သူ့ဖို့ ဝှီးချဲ ပြင်ထားပေးလိုက်..
Vol. 85 Ch. 1264
“ သောက်ကျိုးနည်း ခင်များ ဘာတွေ လာပြောနေတာ… ကျုပ် အမျိုးသမီး လေးယောက်နဲ့တင် တိုင်တွေ ဒီလောက်ပတ်နေတာကို ဘယ်နားက မင်းသမီးတွေနဲ့ သွားပြီး ဇာတ်ရှုပ်နေရမှာလဲဗျာ…”
“ နင် ကျောက်ရှစ်ချီဆိုတဲ့ မင်းသမီးလေးကို မေ့သွားပြီလား..” နင်ချဲ့ မေးမြန်းလိုက်၏။
“ ဒါပေမယ့် မနေ့ညတုန်းက ငါတို့ ပါပါရာဇီရဲ့ မမ်မိုရီကတ်ကို ထုတ်ပြီး သတိပေးထားပြီးပြီလေ… ဘာလား… အဲ့ကောင်တွေက သေတယ်ဆိုတာ ဘယ်လိုစာလုံးပေါင်းရမှန်း မသိတာလား..”
“ နင်တို့နှစ်ယောက် ဘာတွေ ဖြစ်ထားသေးလဲ ငါတို့မှ မသိပဲကိုး…” နင်ချဲ့ ရွှတ်တီးရွှတ်နောက် ပြောဆိုလိုက်၏။
“ တော်ပြီ… ဟာသလုပ်မနေနဲ့တော့…” လျိုဟုန် ပြောလိုက်ပြီး “ ဒီကိစ္စထဲ မင်းတို့ သုံးယောက်လုံး ပါနေတာ… မဟုတ်ရင် ငါ့ အထက်လူကြီးက ဖုန်းဆက်ပြီး ပြောလာမှာ မဟုတ်ဘူး…” လျိုဟုန် ဖုန်းကို ပစ်ပေးပြီး ပြောလိုက်သည်။
“ ကျွန်မတို့လည်း ပါနေတယ် ဟုတ်လား…”
အမျိုးသမီး သုံးယောက်လုံးမှာ တစ်ချိန်တည်းတွင် ခေါင်းချင်းဆိုင်လိုက်ကြတော့ ဆောင်းပါးက လင်းရီနှင့် မင်းသမီး ကျောက်ရှစ်ချီတို့တင်သာ မဟုတ်ကြောင်းကို မြင်တွေ့သွားခဲ့ကြသည်။
ပုံမှာမူ သူမတို့ သုံးယောက် ယမန်နေ့ ညနေခင်းက စားသောက်သည့် မြင်ကွင်းကို ရိုက်ဖမ်းထားခြင်း ဖြစ်လေသည်။
ဆောင်းပါး၏ ခေါင်းစဉ်ကလည်း လူစိတ်ဝင်စားစရာလေးပင်။
“ မစ်ကျောက်က အသီးသည်လေးနဲ့ တိတ်တခိုး တွေ့နေတယ်…”
“ ကျောက်ရှစ်ချီရဲ့ ကောင်လေး … ညတွင် အလှလေး သုံးယောက်နှင့် ချိန်းနေခြင်း…”
“ သောက်ပဲ… ဒါဘာကြီးလဲ… သုံးယောက်အတူ ဟိုတယ်ခန်းထဲ အတူဝင်သွားတာဆိုရင် နားလည်ပေးလို့ရသေးတယ်… ဒီခုက ဒီတိုင်း အတူ ထမင်းစားတာလေးကို ဘာလို့ ချဲ့ကားနေရတာ…” နင်ချဲ့ မျက်နှာထိ မျက်နှာထားဖြင့် ပြောဆိုလိုက်၏။
“ ကျောက်ရှစ်ချီ ဘယ်သူလဲ ငါ သောက်ဂရုမစိုက်ဘူး.. ဒါပေမယ့် မင်းတို့ကောင်တွေက ထူးခြားတဲ့ အထောက်အထားတွေ ကိုယ်စီရှိလျက်နဲ့ ပါပါရာဇီကို ဓာတ်ပုံပေးရိုက်လိုက်ကြတယ် ဟုတ်လား… မင်းတို့ကောင်တွေ ဘာလုပ်နေကြတာတုန်း… အရမ်း နမော်နမဲ့ နိုင်လွန်းတယ်..”
