← Chapters

လင်းရီရဲ့ အတင်းအဖျင်း

Vol. 85 Ch. 1263

လင်းရီရဲ့ အတင်းအဖျင်း

Vol. 85 Ch. 1263

နှစ်ယောက်သား ပုံမှန်ခြေလှမ်းများဖြင့် လှမ်းလာကြပြီး နစ်ရှန် အဖြူရောင်လေးထဲတွင် လူနှစ်ယောက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

တစ်ယောက်က ရှေ့ခြမ်း မောင်းသူနေရာတွင် ထိုင်နေပြီး ကျန်တစ်ယောက်ကတော့ နောက်ဘက်ခြမ်းတွင် ထိုင်နေလျက် ရှိ၏။

လင်းရီ မျက်လုံးထောင့်စွန်းမှတဆင့် ၎င်းတို့နှစ်ယောက်၏ အမူအရာကို ရှင်းလင်းပြတ်သားစွာ မြင်နေရလေသည်။ နှစ်ယောက်လုံးက စိတ်ထဲ စိုးထိတ်နေကြသော်လည်း တည်ငြိမ်သည့် ဟန်ပန်ကို အသွင်ဖမ်းထားကြ၏။

ဒေါက် ဒေါက် ဒေါက်…

လင်းရီ နောက်မှန်ပြတင်းပေါက်ကို သုံးချက် ခေါက်လိုက်၏။

“ ဘာကိစ္စလဲ…”

ထိုစကားကိုတော့ ရှေ့ခြမ်းရှိ ဒရိုင်ဘာမှ ပြောလိုက်ခြင်းပင်။ ထိုသူက ဗလကောင်းကောင်းနှင့် ခေါင်းမှာလည်း ပြောင်လက်နေပြီး လင်းရီကို ကြောက်မက်ဖွယ် မျက်ဝန်းတို့ဖြင့် စူးရဲစွာ ကြည့်နေလျက်ရှိသည်။

ဒရိုင်ဘာ၏ လေသံမှတဆင့် အခြေအနေက သူ ထင်ထားသလောက် ဆိုးရွားမနေဟု လင်းရီ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူတို့လေးယောက်လုံးတွင် တမူထူးခြားသည့် အထောက်အထားများ ရှိကြပြီး ရံဖန်ရံခါ နိုင်ငံခြားအဖွဲ့အစည်းတစ်ချို့ကို ဆွဲဆောင်သွားတတ်၏။ ပမာအားဖြင့် ရွှေနက် ကော်ပိုရေးရှင်းကဲ့သို့သော အဖွဲ့များပင်။

သို့သော်လည်း လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရသလောက်တော့ ဤလူများက သိပ်ကိုသာမန်ဆန်လွန်းနေပြီး ထူးခြားသည့် တစ်စုံတစ်ရာလည်း ရှိပုံမပေါ်ချေ။ ထိုသို့ဆိုလျှင် ကိုင်တွယ်ရ ပိုမိုလွယ်ကူသွားပြီဖြစ်၏။

“ ပုံတွေ ဒီလောက်ရိုက်ထားပြီးမှတော့ ခုလောက်ဆို အထောက်အထားတွေ လုံလောက်နေပြီထင်တယ်.....”

“ မင်း ဘာသောက်ပေါက်တတ်ကရတွေ လာပြောနေတာ… ငါ ဘယ်တုန်းက မင်းတို့ပုံတွေ ရိုက်ဖူးလို့တုန်း…” ထိပ်ပြောင်နှင့်လူကြီးမှ စိတ်မရှည်စွာ ပြောဆိုလိုက်ပြီး “ ဝေးဝေးသွားကြစမ်းကွာ… ငါတို့က ဒီမှာ တစ်ယောက်ယောက်ကို စောင့်နေတာ… လာပြီး မနှောင့်ယှက်နဲ့…”

“ ငါရောက်နေပြီကို မင်းကများ ဆက်ဟန်ဆောင်ချင်နေသေးတယ်ပေါ့…” လင်းရီ တည်ငြိမ်စွာ ပြောလိုက်သည်။

ထိပ်ပြောင်နှင့် လူကြီးမှ ဒေါသတကြီး ကားထဲမှ ထွက်လာ၍ လင်းရီကို လက်ညိုးထိုးလိုက်ပြီး “ မင်းတို့နှစ်ယောက်က လူစကား နားမလည်တာလား.. မင်းတို့ ခုချက်ချင်း ထွက်မသွားဘူးဆိုရင် ငါ့အဆိုးမဆိုနဲ့….”

