← Chapters

အုပ်စိုးရှင် နက္ခတ်။

Vol. 162 Ch. 2256

အုပ်စိုးရှင် နက္ခတ်။

Vol. 162 Ch. 2256

“ ငါ ... ဒီဓားကို ကောင်းကောင်း သုံးနိုင်ပုံရတယ်။ ”

ဆုစီယာက ပြောသည်။ လင်းယွန် ငုံ့ကြည့်လိုက်သောအခါ ပန်းသင်္ချိုင်းက သူမ လက်၌ အလင်းများ တောက်ပနေ၏။

“ ပန်းသင်္ချိုင်းက မင်းကို အသိအမှတ်ပြုလိုက်ပြီလား ... ။ ”

ဤသည်မှာ စိတ်ဝင်စားစရာ ပေပင်။ ပန်းသင်္ချိုင်းသည် တစ်စုံတစ်ယောက် အပေါ် ဤသို့ တစ်ကြိမ်မျှ မဆက်ဆံဖူးချေ။

“ ဝှစ် ... ။ ”

“ ဒီဓားက မှော်ဆန်လွန်းတယ် ... ငါ့ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်သွားသလို ခံစားရတယ်။ ”

သူမက ဓားကို လွှဲလျက် ပြောလာ၏။ ဓားနှင့်သူ့ကြား ဆက်သွယ်မှု လျော့ကျသွား သဖြင့် လင်းယွန်က အံ့ဩသွားသည်။

ယင်းကြောင့် ဓားကျမ်းနှစ်ရပ်ကို အသက်သွင်းကာ ပန်းသင်္ချိုင်းနှင့် ဆက်သွယ်မှု ပြန်ယူလိုက်ရ၏။

ဆိုလိုသည်မှာ ဆုစီယာသည်လည်း နတ်အလင်းဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင်ထား ချေပြီ။ သူမသည် သူတော်စင် နယ်ပယ်ရောက် သည်မှာ ကြာပြီ ဖြစ်၏။

ခရမ်းငယ်မှ မျက်မှောင်ကြုတ်မိသည်။ ပန်းသင်္ချိုင်းနှင့် လင်းယွန်နှလုံးသား ပေါင်းစည်း ခြင်းကို သူမ နားလည်၏။

ဤနည်းသည် ရှေးဦးခတ်က နည်းလမ်း ဖြစ်သည်။ ကောင်းမွန်သော ဓားတစ်လက်ကို နှလုံးသွေးနှင့် ပျိုးထောင်ခြင်း ပေပင်။

သို့သော် ထိုသို့သော ဓားတစ်လက်ကို ဆုစီယာမှ အလွယ်တကူ အသုံးပြု၍ ရသွားခြင်း အပေါ် နားမလည်နိုင် ဖြစ်မိ၏။

“ စွပ် ... ။ ”

ရုတ်တရက် ဆုစီယာက လင်းယွန် နှလုံးသားထဲ ပန်းသင်္ချိုင်းကို ထိုးသွင်းလိုက်လေ သည်။

ဓားက ရင်ဘတ်ထဲ ဝင်ရောက်လာပြီး နှလုံးသားနှင့် ပေါင်းစပ်ကာ အလင်းတန်းများ တောက်ပလာ၏။

ဤဖြစ်စဉ်သည် နာကျင်မှု မရှိခဲ့ချေ။ ယင်းအစား နှလုံးသားထဲ ပန်းသင်္ချိုင်းရောက်စဉ် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။

ဤတုန်ခါမှုသည် စက္ကန့်ပိုင်းမျှသာ ဖြစ်သော်လည်း အမှောင်ထဲမှ ဓားဖြစ်ကြောင်း ကောင်းစွာ သတိထားမိ၏။

ထိုဓားသည် ဓားနှလုံးသားနှင့် ပေါင်းစပ်ပြီး ဆွဲထုတ်၍ ရပုံပေပင်။ သို့သော် ဓားညီလာခံတွင် ဤဓားကို မဆွဲရန် နဂါးပြာဘိုးဘေးမှ တားမြစ် ခဲ့ဖူးသည်။

