က ဆေဘာတာအိုကို ပညာရှင်တစ်ယောက်ဖြစ်ပြီး သူက ဓားတာအိုအား လေ့ကျင့်နေသူဖြစ်သည်။
“ ငြင်းဆန်ရတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ စီနီယာ.. ကျုပ်ခန့်မှန်းတာမှန်မယ်ဆိုရင် စီနီယာရဲ့ တာအိုက ဆေဘာတာအိုဖြစ်မယ်.. ဒါပေမယ့် ကျုပ်က ဓားတာအိုကိုလေ့ကျင့်နေတာပါ….”
“ ဓားတာအိုလား.. ဒါဆိုလည်း မင်းရဲ့ ဓားတာအိုနဲ့ ငါရဲ့ဆေဘာတာကို ယှဉ်ကြည့်မယ်လေ.. အဲ့အချိန်တုံးက ငါ့ရဲ့ ဆေဘာရည်ရွယ်ချက်က အဆင့်(၂) အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ.. တကယ်လို့ မင်းသာ လမ်းကြောင်းပြောင်းမယ်ဆိုရင် တစ်နှစ်အတွင်း ဆေဘာတာအိုကို နားလည်အောင် ငါသင်ပေးမယ်…”
“ ဝုန်း…”
ရွှမ်ယီက မည်သည့်စကားမျှ ပြန်မပြောခဲ့ပဲ ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်အား ထုတ်ဖော်ပြသလိုက်သည်။
စွမ်းအားကြီးမားလှသည့် အဆင့်(၂) အထွတ်အထိပ် ဓားရည်ရွယ်ချက်၏ စွမ်းအားက (၉၉)ထပ်မြောက်တွင် ထွက်ပေါ်လာခဲ့သည်။
“ ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်…”
အဘိုးကြီး၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။
အောက်အထပ်များကို ရွှမ်ယီ မည်သို့ ကျော်ဖြတ်လာခဲ့ကြောင်း သူမသိခဲ့ရချေ။ တစ်ယောက်ယောက်(၉၉)ထပ်သို့ ရောက်ရှိလာမှသာ သူနိုးထလာနိုင်မည်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အစစ်က လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ဝိညာဉ်အစိတ်အပိုင်းလေးမျှသာ ကျန်တော့၏။
ထို့ကြောင့် ရွှမ်ယီက ဓားရည်ရွယ်ချက်ကို နားလည်သဘောပေါက်ထားကြောင်း ယခုမှသိခြင်းဖြစ်သည်။
“ အခြေတည်ဝိညာဉ်အဆင့်(၄)မှာတင် ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်ကို နားလည်သဘောပေါက်ထားပြီ.. ဒီအဘိုးကြီးရဲ့ နတ်ဘုရားသန့်စင်ခြင်းမျှော်စင် ထိပ်ဆုံးအထပ်ကို ရောက်လာနိုင်တာ သိပ်တော့မထူးဆန်းတော့ပါဘူး…”
ဒေါသအိုးဆေဘာဘုရင်အနေဖြင့် ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဘူးသော်လည်း ထိုလူများက သူ့ရှေ့မှ လူငယ်နှင့်ယှဉ်လျှင် အဝေးကြီးမှာ ပြတ်ကျန်ခဲ့ပေလိမ့်မည်။
ဘုရင်အဆင့်မရောက်မီ ဓားရည်ရွယ်ချက်အား နားလည်သည့်လူမှာ အလွန်ရှားပါလှသည်။
ဘုရင်အဆင့် ဓားတာအိုကျင့်ကြံသူ အများစုပင်လျှင် ဓားရည်ရွယ်ချက် အဆင့်(၁)ကိုသာ နားလည်ကြသည်။
