ချိုမြိန်တဲ့ အချစ်
Vol. 85 Ch. 1261
“ ဟင်…”
လျိုကျစ်ထင် သူ့အား ခေါင်းစဉ်တပ်လာသည့် အမည်ကို ကြားတော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူ့အသက်က လေးဆယ်ကျော်လောက် ရှိနေချေပြီ… ပြီးတော့ ဆိုဒ်ကလည်း A ကြီး…။
သူ့ အသက်အရွယ် ဘော်ဒီအချိုးအစားက သူ့အကြိုက်နဲ့ အံကိုက်မဟုတ်တော့ သူတို့နှစ်ယောက် ထိတွေ့ဆက်ဆံမှု တစ်ချို့ ရှိခဲ့ဖူးတယ်ဆိုတာ မဖြစ်နိုင်ပါဘူးနော…။
သူ ဒီ အမျိုးသမီးကို မသိတာ သေချာတယ်…။
“ ကျွန်တော့်ကို သိနေတယ်ပေါ့…”
လျိုကျစ်ထင် သူမ လက်ကို ဆန့်တန်းလျက် ရိုကျိုးစွာဖြင့် “ မင်္ဂလာပါ ဒါရိုက်တာလင်း.. ကျွန်မက စင်ဟွာတက္ကသိုလ်က ပါမောက္ခပါ.. ကျွန်မတို့ ပြည်ထောင်စု ဆေးကောလိပ် အစည်းအဝေးပွဲမှာ တစ်ခါ ဆုံဖူးခဲ့ကြသေးတယ်လေ…”
လင်းရီ လီချူးဟန်နှင့်အတူ တက်ရောက်ခဲ့သည့် ရန်ကျင်းရှိ ဆေးပညာ ညီလာခံသို့ ပြန်ပြောင်း အောက်မေ့လိုက်သည်။
သူမက သူ့ကို ထိုနေရာတွင် တွေ့ခဲ့ဖူးခြင်း ဖြစ်လောက်ပေသည်။ သို့သော် သူကတော့ ဤအမျိုးသမီးနှင့် ပတ်သက်သည့် မည့်သည့်မှတ်ဉာဏ်ကိုမျှ တူးဆွ၍ မရခဲ့ချေ။ သို့ဖြစ်သည့်တိုင်အောင် လင်းရီ သူမကို နှုတ်ဆက်ရန်အတွက် မတ်တပ်ရပ်လိုက်၏။ သူ့ဘက်က ယဉ်ကျေးမှု တစ်ချို့တော့ ရှိသင့်လေသည်။
“ မင်္ဂလာပါ မင်္ဂလာပါ…”
နှစ်ယောက်မှ အပြန်အလှန် လက်ဆွဲနှုတ်ဆက်နေသည်ကို မြင်တော့ ယွဲ့ဝန်ကျင်းနှင့် ရွှယ်ရှန်းရှန်းတို့ အချင်းချင်း ကြည့်လိုက်ကြ၏။
“ တီချယ်တို့က အချင်းချင်း သိနေကြတာလား…”
“ လမ်းမှာတုန်းက ငါ နင်တို့ကို ဂျီးနီးယပ် ဒေါက်တာအကြောင်း ပြောပြခဲ့ဖူးတယ်မလား… ဒါရိုက်တာလင်းက သူပဲလေ…”
“ အာ….”
