ဖီးနစ်က နဂါးကို အရိုအသေပေးစရာ မလိုဘူး။
Vol. 162 Ch. 2267
မီးနဂါး တောင်ကြား အလယ်ဗဟိုတွင် မီးနဂါးအရိုးစု ဦးခေါင်းခွံ တည်ရှိသည်။ အပြင်မှ ကြည့်သော် အပျက်အစီးတစ်ခု မျှသာ ဖြစ်၏။
အတွင်းရောက်မှ သာလျှင် အလွန် ကျယ်ဝန်းကြောင်း မြင်ရပေမည်။ မီတာ တစ်ထောင် နီးပါး ကျယ်၏။
အပျက်အစီး နေရာများတွင် ကျောက်တိုင်များဖြင့် ပြည့်နှက်နေပြီး မည်သူ တစ်ဦး တစ်ယောက်မှ အနားမကပ်နိုင်စေရန် အေးစက်သော ရောင်ဝါများ ထွက်ရှိနေ၏။
“ အေးတယ် ... ။ ”
လီဖေးပိုင်က တိုးတိုးလေး ရေရွတ် လိုက်သည်။ လင်းယွန် ခေါင်းမော့ကြည့်သော အခါတွင် အနက်ရောင် ကျောက်တုံးကြီး တစ်တုံးထံမှ လာကြောင်း သိလိုက်၏။
“ ဒီကျောက်တုံးကြီးမှာ ယင်စွမ်းအင်တွေ အများကြီးရှိတယ်။ ”
“ ကျောက်တုံးကြီး မဟုတ်လောက်ဘူး ရေခဲတုံးကြီးဖြစ်မယ် ... တစ်စုံတစ်ယောက်က ဒီမှာ လာထားတာ ... မှတ်တမ်းတွေအရဆိုရင် ရှေးဟောင်း နှင်းခဲကျောက်လို့ ခေါ်တယ်။ ”
ကျိကျစ်ရှီမှ ရှင်းပြပေး၏။
“ နတ်ဘုရားတွေ သေပြီးတဲ့နောက် နတ်မီးတောက် အကြာကြီး တည်ရှိနေဖို့က ခဲယဉ်းတယ် ... ဒီရှေးဟောင်း နှင်းခဲ ကျောက်တုံးကြောင့် ဖြစ်နိုင်မလား။ ”
လင်းယွန်က မေးသည်။
“ ဖြစ်နိုင်ပါတယ်။ ”
နတ်ဖီးနစ်တောင်တန်း၏ အဘိုးအိုက ဝင်ရောက်ဖြေကြားလာ၏။
“ စီနီယာရော ဘယ်လိုထင်လဲ။ ”
လင်းယွန်က အဖိုးအိုကို လှည့်မေးသည်။ အဘိုးအို၏ ဘွဲ့အမည်မှာ ကြယ်မြစ် သူတော်စင် သခင် ဖြစ်သည်။
“ မင်းရှေ့မှာ ... စီနီယာလို့ မသုံးရဲပါဘူး၊ သက်တံဓား သူတော်စင်ရဲ့ အမွေခံ တပည့်က ငါ့ထက်နိမ့်ကျတဲ့ ရာထူးမှ မဟုတ်တာ ... နောက်ဆုံးတော့ ငါ့ဆရာက မင်းဆရာနဲ့ မျိုးဆက် တစ်ခုတည်း ပါပဲ။ ”
လင်းယွန်က နှာခေါင်းကို ပွတ်သပ်ပြီး ပြုံးရယ်ကာ၊
“ စီနီယာ နောက်နေတာပဲ ဖြစ်ရမယ် ... စီနီယာက သာမန် သူတော်စင် သခင် မဟုတ် ပါဘူး ... ဒါကြောင့် ခွန်အားအရ ... စီနီယာ ရာထူးနဲ့ ထိုက်တန်ပါတယ်။ ”
လင်းယွန် အဖြေကြောင့် ကြယ်မြစ် သူတော်စင်သခင်၏ မျက်လုံးများ တောက်ပပြီး ကျေနပ်သော အကြည့်မျိုးဖြင့် ပြန်ကြည့်၏။
ကျိကျစ်ရှီပင် အံ့သြသွားခဲ့သည်။ လင်းယွန် ခန့်မှန်းချက် မှန်၏။ ဤအဘိုးအိုသည် သာမာန် သူတော်စင် သခင် မဟုတ်ချေ။
“ စီနီယာ နတ်မီးတောက် အပိုင်းအစကို ဘယ်လိုထင်လဲ။ ”
လီဖေးပိုင်က ပြုံးပြီး မေးသည်။ သို့သော် အဘိုးအိုက သူမကို ဖော်ရွေခြင်း မပြုဘဲ၊