ထိုကောင်လေး သူ့အား ငြင်းပယ်သည်မှာ မထူးဆန်းတော့ချေ။
ဓားတာအို၌ ဤမျှ ပါရမီကောင်းသူတစ်ဦးအနေဖြင့် အဘယ်ကြောင့် ဆေဘာတာအိုအား ပြောင်းလဲကျင့်ကြံလိမ့်မည်နည်း။
အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူက သူနှင့် အဆင့်တူရည်ရွယ်ချက်အား နားလည်ထားသည်။
သူက ဘုရင်အဆင့်ဖြစ်သည်ကို မေ့ထား၍ မရချေ။
ထို့ပြင် သူက ဘုရင်အဆင့်တွင်မှ သာမန်ဘုရင်အဆင့်မဟုတ်ဘဲ အလယ်အလတ်ဘုရင်အဆင့်ကျင့်ကြံသူဖြစ်ပေသည်။
“ ဒါဆိုလည်း ငါ့အနေနဲ့ မင်းဆီက ဘာမှအကူအညီတောင်းလို့မရလောက်တော့ဘူး.. အကူအညီကို အလကားတောင်းလို့အဆင်မပြေဘူးလေ.. ဒီတော့ ဟောဒီသိုလှောင်လပ်စွပ်ထဲက အရာတွေ မင်း အကုန်ယူလိုက်ပါ…”
အဘိုးအိုက စကားဆုံးသည်နှင့် သိုလှောင်လက်စွပ်တစ်ကွင်းအား ပစ်ပေးလိုက်သည်။
ရွှမ်ယီက လက်စွပ်အတွင်းသို့ နတ်အသိပို့လွှတ်ကြည့်လိုက်၏။
“ နဂါးပြာ တံတွေး… မူလယန်မြက်… မိုးကြိုးသစ်သား…”
“ အဆင့်(၅) ဓား.. အဆင့်(၅) ချပ်ကာ…’
ရွှမ်ယီတစ်ယောက် မှင်သက်သွားခဲ့လေသည်။
လက်စွပ်အတွင်းတွင် မရေမတွက်နိုင်သည့် ရတနာပစ္စည်းအစုံပါ၀င်နေပြီ အများစုမှာ အဆင့်မြင့်ပစ္စည်းများဖြစ်၏။
ထို့အပြင် လက်စွပ်အတွင်း၌ ကျင့်ကြံခြင်းပညာရပ်(၃)ခုကိုပင် တွေ့ခဲ့ရသည်။
အကြွင်းမဲ့ကောင်းကင်ရူးသွပ်ခြင်းဓား ၊ မီးတောက်လောင်ကျွမ်းခြင်း ၊ နတ်ဘုရားသွန်းလုပ်ခြင်း
ထိုသုံးခုလုံး ကောင်းကင်အဆင့် ကျင့်ကြံခြင်း ပညာရပ်များဖြစ်သည်။
သို့သော် ရွှမ်ယီက ထိုသုံးမျိုးထက် စိတ်ဝိညာဉ်ဆေးပင်များ ဆေးလုံးများကိုသာ ပို၍ စိတ်၀င်စားလေသည်။
ထိုပစ္စည်းများနှင့်ဆိုလျှင် အဇူရာဒေသပြိုင်ပွဲမတိုင်မီ ကုယီယီက ခွန်အားကို အဆများစွာ တိုးလာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိသည်။
ကုယီယီအတွက်သာမဟုတ်ပေ ထိုပစ္စည်းများက ရွှမ်ယီအတွက်လည်း အလွန်အသုံး၀င်ပေသည်။
“ စီနီယာ.. ဟောဒီက ဂျူနီယာရဲ့ လုပ်နိုင်စွမ်းထဲမှာ ရှိတဲ့ကိစ္စဆိုရင် စိတ်ကြိုက်တောင်းဆိုလို့ရပါတယ်….”
“ အဲ့တာက အရမ်းကြီးမားတဲ့ကိစ္စတော့မဟုတ်ပါဘူး….”
“ ငါက ရူးသွပ်ခြင်းဓားဂိုဏ်းက (၁၃၇)ယောက်မြောက် ဂိုဏ်းချုပ်ပဲ… အဲ့ကတည်းကနေ အခုထိ အချိန်ဘယ်လောက်ကြာသွားပြီလဲဆိုတာ ငါလည်းမသိတော့ဘူး.. ဒါပေမယ့် အရမ်းကြာသွားပြီလို့တော့ထင်တယ်… ရူးသွပ်ခြင်းဓားဂိုဏ်း ရှိတောင်ရှိနေပါဦးမလား….”