“ ဘာဖြစ်တာလဲ ... ။ ”

ဆုစီယာက ထိုအကြောင်းကို မသိသော်လည်း မျက်နှာအပြောင်းအလဲ အပေါ် သတိထားမိခဲ့သည်။

“ မဟုတ်ဘူး ... အဆင်ပြေပါတယ်။ ”

ခရမ်းငယ်က၊

“ ကောင်းကင် သင်္ချိုင်းကို စမ်းကြည့်လိုက်။ ”

-ဟု တိုက်တွန်းသည်။

“ကောင်းပြီ ... ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ လီဖေးပိုင်၏ အုပ်စိုးရှင် နက္ခတ် အစွမ်းများကို မြင်ပြီးနောက် ကောင်းကင်သင်္ချိုင်း မည်မျှ တန်ခိုးကြီးမည်ကို သိချင်နေမိ၏။

ပြီးပြည့်စုံသော အသွင်ကို မပြနိုင်သဖြင့် သူ့နက္ခတ်သည် အုပ်စိုးရှင်အဆင့် ဖြစ်သည်ကို မည်သူမျှ မသိခဲ့ချေ။

အတွေးတစ်ချက်နှင့် သူ့ခန္ဓာကိုယ်မှ ပန်းချီကား (၃)ချပ် ထွက်လာခဲ့သည်။ ၎င်းတို့မှာ ချွမ်ချီကျား၊ ခွန်ပန်နှင့် မြွေပျံဖြစ်ပြီး အသီးသီးက အစွမ်းထက်သော ရောင်ဝါများ ပေးဆောင်၏။

ကျင့်ကြံမှု ရောင်ဝါသည် ကောင်းကင်ဘုံ အထွတ်အထိပ် အမည်ခံ သူတော်စင် အဆင့်၌ ဖြစ်လာသည်။ စိတ်ကူး မယဉ်နိုင်သော တိုးမြင့်လာမှု ဖြစ်၏။

နောက်ထပ် ပန်းချီကား နှစ်ချပ်ဖြစ်သည့် အသူရာနဂါးနှင့် ငရဲဝိညာဉ် ပေါ်လာသော အခါ ကြက်သွေးရောင် ကမ္ဘာကြီး ဖြစ်လာသည်။

ဤနှစ်ကောင်သည် ရှေးဦးခေတ် ကတည်းက ပျောက်ကွယ်သွားခဲ့ကြသည့် အရိုင်းအစိုင်းများ ဖြစ်၏။

ချက်ချင်းပင် အမည်ခံ သူတော်စင် အတားအဆီးကို ဖြတ်ကျော်သွားပြီး ဒုတိယ အဆင့် သူတော်စင်သခင်နှင့် ယှဉ်လာ နိုင်လေသည်။

“ အရင်တုန်းက ပန်းချီကား သုံးချပ်လောက်သာ ငါခေါ်နိုင်တယ် အခုငါးချပ်။ ”

ထူးဆန်းသော သားရဲများ၏ အရိပ်အာဝါသကို ခံစားလိုက်ရသဖြင့် လင်းယွန် သည်ပင် အနည်းငယ် ကြောက်လန့်သွား၏။

သို့သော် ထိုအကောင်ကြီးများသည် ကြောက်မက်ဖွယ် ကောင်းလျှင်ပင် ၎င်းတို့သည် ပြီးပြည့်စုံသော အရာများ မဟုတ်သေးချေ။

ကောင်းကင်ပြင်ပမှ အုပ်စိုးရှင် နတ်က္ခတ်များနှင့် မချိတ်ဆက်နိုင်သောကြောင့် စွမ်းအား မဲ့နေ၏။

“ မလုံလောက်ဘူး။ ”

