← Chapters

ဘုရင်အဆင့် ရောက်လာရင်တောင် ဘာမှမဖြစ်ဘူး

Vol. 4 Ch. 56

ဘုရင်အဆင့် ရောက်လာရင်တောင် ဘာမှမဖြစ်ဘူး

Vol. 4 Ch. 56

မရေမတွက်နိုင်သော မျက်လုံးများ ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့ရသည်။

၎င်းမှာ အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

ဂိုဏ်းကြီးများ၌ပင် ထိုအဆင့်ကျင့်ကြံသူများက ဒုဂိုဏ်းချုပ်များ ၊ မဟာအကြီးအကဲများ ဖြစ်နိုင်စွမ်းရှိသည်။

ယခုအချိန်တွင် ရွှမ်ယီက သူ၏ စွမ်းအားများကို ထိန်ချန်ထားခြင်းမရှိတော့ချေ။

ထိုဓားတစ်ချက်က လူတိုင်းကို အလွန်ထိတ်လန့်သွားစေခဲ့သည်။

ရွှမ်ယီ၏ ရတနာများကို မျက်စိကျနေကြသူများအားလုံး ထိုအတွေးများကို မေ့ဖျောက်ပစ်လိုက်ကြ၏။

“ သွားကြစို့…”

လူတိုင်း ထိတ်လန့်သွားစေရန် လုံလောက်သည့် ဓားတစ်ချက်ကို ထုတ်ဖော်ပြသပြီးနောက် ရွှမ်ယီက ကုယီယီတို့အဖွဲ့အားခေါ်ကာ ထိုနေရာမှ ထွက်လာခဲ့လိုက်ကြသည်။

မရေမတွက်နိုင်သော လူများက ရွှမ်ယီတို့အဖွဲ့ထွက်သွားသည်အား ငေးကြည့်နေရန်သာတတ်နိုင်ကြ၏။

ထိုသို့မဟုတ်လျှင်လည်း သူတို့အနေဖြင့် ရွှမ်ယီအား အနိုင်ယူနိုင်စွမ်းမရှိချေ။

ရွှမ်ယီက အစွမ်းထက်သည်မှန်သော်လည်း ရတနာများက ပို၍ ဆွဲဆောင်မှုရှိနေခဲ့သည်။

ဤလျှို့ဝှက်နယ်မြေမှ ထွက်ခွာပြီးသည်နှင့် ထိုသတင်းများက သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများကို ပျံ့နှံ့သွားတော့မည်ဖြစ်၏။

ထိုအခါ ကျွမ်းကျင်သူများ စုရုံးလျက် နက်နဲဓားဂိုဏ်းသို့ ရောက်လာပေတော့မည်။

လူသီးသန့်ဆိုလျှင် အပြစ်မရှိချေ။ သို့သော် ရတနာရှိနေသည့် လူကတော့ အပြစ်ရှိပေသည်။

အခြေတည်ဝိညာဉ်အဆင့်(၄) သို့ရောက်နေပြီး ဓားရည်ရွယ်ချက်အား နားလည်ထားသည့် အနှိုင်းမဲ့ပါရမီရှင်ဖြစ်နေသည့်တိုင် ရရှိလာသည့် အမွေနှင့် ရတနာများကို ကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။

ယခုမှ အခြေတည်ဝိညာဉ် အဆင့်(၄) သာရှိသေး၏။ အခြေတည်ဝိညာဉ်အဆင့်(၉)သို့ ရောက်နေလျှင်ပင် ထိုသို့လုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အမွေအနှစ်က ကြားရသူတိုင်းကို ရူးသွပ်သွားစေနိုင်စွမ်းရှိသည်။

ဘုရင်တစ်ဝက်အဆင့် ကျင့်ကြံသူများပင် ချွင်းချက်မရှိချေ။

ဘုရင်တစ်၀က်အဆင့်ဆိုသည်မှာ အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်ကျင့်ကြံသူပင်ဖြစ်၏။ သို့သော် သူတို့က သာမန် အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူများထက်ပိုအစွမ်းထက်သည်။

အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်တွင် ရှိနေသူတိုင်း ထို့အဆင့်သို့ရောက်နိုင်သည်မဟုတ်ပေ။

