← Chapters

ကြိုဆိုပါတယ်... ဘာလို့လဲဆိုတော့ ငါ့မှာလည်း စမ်းသပ်စရာလေးတွေ ရှိနေလို့ပဲ

Vol. 94 Ch. 1311

ကြိုဆိုပါတယ်... ဘာလို့လဲဆိုတော့ ငါ့မှာလည်း စမ်းသပ်စရာလေးတွေ ရှိနေလို့ပဲ

Vol. 94 Ch. 1311

အခန်း (၁၃၁၁) ကြိုဆိုပါတယ်... ဘာလို့လဲဆိုတော့ ငါ့မှာလည်း စမ်းသပ်စရာလေးတွေ ရှိနေလို့ပဲ

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါဖြင့် မင်းက သိုးပုကျန့်ကောင်းကင်ဘုံအရှင်ရဲ့ တပည့်ပေါ့”

မေးခွန်းမေးနေသော်လည်း သူ၏ စိတ်အာရုံက သူ့အရှေ့မှ ရွှမ်ရှောက်ကျိကျင်း မီးပြင်းဖိုထက်တွင်သာ အာရုံစိုက်ထားသည်။

တစ်ဖက်တွင်တော့ တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ က အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိနေပေပြီ။ သူက ခွန်လွန်တောင်ကို ပြန်လည်ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။

ခွန်လွန်တောင်အခြေအနေကို တည်ငြိမ်အောင်ထိန်းထားရင်း မပြီးပြတ်သေးသည့် ရန်ကျောက်ကဲ၏ ထုံးတမ်းအစီအရင်ကို ပြောင်းပြန်လှန်ရန် ကြိုးဖမ်းနေသည်။

အရာအားလုံး ‌နောက်ကြောင်းပြန် လှည့်နိုင်ဦးမည်လားဟု သူ မျှော်လင့်နေခဲ့သည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က ခွန်လွန်တောင်တွင် အမြဲတမ်းနေထိုင်သူဖြစ်ပြီး ကျောက်ိစမ်းကျိုင်းတံနှင့်ပတ်သက်ပြီး အနက်ရှိုင်းဆုံး ထိုးထွင်းသိမြင်မှု ရရှိထားသူ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အတိတ်တစ်ချိန်က ဧကရာဇ်(၃)ပါးတွင် ခေါင်းဆောင်ဖြစ်ခဲ့သော တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ သည် အထက်ဘုံကမ္ဘာတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးသူတစ်‌ယောက် ဖြစ်ခဲ့သည်။ သူက အထက်ဘုံကမ္ဘာတွင် ပြိုင်ဘက်ကင်းဖြစ်ပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

သူက နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်ဖြစ်ရာ သူပိုင်ဆိုင်ခဲ့သော သြဇာအာဏာအရှိန်အဝါက ရင်သပ်ရှုမော အံ့သြဖွယ်ရာ ကောင်းခဲ့သည်ပင်။

သို့တိုင် ရန်ကျောက်ကဲက ထုံးတမ်းအစီအရင်ပြုလုပ်ရန် အဂ္ဂိရတ်ခန်းမကို အသုံးပြုသည်ကို ရင်ဆိုင်ရသည့်အခါ ကျန်းရှန်အနေဖြင့် စွမ်းအားကင်းမဲ့သလို ခံစားခဲ့ရသည်။

အချိန်ကြာလာသည်နှင့်အမျှ သူ ပိုပြီး စွမ်းအားမရှိတော့သလို ခံစားလာရသည်။

***

အဂ္ဂိရတ်ခန်းမထဲတွင်တော့ ရန်ကျောက်ကဲ၏လုပ်ရပ်က အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

တူညီသောကျင့်ကြံခြင်းအဆင့်မှာပင် အမတခုံရုံးမှဆင်းသက်လာသော သိုင်းကျင့်ကြံသူများက စန်းချင်း (၃)ပါးအဆက်အနွယ်များနှင့် တန်ခိုးစွမ်းအား ကွာဟချက် ရှိကြသည်။

ယခင်က လူတိုင်းမကြုံတွေ့ဖူးကြသည့်တိုင် စန်းချင်း(၃)ပါးအဆက်အနွယ်မှ သိုင်းသူတော်စင် ဒဿမအဆင့်ကျင့်ကြံသူက အမတခုံရုံးမှ နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်ကို တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