နှစ်ယောက်လုံး တဒင်္ဂမျှကြာအောင် ကြက်သေသေသွားခဲ့တော့သည်။
“ ဒါပေမယ့် သူက စီးပွားရေး လုပ်ဖို့ ဆေးနယ်ပယ်ကို ကျောခိုင်းသွားခဲ့တာ မဟုတ်ဘူးလား… ဘာလို့ ဒီမှာ အသီးလာရောင်းနေတာလဲ…”
ကောင်မလေး နှစ်ယောက်၏ ရင်ထဲတွင် ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရသည်။
အသီး တစ်ကတ်တီကို ယွမ် ၃,၀၀၀ ရောင်းရင်တောင်မှ တစ်ရာ ဘီလီယမ် ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဟုတ်တယ်မလား…
“ အားနေတာနဲ့ တခြား အလုပ်အတွေ့အကြုံရအောင် ဒီမှာ အသီးလာရောင်းနေတာ….” လင်းရီ သာမန်လျှံကာမျှသာ ပြောဆိလိုက်သည်။
“ ကဲပါ… အဲ့ကိစ္စကို အရေးလုပ်မနေနဲ့… နင်တို့ပဲ အသီးဝယ်ချင်တယ် ပြောတယ်မလား… မြန်မြန် ဝယ်ကြတော့လေ..”
“ ဟုတ်တယ် ဟုတ်တယ်… အဲ့ဟာဝယ်ချင်လို့လာတာကို ဘာလို့ မေ့သွားရတာပါလိမ့်…”
“ ကိုလူချော.. ကျွန်မ ဆယ်ကတ်တီ ယူမယ်… အသီးကိုတော့ ကိုလူချောပဲ ရွေးပေးတော့…” ယွဲ့ဝန်ကျင်းမှ ပြောလိုက်သည်။
“ ငါကောပဲ…” ရွှယ်ရှန်းရှန်းမှ ပြောလိုက်သည်။
“ ကျွန်မလည်း ငါး ကတ်တီလောက် ယူမယ်… ဒါရိုက်တာလင်း ဆီလျော်သလိုသာ ထည့်ပေးလိုက်…”
“ ခင်များတို့က ကျွန်တော့်ကို လာအားပေးကြတယ်ဆိုမှတော့ ပျားရည်ဈေးလေးနဲ့ ပေးလိုက်မယ်… တစ်ကတ်တီကို ယွမ် ၂,၅၀၀ ယူသွားလိုက်…”
“ ဟီးဟီး… ကျေးဇူးအများကြီး တင်တယ်နော်…”
“ အားနာလွန်းနေပါပြီ…”
လင်းရီ စိတ်အား တက်ကြွသွားခဲ့တော့သည်။ သုံးယောက်က ၂၅ ကတ်တီ အားပေးသွားသည့်အတွက် သူ့အကောင့်ထဲသို့ ယွမ် ၆၀,၀၀၀ ကျော် ဝင်လာခဲ့ပြီး မစ်ရှင်ကို ပြီးပြည့်စုံသွားစေသည်။
“ ဟဲ့ ဟဲ့ ဟဲ့… နင် ဒါ ဘာသဘောလဲ… နင် ငါ့ကိုကျတော့ လျှော့ဈေးမပေးဘူး… သူတို့ကိုကျ ဘာလို့ လျှော့ဈေးပေးနေတာ…” သက်လတ်ပိုင်း အမျိုးသမီးကြီးမှ မေးခွန်းထုတ်လာခဲ့၏။
“ ကျုပ်တို့အချင်းချင်း သိတယ်လေ… ဒီတော့ လျှော့ဈေး ပေးလို့ မရဘူးလား…”
သက်လတ်ပိုင်း အမျိုးသမီးမှာ မကျေမချမ်း ဖြစ်သွားခဲ့ပြီး “ ဒီမှာ မိန်းကလေးတို့… အန်တီပြောပြမယ်… နင်တို့ချင်း သိကြတယ်ဆိုရင်တောင် သူ လှည့်ဖျားတာ မခံရစေနဲ့… ဘယ်လို အသီးမျိုးက ဒီလောက်ဈေးကြီးနိုင်မှာမို့လို့… သူ ရောင်းနေတာ အလိမ်အညာတွေချည်း…”
ရွှယ်ရှန်းရှန်း သူမလက်ကို ခါးထက်တင်လျက် ဓာတ်ခွဲခန်း စစ်ဆေးချက်ကို ထုတ်ပြရင်း “ အစ်မကြီး… ရှင် ပေါက်တတ်ကရတွေ လာပြောမနေနဲ့… ကျွန်မတို့မှာ ဓာတ်ခွဲခန်း စမ်းသပ်ချက် အဖြေလည်း ရှိပြီးသား… ရှင် ဒီစာရွက်ကိုရော အလိမ်အညာလို့ ထင်သေးလား..”