လျိုဟုန် ဒေါသထွက်နေသည်ကိုလည်း အပြစ်သွားပြော၍ မရချေ။
ကျုံးဝေ့တပ်ဖွဲ့၏ ခေါင်းဆောင်ကြီး သုံးယောက်မှာ ပါပါရာဇီများ၏ ဓာတ်ပုံခိုးရိုက်ခြင်းကို ခံလိုက်ရလေသည်။ အကယ်၍ ဤကိစ္စသာ ကျယ်ပြန့်သွားခဲ့ပါက ရှယ်ဖွယ်လိလိပင်။
“ ဓာတ်ပုံရဲ့ ရှုထောင့်ကနေ ကြည့်ရင် ငါတို့ကို ခိုးရိုက်သွားတဲ့လူတွေက မနေ့က နှစ်ယောက် မဟုတ်ဘူးပဲ…” လင်းရီ ပြောလိုက်၏။
“ ငါ ဖုန်းဆက်ပြီး သူတို့ ဆောင်းပါးကို ချက်ချင်း ပြန်ဖျက်ခိုင်းလိုက်မယ်…”ချိုးယွီလော့ ပြောလိုက်သည်။
ချိုးယွီလော့ ဆောင်းပါးကို ကြည့်ရှုပြီးနောက် ၎င်း၏ ဇစ်မြစ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ယင်းက ပင်လယ်ငါး အမည်တွင်သည့် မီဒီယာ ကုမ္ပဏီတစ်ခုပင်။
၎င်းနောက် ချိုးယွီလော့ ထပ်မံစစ်ဆေးကြည့်လိုက်ရာ အဆိုပါ ကုမ္ပဏီက အင်တာနက် အတင်းအဖျင်းများ တင်ရသည်ကို ဝါသနာပါသည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း ရှာတွေ့သွားခဲ့၏။ သူမ အလျင်အမြန်ပဲ ထိုကုမ္ပဏီထံ ဖုန်းဆက်ခေါ်လိုက်သည်။
“ ဒီနေ့ ရှင်တို့တွေ တင်ခဲ့တဲ့ ဆောင်းပါးကို ခုချက်ချင်း ဖျက်ပစ်စေချင်တယ်…”
“ စိတ်မရှိပါနဲ့နော်.. ကျွန်မက ဒီတိုင်း ကောင်တာဝန်ထမ်းမို့ အဲ့လိုမျိုး ဆုံးဖြတ်ချက် ချပိုင်ခွင့် မရှိပါဘူး…”
“ ဒါဆိုလည်း လုပ်ပိုင်ခွင့်ရှိတဲ့သူကို ဖုန်းပေးလိုက်…”
“ ခဏစောင့်ပေးပါနော်…”
မိနစ် အနည်းငယ် ကြာပြီးနောက် ဖုန်းတစ်ဖက်ခြမ်းမှ ယောက်ျားသံ တစ်သံ ထွက်လာခဲ့သည်။
“ ဘယ်သူလဲ…”
“ ကျွန်မ ဘယ်သူလဲ ရှင်သိစရာ မလိုဘူး… ဒီနေ့ ရှင်တို့ တင်ထားတဲ့ ဆောင်းပါး နှစ်ပုဒ်ကို ခုချက်ချင်း ပြန်ဖျက်လိုက်…. အဲ့ဆောင်းပါးက ကျွန်မတို့ ပုံရိပ်ကို ထိခိုက်စေတယ်…”
“ ဒါဆိုလည်း နံပါတ်ပြောလိုက်… အဆင်ပြေရင် ပြန်ဖျက်ဖို့ စဉ်းစားပေးမယ်…”
“ အိုး… ကျွန်မနား ပိုက်ဆံလာတောင်းနေတယ်ပေါ့…” ချိုးယွီလော့ မျက်မှောင်ကြုတ်သွားခဲ့၏။
“ မတောင်းလို့ ဘာလုပ်ရမှာ… အလကား ပြန်ရုပ်သိမ်းပေးလိုက်ရမှာလား… ငါတို့ကို ပရဟိတ သမားတွေလို့များ ထင်နေတာလား..”
“ နင် ၊ တို့ ၊ ကို နောက်ဆုံး တစ်ကြိမ် သတိပေးခြင်းပဲ… တကယ်လို့ မဖျက်ဘူးဆိုရင် အကျိုးဆက်ကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်…”
“ ဟင်း ဟင်း … ငါ့ကို ဆရာလာလုပ်ချင်နေတာလား…” ပင်လယ်ငါး အထွေထွေမန်နေဂျာမှ နှာခေါင်းရှုံ့လိုက်ရင်း “ ယွမ် ဆယ်သန်း ပေးရင် စဉ်းစားပေးမယ်… အဲ့တာကို အလကား လာလုပ်ခိုင်းနေတယ်ဆိုတော့ ကောင်မလေး … မင်းက ဈေးကွက်ကို နားမလည်ဘူးပဲ… လစ် လစ်.. ငါ့အချိန်တွေ လာဖြုန်းမနေနဲ့…”
ဘန်း..
