မကြာခင် တိုက်ပွဲစတော့မည်
Vol. 4 Ch. 59
မိုးရွာတော့မည်ဖြစ်၏။
ယနေ့တွင် ကောင်းကင်က အနည်းငယ်အမှောင်ကျနေခဲ့ပြီး အုံ့မှိုင်းနေသော ခံစားချက်မျိုးပေးစွမ်းနေသည်။
နက်နဲဓားဂိုဏ်းမှ လူတိုင်း ထိတ်လန့်နေကြ၏။
လက်ရှိ ရွှမ်ယီနှင့်ပတ်သက်သော သတင်းများမှာ နေရာအနှံ့အပြားသို့ ပျံ့နှံ့နေခဲ့သည်။
ရွှမ်ယီ၏ စွမ်းအားကြီးမားမှုနှင့် ပါရမီကြောင့် လူတိုင်း အံ့ဩသွားခဲ့ကြသည်။
အခြေတည်ဝိညာဉ်အဆင့်(၄)၌ရှိနေပြီး ဓားကျင့်ကြံသူများ၏ အိမ်မက်ဖြစ်သော ဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားခဲ့သည်။
လုံး၀ကို မွန်းစတားဆန်သော အရည်အချင်းမျိုးဖြစ်၏။
သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများတွင်ပင် ကနဦးဓားရည်ရွယ်ချက်အား နားလည်ထားသူ အနည်းငယ်သာရှိပေသည်။
ထို့အပြင် ထိုလူများအားလုံး ဓားတာအိုကိုနှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည့် လူများဖြစ်၏။
“ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင်မျိုး ကောင်းကင်လေနိုင်ငံမှာ မထင်မရှားရှိနေခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး… တောက်ပသောလမိသားစုက ပါရမီရှင်နှစ်ယောက်တောင် မယှဉ်နိုင်ဘူးလို့လည်း ကြားတယ်….”
“ ဓားရည်ရွယ်ချက်… အင်း.. ငါက ကနဦးဓားရည်ရွယ်ချက်ကိုတောင် နားမလည်သေးဘူး.. သူက ဓားရည်ရွယ်ချက်ကို နားလည်ထားပြီ…”
“ ကံမကောင်းစွာနဲ့ သူ့ဘ၀က ဒီမှာပဲ ဇာတ်သိမ်းတော့မယ်…”
“ သူ့မှ ရှိမနေသင့်တဲ့ အရာကို ရသွားခဲ့တာပဲ….”
“ ဘုရင်အဆင့်အမွေအနှစ်ရဲ့ စွဲဆောင်မှုကို အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူတွေထားလိုက်ဦး ဘုရင်တစ်၀က်အဆင့်တွေတောင် သည်းခံနိုင်မှာမဟုတ်ဘူး…”
“ ငါသာ သူ့နေရာမှာဆိုရင် ဘုရင်အဆင့်အမွေအနှစ်ကို လက်လွှတ်လိုက်ပြီး အေးအေးချမ်းချမ်းပဲ အသက်ဆက်ရှင်လိုက်မယ်.. သူရဲ့ ပါရမီမျိုးနဲ့ဆိုရင် တစ်နေ့ကျရင် လက်စားမချေနိုင်မှာ ပူနေစရာမလိုပါဘူး…”
“ ဟဟ.. မင်းက ရိုးရိုးလေး တွေးနေတာပဲ..သူ့ရဲ့ပါရမီမျိုးနဲ့ဆိုရင် ဘယ်သူက သူ့ကို အသက်ချင်လျက်ဆက်ထားရဲမှာလဲ…”
“ သူအဲ့ဒီအမွေကို လက်လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ ဒီနေ့ သေကိုသေလိမ့်မယ်…”
နက်နဲဓားဂိုဏ်း ၀န်းကျင်တွင် လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာနေကြ၏။
မှန်ပေသည်။ ထိုလူများက ရွှမ်ယီထံမှ အမွေအနှစ်ကို စိတ်၀င်စား၍ လာကြခြင်းမဟုတ်ချေ။ အပျော်တမ်း ပွဲကြည့်ရန် ရောက်လာကြခြင်းဖြစ်၏။
ယနေ့တွင် အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်ကျင့်ကြံသူများသာမက ဘုရင်တစ်၀က်အဆင့်များပါ ရောက်လာမည်ဖြစ်သည်။