“ တကယ်ကြီး ဓာတ်ခွဲခန်း ရလဒ် ရှိတယ်ပေါ့…”
“ ရှင်က ဘယ်လိုထင်လို့…” ရွှယ်ရှန်းရှန်း ပြောလိုက်ပြီး “ ကျွန်မကတော့ သူ့အသီးကို တစ်ကတ်တီ ယွမ် ၃,၀၀၀ နဲ့ ရောင်းတာတောင် ဈေးပေါလှပြီလို့ အောက်မေ့နေတာ ရှင် မတတ်နိုင်ရင်လည်း ဝေးဝေးမှာ ရပ်နေ… ကျွန်မတို့ ဝယ်နေတာကို မနှောင့်ယှက်နဲ့…”
“ နင်…”
သက်လတ်ပိုင်း အမျိုးသမီးမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘဲ ဒေါသတကြီး နှာခေါင်းရှုံ့၍ သူမ၏ အိတ်နှင့်အတူ နေရာမှ ထွက်ခွာသွားခဲ့တော့သည်။
မကြာမီ အသီးများအားလုံးကို ထုပ်ပိုးပြီးသွားချေပြီ။ သုံးယောက်လုံး ကျူအာကုတ်ကို စကန်ဖတ်၍ ငွေပေးချေလိုက်ကြ၏။ ထို့နောက် သာယာနာပျော်ဖွယ် စကားတစ်ချို့ ဆိုရင်း ထွက်ခွာသွားခဲ့ကြတော့သည်။
ထိုအခိုက်အတန့်တွင်တော့ အချိန်အကြာကြီး ပျောက်တော်မူနေခဲ့သည့် စနစ်၏ အသံသည် လင်းရီစိတ်ထဲတွင် မြည်ဟီးလာခဲ့တော့၏။
[ မစ်ရှင် ပြီးမြောက်ပါပြီ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
[ အလုပ်ပြီးမြောက်နှုန်း : ၈၀ ရာခိုင်နှုန်း ]
[ဆုလဒ် : ကံကောင်းကတ် *2 ( ဆယ်မိနစ်) ]
စနစ်မှ ချီးမြင့်လာသည့် ဆုလဒ်ကို မြင်တော့ လင်းရီ စိတ်သက်သာရာ ရသွားခဲ့သည်။
ကံကောင်းကတ်က သူ့အတွက် သိပ်ကို အသုံးကျသည်။ အရေးလည်းပါသည်။ အကယ်၍ ကောင်းမွန်စွာ အသုံးချမည်ဆိုပါက အရေးကြီးသည့် အခိုက်အတန့်များတွင် သူ့ကို ကယ်တင်နိုင်ပေလိမ့်မည်။
ဤမစ်ရှင်ကို ပြီးမြောက်ရန်အတွက် အသုံးပြုခဲ့ရသည့် သူ၏ အချိန်နှင့် ခွန်အားများသည်လည်း အလဟဿ မဖြစ်တော့ချေ။
လင်းရီ ခေတ္တကြာအောင် ဆက်လက် စောင့်ဆိုင်းနေသေး၏။ သို့သော် စနစ်ဆီမှ မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။
နောက်ဆက်တွဲ မစ်ရှင်မှာ ပေးအပ်မလာခဲ့ချေ။
လက်ရှိတွင် အလုပ်ပြီးမြောက်နှုန်းက ၈၀ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သဖြင့် နောက်ဆုံး အန္တိမ မစ်ရှင်က မည်မျှ ခက်ခဲလိမ့်မလဲဆိုတာကို သူ သိချင်နေမိတော့သည်။
သို့သော်လည်း မည်မျှပင် ခက်ခဲစေကာမူ သူ့ဘက်က ပြီးမြောက်အောင် ပြုလုပ်ရန် ပြဿနာ ရှိလိမ့်မည်လို့ လင်းရီ မထင်ပါချေ။
အချိန်ဖြုန်းစရာလည်း အကြောင်း မရှိချေ။
မစ်ရှင်လည်း ပြီးမြောက်သွားခဲ့ပြီ ဖြစ်သောကြောင့် လင်းရီ အသီးများအား ဆက်လက် ရောင်းချရန် စိတ်မကူးတော့ဘဲ ပြန်၍ အရသာရှိသည့် စားကောင်းသောက်ဖွယ်လေးများဖြင့် သူ့ကိုယ်သူ ဆုချရန် စိတ်ကူးလိုက်၏။
ကလင် ကလင် ကလင်….