“ ငါမင်းကို လုပ်ခိုင်းမှာက ထွေထွေထူးထူးတော့ မဟုတ်ပါဘူး… အကယ်၍ အနာဂါတ်မှာ မင်းသာ ရူးသွပ်ခြင်းဓားဂိုဏ်းက တစ်စုံတစ်ယောက်နဲ့တွေ့ခဲ့ရင် ကောင်းကင်အဆင့် ကျင့်စဥ်တစ်ခုဖြစ်တဲ့ အကြွင်းမဲ့ကောင်းကင် ရူးသွပ်ခြင်းဓား ကျင့်စဉ်ကို လက်ရှိဂိုဏ်းချုပ်ဆီ လွှဲပြောင်းပေးလိုက်ပါ….”
“ ရူးသွပ်ခြင်းဓားဂိုဏ်းရှိနေသေးရင် ပြောတာပါ….”
“ တကယ်လို့ ရူးသွပ်ခြင်းဓားဂိုဏ်းမရှိတော့ဘူးဆိုရင်လည်း တပည့်တစ်ယောက်လက်ခံပြီး ရူးသွပ်ခြင်းဓား မိသားစုထူထောင်ခိုင်းလိုက်ပါ….”
“ အရင်တုံးက ရူးသွပ်ခြင်းဓားဂိုဏ်းက အရှေ့ပိုင်းတိုက်ကြီးရဲ့ မိုးပြာရေဒေသမှာ ရှိတယ်…”
စကားဆုံးသည်နှင့် အဘိုးအို၏ ပုံရိပ်မှာ ဖြည်းညှင်းစွာပျောက်ကွယ်သွားလေတော့သည်။
ရွှမ်ယီက အဘိုးအို၏ စကားများကို နှလုံးသားထဲ၌ သိမ်းဆည်းထားလိုက်သည်။ အကယ်၍ သူသာ အရှေ့ပိုင်းတိုက်ကြီးသို့ရောက်လျှင် မိုးပြာရေဒေသကို သွားဖြစ်အောင်သွားပေလိမ့်မည်။ ယနေ့တွင် ထိုအဘိုးအိုထံမှ အကျိုးအမြတ်များစွာရရှိခဲ့၏။
“ သူထွက်လာပြီ…”
“ သူက ရွှမ်ယီလား.. တော်တော်ငယ်သေးတာပဲ…”
“ ဘယ်တုန်းကမှ မကြားဖူးတဲ့ (၉၉)ထပ်ထိရောက်ခဲ့တာပဲ…”
ရွှမ်ယီထွက်လာသည်နှင့် မရေမတွက်နိုင်သော အကြည့်များ သူ့ထံသို့ ကျရောက်လာခဲ့သည်။
ထိုအကြည့်များထဲတွင် မနာလိုမှုများနှင့်တကွ လောဘများလည်း ပေါင်းစပ်ပါ၀င်နေခဲ့သည်။
ရွှမ်ယီ၏ အသက်အရွယ်အားမြင်လိုက်ပြီးနောက် ပို၍ပင် လောဘတက်လာခဲ့ကြသည်။
နတ်ဘုရားသန့်စင်စေတီ၏ ထိပ်ဆုံးအထပ်သို့ရောက်နိုင်လျှင် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး တစ်သက်တာ စုဆောင်းထားသော ရတနာများကို အမွေဆက်ခံရရှိမည်ဟု ကောလဟာလများရှိခဲ့သည်။
ဘုရင်တစ်ပါး၏ အမွေ နှင့် သူ၏ရတနာများ…
၎င်းက လူတိုင်းကို ရူးသွပ်သွားစေနိုင်စွမ်းရှိသည်။
ရွှမ်ယီက ထိုအထိပ်သို့ရောက်ရှိခဲ့ချိန်တွင် ထိုကောလဟာလများ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မည်သူမျှဂရုမစိုက်တော့ချေ။ ရွှမ်ယီက မရှိဘူးဟုပြောလျှင်လည်း ယုံမည်မဟုတ်ချေ။
“ ဆရာ…”
“ အကြီးအကဲရွှမ်…”
ရွှမ်ယီ၏ တပည့်နှစ်ယောက်နှင့် အဖွဲ့သားများက ပတ်၀န်းကျင်မှ အခြေအနေများ မူမမှန်ကြောင်းခံစားမိသဖြင့် ရွှမ်ယီထွက်လာသည်နှင့် အနားကပ်လာကြသည်။
“ ဘာဖြစ်တာလဲ..”