တကယ်တော့ စန်းချင်း(၃)ပါးအဆက်အနွယ် ကျင့်ကြံသူများက သိုင်းသူတော်စင်ပင်ဖြစ်လင့်ကစား အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို ဖိနှိပ်နိုင်စွမ်း ရှိကြ၏။

မကြာသေးမီက နမူနာများကိုကြည့်လျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ စန့်ချင်အဆက်အနွယ်မှ လုန်ရွှယ်ကျီးကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူများ ထွက်ပေါ်လာသည်ကို လူတိုင်းသိရှိကြသည်။

ပြောရမည်ဆိုလျှင် တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုပါက အမတခုံရုံး ကျင့်ကြံသူများသည် မည်သည့် စန်းချင်း(၃)ပါး အဆက်အနွယ်ကိုမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိကြသည်ဖြစ်ရာ ၊ ရန်သူ့ရှေ့ရောက်လျှင် အလိုလိုနေရင်း နိမ့်ကျသလို ခံစားကြရသည်။

ယခုလည်း အမတခုံရုံးမှ ကျင့်ကြံသူများ အုပ်စုလိုက် အများအပြားရှိနေကြသည့်တိုင် ရန်ကျောက်ကဲက အရေးမစိုက်သည့်ပုံစံလုပ်နေသည်ဖြစ်ရာ သူတို့အနေဖြင့် ဒေါသထွက်လာရတော့သည်။

စောစောကပင် သူတို့အားလုံး ‌စောမင်ကျန့်လက်ချက်ဖြင့် သေဆုံးရလုနီးပါးဖြစ်ခဲ့ရသဖြင့် ဒေါသများဖြင့် ပြည့်လျှက်ရှိရာ ယခုတော့ ရန်ကျောက်ကဲပုံစံကြောင့် သူတို့၏ဒေါသများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာကြသည်။

ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာက အေးစက်သည့်လေသံဖြင့်...

“အထက်ဘုံကမ္ဘာက မိစ္ဆာကျင့်ကြံသူတွေက မင်းကို အနိုင်ယူဖို့အစွမ်းအစမရှိတာလား ၊ ဒါမှမဟုတ် တမင်သက်သက် မင်းကိုကာကွယ်ပေးနေကြတာလား... ငါ အရေးမစိုက်ဘူး”

သူက ဆက်ပြောသည်။

“ဒီနေ့တော့ အရာအားလုံး အဆုံးသတ်ရမယ် ၊ မင်းကို ငါကိုယ်တိုင်သတ်ပစ်မယ်... တမလွန်မှာ ယင်ထျန်းရှနဲ့ သွားတွေ့လိုက်ပေါ့”

ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာနံဘေးမှ အမတခုံရုံးကျင့်ကြံသူက ရန်ကျောက်ကဲကို အေးစက်စွာစူးစိုက်ကြည့်ရင်း...

“ကြာပန်းဖြူနတ်ဆိုးနဲ့ ငရဲကိုးထပ်ကနတ်ဆိုးတွေနဲ့အတူ မင်းတို့အားလုံးကို စကြာဝဠာထဲကနေ အကုန်ရှင်းပစ်ရမယ်”

သူက ဆက်ပြောလိုက်သည်။

“နတ်ဆိုးတွေနဲ့ မင်းတို့လို မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေအတွက် ဒီလောကမှာ နေရာမရှိစေရဘူး ၊ အရင်က ငါတို့တွေ သတိနည်းနည်းလွတ်သွားလို့ မင်းတို့တွေ တန်ခိုးကြီးထွားလာကြတာ ၊ ဒါပေမဲ့ အခြေအနေတွေက ဘာမှမပြောင်းလဲဘူး ၊ မင်းတို့အားလုံး သေကြရမှာပဲ”

သူတို့၏မှတ်ချက်စကားများကို ကြားရသည့်တိုင် ရန်ကျောက်ကဲက စိတ်ဆိုးဒေါသထွက်ခြင်း မရှိပေ။

သူက တစ်စုံတစ်ခု စဉ်းစားဟန်ဖြင့် ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး...