ဟိုတယ်သို့ ပြန်လာသည့် လမ်းတွင် ကျီချင်းရန်မှ ဖုန်းဆက်လာခဲ့၏။
“ ဘာတွေများ လုပ်နေပါသလဲ မစ္စတာလင်း…” ကျီချင်းရန် ဆည်းလည်းသံလေးများကဲ့သို့ နားဝင်ပီယံရှိသည့် အသံလေးဖြင့် ချစ်စဖွယ်ကောင်းစွာ ပြောဆိုလာခဲ့လေသည်။
“ ခုတင် အစည်းအဝေးပြီးခဲ့တာ… ထမင်း သွားစားတော့မလို့…”
လင်းရီ ကျိုးဟိုင်မှ မထွက်လာခင်တုန်းက ကျီချင်းရန်ကို အစည်းအဝေးတက်ရန်ဟု အကြောင်းပြချက် ပေးထားခဲ့၏။
ကျုံးဝေ့တပ်ဖွဲ့နှင့် စပ်လျဉ်းသည့် မည်သည့်ကိစ္စကိုမဆို သူသိုဝှက်ထားခဲ့လေသည်။
အကယ်၍ သူ ဤကဲ့သို့ အန္တရာယ်များသည့် နေရာတစ်ခုသို့ သွားမည်ဖြစ်ကြောင်းကို သူမသိခဲ့မည် ဆိုပါက နှုတ်က ထုတ်မပြောလျှင်ပင် စိတ်ထဲတွင် အတော်ပူပန်နေပေလိမ့်မည်။ ထို့ကြောင့် သူ ထုတ်မပြောရက်ခဲ့ချေ။
“ နင့်ကြည့်ရတာ ခုတလော တော်တော်လေး အလုပ်ရှုပ်နေပုံပဲနော်… ရန်ကျင်းလောက်ပဲ ဆက်တိုက် သွားနေတယ်.. ငါ့ကိုဆို ဖုန်းလည်း ခဏခဏ မဆက်လာတော့ဘူး…” သူမ ဝမ်းနည်းနေသည့် လေသံဖြင့် ပြောလာခဲ့၏။
“ ဘယ်တတ်နိုင်မှာ… ကုမ္ပဏီက ပိုပိုပြီး ကြီးလာနေပြီလေ… တကယ်လို့ ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် လိုက်မစီမံရင် ပြိုင်ဘက်တွေ ကြောတာ ခံလိုက်ရမှာပေါ့…. ငါ့လက်အောက်မှာ လစာပေးရမယ့် လူတွေကလည်း အများကြီးပဲ.. ငါသာ ဝေ့လည်ကြောင်ပတ် လျှောက်လုပ်နေရင် သူတို့တွေ ဘယ်လိုဖြစ်ကုန်မှာ…”
“ နင်မှန်တယ်…”
“ ဒါဆို နင် ဘယ်တော့လောက် ပြန်လာတော့မှာ… ငါခု အိမ်ကို နေ့တိုင်း တစ်ယောက်တည်းပဲ ပြန်နေရတာ ပျင်းစရာကြီး…”
“ သုံးလေးရက်လောက် နေရင် ပြန်လာခဲ့မယ်… နောက်လာမယ့် မီတင်ကို ကျော်လို့ ရမရ ကြည့်တာပေါ့.. တကယ်လို့ ရတယ်ဆိုရင် ပိုပြီး စောစော ပြန်လာခဲ့မယ်လေ…”
လက်ရှိ ကျုံးဝေ့တပ်ဖွဲ့၏ အခြေအနေအရ လျိုဟုန် သူ့ကို ပြန်လွှတ်ပေးနိုင်စရာ အကြောင်း မရှိချေ။
သို့ဖြစ်သည့်တိုင်အောင် လင်းရီ ကျီချင်းရန်၏ အကျင့်စရိုက်ကို နောကြေနေသည့်အတွက် သူမကို အဖော်ပြုပေးရုံ သပ်သပ်နှင့်တော့ အလုပ်ကို လျစ်လျူရှုခိုင်းလိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။