ဘုရင်တစ်၀က်အဆင့်ဆိုသည်မှာ အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်၌ စိတ်ဝိညာဉ်ယွမ်စွမ်းအင်နှင့် ဆက်သွယ်နိုင်စွမ်းရှိသူများကို ခေါ်‌ဆိုခြင်းဖြစ်၏။

သူတို့၏ ကျင့်ကြံခြင်းအဆင့်ကမူ အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်သာ ရှိနေပေလိမ့်မည်။ သို့သော် ဘုရင်များသာ ထိန်းချုပ်နိုင်သည့် စိတ်ဝိညာဉ်ယွမ်စွမ်းအင်ကို ဆက်သွယ်အသုံးပြုနိုင်စွမ်းရှိသည်။ ၎င်းတို့၏ ခွန်အားက ဘုရင်အဆင့်ကျင့်ကြံသူနှင့် လုံး၀ယှဉ်နိုင်စွမ်းမရှိသော်လည်း သာမန် အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်ကျင့်ကြံသူထက် အဆများစွာအားကောင်းပေသည်။

၎င်းကို ဘုရင်တစ်၀က်အဆင့်ဟု ခေါ်ဆိုခြင်းဖြစ်၏။

သို့သော် အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်၌ စိတ်ဝိညာဉ်ယွမ်စွမ်းအင်နှင့် ဆက်သွယ်နိုင်သူ အလွန်နည်းပါးပေသည်။

ရွှမ်ယီတစ်ယောက် တိတ်ဆိတ်လျက်ရှိ‌နေသည်။

အကယ်၍ သူသာ အခြေတည်ဝိညာဉ်အဆင့်(၄) မဟုတ်ဘဲ ဘုရင်အဆင့်ကျင့်ကြံသူဆိုပါက သူ၏ ရတနာများကို ထိုလူများ မျက်စောင်းပင်ထိုးဝံ့ကြမည်မဟုတ်ချေ။

ကံမကောင်းစွာနှင့် လက်ရှိတွင် သူက အခြေတည်ဝိညာဉ်အဆင့်(၄) ကျင့်ကြံသူတစ်ယောက်သာဖြစ်သေး၏။

“ အစ်မကြီး.. သူ ဘုရင်အဆင့် အမွေအနှစ် တကယ်ရလာတယ်လို့ထင်လား… အဲ့လိုရလာရင်ကော သူ အဲ့တာတွေကို ထိန်းသိမ်းထားနိုင်စွမ်း ရှိပါ့မလား…”

မင်ယွဲ့လန်က စိတ်မကောင်းစွာနှင့် မေးလိုက်သည်။

မင်ယွဲ့ရှုက ခေါင်းယမ်းလိုက်၏။

လောလောဆယ်ရွှမ်ယီ ဤနေရာမှ ထွက်သွားနိုင်သော်လည်း ထိုကိစ္စက ဤမျှနှင့် မပြီးဆုံးသေးကြောင်း သူမနားလည်ထားသည်။

ရွှမ်ယီလည်း ဤကိစ္စက မပြီးဆုံးသေးကြောင်း ကောင်းစွာနားလည်ထား၏။

သို့သော် စိတ်ပူခြင်းအလျင်းမရှိချေ။

သူ့မှာ ဝှက်ဖဲရှိပေသည်။

ထိုဝှက်ဖဲမှာ အဓိကတာ၀န်မှ ဆုလာဘ်ဖြစ်၏။

အဓိကာတာ၀န်မှာ ရွှမ်ယီ၏ တပည့်များထဲမှ တစ်ယောက်က စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် စွမ်းအားပိုင်ဆိုင်ရမည်ဖြစ်သည်။

သူ့တွင် အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်များ ၊ ဆေးလုံးများရှိနေသောကြောင့် ထိုတာ၀န်မှာ ခက်ခဲခြင်းအလျင်းမရှိပေ။

ကုယီယီ၏ ရေခဲဝိညာဉ်ခန္ဓာကိုယ် အသက်၀င်သွားပြီးနောက် သူမ၏ အစွမ်းက ချီအခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်နှင့် ယှဉ်နိုင်စွမ်းရှိသည်။

သူမသာ အနည်းငယ်ဆက်ပြီးတိုးတက်သွားလျှင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် တိုက်ပွဲစွမ်းအား ပိုင်ဆိုင်သွားပေလိမ့်မည်။