တစ်ဖက်သူမှ ဖုန်းချသွားခဲ့၏။ ချိုးယွီလော့၏ မျက်နှာအမူအရာမှာ မဲမှောင်လျက် ရှိနေတော့သည်။
“ ဘယ်လိုလဲတဲ့.. အဲ့လူက နင်ပြောတာ နားထောင်လား…” နင်ချဲ့ မေးလိုက်သည်။
“ သူတို့က ဆယ်သန်း လိုချင်တယ်တဲ့..”
“ သွားပြီး တစ်ချက် ကြည့်ကြစို့..” နင်ချဲ့ ပြောလိုက်ပြီး “ သပလိုပဲ… ဒင်းတို့ကများ ငါ့ပုံကို ခိုးကြောင်ခိုးဝှက်ရိုက်ပြီး ငါ့ပုံ ပြန်ဖျက်ဖို့ကို ဆယ်သန်းလာတောင်းနေတယ် ဟုတ်လား… သူ့သွားတွေကို ဒီနေ့ မချိုးပစ်ရင် ငါ့ မျိုးရိုးနာမည် နင် မဟုတ်တော့ဘူး…”
လင်းရီ “ …..”
အာဂပဲ…
သူမ၏ အထောက်အထား ဖော်ထုတ်ခံလိုက်ရခြင်း ကိစ္စနှင့် စပ်လျဉ်း၍ နင်ချဲ့ တော်တော်လေး စိုးရွံ့မိသည်။
သူမက ကျုံးဝေ့တပ်ဖွဲ့၏ အသင်းခေါင်းဆောင် တစ်ယောက်သာလျှင် မဟုတ်ဘဲ ချမ်းသာသည့် သခင်မလေး တစ်ဦးလည်း ဖြစ်နေသေးလေသည်။
အကယ်၍ သူမ မည်သူမည်ဝါဖြစ်ကြောင်းကို အင်တာနက် သုံးစွဲသူများမှ ဖော်ထုတ်လိုက်မည် ဆိုပါက သူမ မိသားစုအပေါ်၌ပင် အကျိုးသက်ရောက်မှု တစ်ချို့ ရှိလာနိုင်လေသည်။
“ ငါလည်း လိုက်မယ်…”
ချိုးယွီလော့ အတွက်လည်း ထို့အတူပင် ဖြစ်သည်။ ဤသည်က အသေးမွှား ကိစ္စလေး မဟုတ်ပါဘဲ လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
“ အစ်မချိုး… အစ်မနင်.. ကျွန်မတော့ မလိုက်တော့ဘူးနော်… ကျွန်မတို့ မိသားစုက ယွမ်ဘီလီယမ် နည်းနည်းလောက်လေးပဲ ချမ်းသာတာ… အစ်မကြီးတို့နဲ့ ယှဉ်ရင် မပြောပလောက်ဘူး.. ဒီတိုင်း အစ်မကြီးတို့ပဲ ကောင်းကောင်းဖြေရှင်းခဲ့လိုက်ကြနော်…” ကျန်းချင်မှ ပြောလိုက်၏။
“ပြီးတော့ မွန်းလွဲပိုင်း လေ့ကျင့်ရေးကို အစ်ကိုချိန် တစ်ယောက်တည်းနဲ့ ထားခဲ့လို့ကလည်း မဖြစ်သေးပြန်ဘူး… သူ ရမှာ မဟုတ်ဘူး…ကျွန်မ ဒီမှာ နေပြီး ကူညီပေးလိုက်မယ်…”
ထောက်ချိန်ကတော့ ရယ်ရအခက် ငိုရအခက် ဖြစ်နေရင်း “ ဒီ သတင်းလွင့်လိုက်တဲ့ ကုမ္ပဏီတော့ ကံဆိုးတာပဲ…”
ကလင် ကလင် ကလင်….
လင်းရီ ဖုန်းသံ မြည်လာခဲ့သည်။ ယင်းက အမည်မသိ နံပါတ် တစ်ခုပင်။
“ ဟယ်လို ဘယ်သူလဲ..”