“ မလိုဘူး မလိုဘူး.. ငါက ဒီတိုင်းလေးပဲ ပြောတာ… အလုပ်က အရေးကြီးတာပေါ့… မြင်းရှေ့ လှည်းရောက်နေလို့ ဘယ်ဖြစ်မှာလဲ… နှမ်းစေ့လိုချင်တာနဲ့ပဲ ဖရဲသီးကြီး လွှတ်မချလိုက်နဲ့လေ…”
“ နှမ်းစေ့လို့ ဘယ်လိုတောင် ခေါ်လိုက်တာ… ငါ လိုချင်နေတာ ပေါင်မုန့်နွေးနွေးကြီးဆိုတာ ရှင်းနေတာကိုပဲ…”
“ အစုတ်ပလုတ်ကောင်… စိတ်ရှုပ်ဖို့ ကောင်းချက်…”
ပေါင်မုန့်နွေးနွေးကြီးများက မည်သည်ကို ဆိုလိုချင်မှန်း ကျီချင်းရန် သဘောပေါက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ပိုပြီး အရေးကြီးတုန်းပဲလေ…”
ကျီချင်းရန် ဖုန်းထဲမှ တဆင့် ချစ်စဖွယ် ပြုံးပြလာခဲ့ပြီး “ အင်းပါ… ငါ သိပါတယ်…”
“ အိမ်ရောက်ခါနီးပြီ… ဖုန်းချလိုက်တော့မယ်နော်…”
“ အိုကေ…”
ကျီချင်းရန်၏ ဖုန်းကို ချပြီးနောက် လင်းရီ သူ့ကိုယ်သူပင် သတိမထားမိလိုက်ဘဲ နှုတ်ခမ်း ထောင့်စွန်းတို့က တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့၏။
လင်းရီ SF အမြန်ချောပို့ထံ မောင်းသွားပြီး ကျန်သည့် အသီးများကို ရန်ချိန်ရှိ ဂေဟာသို့ ပို့ခိုင်းလိုက်သည်။
နောက်ဆုံး ကားထဲတွင် ဖရဲသီး လေးလုံးသာလျှင် ကျန်ပြီး ၎င်းတို့ကိုတော့ သူ ချိုးယွီလော့ ၊ နင်ချဲ့တို့နှင့်အတူ ဝေမျှလိုက်မည်ဖြစ်၏။
ကလင် ကလင် ကလင် …
သူ ဒီလီဗာရီ ကိစ္စ ပြီးစီးသည့် အချိန်တွင်ပဲ လင်းရီ၏ ဖုန်းက တစ်ဖန် အသံမြည်လာပြန်သည်။ ယင်းက နင်ချဲ့ထံမှ ဖြစ်၏။
“ နင် အသီးတွေ ရောင်းလို့ ပြီးပြီလို့ ထင်တယ်… သွားစားဖို့ ရယ်ဒီပဲလား…”
“ ရယ်ဒီပဲ…”
“ ဒါဆိုလည်း လာကြိုတော့… ငါ ဒီည သောက်မှာမို့ ကားမမောင်းဘူး…”
“ ကောင်းပြီလေ… စောင့်နေလိုက်တော့…”
ဖုန်းချပြီးနောက် လင်းရီ ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းသို့ မောင်းသွားလိုက်ပြီး ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်းချင်တို့ကို သွားကြိုလိုက်သည်။
“ အစ်ကိုကြီးလင်း… ဒီထဲ ဘာလို့ ဖရဲသီးလေးလုံး ရှိနေတာလဲ.. ကျွန်မတို့ဖို့လား…”
“ အင်း.. တစ်ယောက်ကို တစ်လုံး ယူကြ… အရသာက ရှယ်ကြီးနော်… မင်းတို့ အပြင်မှာ ဒါမျိုး ဝယ်လို့မရဘူး..”