ယနေ့မကြည့်လိုက်ရလျှင် နောင်တွင် ဤကဲ့သို့ အခွင်းအရေးမျိုး ရတော့မည်မဟုတ်ချေ။
လွန်ခဲ့သော (၂)ရက်ကတည်းက ဂိုဏ်းချုပ် ကျန်းနန်ထျန်က ဂိုဏ်းသားများအားလုံးကို ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထွက်ခွာချင်သူများအနေနှင့် ထွက်သွား၍ရသည်။ နက်နဲဓားဂိုဏ်းက ၎င်းတို့ကို တားဆီးမည်မဟုတ်ချေ။
ထိုနေ့တွင် ဂိုဏ်းမှ တစ်စိတ်တစ်ပိုင်း ထွက်သွားခဲ့ကြသည်။
၎င်းတို့ထဲတွင် အများစုက မကြာခင်အချိန်များကမှ ဂိုဏ်းထဲသို့၀င်ရောက်လာကြသည့် ဂိုဏ်းသားအသစ်များဖြစ်၏။ သူတို့အနေဖြင့် နက်နဲဓားဂိုဏ်းအပေါ်တွင် နက်ရှိုင်းသော ခံစားချက်များ ၊ သစ္စာရှိမှုများလည်း မရှိသေးပေ။
နက်နဲဓားဂိုဏ်းသို့ ၀င်ရောက်လာကြသည်မှာ တိုးတက်ရန် ၊ သန်မာရန် ၊ မသေရန်ဖြစ်၏။ အဘယ်ကြောင့် ဤနေရာတွင် အသေခံလျက် ဆက်နေရမည်နည်း။
ကျန်းနန်ထျန်ကလည်း ထိုသူများအား အပြစ်တင်လိုခြင်းမရှိချေ။
အကယ်၍ နက်နဲဓားဂိုဏ်း ယနေ့ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပါက ထိုလူများ ဂိုဏ်းသို့ ပြန်လာလိုလျှင်ပင် လုံး၀လက်ခံတော့မည်မဟုတ်ချေ။
“ တစ်ယောက်ယောက်တော့ လာနေပြီ…”
“ အဲ့တာ.. ကောင်းကင်လေနိုင်ငံရဲ့ ရှင်ဘုရင်ပဲ…ဒါနဲ့ သူ့နောက်က အဘိုးကြီးက ဘယ်သူများလဲ…”
“ အဲ့တာက ဖန်းဟွာ ရှင်ဘုရင်ပဲ.. ကောင်းကင်လေနိုင်ငံရဲ့ တစ်ဦးတည်းသော အခြေတည်အဆင့်(၇) ကျင့်ကြံသူလေ…”
လူအုပ်ကြီးက ရောက်လာသော လူနှစ်ယောက်ကိုကြည့်ပြီး အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့သည်။
ကောင်းကင်လေနိုင်ငံမှ လူများအတွက် ထိုနှစ်ဦးမှာ စိမ်းသက်သော လူများမဟုတ်ချေ။
တစ်ဦးမှာ ကောင်းကင်လေနိုင်ငံ၏ လက်ရှိ ရှင်ဘုရင်ဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်(၆) ရှိကာ နောက်တစ်ယောက်က ယခင်ရှင်ဘုရင်ဖြစ်ပြီး ကောင်းကင်လေနိုင်ငံ၏ အစွမ်းထက်ဆုံးလူလည်းဖြစ်သည်။
လူငယ်များကမူ ယခင်ရှင်ဘုရင်နှင့် မရင်းနှီးသောလည်း မျိုးဆက်ဟောင်း အဘိုးကြီးများကမူ မြင်လိုက်ယုံနှင့် ဖန်းဟွာ ရှင်ဘုရင်ဖြစ်ကြောင်းသိကြလေသည်။
[ နိုင်ငံတွေရဲ့ ဘုရင်ကို ရှင်ဘုရင်လို့သုံးပါမယ်.. ဘုရင်အဆင့်နဲ့မှားမှာစိုးလို့ ]
“ ကောင်းကင်လေနိုင်ငံရဲ့ ဂိုဏ်းကြီး(၁၀)ခုကလူတွေလည်း ရောက်လာတာပဲ…”
“ သူတို့လည်း ဒီတိုက်ပွဲမှာ ပါကြမလို့လား…”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ မဟုတ်ဘူး.. သူတို့လည်း ငါတို့လို ပွဲလာကြည့်တာပဲဖြစ်မယ်.. တိုက်ပွဲမှာ ၀င်ပါမှာလား.. ငါ သူတို့ကို နှိမ်တာတော့မဟုတ်ပေမယ့်.. သူတို့က ၀င်ပါဖို့အတွက် အဆင့်မမှီသေးဘူး….”