ထိုအခါ သူ၏ အဓိကတာ၀န်ပြီးဆုံးသွားမည်ဖြစ်ပြီး ဆုလာဘ်(၂)ခု ရရှိမည်ဖြစ်သည်။

ပထမတစ်ခုက ကျက်သရေရှိသောဘုရင် လီဘိုင်၏ အကောင်းဆုံးလှုပ်ရှားမှုဖြစ်သော ကြာပန်းစိမ်းဓားသံစဉ်ဖြစ်သည်။

ဒုတိယတစ်ခုက ဘုရင်အဆင့်အထွတ်အထိပ်ကျွမ်းကျင်သူဖြစ်သော ပင်းယု(ရေခဲငှက်မွေး) ၏ တိုက်ခိုက်မှု (၃)ကြိမ် ဖြစ်သည်။

ထို ‘ရေခဲငှက်မွေး’ က ရွှမ်ယီ၏ အဓိကဝှက်ဖဲဖြစ်လေသည်။

လူအများကြီးရောက်လာလျှင်ကော ဘယ်လိုလုပ်မည်နည်း…?

လာသမျှလူတိုင်းကို တစ်ယောက်မကျန် သတ်ပစ်မည်ဖြစ်၏။

အခြေတည်ဝိညာဉ်အဆင့်(၉)ကျင့်ကြံသူများ ၊ ဘုရင်တစ်ဝက်အဆင့်များ ဆိုလျှင်လည်းကိစ္စမရှိပေ။

တကယ့် ဘုရင်အဆင့်ကျွမ်းကျင်သူ ရောက်လာလျှင်ပင် မပြန်လမ်းကို မြန်းရပေလိမ့်မည်။

…………………………..

ရက်အနည်းငယ်ကြာပြီးနောက်

တောင်ထိပ်တစ်ခုပေါ်တွင် ရွှမ်ယီက ၎င်း၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

နတ်ဘုရားသန့်စင်ခြင်းစေတီမှ ထွက်ခွာလာခဲ့သည်မှာ ရက်အနည်းငယ်ကြာသွားခဲ့ချေပြီ။

ထိုနေရာမှ ထွက်လာပြီးနောက် ရွှမ်ယီက လျှို့ဝှက်နယ်မြေအား ဆက်လက်ရှာဖွေရန် မစဉ်းစားတော့ဘဲ လူရှင်းသော နေရာတွင် ကျင့်ကြံနေခဲ့သည်။

ဒေါသအိုးဆေဘာဘုရင်၏ သိုလှောင်လက်စွပ်အား ပိုင်ဆိုင်ပြီးချိန်တွင် ရွှမ်ယီအနေဖြင့် လျှို့ဝှက်နယ်မြေအား ဆက်လက်ရှာဖွေရန် စိတ်မ၀င်စားတော့ချေ။

ပတ်သွားကာ အချိန်ဖြုန်းနေမည့်အစား ကျင့်ကြံနေခြင်းက ပို၍အကျိုးရှိပေလိမ့်မည်။

လွန်ခဲ့သောရက်များတွင် ရွှမ်ယီ၌ ရတနာများစွာရှိသော်လည်း သူ့တပည့်များအား အလွန်အကျွံမပေးအပ်ခဲ့ချေ။

၎င်းမှာ သူကပ်‌စေးနည်းသောကြောင့်မဟုတ်ဘဲ ကုယီယီနှင့် လင်းဇီရင်တို့အား မဖျက်ဆီးလိုသောကြောင့်ဖြစ်သည်။

အကယ်၍ အလွန်အကျွံအသုံးပြုမိသွားပါက အဆင့်အမြန်တက်သွားမည်မှန်သော်လည်း ကုယီယီနှင့် လင်းဇီရင်တို့၏ အခြေခံအုတ်မြစ်များထိခိုက်သွားနိုင်ပြီး သူမတို့၏ အနာဂါတ်တက်လမ်းကို ဖျက်ဆီးမိသလိုဖြစ်သွားပေလိမ့်မည်။

သူတပည့်များ၏ ကျင့်ကြံမှုများက သူ့အား အကျိုးရှိစေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ရွှမ်ယီက သူ၏ တပည့်များအား ပစ္စည်းကိရိယာများအဖြစ် ဘယ်‌တုန်းကမှ ဆက်ဆံခဲ့ခြင်းမရှိချေ။