ဝှစ်…

လင်းရီ လေကုန်ခံမနေဘဲ ခေါင်းပြောင်ကြီး၏ ရင်ဝကို ပိတ်ကန်လိုက်သည်။

အကောင်ထွားထွားကြီးမှာ ကန်ချက်နှင့်အတူ နောက်သို့ လွင့်ထွက်သွားခဲ့တော့၏။ သူ၏ ရင်ဘက်ကို လက်ဖြင့် ဖိထားရင်း ပြန်ထရန် အတော်လေး အားယူနေရလေသည်။

“ မှားတာ လုပ်ထားရင် ဝန်ခံလိုက်… လုပ်ရဲရင် ခံရဲတဲ့ သတ္တိဆိုတာ ရှိရတယ်… ဒီသဘောတရားလေးတောင် နားမလည်နိုင်ရင် မင်းခုထိ ထမင်းစားလာတာ အလကားပဲ…”

လင်းရီ ကားနောက်တံခါးကို သာမန်လျှံကာ ဆွဲဖွင့်လိုက်သည်။ အထဲတွင် အနည်းငယ် ပိန်လှီနေသည့် လူတစ်ယောက်က ထိုင်နေလေသည်။ သူ၏ ရှည်လျားသည့် ဆံပင်တို့က တော်တော်ကြီးကို ကြမ်းတမ်းနေပြီး ဘေးတွင်လည်း ကင်မရာတစ်လုံး ချထားလျက်သား ရှိ၏။ ယင်းက သူ အသုံးပြုနေသည့် လက်စွဲတော် ကင်မရာဆိုသည်မှာ သိသာလှသည်။

“ ကိုယ့်လူ… လက်ပူးလက်ကြပ်တောင် မိနေမှတော့ ကင်မရာကို အသာတကြည်နဲ့ ကမ်းပေးလိုက်မလား..”

“ ငါ… ငါ မင်းတို့ ပုံတွေ တကယ်ကြီး မရိုက်ရပါဘူးကွာ… “ ကိုဆံရှည်မှ ကတုန်ကယင် ဖြစ်သော အသံနှင့် ပြောလိုက်သည်။

“ ကောင်းပြီလေ… ဒါဆိုလည်း....” လင်းရီ ကိုဆံရှည်၏ ဆံပင်ကို ဆွဲစု၍ ရှေ့ခုံနှင့် ဆောင့်ပေးလိုက်ပြီး ကင်မရာကို ယူ၍ နင်ချဲ့ထံ ကမ်းလိုက်၏။

“ ငါတို့ပုံတွေ အပြည့်ပဲ… အယ်… ငါ့ပုံက ဒီလိုလေး ဘေးကနေ ရိုက်တော့ အတော်လေး လှသားပဲ…” နင်ချဲ့ ကင်မရာထဲရှိ ဓာတ်ပုံများအား ကြည့်ရင်း ရွှင်မြူးစွာ ပြောနေတော့၏။

“ ပြောစမ်း… ဘာတွေလဲ ဖြစ်နေတာ… ငါ့ကို ထပ်ရိုက်ရအောင် လာမလုပ်နဲ့…”

“ ငါ့… ငါ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က မင်းနဲ့ ကျောက်ရှစ်ချီရဲ့ ပုံကို ခိုင်ရွှမ် အိမ်ယာ ဝင်ပေါက်ဝမှာ အတူရိုက်မိလိုက်လို့… အဲ့တာ သူက သတင်းထူးဆိုပြီး ငါ့ကို မင်းနောက် လိုက်ခိုင်းပြီး တစ်ခုခု အသုံးဝင်တာလေးများ ရမလားဆိုပြီး ရှာခိုင်းလိုက်တာ…”

ကိုဆံရှည်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေတော့သည်။ အတွေ့အကြုံရင့်ကျက်သည့် ပါပါရာဇီ ဖြစ်သဖြင့် နောက်ဆက်လာမည့် အရာက မည်သည်မှန်းကို သူ ကောင်းကောင်းကြီး သိနေသည်။

(ပါပါရာဇီ- နာမည်ကြီးသူများနောက် တကောက်ကောက်လိုက် ပုံများရိုက်တတ်သည့် သတင်းထောက် )