ထိုစကားများက အနည်းငယ်ရင့်သီးနေဟန်ရသော်လည်း အမှန်တရားများသာဖြစ်သည်။
လာမည့်တိုက်ပွဲတွင် အခြေတည်၀ိညာဥ်အဆင့်(၉)ကျင့်ကြံသူများသာ အဆင့်မှီပေလိမ့်မည်။ အခြေတည်ဝိညာဉ်အဆင့်(၆) ၊ အဆင့်(၇) များအနေဖြင့် အမှန်တကယ် အဆင့်မမှီခြင်းဖြစ်ပေသည်။
“ အဲ့တာ ရွှမ်ယီလား…”
“ မဆိုးဘူးပဲ…”
“ ကြည့်ရတာ ငါနဲ့အသက်အတူလောက်ပဲရှိဦးမယ်.. သူက အခြေတည်ဝိညာဉ်အဆင့်(၄) တောင်ရောက်နေပြီလား…”
လူငယ်များက စိတ်လှုပ်ရှားလျက် ဆွေးနွေးနေကြ၏။
လူအများစုက မျက်လွှာချကာထိုင်နေသည့် ရွှမ်ယီကို အာရုံစိုက်နေကြသည်။
ရွှမ်ယီ၏ ငယ်ရွယ်သော အသွင်အပြင်နှင့် ၎င်း၏ ခွန်အားကြောင့် အများစုက ထိတ်လန့် အံ့ဩနေကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့အနေဖြင့် ရွှမ်ယီနှင့်ပတ်သက်သည့် ကောလဟာလ များစွာကြားခဲ့ရ၏။
ကောင်းကင်လေနိုင်ငံ၏ သမိုင်းတစ်လျှောက် ပါရမီအရှိဆုံးနှင့် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဟူ၍ ဖြစ်သည်။ ထိုလူက အဆုံးမဲ့တံခါးဂိုဏ်း၏ အကြီးအကဲရန်အား သတ်ပစ်ခဲ့သည့်အပြင် ယုလောင်နန်းတော်မှ အကြီးအကဲဖန်ကိုလည်း အနိုင်ယူခဲ့ပြီး ဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားသေးသည်။
အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်ဟူ၍ ကောလဟာလများကြားသေးသော်လည်း မှန်သလား မှားသလား သေချာမသိကြသလို ယုံသင့် မယုံသင့်လည်း မဝေခွဲတတ်ကြတော့ပေ။
“ သူ တို့ရောက်လာပြီ…”
နက်နဲဓားဂိုဏ်း၏ ရင်ပြင် ရွှမ်ယီ ထိုင်နေသည့် အနောက်ဘက်တွင် ဂိုဏ်းချုပ် ကျန်းနန်ထျန် ၊ ဒုဂိုဏ်းချုပ် ရီ နှင့် ရန် ၊ ဂိုဏ်းမှ အကြီးအကဲများအားလုံး စုရုံးရောက်ရှိနေကြသည်။
ရွှမ်ယီက မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။
လူတိုင်း ရွှမ်ယီ ကြည့်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
မလှမ်းမကမ်းတွင် အနက်ရောင်အခိုးအငွေ့များက အလျင်အမြန်ရွေ့လျား၍ လာနေလေသည်။
အနီးသို့ရောက်လာချိန်တွင် အနက်ရောင်အငွေ့များပျောက်သွားခဲ့ပြီး အနက်ရောက်၀တ်စုံနှင့် အဘိုးကြီးနှစ်ဦးအား တွေ့လိုက်ရသည်။
“ တိမ်တောင်တန်းနိုင်ငံ.. တစ္ဆေလဂိုဏ်းက အဖြူ အနက် သရဲနှစ်ယောက်နဲ့ တောင်တန်းသရဲ အကြီးအကဲနှစ်ယောက်…တစ္ဆေလဂိုဏ်းက ဂိုဏ်းချုပ်နှစ်ယောက်နဲ့ အကြီးအကဲ နှစ်ယောက် ရောက်လာတာပဲ….”