“ အမျိုးသမီးလေး ... ဒီမျက်နှာဖုံး တပ်ထားလို့ ... မင်းကို ငါမမြင်နိုင်ဘူး မထင်နဲ့။ ”
-ဟု သတိပေးလိုက်သည်။
လီဖေးပိုင်က ပို၍ ပြုံးလာပြီး၊
“ ဒီမျက်နှာဖုံးက လူကြီးလူကောင်းတွေ အတွက်မဟုတ်ဘူး၊ လူဆိုးလူညစ်တွေ အတွက် တပ်ထားရတာ ... ဒီထက် ဒေါသ ထွက်နေရင် လူဆိုးဖြစ်သွားမယ် ဆိုတာ သတိရပါ။ ”
ကြယ်မြစ် သူတော်စင် သခင် တစ်ယောက် ခဏတာ အံ့အားသင့်သွားပြီး သူမကို လျစ်လျူရှု လိုက်တော့သည်။ ထို့နောက် ပြုံးလျက် လင်းယွန်မေးခွန်းကို ဖြေပေး၏။
“ ဖျက်ဆီးခြင်း နတ်ဘုရားက ဒီကျောက်တုံးကို တမင်ထားတာလို့ မြင်မိတယ်၊ မသေမီ သူ့အမွေကို သိမ်းထားခဲ့မယ် ... မီးနဂါး ကတော့ သူ့ရဲ့ အစေခံသားရဲ ပါပဲ၊ ...
... ဖျက်ဆီးခြင်း နတ်ဘုရား ကွယ်လွန် ပြီးတဲ့နောက် ဒီနေရာကို ... မီးနဂါးက ကာကွယ် ပေးခဲ့တယ်၊ သူသက်တမ်း ကုန်သွားတာကို ကြည့်ရင် အမွေခံကို ရှာတွေ့ခဲ့ပုံ မရဘူး။ ”
လင်းယွန်က မီးနဂါး အရိုးစုကို ပြန်ကြည့်ကာ အဖိုးအိုနှင့် ကွဲလွဲနေသော သူ့အမြင်ကို ထုတ်ပြောလိုက်၏။
“ ကျွန်တော့် အမြင်ကတော့ နတ်မီးတောက်ကို လမ်းလွဲသူတွေ လက်ထဲ မရောက်နိုင်အောင် ... သူ့အသက်နဲ့ ရင်းပြီး ကာကွယ်ပေးသွားခဲ့ပုံပဲ။ ”
ကြယ်မြစ် သူတော်စင် သခင်က လင်းယွန်ထံမှ ထိုသို့သော အကောင်းမြင်မှုမျိုး မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့အားသင့် သွားသည်။
လင်းယွန်က မီးနဂါး အရိုးစုကို လေးစားမှုဖြင့် ကြည့်လိုက်မိ၏။ ၎င်းတာဝန်ကို အသက်ပေးကာ ထမ်းဆောင်သွားသည်။
“ ဒီကိစ္စကို သိပ်အလေးအနက် ထားနေကြတယ် ... သက်ရှိ ထင်ရှားရှိစဉ်က ဘယ်လောက်ပဲ မွန်မြတ်-မွန်မြတ် အခုတော့ အရိုးစုထက် မပိုတော့ပါဘူး။ ”
သခင်ငယ် ဝူရှောင်က ဝင်ရောက် ပြောကြားလာသည်။
“ ဖြစ်နိုင်ပါတယ်။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ ထို့နောက် အခြားသော မြင့်မြတ်မြေများထံ လှည့်ကြည့်ပြီး၊
“ ဒီကျောက်တုံးကြီးကို ငါ အရင်ကြည့်လို့ ရမလား။ ”
-ဟု မေး၏။
မြင့်မြတ်မြေ အကြီးအကဲများက ချက်ချင်း ပြန်မဖြေနိုင်ချေ။ ထိုလူများအတွေးကို နားလည် နေသော လင်းယွန်က၊
“ ကောင်းပြီ ... သဘောတူတဲ့ အတွက် ငါ အရင် ကြည့်လိုက်မယ်။ ”
-ဟု ဆိုကာ ဆက်လျှောက်သွားသည်။
ကျိကျစ်ရှီက လင်းယွန် နောက်သို့ လိုက်ပါသွား၏။
“ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ကြည့်ရအောင်။ ”
ဟွာကျင်းယွီက လင်းယွန်နောက်သို့ လိုက်သွားသော ကျိကျစ်ရှီထံ ဒေါသတကြီး ကြည့်ပြီး ရေရွတ်နေ၏။