“မင်းတို့အားလုံးက ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းကိုအသုံးပြုပြီး လောကမှာတည်ရှိတဲ့ မဟာတာအိုကို ဖောက်ထွင်းဖို့ ကြိုးစားခဲ့ကြတာ ၊ ပြီးတော့ နတ်ဘုရားတံခါးကို တွန်းဖွင့်ဖို့ ကြိုးစားကြတယ် ၊ ထင်တဲ့အတိုင်းပဲ... အဲဒီလိုလုပ်တဲ့အခါမှာ အကန့်အသတ်တွေ အများကြီးရှိတယ်...”

သူက ဆက်ပြောလိုက်သည်။

“မင်းတို့တွေ ပိုပြီးမြင့်မားတဲ့အဆင့်ကိုရောက်ချင်တယ်ဆိုရင် လိုအပ်ချက်တွေအများကြီးရှိတယ် ၊ မဟုတ်လို့ကတော့... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဆန်မရှိဘဲ ထမင်းချက်သလိုမျိုး ခံစားနေရမှာပေါ့”

ရန်ကျောက်ကဲ စကားပြောနေစဉ်မှာပင် သူ့အရှေ့မှ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကြီးက လည်ပတ်လာပြီး ခရမ်းရောင်ခှီစွမ်းအားအလွှာများ ထူထပ်စွာ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကိုတော့တော့ ရန်ကျောက်ကဲက ရင်ထဲလေးလံနေသည့်အရာများ ပေါ့ပါးသွားသည့်အလား သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ကြိမ်ဖိနပ်စီး တာအိုဆရာနှင့် အခြားသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက သူ့ထံသို့ ဦးတည်တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ထိုအချိန် ရန်ကျောက်ကဲက ခေါင်းကိုလှည့်ပြီး သူတို့ကို ကြည့်လိုက်သည်။

“အရင်တုန်းက ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်မှာ ဧကရီတစ်ပါးနဲ့တွေ့ခဲ့တယ် ၊ သူက အမတခုံရုံးက ဧကရီတစ်ပါးဖြစ်ပြီး မရဏမိုးကြိုးကျမ်းစာကို ကျင့်ကြံထားတဲ့သူပဲ ၊ သူက ပါရမီရှင်တစ်ပါးလို့ပြောရလောက်အောင် အရည်အချင်း ထူးခြားလွန်းတယ်”

ရန်ကျောက်ကဲက နှုတ်ခမ်းများကို တစ်ချပ်သပ်လိုက်ရင်း...

“သူ့နာမည်က ရွမ့်မင်ယန်လို့ ခေါ်တယ်ထင်တယ် ၊ သူ့ဧကရီနာမည်က ဟန်လေဧကရီဖြစ်မယ်ထင်တယ်”

ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာက အေးစက်စွာဖြင့်...

“ရွမ့်မင်ယန်က အမွှေးတိုင်(၅)တိုင်နဲ့ ကိုးကွယ်ခံရတဲ့ နတ်ဘုရားတစ်ပါးပဲ ၊ အရည်အချင်းထူးခြားတာပေါ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“သူ့ရဲ့အရည်အချင်းတွေ အရမ်းနှမျောစရာကောင်းတယ် ၊ ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သွားလို့သာပေါ့... ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ် ကျင့်ကြံသူသာဖြစ်လာမယ်ဆိုရင် သူ့ရဲ့အနာဂတ်အောင်မြင်မှုက အရမ်းကြီးမားမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ သူက မင်းတို့အတွက်တော့ အရမ်းတန်ဖိုးရှိနိုင်တယ် ၊ သူသာ စောစောစီးစီး သေဆုံးမသွားခဲ့ရင် ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းအောက်မှာ ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်မလာနိုင်ရင်တောင် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးတော့ ဖြစ်လာနိုင်လောက်တယ်”

ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာက...