သူ ဤကင်မရာကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။ မေးသမျှကို အသာတကြည် ဖြေကာမှ အသားနာခြင်းမှ ကင်းလွတ်မည်။

“ ကျောက်ရှစ်ချီ… ကျောက်ရှစ်ချီ…” နင်ချဲ့ တိုးညင်းစွာ ရေရွတ်ရင်း “ အဲ့တာ ဟို ဆယ်လီ မင်းသမီးမလား…”

“ ဟုတ်တယ် ဟုတ်တယ် သူပဲ…”

နင်ချဲ့ လင်းရီကို ပြုံးလျက် ကြည့်လိုက်၏။ သူမ စိတ်ထဲ စဉ်းစားနေသည်ကိုတော့ ထုတ်ပြောရန်ပင် မလိုချေ။

လင်းရီကတော့ ငိုရအခက်၊ ရယ်ရအခက် ဖြစ်နေတော့၏။ သူတော့ဖြင့် မတော်မတရား မှားယွင်း ယိုးစွပ်ခံရလေပြီ။

သူတို့နှစ်ယောက်က ဘာမျှ မပတ်သက်သော်ငြားလည်း အလကားနေရင်းဖြင့် ဓာတ်ပုံများ ချောင်းရိုက်ခံနေရ၏။

မည်မျှ စိတ်အနှောင့်အယှက် ဖြစ်ဖွယ် ကောင်းလိုက်သနည်း။

နင်ချဲ့ ကင်မရာ မမ်မိုရီကတ်ကို ထုတ်၍ အင်မတန် ကြင်နာ ရက်ရောစွာဖြင့် ကင်မရာကို ပြန်ပေးလိုက်သည်။

“ ဒီနေ့တော့ ထားလိုက်တော့… ဒါပေမယ့် နောက်တစ်ခေါက် ထပ်ဖြစ်လို့ကတော့ နင်တို့ ဘယ်ရောက်မလဲဆိုတာ ကိုယ့်ကိုယ်သိတယ်ဟုတ်…”

လင်းရီနှင့် သူမတို့၏ အထောက်အထားက ဤကဲ့သို့ ပါပါရာဇီများကို စကားတစ်ခွန်းနှစ်ခွန်းမျှဖြင့် ထောင်ချလိုက်၍ ရသည်။

သို့သော်လည်း ကိစ္စမှာ စကတည်းက မကြီးမားလေရာ ရေးကြီးခွင်ကျယ် မပြုလုပ်ချင်ပေ။ ထို့ကြောင့် ကင်မရာကို ပြန်ပေးလိုက်ခြင်းဖြစ်၏။

“ ဟုတ်ကဲ့ ဟုတ်ကဲ့... ကျေးဇူးပါဗျာ ကျေးဇူးပါ… နောက် မဖြစ်စေရပါဘူး.. ”

ထပ်ခါတလဲလဲ ခေါင်းငြိမ့်ပြီးနောက် နှစ်ယောက်မှာ ကားထဲသို့ ဝင်၍ လင်းရီတို့၏ မြင်ကွင်းအောက်မှ အလျင်အမြန်ပဲ မောင်းပြေးသွားကြလေသည်။

တစ်ချိန်တည်းတွင် အဖြူရောင် ဖော့်ဆာဂန် ဆာဂီတာ စီဒန် တစ်စင်းလည်း ထွက်ခွာသွားခဲ့သည်။ သို့သော် ထိုအချင်းအရာကိုတော့ မည်သူကမျှ သတိမထားမိလိုက်ကြချေ။

ဤသည်က သာမန် လူနေရပ်ကွက် တစ်ခုဖြစ်ပြီး လူတို့ကလည်း စဉ်ဆက်မပြတ် ဝင်ထွက်မှု ပြုနေသဖြင့် ကားအဖြူလေး တစ်စင်း ထွက်ခွာသွားသည်အား မည်သူကမျှ အရေးတယူ ပြုမနေခဲ့ကြချေ။

“ အစ်ကြီးလင်း… အစ်မနင်.. ဘာဖြစ်တာလဲတဲ့…” သူတို့ စားပွဲဝိုင်းထံ ပြန်ရောက်တော့ ကျန်းချင်မှ မေးမြန်းလိုက်သည်။

“ ဘာဖြစ်ရမှာ.... နင့်အစ်ကိုကြီးလင်းက မင်းသမီး တစ်လက်နဲ့ ခြေရှုပ်တာ ပါပါရာဇီ တစ်ချို့ကို ဆွဲဆောင်သလို ဖြစ်သွားတယ်လေ…”