လီဖေးပိုင်က ကြယ်မြစ် သူတော်စင် သခင်ထံ လှည့်ကြည့်ကာ၊
“ စီနီယာ ... သူတို့ တော်တော် လိုက်ဖက်ပုံရတယ်နော်။ ”
-ဟု ပြုံးလျက် မှတ်ချက်ပေးလိုက်၏။
သူမ၏ စကားများသည် နတ်ဖီးနစ် တောင်တန်းမှ သူတော်စင် အကြီးအကဲများကို သွေးခုန်နှုန်း မြင့်တက်သွားစေ၏။
“ တိတ်စမ်း ... ။ ”
ကြယ်မြစ် သူတော်စင် သခင်မှ အော်ငေါက်လိုက်ရသည်။
“ ဟီးဟီး ... ဒါပေမယ့် စီနီယာလည်း လက်ခံမိတယ် မဟုတ်လား၊ တစ်ယောက်က ဓားနတ်ဘုရား ... တစ်ယောက်က ဖီးနစ် သမီးတော် ... ။ ”
လီဖေးပိုင်က ရယ်မောလျက် ထပ်မံ နှိုင်းယှဉ်ပြန်၏။ ဤတစ်ကြိမ်တွင် ကြယ်မြစ် သူတော်စင် သခင်က မတုန့်ပြန် တော့ချေ။
“ လင်းယွန် ... ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းကနေ ... နင်ဘယ်လိုလုပ် ထွက်လာနိုင် တာလဲ၊ ဦးလေးရှင်ဟဲ ပြောတာက သူတော်စင် ဘုရင်တောင် ... သေနိုင်တယ်တဲ့။ ”
“ မင်းသမီးလေး ... ဒါကို စိတ်ဝင်စား နေရမယ့် အချိန်မဟုတ်ဘူး၊ ဒီမှာ အခြေအနေက နည်းနည်းလေး ရှုပ်ထွေးတယ် ... သတိထားပါ၊ မဟုတ်ရင် တစ်စုံတစ်ခု ဖြစ်လာတဲ့ အခါ မင်းအန္တရာယ် ရှိလိမ့်မယ်။ ”
လင်းယွန်က ပြန်မဖြေဘဲ သတိပေးလိုက်၏။
“ ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းရဲ့ အောက်ခြေမှာ အခွင့်အရေး တစ်ခုရှိလား။ ”
ကျိကျစ်ရှီက အလွတ်မပေးချေ။ မေးခွန်းပြောင်း လိုက်ပြန်၏။
“ အခွင့်အရေး မရှိဘူး ... ဒါပေမယ့် ငါ့မိန်းမရှိတယ်။ ”
“ ဟမ့် ... လူလိမ်။ ”
ကျိကျစ်ရှီမှ ဒေါသတကြီး ပြောသည်။
“ ငါက လူလိမ်နဲ့ တူလို့လား။ ”
“ ဒါဆို တကယ်ပဲ နင်ကမိန်းမ ရှိတာလား။ ”
“ အင်း ... ။ ”
ကျိကျစ်ရှီ တစ်ယောက် ခေတ္တမျှ စိတ်ရှုပ်သွားသည်။ မူလက ဟာသ တစ်ခုမျှသာ ဖြစ်သော်လည်း လင်းယွန်၏ လေးနက်သော အမူအရာကြောင့် တိတ်ဆိတ်သွား၏။
လင်းယွန်က ကျိကျစ်ရှီကို ဂရုမစိုက် တော့ဘဲ၊ ကျောက်တုံးကြီးထံ စိုက်ကြည့်နေ ခဲ့သည်။
ကျောက်တုံးကြီးတွင် မည်သည့် အမှုန်အမွှားမျှ မရှိဘဲ ချောမွေ့နေ၏။ ၎င်းကို လက်ဖြင့် ထိလိုက်စဉ် ချက်ချင်း တုန်ယင် သွားသည်။
“ အေးတယ် ... ။ ”
သွေးများ ပွက်ပွက်ဆူသွားပြီး နှလုံးခုန်သံများ မြန်လာသည်ကို ခံစားလိုက် ရ၏။ ခေါင်းမော့ကြည့် လိုက်သောအခါ မီးနဂါး အသက်ဝင်လာ သကဲ့သို့ ခံစားရစေသည်။
မီးနဂါးမှာ သေဆုံး သွားသော်လည်း သူ့ဝိညာဉ်မှာ ရှိနေ၏။ အခြားသူများက မခံစား နိုင်ချေ။ မိုးပြာနဂါး နတ်ခန္ဓာ ကြောင့်သာ သိရှိ လိုက်ခြင်း ဖြစ်သည်။
