← Chapters

ငါ့ကို လက်ညိုးလာမထိုးနဲ့

Vol. 85 Ch. 1265

ငါ့ကို လက်ညိုးလာမထိုးနဲ့

Vol. 85 Ch. 1265

ချိုးယွီလော့နှင့် နှိုင်းစာပါက မြောင်ချိန်သည် အခြေအနေကို ပိုမိုကောင်းစွာ သတိပြုမိပြီး ချက်ချင်းလက်ငင်း ပမာဏတစ်ခုကို တောင်းဆိုလိုက်သည်။

“ ကျုပ်ကို မျက်နှာသာပေးတဲ့ အတွက် ကျေးဇူးပါ မစ္စတာ မြောင်…” ရှဲ့တုံးလိုင် ပြီတီတီ ပြုံးလျက် လက်ဆယ်ချောင်း ထောင်ပြလိုက်၏။

“ ဆယ်သန်း … ဟုတ်လား…” မြောင်ချိန် မည်းသည်းနေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်ပြီး “ မင်းတို့ ကုမ္ပဏီ အကောင့်ပေး… ပိုက်ဆံကို ခုချက်ချင်း လွှဲပေးလိုက်မယ်…”

“ ဒါရိုက်တာမြောင်… ခင်များ ကျုပ်ကို လာနောက်နေတာလား…” ရှဲ့တုံးလိုင် ပြုံးလျက် တည်တံ့သည့် အမူအရာဖြင့် “ ကျောက်ရှစ်ချီဆိုတာ ခင်များတို့ ကုမ္ပဏီရဲ့ ပဒေသာပင်… အနုပညာ နယ်ပယ်ထဲမှာဆိုရင်လည်း ထိပ်တန်း မင်းသမီးတစ်လက်… ဒီကိစ္စကို ဆယ်သန်းလေးနဲ့ ဘယ်လိုလုပ် ကြေအေးပေးလိုက်လို့ရမှာလဲ… ခင်များ ကျုပ်ကို အထင်သေးနေပြီ… ကျောက်ရှစ်ချီကိုလည်း ခင်များက လျှော့တွက်လိုက်တာပဲ…”

မြောင်ချိန် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဒါဆို မင်းက ဘယ်လောက်လိုချင်တာ…”

“ သန်း ၁၀၀….”

ရှဲ့တုံးလိုင် ပြောလိုက်ပြီး “ ပိုက်ဆံ ရောက်တာနဲ့ အဲ့ ဆောင်းပါး နှစ်ပုဒ်လုံးကို ခုချက်ချင်း ဖျက်ချခိုင်းလိုက်မယ်… ကျုပ် မနောက်ဘူး… ဘာပဲဆိုဆို ဒါက စီးပွားရေးပဲလေ…”

အဘယ်ကြောင့် သူ ချိုးယွီလော့နားမှ ၁၀ သန်းသာလျှင် လိုချင်ရပြီး မြောင်ချိန်နားမှ သန်း ၁၀၀ လိုချင်ရသလဲ ဆိုတာကတော့ ၎င်းတို့ အသီးသီး၏ မတူညီသည့် အထောက်အထားများကြောင့် ဖြစ်သည်။

ကျောက်ရှစ်ချီကဲ့သို့ ငါးကြီးကြီးကို သူ မည်သို့ဖြင့် ဤမျှ လွယ်လင့်တကူ လွှတ်ပေးလိုက်နိုင်မည်နည်း။

ထို့ပြင် သူမ၏ အေဂျင်စီကလည်း ဤကောလဟာလ တစ်ခုတည်းကြောင့်နှင့် သူမ၏ အသက်မွေးဝမ်းကြောင်းကို ပျက်စီးခွင့် ပြုလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူ တောင်းသည့် ပမာဏကို သူတို့ ပေးမှကိုရမည်။

“ မင်း ငါ့ကို လာနောက်နေတာလား…” မြောင်ချိန်၏ အသံမှာ အေးစက်လာခဲ့၏။

“ငါတို့ ကုမ္ပဏီရဲ့ ပိုက်ဆံက မိုးပေါ်ကျလာတယ်များ မင်း ထင်နေတာလား…”

“ အဲ့လောက်ကြီးလည်း ဒေါသထွက်မနေပါနဲ့ဦး… ဒါကို တစ်ချက်ကြည့်လိုက်ရင် ကိုယ့်လူ ဘယ်အခြေအနေရောက်နေလဲ နားလည်သွားလိမ့်မယ်…”

ရှဲ့တုံးလိုင် ဓာတ်ပုံ တစ်ထပ်ကြီးအား ပစ်ပေးလိုက်ပြီး မြောင်ချိန်မှ ကောက်ယူကြည့်လိုက်၏။