“ အစ်ကိုကြီးလင်းက အရမ်းဆိုးတာပဲ.. မင်းသမီးတွေနဲ့တောင် ကစားနေတယ်ပေါ့.. “ ကျန်းချင် ပါးစပ်ကို လက်ဝါးဖြင့်ကွယ်၍ ခိုးခိုးခစ်ခစ် ရယ်မောလိုက်လိုက်ပြီး “ အစ်ကိုကြီးရဲ့ ကြွယ်ဝမှုတွေနဲ့ဆို အဲ့မင်းသမီးတွေဆိုတာ မဆွတ်ခင်ကတည်းက ညွှတ်နေသင့်တာ မဟုတ်ဘူးလား..”

“ မင်း အစ်မနင် ပေါက်တတ်ကရပြောတာတွေကို လျှောက်ယုံမနေနဲ့… အဲ့ကျောက်ရှစ်ချီ ဆိုတဲ့ တစ်ယောက်က ငါ့နား အသီးလာအားပေးရင်း ဖန်တစ်ချို့ ဝိုင်းတာ ခံလိုက်ရတာ.. ငါကလည်း သူ့ကူညီပေးပြီးတဲ့နောက်ပိုင်း ဒီပါပါရာဇီတွေရဲ့ ဓာတ်ပုံရိုက်တာ ခံလိုက်ရတာပဲ….” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကောင်တွေက တော်တော်တော့ မဆိုးဘူး ပြောရမယ်… ငါ့နောက် ဒီအထိတောင် လိုက်လာကြတယ်… ငါကိုက သတိလက်လွတ် ဖြစ်သွားတာလည်း ပါတယ်…”

“ ကဲပါ… အဲ့အကြောင်းတွေ ပြောမနေနဲ့တော့… ဆက်သောက်ကြစို့…” နင်ချဲ့ ခွက်ကို ကိုင်မြှောက်လိုက်၏။

လေးယောက်သား ညကိုးနာရီအထိ ခွက်ချင်းတိုက်နေခဲ့ကြသည်။

ကျန်းချင်တစ်ယောက်တည်းကသာလျှင် အကုန်လုံးကို အိမ်သို့ ပြန်လိုက်ပို့ပေးလေသည်။

လင်းရီ ဟိုတယ်ကို ပြန်ရောက်တော့ ည ၁၁ နာရီပင် ထိုးနေပြီးဖြစ်၏။

နောက်တစ်နေ့ နံနက်တွင် လင်းရီ ကျုံးဝေ့တပ်ဖွဲ့ထဲ မောင်းနှင်သွားလိုက်သည်။

ခွန်အား စမ်းသပ်သည့် လေ့ကျင့်ရေးမှာ သူ ရောက်လာသည့် အချိန်တွင် စတင်နေချေပြီ။

လင်းရီ၏ ရောက်ရှိလာမှုက တော်တော်ကြီးကို ဂယက်ထသွားခဲ့ပြီး ယောက်ျား၊မိန်းမ မရွေး သူ့ထံ အကြည့်ရောက်နေခဲ့ကြ၏။

သူဆိုသည်မှာ သံချပ်ကာကားကိုတောင် လက်ဗလာနဲ့ ပင့်မပြနိုင်တဲ့လူလေ… သာမန်လူက သူနဲ့ ဘယ်လို ယှဉ်ပြိုင်နိုင်မှာ… ။

ပါဝင်ယှဉ်ပြိုင်ကြသည့် ထရိန်နီသင်တန်းသားတိုင်း လင်းရီကို လေးစားကိုးကွယ်သည့် အကြည့်တို့ဖြင့် ကြည့်နေကြသည်။ ပုံထုတ်၍ စစ်ဆေးမှု အောင်ပါစေဟု ဆုတောင်းကြသူများပင် ရှိသလော ဆိုတာတော့ လင်းရီလည်း မပြောတတ်။

သို့သော် မိန်းကလေး ဆယ်ယောက်ကျော်တို့မှာမူ သမာရိုးကျ မဟုတ်သော အကြည့်တို့ဖြင့် မျက်လုံးကို စုံမှိတ်၍ ရင်ကို ဆူနေအောင် ကော့ပြထားကြသည်။ မိမိတို့၏ အားသာချက်ကို ဒေါင်းများသဖွယ် အပြည့်အဝ ဖော်ထုတ်ပြသနေလေသည်။