“ မင်း လင်းရီမလား…”
အာ…. လေသံက ဘာလို့ ဒီလောက်တောင် လာမာနေရတာ…
“ ဟုတ်တယ်… ကျုပ်ပဲ…”
“ မင်း စောက်ရူးလား… ရှစ်ချီ မင်းကြောင့် ပြဿနာ တက်ပြီဆိုတာ မင်း နားမလည်ဘူးလား….”
လင်းရီ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ပြီး အေးစက်စက် အရှိန်အဝါတို့ စတင်ပျံ့လွင့်၍ လာခဲ့သည်။
“ ခင်များ ဖုန်းဆက်နေတဲ့ လူက မှန်တယ်ဆိုတာ သေချာလား…”
“ လူ မဟုတ်တော့ ငါက တစ္ဆေနဲ့ ဖုန်းပြောလို့လား…”
ရှစ်ချီ၏ မန်နေဂျာမှ ဆဲရေးတိုင်းထွာလိုက်ပြီး “ မင်း အလုပ် မင်းအကိုင်နဲ့များ ရှစ်ချီနဲ့ နီးစပ်ဖို့ ကြိုးစားဝံ့နေတယ်ပေါ့.. ခု ပါပါရာဇီတွေက မင်းပုံကို ရသွားခဲ့ပြီ…. မင်း ဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားပြီမလား…”
“ ကျုပ်….”
လင်းရီ ဘာမျှ မပြောရသေးခင်တွင်ပဲ ကျောက်ရှစ်ချီ၏ မန်နေဂျာမှ သူ့အား ကြားဖြတ်ပြောဆိုလာသည်။
“ မင်း ဒီကိစ္စကို ခုချက်ချင်း အတိအလင်း ကြေညာဖို့ ငါ အမိန့်ပေးတယ်… မင်းနဲ့ ရှစ်ချီက ဘာမှ မဆိုင်ဘူးလို့ ပြောလိုက်… မဟုတ်ရင် ငါမင်းကို လူလွှတ်ပြီး သတ်ခိုင်းလိုက်မယ်…”
“ ဝိုး… ခင်များက တော်တော်အံ့ဩဖို့ ကောင်းတာပဲ… ကျုပ်ကို ဘယ်လို သတ်မလဲဆိုတာ သိချင်စမ်းပါဘိ… “
“ ငါ ဟာသလုပ်နေတယ်လို့ မင်းထင်နေတာလား…. မင်းဘယ်မှာနေလဲ ငါ အတိအကျသိတယ်… ငါ လူလွှတ်ပြီး မိနစ်ပိုင်းအတွင်း မင်း ခြေထောက်တွေ ရိုက်ချိုးလို့ရတယ် ဆိုတာ ယုံလား…”
“ ကောင်းပြီလေ…. ဘယ်သူ့ခြေထောက် အရင်ကျိုးမလဲ ဆိုတာ ကျုပ်စောင့်နေမယ်..”
ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။
“ ဘာတွေ ဖြစ်နေတာလဲတဲ့…” လျိုဟုန်မှ မေးမြန်းလာခဲ့သည်။
“ ကျောက်ရှစ်ချီရဲ့ မန်နေဂျာက ကျုပ်ခြေထောက်တွေကို ရိုက်ချိုးချင်နေလို့တဲ့…” လင်းရီ ပြုံးလိုက်ပြီး “ ကျုပ်သူ့ဖို့ ဝှီးချဲ အရင် ပြင်ထားပေးမှနဲ့တူတယ်…”
“ ဝှီးချဲ ကိစ္စတွေ ဘေးချိတ်ထား… သွားပြီး ဒီကိစ္စကို ငါတို့ဘာ ငါတို့ပဲ ဖြေရှင်းကြမယ်..”
“ သွားစို့….”
……………..
ပင်လယ်ငါး ကုမ္ပဏီ လီမီတက်။
အနက်ရောင် ဘန်ထလေ တစ်စင်း ကုမ္ပဏီရှေ့သို့ ထိုးရပ်လာသည်။
သက်လတ်ပိုင်း အရွယ် လူကြီးနှစ်ယောက် ကားထဲမှ ထွက်လာခဲ့၏။
တစ်ယောက်က ခေတ်ပညာတတ်ဆန်ဆန် ဝတ်စုံပြည့်နှင့် သားရေရှူးဖိနပ်များ ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်ကတော့ သာမန်ရိုးကျ အင်္ကျီအဝတ်အစားတို့ကိုသာ ဝတ်ဆင်ထားသည်။
ကားထဲမှ ထွက်လာပြီးနောက် သူတို့၏ သွက်လက်သည့် ခြေလှမ်းတို့က ပင်လယ်ငါး မီဒီယာ အုပ်စုထံ ဦးတည်လိုက်ကြ၏။
“ လူကြီးမင်းတို့… ကြိုတင်ချိန်းဆိုထားတာများ ရှိပါသလားရှင်….”