“ဒါပေမဲ့ စောမင်ကျန့်က သူ့ကိုသတ်ပစ်လိုက်ပြီ”

စောမင်ကျန့်လက်ချက်ဖြင့် သူ့မျက်စိရှေ့မှာပင် သေဆုံးသွားရသော သူ၏ဆရာဖြစ်သူအကြောင်း တွေးတောမိသည့်အခါ ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာ ကူရာကယ်ရာမဲ့စွာဖြင့် ကြောက်ရွံ့တုန်လှုပ်သွားရသည်။

သူ၏ဖုံးကွယ်ထားသော အကြောက်တရားက ဒေါသအဖြစ်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲဆီသို့ ဦးတည်သွားသည်။

ရန်ကျောက်ကဲက ထိုသူ၏ အေးစက်သော ဒေါသတရားများကို အရေးမစိုက်ဘဲ လက်ညှိုးတစ်ချက်ထောင်လိုက်ရင်း...

“မင်းကို အနှောက်အယှက်ပေးရတာတော့ တောင်းပန်ပါတယ် ၊ ဒါပေမဲ့ မင်းပြောတဲ့စကားက မှားနေတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ရွမ့်မင်ယန်ကို အကြီးအကဲ’စော’ သတ်လိုက်တာ မဟုတ်ဘူး”

ထိုစကားကိုကြားတော့ အမတခုံရုံးမှ ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့စိတ်ထဲ အတွေးတစ်ခု လျှင်မြန်စွာဝင်ရောက်လာပြီး သူတို့မျက်လုံးများထဲတွင် မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ကြိမ်ဖိနပ်စီးထားသော တာအိုဆရာ၏ ဒေါသတရားများ ချက်ချင်းပင်ပျောက်ကွယ်သွားပြီး သူ၏မျက်ဝန်းများက ကြည်လင်ရှင်းလင်းလာသည်။

သူက တည်ကြည်လေးနးက်စွာဖြင့် ရန်ကျောက်ကဲကို အသေးစိတ် အကဲခတ်ရင်း နက်ရှိုင်းသည့်အသံဖြင့် မေးခွန်းထုတ်လိုက်သည်။

“ဒီစကားက ဘာအဓိပ္ပါယ်လဲ”

ရန်ကျောက်ကဲက အဖြေမပေးဘဲ ပခုံးတစ်ချက်တွန့်လိုက်သည်။

ထို့နောက် ရုတ်တရက်ပင် သူ၏လက်ဖဝါးကို ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာရှိရာသို့ တွန်းထုတ်လိုက်သည်။

ကြိမ်ဖိနပ်စီးတာအိုဆရာမှာ သူ၏ကြိမ်ဖိနပ်တွင် တစ်ခုခုမှားယွင်းနေသည်ကို သိရှိလိုက်ပြီး ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကိုကာကွယ်ရန် သူ၏တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏ပစ်မှတ်က သူ မဟုတ်ခဲ့ပေ။

ခရမ်းရောင်နတ်ဘုရားခန်းမ၏တံခါးကိုဖွင့်လှစ်ပြီးနောက် သူ ပြန်လည်သိမ်းဆည်းထားသည့် ကျောက်စိမ်းပြားက ထိန်းချုပ်မရနိုင်စွာ ပျံသန်းထွက်ခွာသွားပြီး ရန်ကျောက်ကဲလက်ထဲသို့ ရောက်ရှိသွားသည်။

ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာ အံ့သြတုန်လှုပ်သွားပြီး မည်သည့်အရာကိုမှအရေးမစိုက်တော့ဘဲ သူ၏တိုက်ကွက်ကို ထုတ်လွှတ်လိုက်သည်။

သူ၏လက်ချောင်း(၅)ချောင်းမှ အရောင်အမျိုးမျိုးရှိသော တိမ်တိုက် (၅)ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲအား ဖုံးလွှမ်းသွားသည်။ ထို တိမ်တိုက်အရောင်(၅)မျိုးမှာ အစိမ်း ၊ အဝါ ၊ ကြက်သွေးရောင် ၊ အဖြူရောင်နှင့် အနက်‌ရောင်တို့ ဖြစ်သည်။