ရွှမ်ယီက ကုယီယီအား စိုက်ကြည့်ပြီး မေးလိုက်သည်။
လက်ရှိတွင် ကုယီယီ၏ ဆံပင်များက အနည်းငယ်ရှုပ်ပွနေပြီး နှုတ်ခမ်းထောင့်စွန်းတွင်လည်း သွေးစသွေးနများရှိနေခဲ့သည်။ နတ်အသိဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် သူမ၏ အတွင်းအင်္ဂါများမှာလည်း ဒဏ်ရာရနေကြောင်း တွေ့လိုက်ရသည်။
ထိုဒဏ်ရာများက လုံး၀မသေးငယ်ပေ။
ထို့ပြင် နတ်ဘုရားသန့်စင်မျှော်စင်ကြောင့် ရလာသော ဒဏ်ရာများလည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၌ မည်မျှပင်ဒဏ်ရာပြင်းထန်စေကာမူ ခန္ဓာကိုယ်အစစ်၌ လုံး၀ထိခိုက်မှုရှိမည်မဟုတ်ပေ။
ကြည့်ရသည်မှာ ကုယီယီ အပြင်သို့ထွက်လာပြီးမှ တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာရသွားဟန်တူသည်။
“ အစောပိုင်းက ခွေးအိုကြီးတစ်ကောင်က ဂျူနီယာညီမလေးယီယီကို တပည့်အဖြစ် ခေါ်သွားဖို့ကြိုးစားခဲ့တယ်.. ဒါပေမယ့် ဂျူနီယာညီမ ယီယီက ငြင်းလိုက်တော့ အဲ့ဒီအဘိုးကြီးက ဖမ်းဆီပြီး အတင်းအကြပ်ခေါ်သွားဖို့လုပ်ခဲ့တယ်… မစ္စရှုသာ ၀င်မပါရင် ဒီလောက်ဆို ဂျူနီယာညီမလေးယီယီ သူမ……”
ရှင်းပြလိုက်သူက လုရင်ဖြစ်ပြီး စောနက ကိစ္စများကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။
မစ္စရှုသာ ၀င်မပါပါက ကုယီယီအနေဖြင့် အတင်းအကြပ်ခေါ်သွားခံရလောက်ချေပြီ။
လုရင်၏ ရှင်းပြချက်အား ကြားပြီးနောက် ရွှမ်ယီ မျက်နှာပျက်သွားခဲ့သည်။
ထို့နောက် မင်ယွဲ့ရှုတို့ဘက်သို့ လှည့်ကြည့်လိုက်ပြီး
“ မစ္စရှု.. ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်…ကျုပ် ရွှမ်ယီက ဒီကျေးဇူးကို မှတ်ထားပါ့မယ်…”
ရွှမ်ယီ၏ လေသံမှာ တဖြည်းဖြည်းအေးစက်၍ လာနေခဲ့သည်။
“ ယီယီ မင်းကို ဒဏ်ရာရအောင်လုပ်တာ ဘယ်သူလဲ…”
ရွှမ်ယီ၏ လေသံက ကျယ်လောင်ခြင်းမရှိသော်လည်း မျှော်စင်ပတ်၀န်းကျင်မှ လူတိုင်း ကောင်းစွာကြားလိုက်ရသည်။
ထိုအသံတွင် ဒေါသများဖြင့် ပြည့်နှက်နေခဲ့၏။