“ ငါက ထျန်းတု မီဒီယာရဲ့ အထွေထွေ မန်နေဂျာ မြောင်ချိန်… ငါ ဒီကို မင်းတို့ရဲ့ မန်နေဂျာနဲ့ တွေ့ဖို့လာခဲ့တာ…”
“ ဆိုတော့ လူကြီးမင်းက ဒါရိုက်တာမြောင်ကိုး.. ကျွန်မတို့ရဲ့ ဒါရိုက်တာရှဲ့က အပေါ်ထပ် သူ့ရုံးခန်းထဲမှာ လူကြီးမင်း အလာကို မျှော်နေပါတယ်ရှင့်… တက်သွားတာနဲ့ တွေ့ပါလိမ့်မယ်…”
ကောင်တာ ဝန်ထမ်း မိန်းကလေးမှ အလွန်တရာမှကို ယဉ်ကျေးနေပြီး သူ့အား ဟန့်တားခဲ့ခြင်း မရှိချေ။
ယင်းက ဘာကြောင့်လဲဆိုတော့ အထွေထွေ မန်နေဂျာ ဖြစ်သူမှ ထျန်းတု မီဒီယာ အုပ်စုမှ လူများ ရောက်လာကြလိမ့်မည်ဟု ကြိုတင် ပြောကြားထားသောကြောင့်ပင်။ အကယ်၍ သူတို့ရောက်လာခဲ့ပါက သူ့ရုံးခန်းထဲသို့ တိုက်ရိုက်လွှတ်လိုက်ရန် ညွှန်ကြားထားလေသည်။
ကျောက်ရှစ်ချီက ထျန်းတု မီဒီယာ လက်အောက်ရှိ မင်းသမီးတစ်လက်ဖြစ်ပြီး မြောင်ချိန်မှာ ယမန်နေ့က ကောလဟာလ ကိစ္စနှင့် စပ်လျဉ်း၍ ရောက်လာခဲ့ရခြင်းပင်။
သူ့ဘေးရှိ အမျိုးသားကတော့ ကျောက်ရှစ်ချီ၏ မန်နေဂျာ မာလီပင်း ဖြစ်၏။
သူတို့အတူ ဓာတ်လှေကားစီး၍ ရှဲ့တုံးလိုင်၏ ရုံးခန်းထဲ ရောက်လာခဲ့ကြသည်။
ရှဲ့တုံးလိုင်မှာ အဖြူရောင် ပိုလိုရှပ်နှင့် အပြာရောင် ဘောင်းဘီအား ဝတ်ဆင်ထား၏။ သူက အသက် ၃၀ ကျော်အရွယ်ဟု ထင်ရကာ လူငယ်ဆန်ဆန် ဝတ်စားထားလေသည်။
“ ဥက္ကဌမြောင်… ခင်များလာတာ သိပ်နောက်ကျတာပဲ… ကျုပ် စောင့်နေရာ ကြာရောပေါ့…” ရှဲ့တုံးလိုင် မတ်တပ်ရပ်၍ အပြုံးလေးဖြင့် ပြောလိုက်၏။
ချိုးယွီလော့နှင့် ပြောဆိုစဉ်ကကဲ့သို့ သူ၏ လေသံမှာ မောက်မာစီးပိုးခြင်း မရှိဘဲ မတွေ့တာကြာပြီဖြစ်သည့် မိတ်ဆွေများနှင့် တူညီနေပေသည်။
မီဒီယာ အသိုင်းအဝိုင်းတွင် မြောင်ချိန်သည်လည်း လွှမ်းမိုးမှု တစ်ချို့နှင့် အကောင်ဖြစ်၏။
ရှဲ့တုံးလိုင်က အတင်းအဖျင်း သတင်းမီဒီယာ သမား တစ်ယောက်ဖြစ်ပြီး တစ်ဖက်သူနှင့် အဆင့်ခြင်းလည်း မတူညီသဖြင့် အပြောအဆို ယဉ်ကျေးပျူငှာရသည်မှာ သဘာဝကျလေသည်။
“ နံပါတ်ပြော…. မင်း အဲ့ဆောင်းပါးကို ပြန်ဖြုတ်ချဖို့ ဘယ်လောက်လိုချင်လဲ…”