“ အဆင်ပြေရဲ့လား ... ။ ”
ကျိကျစ်ရှိက လင်းယွန် လက်ကို အမြန်ဖယ်ရှားပေးလိုက်ပြီး မေးမြန်းလေသည်။
“ အဆင်ပြေပါတယ် ... ဒီကျောက်တုံးက နှင်းခဲကျောက် မဟုတ်ဘူး။ ”
“ ဒါဆို ဘာဖြစ်မလဲ။ ”
“ သွေး ... မီးနဂါးရဲ့ နှလုံးသွေး။ ”
“ သွေး ... သွေးက ဘယ်လိုလုပ် အေးစက်နိုင်မှာလဲ။ ”
ကျိကျစ်ရှိက သံသယဖြင့် မေးလာသည်။
“ အဲဒါက နတ်မီးတောက်ကြောင့် ဖြစ်နိုင်တယ်။ ”
မီးတောက်များကို ယင်နှင့် ယန်ဟူ၍ ပိုင်းခြားနိုင်ပြီး ယင်မီးတောက်များ ဖြစ်သော် ဤသို့ အေးစက်နိုင်၏။
“ နောက်ထပ်ရော ဘာထူးသေးလဲ။ ”
လင်းယွန်သည် နဂါးသွေး ဖြစ်ကြောင်း သိလျှင်ပင် ဘာလုပ်ရမည်နည်း။ နတ်မီးလျှံကို ထုတ်ယူရန် သွေးကို ဖျော်ချရမည်လော။
“ ကျောက်တျန်းယွီနဲ့ ယင်းမြစ်ဘုရင်က အချက်အလက် စုဆောင်းဖို့ ဒီကို လာကြတာ၊ တကယ့် ခွန်အားကို သူတို့ဖုံးထားတယ်။ ”
လင်းယွန်မှ လက်နှစ်ဖက် နောက်ပို့ကာ မေးခွန်းနှင့် မသက်ဆိုင်သော သုံးသပ်ချက်များ ပြောကြားလိုက်သည်။
“ ယင်းမြစ်ဘုရင်က ရွှေမျက်လုံး နတ်ဆိုးလား။ ”
ကျိကျစ်ရှီမှ မေးသည်။ လင်းယွန်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ ယင်းက ကျိကျစ်ရှီကို လေးနက်သွားစေသည်။
ပထမလှိုင်း အနေဖြင့်ပင် ရွှေမျက်လုံး နတ်မိစ္ဆာကို စေလွှတ်နေပြီ ဖြစ်ရာ စစ်မှန်သော အင်အားမှာ ပြဿနာ ရှိနိုင်၏။
အစောပိုင်းတွင် မြင့်မြတ်မြေ ငါးပါး ပေါင်းစည်းကာ နတ်ဖီးနစ်တောင်၏ ဝှက်ဖဲဖြင့် ပြဿနာကို ဖြေရှင်းမည်ဟု ထင်မိခဲ့သည်။
ယခုမူ လင်းယွန် ပြောသည်ကို ကြားပြီးနောက်တွင် ယုံကြည်မှု ပျောက်ဆုံးသွား ချေပြီ။ သူမ တွေးတောနေစဉ် လင်းယွန်က မီးနဂါး ဦးခေါင်းထံ ဦးတည်ပြီး ဆုတောင်း ပေးလိုက်၏။
“ ဒီလူက ဘယ်လို ပြုမူရမယ်ဆိုတာ တကယ်သိတယ်။ ”
ဟွာကျင်းယွီက လှောင်ပြောင်လေသည်။
“ ဒါက အရိုးစုတစ်ခုပဲ ... မလိုအပ်ပါဘူး။ ”
“ သူက သရုပ်ဆောင်ရတာ ဝါသနာပါတာ ဖြစ်နိုင်တယ်။”
ဟွာကျင်းယွီ စကားကြောင့် သူ့အပေါင်းအဖော်များက ကဲ့ရဲ့ရှုံ့ချတော့သည်။ ၎င်းတို့သာမက နတ်ဖီးနစ်တောင် သည်ပင် လင်းယွန် လုပ်ရပ်အပေါ် နားမလည်ချေ။
“ ဒီလူမိုက် ... ။ ”
လီဖေးပိုင်က အံ့ဩသွားသည်။ သူမက ကြယ်မြစ် သူတော်စင် သခင်ထံ လှည့်ကြည့်ပြီး၊
“ တို့တွေရော ဆုတောင်းပေးသင့်လား။ ”
-ဟုမေးလိုက်မိ၏။
ကြယ်မြစ် သူတော်စင် သခင်က၊