“ ဟီးဟီး… ဒါဆိုလည်း အားနာမနေတော့ဘူး…”
နင်ချဲ့၏ လမ်းပြမှုအောက်တွင်ပဲ လင်းရီ ကားကို လမ်းကျဉ်းလေးတစ်ခုထံ မောင်းနှင်လာခဲ့၏။ ကားများကို လမ်း၏ ဘေးနှစ်ဖက်တွင် ရပ်တန့်ကြပြီး အလယ်ရှိ လမ်းကလေးမှာ သိပ်ကို ကျဉ်းမြောင်းနေတော့၏။
ဤနေရာတွင် မိုးမျှော် အဆောက်အဦးကြီးများမရှိ။ နွေးထွေးသည့် အငွေ့အသက်တို့ဖြင့်သာ ပြည့်နှက်နေသည်။ ပို၍ တိတိကျကျ ဆိုရမည် ဆိုပါက လူကို သွားရည်ယိုအောင် လုပ်နေသည့် ဝက်သားဒုတ်ထိုးသည်များ၊ အသားကင်ဆိုင်များ၏ အနံ့ဖြင့် ပြည့်နှက်နေလေသည်။
“ နောက် မီတာ ၁၀၀ လောက်ဆိုရင် ရောက်ပြီ..” နင်ချဲ့ ပြောလိုက်ပြီး “ နင်ဒီမှာပဲ ပါကင်ထိုးလိုက်လို့လည်း ရတယ်…”
ကျန်းချင် ဘေးဘီဝဲယာကို စူးစမ်းကြည့်လိုက်တော့ “ ဒီနားမှာ ပါကင်ထိုးခလည်း မပေးရဘူးနော်… အကုန်လုံးက ကိုင်ပိုင်ကားတွေချည်းပဲ.. ကြည့်ရတာတော့ ပါကင်ထိုးဖို့ နေရာ ရှာဖို့ ခက်မယ်နဲ့တူတယ်…”
“ ဒါကတော့ ငါတို့ အစ်ကိုကြီးလင်းအပေါ် မှီခိုရတော့မှာ..”
“ အမ်… အစ်ကိုကြီးလင်းက မှော်ဆရာလည်း မဟုတ်… ဒီပြဿနာက စိတ်ကူးလိုက်တာနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူးနော်… စိတ်ရှည်ရှည်ထားပြီး ထွက်မယ့်ကားနေရာမှာ ပါကင်ဝင်ရမှာ…”
“ နင် ငါ့ကို မယုံကြည်ရင်နေ… နင့် အစ်ကိုကြီးလင်းကိုတော့ ယုံကြည်လိုက်… ဟုတ်တယ်မလား လင်းရီ…”
“ အင်း………. နည်းနည်းခက်တယ်ဆိုပေမယ့် အသေးမွှားလေးပါ…”
ကျန်းချင် “ ??? “
သူ အာဏာကို အလွဲသုံးစား လုပ်တော့မလို့များလား…
လင်းရီ ပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းပြူ၍ လည်ချောင်းကို အဟမ်းအဟမ်း ပြုလိုက်ပြီး အသံကုန် အော်ထည့်လိုက်သည်။
“ မင်း ယောက်ျား ပြန်လာပြီ…”