၎င်းသည် လီဖေးပိုင် နက္ခတ်နှင့် မယှဉ်နိုင်သေးချေ။ နောက်ဆုံး ပန်းချီကား သုံးချပ် ဖြစ်သည့် နတ်မိစ္ဆာဖီးနစ်၊ အလောင်းစား တစ္ဆေ၊ နဂါးပျံ တို့ကို ခေါ်ယူလိုက်၏။

ပန်းချီကား ရှစ်ချပ်ဆုံသော အခါ၊ ယိမ်းထိုးလျက် ပြင်ပကမ္ဘာသို့ လွတ်မြောက်ရန် ကြိုးစားကြသည်။ များကြာခင်မှာပင် လင်းယွန် နဖူး၌ ချွေးများ သီးထလာ၏။

သူ့ကိုယ်လုံးကိုယ်ပေါက်က မခံနိုင် သောကြောင့် မဟုတ်ဘဲ ဖျက်ဆီးခြင်း သားရဲ (၈)ကောင်ကို စိတ်ဝိညာဉ်မှ မထိန်းနိုင်ခြင်း ဖြစ်သည်။

“ ဖျက်ဆီးခြင်း သားရဲ ရှစ်ပါး။ ”

ဆုစီယာပင် ထိတ်လန့်သွား၏။ သူမသည် ဤသားရဲရှစ်ကောင်၏ မူလကို သိသောကြောင့် စိုးရိမ်မိသည်။

၎င်းတို့ကို ထိန်းချုပ်ရန် ခက်ခဲချေ၏။ ဂရုမစိုက်သော် အကျိုးဆက်ကို ခံစားရနိုင်မည်။ ပန်းချီကား ရှစ်ချပ်သည် တဖြည်းဖြည်း စုစည်းလာ၏။

အမြဲတမ်း အေးစက်နေသည့် ဆုစီယာ တစ်ယောက် ဤမျှ အထိတ်တလန့် ဖြစ်မည်ဟု ခရမ်းငယ်မှ မမျှော်လင့်ထားချေ။ ထို့ကြောင့် အံ့သြသွား၏။

“ စိတ်မပူနဲ့ ... ဒါက သူကိုယ်တိုင် ဖန်တီးထားတဲ့ ... အုပ်စိုးရှင် နက္ခတ်တစ်လုံးပဲ ဘယ်လောက်ပဲ ကြမ်းကြုတ်ပါစေ ...

... သူ့ကို တွန်းလှန်နိုင်မှာ မဟုတ်ဘူး ... ဒီလူယုတ်မာက အနာဂတ်မှာ ဓားနတ်ဘုရား ဖြစ်ဖို့ ဆုံးဖြတ်ထားတယ်။ ”

သို့မှသာ နောက်ဆုံး၌ ဤကြယ်စုကို မမြင်ဖူးရသည့် အကြောင်းရင်းအပေါ် ဆုစီယာ နားလည်လိုက်သည်။ နှလုံးသား တစ်ခုလုံး နာကျင်စွာ လင်းယွန်ထံ ကြည့်မိ၏။

“ သူအများကြီး ခံစားခဲ့ရတယ် မဟုတ်လား။ ”

“ ဟုတ်တယ် ... သူ တော်တော် ဒုက္ခရောက်ခဲ့တယ်။”

ဤနက္ခတ်ကို ဖန်တီးစဉ် အချိန်၌ မည်မျှ ဝမ်းနည်း နာကျင်ဖွယ် ကောင်းခဲ့မှန်း ပြန်လည် သတိရလာပြီး ခရမ်းငယ်မှ သက်ပြင်းချကာ ဖြေဆိုလိုက်၏။

ခွန်အားများ ကုန်ဆုံးသွားခဲ့သဖြင့် သွေ့ရော်ကျွန်း၌ သေဆုံးလု နီးပါးပေပင်။ သူမ စကားပြောတော့မည့် အချိန်တွင် ပန်းချီကား ရှစ်ချပ် ပေါင်းစပ်သွားကာ ရောင်ဝါများ ဖြာကျလာ၏။

ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခုက ခရမ်းငယ်၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေ၏။

“ ဝူး ... ။ ”

နားထဲတွင် လေမုန်တိုင်းများ တိုက်ခတ်လာကာ မတ်တပ်ရပ်ရန် ခက်ခဲလာ ခဲ့သည်။ လွင့်ပါးသွားတော့မည့် အချိန်၌ နဂါး ဟောက်သံနှင့်အတူ သူမရှေ့၌ အရိပ်တစ်ရိပ် ထွက်ပေါ်လာ၏။

ခရမ်း-ရွှေရောင် အလင်းများ ဖြာလျက် နယ်မြေချဲ့ထွင်နေသော ပန်ချီကား ရောင်ဝါကို တွန်းလှန်ပေးခဲ့သည်။ သို့မှသာ အသက်ဝဝ ရှူနိုင်တော့၏။

“ ဒါက ... ။ ”

ခရမ်းငယ်က မယုံကြည်နိုင်စွာဖြင့် ဆုစီယာကို မျက်ဝန်း ထောင့်ကပ် ကြည့်လိုက် မိသည်။

“ မင်း သက်သာသေးပုံ မရဘူး။ ”

ကြွေလွင့် ချိုင့်ဝှမ်းထဲ ပြုတ်ကျပြီးနောက် ရေတံခွန်သို့ ဆင်းသက်ခြင်းသည် ခရမ်းငယ်ကို များစွာ ပင်ပန်းစေကြောင်း ဆုစီယာသိသည်။

လင်းယွန်အတွက် သူမ၏ နတ်ဖီးနစ် စွမ်းအင်အားလုံး ပေးခဲ့ရပုံရ၏။

“ အဆင်ပြေတယ်။ ”

ဆုစီယာက လက်ကို ခရမ်းငယ် ပုခုံးပေါ် တင်လိုက်သည်။ ဤတစ်ကြိမ်တွင် ခရမ်းငယ်က မြင်ကွင်းကို အာရုံစိုက်လာနိုင်၏။

“ ကျေးဇူးပဲ။ ”

ခရမ်းငယ်မှ ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။ ဤသည်မှာ ယုံကြည်မှုနှင့် မျှဝေခံစားလိုစိတ်မျိုး ဖြစ်ချေပြီ။

“ နင့်ကို ရက်စက်ပြီး ဖော်ရွေမှု လုံးဝ မရှိဘူးလို့ ငါပြောခဲ့ဖူးတယ် ဒါက နားလည်မှု လွဲခဲ့ပုံပဲ။ ”

“ မဟုတ်ဘူး ... နင်မှန်တယ်၊ ငါက ... ဖော်ရွေမှု မရှိဘူး ... ထင်တာထက် အများကြီး ရက်စက်တတ်တဲ့ လူပဲ၊ ဒါပေမယ့် နင်က ...

... သူ ကာကွယ်ပေးချင်တဲ့ လူတစ်ယောက် ဖြစ်နေလို့ ငါလည်း နင့်ကို ကာကွယ်ပေးရမယ်၊ နောက်ပြီး ငါ့နင့်ရဲ့ အကူအညီလည်း လိုသေးတယ်။ ”

ဆုစီယာက ပြုံးပြီး ရှင်းပြသည်။ သူတို့ စကားပြောနေစဉ် တန်ခိုးကြီးသော ရောင်ဝါများ ရုန်းရင်းဆန်ခတ် ဖြစ်လာ၏။

ပန်းချီကားရှစ်ချပ်မှ ပေါင်းစည်းလိုပုံ မပြခဲ့ချေ။ ကွဲတော့မည့် အရိပ်အယောင်များ ပြသလာသည်။

ဤအချိန်သည် အရေးကြီးသော အခိုက်အတန့် ဖြစ်သောကြောင့် ကြီးမားသည့် ဖိအားကို လင်းယွန်မှ အံကြိတ်ခံ နေရ၏။