သူတို့ရောက်လာသည်နှင့် ပတ်၀န်းကျင်မှ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
တိမ်တောင်တန်းနိုင်ငံသည် သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းကင်လေနိုင်ငံထက် အဖက်ဖက်မှ အားကောင်းသည်။ သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများတွင် တတိယနေရာ၌ရှိနေ၏။
ထို တစ္ဆေလဂိုဏ်းက တိမ်တောင်တန်းနိုင်ငံ၏ ထိပ်တန်းဂိုဏ်း(၃)ခုတွင်ပါ၀င်သည်။
တစ္ဆေလဂိုဏ်းက ပုံမှန်ဂိုဏ်းများနှင့် ခြားနားပြီး ၎င်းတို့တွင် ဂိုဏ်းချုပ်နှစ်ဦးရှိလေသည်။ ထိုနှစ်ယောက်ကို လတစ္ဆေအမွှာဟု ခေါ်ဆိုသမုတ်ကြ၏။
ထိုနှစ်ယောက်လုံး အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်ကျင့်ကြံသူများဖြစ်ကြသည်။
ထို လတစ္ဆေအမွှာနောက်တွင် ပါလာသည့် နှစ်ယောက်က ဂိုဏ်း၏ အကြီးအကဲများဖြစ်ပြီး သရဲဖြူ ၊ သရဲနက် တို့နှစ်ယောက်ထက် အားနည်းသည့်တိုင် အခြေတည်ဝိညာဉ်အဆင့်(၇) ကျင့်ကြံသူများဖြစ်ကြ၏။
“ ဟမ့်.. စည်ကားနေပါလား.. ဒီနေတော့ သွေးထွက်သံယိုမြင်ကွင်းတွေ မြင်ရတော့မယ်…”
အဘိုးကြီး ပိုင်ကု၏ မျက်လုံးများက ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တစ်နေရာအရောက်တွင်ရပ်တန့်သွားခဲ့သည်။
ထိုနေရာတွင် နောက်ကျော၌ ပုဆိန်ကြီးတစ်လက် လွယ်ထားသည့် လူတစ်ယောက်ရပ်နေပေသည်။ ပုဆိန်ကြီးမှ ဖြူထွက်နေသည့် အရှိန်အဝါများက သရဲဖြူ(ပိုင်ကု) အား အေးစိမ့်သွားသလို ခံစားလိုက်ရစေသည်။
ရွှမ်ယီ အပါအ၀င် နက်နဲဓားဂိုဏ်းမှ လူများအား ထိုအဘိုးကြီး ပိုင်ကုက လှည့်ကြည့်ရန်ပင်ပျင်းလွန်းလှသည်။
သူ၏ အမြင်တွင် ထိုလူများက ကုန်းပတ်ပေါ်ရောက်နေသည့် ငါများထက်မပိုပေ။ ဘယ်ချိန်သတ်သတ် ကြိုက်တဲ့အချိန် သတ်၍ရပေသည်။
[ လတစ္ဆေအမွှာ- သရဲဖြူ သရဲနက်- ပိုင်ကုက သရဲဖြူနာမည် ]
[ မူရင်းက ကျက်သရေတုန်းလို့ပါ Engလိုပြန်ထားတဲ့ကောင်က တရုတ်ဂလိ နဲ့ရလိုက် English နဲ့ ရေးလိုက်မို့ပါ ( တောင်ပိုင်း-ကျန်းနန် ; တျန်ဖန်း-ကောင်းကင်လေ ; ပင်းယု-ရေခဲငှက်မွေး) ရေးချင်သလိုရေးနေလို့ပါ အတတ်နိုင်ဆုံး အမြဲတမ်းနားလည်အောင်ရေးပေးနေပါတယ် တခါတခါ ကျနော်တောင်မွေ့သွားတတ်တယ် ]