“ ဆရာ…”

“ အကြီးအကဲရွှမ်…”

“ စီနီယာရွှမ်…”

လင်းဇီရင် ၊ ၀မ်တောင် ၊ လုရင် ၊ ဇီရွှမ် နှင့် ကုယီယီတို့အားလုံး တစ်ချိန်တည်း နိုးထလာခဲ့ကြပြီး ရွှမ်ယီအား နှုတ်ဆက်လိုက်ကြသည်။

မကြာမီ ခရမ်းလမင်းလျှို့ဝှက်နယ်မြေ ပိတ်တော့မည်ဖြစ်၏။

ရက်အနည်းငယ် ကျင့်ကြံခဲ့ပြီးချိန်တွင် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်(၄) အစောပိုင်းမှနေ၍ အလယ်အလတ်အဆင့်သို့ရောက်ရှိသွားခဲ့သည်။

ရွှမ်ယီတစ်ယောက် မကြာသေးခင်ကမှ အခြေတည်ဝိညာဉ်အဆင့်(၄) သို့ရောက်ရှိခဲ့ခြင်းဖြသ်ကြောင်း မေ့ထား၍မရချေ။

ရက်အနည်းငယ်အတွင်း အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထိုရလဒ်မှာ ရွှမ်ယီ၏ ပါရမီကြောင့်ဖြစ်သလို ‌ဒေါသအိုးဆေဘာဘုရင်၏ သိုလှောင်လက်စွပ်မှ ရတနာများက အဓိကနေရာမှ ပါ၀င်သည်။

ရွှမ်ယီအား ဖယ်ထားလျှင် တစ်ဖွဲ့လုံးတွင် အတိုးတက်ဆုံးမှာ ကုယီယီဖြစ်လေသည်။

ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅) မှနေ၍ ရက်အနည်းငယ်အတွင်း ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၂)သို့ရောက်ရှိသွားခဲ့သည်။

ရေခဲဝိညာဉ်ခန္ဓာကိုယ် အသက်၀င်သွားချိန်၌ ကုယီယီ၏ ကျင့်ကြံမှုအရှိန်အဟုန်က အလွန်လျင်မြန်လာခဲ့သည်။

တစ်ဆအားထုတ်ရုံမျှနှင့် ရလဒ်နှစ်ဆ ရရှိစေနိုင်၏။

ယခုအချိန်တွင် ကုယီယီ၏ တိုက်ခိုက်နိုင်စွမ်းက စိတ်ဝိညာဉ်‌ငွေ့ရည်ဖွဲ့ခြင်းအဆင့်နှင့် အလွန်နီးကပ်နေချေပြီ။

သူမ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်စွမ်းအား ပိုင်ဆိုင်သွားသည်နှင့် ရွှမ်ယီ၏ အဓိကတာ၀န်ပြီးမြောက်သွားပေလိမ့်မည်။

လင်းဇီရင်က ကုယီယီလောက် ပါရမီကောင်းမွန်ခြင်းမရှိသော်လည်း သူမ၏ ကျင့်ကြံမှုက ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၂) မှ အဆင့်(၄) သို့ တိုးတက်သွားခဲ့သည်။ ထို့ပြင် ကနဦးဓားရည်ရွယ်ချက်အား နားလည်မှုနှင့်အတူ သူမ၏ တိုက်ခိုက်နိုင်စွမ်းက ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၉) တစ်ယောက်နှင့် ယှဉ်နိုင်ပေသည်။

၀မ်တောင် ၊ လုရင် နှင့် ဇီရွှမ်တို့ (၃)ယောက်လည်း အတော်လေးတိုးတက်လာခဲ့ကြသည်။

ထို(၃)ယောက်က သူ၏တပည့်များမဟုတ်သော်လည်း ရွှမ်ယီက တွန့်‌တိုနေခြင်း အလျင်းမရှိပေ။

သူတို့အတွက် အသုံး၀င်သော ဆေးလုံးများအား ကျင့်ကြံရန်ပေးအပ်ခဲ့သည်။

ရွှမ်ယီနေရာတွင် အခြားတစ်ယောက်ဆိုပါက အဆင့်(၃) စိတ်ဝိညာဉ်ဆေးပင်၏ အမြစ် (၂)ခု (၃)ခုအား ပေးကာ ပြန်လွှတ်လိုက်ပေလိမ့်မည်။

“ ဇီရင်.. အဓိက မြို့တော်ကိုရောက်ဖြစ်ရင် ခရမ်းငှက်မွေးကုန်သည်အသင်းကြီးဆီကိုလာပြီး ငါနဲ့လာတွေ့ဖို့ လုံး၀မမေ့နဲ့နော်….”