လင်းရီကတော့ အကုန်လုံးကို ဖော်ရွေစွာ ပြုံးပြ၍ ဘော့စ်လျို၏ ရုံးခန်းထဲ ဝင်သွားခဲ့၏။

မကြာမီ နေ့လည်စာ စားသောက်ရန် အချိန်ကျလာပြီး ထောက်ချိန်မှ မနက်ခင်း ရလဒ်များကို ယူလာပေး၏။

“ အခြေအနေ….၊ ပုံမှန်မဟုတ် ဘာထူးတုန်း…” လျိုဟုန် မေးမြန်းလိုက်၏။

“ ဒီတစ်ခေါက်တော့ စွေ့ချန်က ပထမ… ယွီစီယင်ဆိုတဲ့ သူကတော့ ဒုတိယ.. သူတို့နှစ်ယောက်က လူတိုင်းကို ရမှတ်အကွာကြီးနဲ့ အသာစီးယူထားတယ်…”

လျိုဟုန် ခေါင်းညိမ့်လိုက်သည်။ “ ခုကစပြီး သူတို့ နှစ်ယောက်ကို အာရုံစိုက်မနေနဲ့တော့… သူတို့ရဲ့ အရည်အချင်းက ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ဖို့ အရည်အချင်းမှီတယ်.. တခြားလူတွေအပေါ် ပိုပြီး အာရုံစိုက်ထား…”

“ နားလည်ပြီ…”

“ နင် ယွီစီယင်ဆိုတဲ့ တစ်ယောက်ကို မခေါ်ချင်တာ သေချာပြီလား..” စားသောက်နေရင်းဖြင့် ချိုးယွီလော့မှ လှမ်းမေးလိုက်၏။

“ စွေ့ချန် တစ်ယောက်ဆိုရင်ကို လုံလောက်ပြီ… သူ့ကို မလိုဘူး…”

“ ဒါဆို ငါလည်း မလိုချင်ဘူး… ငါတို့အသင်းထဲမှ ထောက်ချိန် ရှိထားပြီးပြီ… အသင်း ၃ ယူလိုက်…”

“ ဒါဆိုလည်း ငါ အားနာမနေတော့ဘူး…” နင်ချဲ့ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒါပေမယ့် နင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်… သူ အရင်နှစ်ရက်တုန်းက လေ့ကျင့်နေတာ ငါမြင်တယ်.. ကြည့်ရတာ လင်းရီရဲ့ အသင်းထဲ ဝင်ချင်နေပုံရတယ်… နင် သူ့ကို ခေါ်ချင်တယ်ဆိုရင် တစ်နည်းနည်းနဲ့ ဖြောင်းဖြမှပဲ ရမှာ…”

“ ဘာတွေ စိတ်ပူနေတာ… ငါ့မှာလည်း ငါ့နည်းငါ့ဟန်နဲ့ ရှိပြီးသားပါနော်…”

ကလင် ကလင် ကလင်…

ထိုအခိုက်အတန့်၌ လျိုဟုန်၏ ဖုန်းသံ မြည်လာခဲ့သည်။ သူ နင်ချဲ့နှင့် ကျန်သူများဘက်သို့ လှည့်၍ “ ဟေ့ ဟေ့ အသံလျှော့ကြဦး… ဒီမှာ ငါ ဖုန်းပြောဦးမယ်…”

ပြောပြီးနောက် လျိုဟုန် ဖုန်းကိုင်လိုက်၏။

“ တကယ်.. အဲ့လိုမျိုးတွေ ဖြစ်သွားခဲ့တယ်ပေါ့…”

“ ကောင်းပြီ.. ကျုပ်ဆီ ပို့လိုက်… ဘာတွေ ဖြစ်နေလဲ တစ်ချက်ကြည့်လိုက်မယ်…”

စကားသုံးလေးခွန်းခန့် ပြောပြီးနောက် လျိုဟုန် ဖုန်းချလိုက်သည်။ ထို့နောက် သူ ဖုန်းကို မဲမှောင်နေသည့် အမူအရာဖြင့် အထက်အောက် ပွတ်လျက် ရှိနေတော့၏။

“ လင်းရီ… မင်း ငါ လခွီးတွေ ဖြစ်နေတာလား…. ဘာလို့ မင်းသမီးတစ်ယောက်နဲ့ ကောလဟာလတွေ ထွက်နေရတာတုန်း….”

All Chapters