“ ကိုယ့်ကိုကိုယ် ယဉ်ယဉ်ကျေးကျေး ပြုမူပါ... ။ ”

အော်ငေါက်သံ၊ ဖီးနစ်အော်သံနှင့် ဓားမြည်သံတို့ကို ထုတ်လွှတ်လျက် လင်းယွန်၏ အကြည့်များ အေးစက်လာသည်။

ဓားတုန်ခါမှုသည် လေဟာနယ် အတွင်း လှိုင်းဂယက်များ ဖန်တီးကာ ကောင်းကင်နှင့် မြေကြီးပင် ယိမ်းထိုးသွား၏။

အကယ်၍သာ ဤနေရာတွင် ရှိနေသည့် လူများသည် သာမာန် သူတော်စင် သခင်မျှသာ ဖြစ်က အသံလှိုင်းကြောင့် ဒဏ်ရာ ကြီးကြီး မားမား ရနိုင်မည်။

ဓားရောင်ဝါ လွတ်မြောက်သွားသော အခါတွင် ဖျက်ဆီးခြင်း သားရဲများ အထက်၌ ပန်းချီကားတစ်ချပ် ပေါ်လာ၏။

“ ဒါ နတ်ဓားပဲ ... ။ ”

ထိုဓား ထွက်ပေါ်လာသော အခါတွင် ဖျက်ဆီးခြင်း သားရဲရှစ်ကောင်မှ ငြိမ်သက်သွား တော့သည်။

အုပ်စိုးရှင် နက္ခတ်က ခမ်းနားသော အသွင်အပြင်ဖြင့် ပေတစ်ရာအထိ ကျယ်ပြန့် သွား၏။

“ ဓားတစ်လက်နဲ့ ကောင်းကင်ကို မြှပ်နှံမယ်။ ”

အသက်ပြင်းပြင်း ရှူကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်အတွင်း ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသည်။

အုပ်စိုးရှင် နက္ခတ်ဖြစ်သဖြင့် ဓားရောင်ဝါသည် ယခင်ထက် အဆအနည်းငယ် ပိုမို သိပ်သည်းနေ၏။

အရေးအကြီးဆုံးမှာ ကောင်းကင်ကို ခွဲပြီး စစ်မှန်သော နက္ခတ် အစွမ်းဖြင့် မဆက်သွယ် ရသေးချေ။

“ လီဖေးပိုင် တစ်ယောက် ဘာလို့ ... ဒီလောက်တောင် ယုံကြည်ချက် ရှိနေရတာလဲ ဆိုတာ မအံ့သြတော့ ပါဘူး ... ဒီအုပ်စိုးရှင် နက္ခတ်တွေက အစွမ်းထက် လွန်းတယ် … ။ ”

ဤနက္ခတ် အစွမ်းမျိုးဖြင့် ကြွေလွင့် ချိုင့်ဝှမ်းမှ ရုန်းထွက် နိုင်သင့်သည်ဟု တွေးမိ လာ၏။ ထိုအတွေးဖြင့် ခရမ်းငယ်နှင့် ဆုစီယာထံ လှမ်းကြည့်မိသည်။

“ သူတို့က ဘယ်တုန်းက ဒီလိုမျိုး လိုက်လျောညီထွေ ဖြစ်သွားရတာလဲ ... ။ ”

ခရမ်းငယ်ကို ဆုစီယာမှ ပခုံး ဖက်ထားလေသည်။ သူ့အကြည့်ကို သတိထား မိပြီး ဆုစီယာက ပြုံးလျက် ခရမ်းငယ် ပခုံးမှ လက်ဖယ်ကာ လျှောက်လှမ်းလာ၏။

“ စီယာ မင်းမှာလည်း အုပ်စိုးရှင် နက္ခတ်ရှိတယ် မဟုတ်လား။ ”

***

All Chapters