ပြင်ပ ကမ္ဘာသို့ ပြန်လည်ပို့‌ဆောင်ခြင်းမခံရသေးမီ ဇီရွှမ်က လင်းဇီရင်အားပြောလိုက်၏။

လျှို့ဝှက်နယ်မြေအတွင်းတွင် အချိန်ပြည့်သွား‌ပြီး ပြင်ပကမ္ဘာသို့ ပြန်လည်ပို့ဆောင်သောအခါ မိမိ၀င်လာသော ၀င်ပေါက်သို့သာ ပြန်လည်ပို့ဆောင်မည်ဖြစ်၏။ လင်းဇီရင် နှင့် ဇီရွှမ်တို့က တူညီသော ၀င်ပေါက်များမှမဟုတ်ကြချေ။

“ အခွင့်အရေးရတာနဲ့ သေချာပေါက်လာခဲ့မယ်…”

လင်းဇီရင်က ခေါင်းညိတ်လိုက်၏။

ဤလျှို့ဝှက်နယ်မြေအတွင်းတွင် သူမတို့နှစ်ယောက် သူငယ်ချင်းအရင်းကြီးများ ဖြစ်သွားခဲ့ကြသည်။

ရွှမ်ယီ နှင့် ‌မတွေ့ခင်က သူမတို့နှစ်ယောက် တစ်‌ယောက်ကို တစ်ယောက် ဖေးမပြီး သေခြင်း ရှင်ခြင်းအခြေအနေများကို အတူတကွဖြတ်ကျော်ခဲ့ဖူးကြသည်။

“ ဇီရင် အပြင်ပြန်ရောက်တာနဲ့ လူတိုင်းကိုခေါ်ပြီး ဂိုဏ်းကိုအမြန်ပြန်ဖို့ ဂိုဏ်းချုပ်ကိုပြောလိုက်ပါ.. လုံး၀ နှောင့်နှေး‌လို့မရဘူးနော်….”

ရွှမ်ယီက သတိပေးလိုက်၏။

သူတို့ ၀င်လာသော ၀င်ပေါက်ခြင်းမတူညီကြချေ။ လင်းဇီရင်က ဂိုဏ်းချုပ် ကျန်းနန်ထျန်နှင့် အတူလိုက်လာခြင်းဖြစ်၏။

“ ဟုတ်ကဲ့ပါ ဆရာ…”

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ကိစ္စအား တွေးမိလိုက်လျှင် လင်းဇီရင်၏ အမူအရာက လေးနက်သွားခဲ့သည်။

သူမသည် တုံးအသူတစ်ယောက်မဟုတ်ချေ။

ဤခရီးစဉ်ပြီးဆုံးသွားသည့်တိုင်အောင် ထိုကိစ္စ၏ ဂယက်က ပြင်ပကမ္ဘာတွင် လုံး၀ပြီးဆုံးမည်မဟုတ်သေးချေ။

“ ဘာမှစိတ်ပူမနေနဲ့.. ကောင်းကင်ကြီးပြိုကျလာရင်တောင် ဆရာက ထမ်းထားပေးမယ်….”

ရွှမ်ယီက လင်းဇီရင်၏ ပုခုံးအားပုတ်ကာ နှစ်သိမ့်စကားဆိုလိုက်သည်။

လင်းဇီရင်က ဆရာဖြစ်သူအား မေ့ကြည့်လိုက်၏။ အခြေအနေများက မကြာခင်ဆိုးရွားလာတော့မည်ဖြစ်သော်လည်း သူမ၏ ဆရာက နဂိုအတိုင်းတည်ငြိမ်နေဆဲပင်။ စိတ်ပူခြင်း အလျင်းမရှိချေ။

ရွှမ်ယီ၏ ပူပန်မှု မရှိသော အမူအရာကြောင့် လင်းဇီရင်လည်း စိတ်သက်သာရာရသွားခဲ့သည်။

All Chapters