“သိုးပုကျန့်ကောင်းကင်ဘုံအရှင်ရဲ့ သိုင်းပညာတွေနဲ့ ထိတွေ့ရတာ သိပ်တော့မကောင်းဘူး”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ဖဝါးကိုလှန်လိုက်ပြီး တိမ်တိုက်အခိုးအငွေ့များကို ဖယ်ရှားလိုက်လေရာ တိမ်တိုက်များမှာ ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာ အံ့အားသင့်သွားပြီး သူ၏သိုင်းပညာကို အမြန်ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူ့ဘေးနားမှ အမတခုံရုံးကျင့်ကြံသူများကလည်း ထို တိမ်ခိုးတိမ်ငွေ့များကို တတ်နိုင်သမျှ ရှောင်တိမ်းလိုက်ကြသည်။

ခဏမျှကြာပြီးနောက် ကျောက်စိမ်းပြာက ရန်ကျောက်ကဲလက်ထဲ ကျရောက်သွားသည်။

သူက ထိုပစ္စည်းကိုထိကိုင်မိသည်နှင့် မှင်တက်သွားပြီး...

“ဒီပစ္စည်းက အခုထိရှိနေသေးတာလား ၊ ဒါပေမဲ့ ပိုင်ရှင်က မရှိတော့တာ ကြာလှပြီ”

ရန်ကျောက်ကဲစကားကိုကြားတော့ ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာ၏မျက်နှာအမူအရာက ဖြူဖျော့သွားသည်။

ရန်ကျောက်ကဲ စောစောက ပြောခဲ့ဖူးသည့်စကားနှင့် ဆက်စပ်တွေးတောကြည့်ပြီးနောက် ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာက မယုံကြည်နိုင်စွာဖြင့်...

“လေဟန်ဧကရီ’ရွမ့်မင်ယန်’ ကို မင်းသတ်လိုက်တာလား... မင်းမှာ အမတမှော်ဝင်ပစ္စည်းတစ်ခုခု ရှိလို့လား”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဘယ်လိုပြောရမလဲ...”

သူက ဆက်ပြောလိုက်သည်။

“ဟုတ်တယ်... ငါ သူ့ကိုသတ်လိုက်တာ ၊ အမတမှော်ဝင်ပစ္စည်းတစ်ခုကြောင့် သူ သေသွားတာ ၊ ဒါပေမဲ့ အဲဒီအမတမှော်ဝင်ပစ္စည်းက ငါပိုင်ဆိုင်တဲ့ပစ္စည်း မဟုတ်ဘူး”

ရန်ကျောက်ကဲ၏စကားက ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာနှင့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်းများကို စိတ်မသက်မသာ ခံစားရစေသည်။

ရန်ကျောက်ကဲပြောနေသည့်စကားများက ပေါက်ကရစကားများသာဖြစ်ကြောင်း သူတို့ ချေပလိုကြသည်။

သို့သော် ရန်ကျောက်ကဲက ကျောက်စိမ်းပြားကိုလွယ်လွယ်ပင် ယူဆောင်လိုက်သည်ကိုတွေ့မြင်ပြီးနောက် မည်သည့်စကားမှ မပြောနိုင်ကြတော့ပေ။

ရန်ကျောက်ကဲက ကျောက်စိမ်းပြားလေးကို သိမ်းဆည်းလိုက်ပြီး သွားများပေါ်အောင် ပြုံးလိုက်သည်။

“တကယ်တော့ မင်းတို့အားလုံး ရွမ့်မင်ယန်အတွက် စိတ်ပူစရာမလိုပါဘူး ၊ အခု မင်းတို့တွေ ကိုယ့်အတွက်ကိုယ် အရင် စိတ်ပူရမှာ”

ပြင်ပတာအိုကျင့်ကြံသူအုပ်စု၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ရင်း...

“မင်းတို့အားလုံး နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ရတဲ့အကြောင်းရင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က မင်းတို့အတွက် မိုးမြေနိယာမတွေရဲ့ ဟာကွက်တွေကို ထိုးဖောက်ပေးခဲ့လို့ပဲ”

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး...

“ဒီနေ့ ငါကလည်း ဒီ မိုးမြေနိယာမ ဟာကွက်တွေကို အသုံးပြုဖို့ ဆုံးဖြတ်ထားတယ်”

သူက ဆက်ပြောလိုက်သည်။

“မင်းတို့ကိုကြိုဆိုပါတယ်... ဘာလို့လဲဆိုတော့ ငါ့မှာလည်း စမ်းသပ်စရာလေးတွေ ရှိနေလို့ပဲ”

All Chapters