“ ဖီးနစ်က နဂါးကို အရိုအသေ ပေးစရာ မလိုပါဘူး။ ”
-ဟု ပြန်ဖြေ လိုက်စဉ်၊ ကျိကျစ်ရှီမှာ မီးနဂါးဦးခေါင်းကို လင်းယွန်ကဲ့သို့ ဆုတောင်း ပေးလာတော့သည်။
“ ဘာလဲ ... ။ ”
“ ဟား ... ဟား ... ဟား ... မဆိုးဘူး၊ ဒီကလေးမက သူ့ခင်ပွန်းကို အလေးထားပြီး ဖီးနစ်က နဂါးကို အရိုအသေ ပေးနေပြီ။ ”
လီဖေးပိုင် စကားကြောင့် နတ်ဖီးနစ် တောင်မှ လူတိုင်း သွေးတစ်လုတ် အန်လုနီးပါး နာကျင်သွားသည်။
ကြယ်မြစ် သူတော်စင် သခင်သာ မတားသော် လီဖေးပိုင်ကို ရိုက်နှက်မိမည်မှာ သေချာ၏။
လင်းယွန်က သူ့ဘေးရှိ အသက် (၁၇/၁၈)နှစ် မျှသာ ရှိသေးသော ကျိကျစ်ရှီထံ ငဲ့ကြည့်ကာ ပြုံးမိသည်။ သူမသည် ကလေး တစ်ယောက် ဖြစ်နေဆဲ ပေပင်။
သူမ လက်ချောင်းများကို အချင်းချင်း ယှက်ကိုင်ကာ လေးလေးနက်နက် ဆုတောင်း ပေးနေခဲ့၏။
“ ကျိကျစ်ရှီ ... မင်းက ဖီးနစ်လေး တစ်ကောင်ပဲ ... ဘာလို့ နဂါးကို အရိုအသေပေး နေရတာလဲ။ ”
“ မသိဘူး ... နင် ဆုတောင်း နေတာတွေ့တော့ ငါလည်း လိုက်လုပ်မိတာ ... ဘာဖြစ်လို့လဲ ငါတစ်ခုခု မှားသွားလား။ ”
“ မမှားပါဘူး။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေ၏။ သူတို့နှစ်ယောက် ပြန်ရောက်လာသော အခါ ကြယ်မြစ် သူတော်စင် သခင်က၊
“ ပန်းသင်္ချိုင်း ... မင်း တစ်ခုခု ရှာတွေ့ပြီလား။ ”
-ဟု မေးမြန်းလာသည်။
သူ့စကားများက အခြားသော မြင့်မြတ်မြေများ၏ အာရုံစိုက်မှု ကိုလည်း ဆွဲဆောင်နိုင်ခဲ့၏။
“ မတွေ့ဘူး။ ”
လင်းယွန်က ခေါင်းခါသည်။ ထိုစကားကို ကြားသောအခါ လူတိုင်း စိတ်ပျက် သွားသည်။ သို့သော် အဓိပ္ပါယ် ရှိနေပြန်၏။ ဤလူသည် အဘယ့်ကြောင့် သူတို့ထက် ပို၍ မြင်နိုင် မည်နည်း။
“ ဒါဆို အချိန်ဖြုန်းနေတာကို ရပ်လိုက်ကြရအောင် ... မင်းသမီးလေး နောက်ဆုံး အတားအဆီးကို ဖြိုချဖို့ အချိန်တန်ပြီ။ ”
ဟွာကျင်းယွီက သူ၏ မြင့်မြတ်သော လရောင် လက်စွပ်ကို တောက်ပစေလျက် လူအုပ် အတွင်းမှ တိုးထွက်သွားသည်။
ကျိကျစ်ရှီက စိတ်မချမ်းသာ သော်လည်း လင်းယွန်မှ ခေါင်းညိတ်ပြသဖြင့် ၎င်းနောက်သို့ လိုက်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် လီဖေးပိုင်က မျက်စိတစ်ဘက် တစ်မှိတ်လျက် ကြယ်မြစ် သူတော်စင် သခင်ကို ပြုံးစိစိဖြင့် မျက်ခုံး ပင့်ပြလိုက်၏။
ကြယ်မြစ် သူတော်စင် သခင် ခမျာ ဒေါသထွက်သွားရသည်။ ဤမိန်းကလေးတွင် ကြီးမားသော နောက်ခံ မရှိသော် ရိုက်နှက် မိမည်မှာ သေချာ၏။
***