“ ကျုပ်တို့ဘက်က သူတို့နှစ်ယောက်ပုံကို အစအဆုံး သေချာလေး ရိုက်ထားတာ… ကျောက်ရှစ်ချီ အဲ့ကောင်ကို ကြည့်နေတဲ့ အကြည့်မျက်ဝန်းတွေများ ကြည့်စမ်းပါဦး… ဖိန်းဖိန်းတောက်လို့… အသီးဝယ်တဲ့သူနဲ့ လုံးဝ မတူဘူးနော်… ပြီးတော့ တစ်ကတ်တီ ယွမ် ၃,၀၀၀ နဲ့ ရောင်းတဲ့ အသီးကိုတောင် အများကြီး ဝယ်သွားပြီး ပိုက်ဆံလည်း မရှင်းသွားဘူး… နောက်တစ်ချက် …. အဲ့အသီးသည်က သိပ်ချောတယ်… ခင်များ မြင်တယ်မလား… တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက လုံးဝ သာမန်ရိုးကျ မဟုတ်ဘူးဆိုတာ ပြောလို့ရပါတယ်… နောက်ကွယ်မှာ ရှက်ဖို့ကောင်းတဲ့ ပတ်သက်ဆက်နွယ်မှု တစ်ချို့လည်း ရှိရင်ရှိနေမှာပေါ့… မဟုတ်ဘူးလား…”

ရှဲ့တုံးလိုင် သူ၏ ခုံနောက်သို့ မှီလိုက်ရင်း ဇိမ်ပြေနပြေဖြင့် ပြောပြလိုက်၏။

“ ဒါပေမယ့် အဲ့ကောင်ကြည့်ရတာ လူကောင်းတော့ ဟုတ်ဟန်မတူဘူး… ကျောက်ရှစ်ချီကို ဖြားယောင်းပြီးတော့ ညကျ တခြား မိန်းကလေး သုံးယောက်နဲ့ သွားတွေ့နေတယ်… ကျစ် ကျစ် ကျစ်… ဘယ်လိုတောင် မြာပွေတတ်တဲ့ လူချောလေးလဲ…”

မာလိပင်း လက်သီး ကျစ်ကျစ်ပါအောင် စိတ်ထဲတွင် လင်းရီ၏ ဘိုးဘေးဆယ့်ရှစ်ဆက်အား တရစပ် ကျိန်ဆဲနေတော့၏။

ဒါတွေ အားလုံး သူ့ကြောင့်ပဲ…

“ ဟဲဟဲ…” ရှဲ့တုံးလိုင် ကိုယ့်ကိုယ်ကို သဘောကျစွာဖြင့် ရယ်မောနေရင်းဖြင့် “ စဉ်စားကြည့်… ကျုပ်တို့သာ ကျောက်ရှစ်ချီက တခြား အမျိုးသမီး သုံးယောက်နဲ့ ယောက်ျားတစ်ယောက်ကို တိုက်ခိုက် လုယူနေရပါတယ်လို့ ရေးလိုက်မယ်ဆိုရင်……၊ ရလဒ်က ဘယ်လိုဖြစ်လာမလဲ…. ဒါ အသေးအမွှား ကိစ္စလေး မဟုတ်တော့ဘူးနော်…”

ဘန်း…

မြောင်ချိန် စားပွဲကို ဒေါသတကြီး လက်ဝါးဖြင့် ရိုက်၍ မတ်တပ်ရပ်လိုက်သည်။

“ မင်းမှာ ဘာသက်သေမှ မရှိဘူး… ဒါ အသရေဖျက် ပုတ်ခတ်နေတာ…”

“ ဟုတ်တယ်… ကျုပ်မှာ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေမရှိဘူး… ဒါပေမယ့် အင်တာနက်က သက်သေလိုလို့လား… ဖန်တွေ သူ့ဘာသူ စဉ်းစားကြလိမ့်မယ်… ကျုပ်တော့ဖြင့် သူတို့ရင်ထဲက ဖြူစင်တဲ့ နတ်သမီးလေး ပုံရိပ်ကို ဆက်မထိန်းနိုင်မှာတောင် ကြောက်မိတယ်.. ဒီပုံတွေက ယွမ် သန်း ၁၀၀ တန်တယ် မထင်ဘူးလား… ခင်များ စဉ်းစားနော်…” ရှဲ့တုံးလိုင် ပြောပြီးနောက် အတန်ငယ်ကြာအောင် ရပ်တန့်၍ “ သူ့ရဲ့ လက်ရှိ ကျော်ကြားမှုတွေနဲ့ဆိုရင် ဒီငွေလောက်လေးတော့ နှစ်ဝက်အတွင်း ပြန်ရှာပေးနိုင်ပါတယ်… ဘာလို့ ကပ်တွက်နေရတာ… တန်ပါတယ်ဗျ… မဟုတ်ဘူးလား…”

“ သန်း ၁၀၀ က သိပ်များလွန်းတယ်.. ငါတို့ မတတ်နိုင်ဘူး…”

“ အေးဆေး… အချိန်ယူပြီး စဉ်းစားလို့ရတယ်… ကျုပ်မှာ အပေါဆုံးက အားလပ်ချိန်ပဲ…”

“ မင်း…”

မြောင်ချိန် ဒေါသူပုန်ထသွားခဲ့သည်။ သူ့ကိုယ်သူလည်း လုံးလုံးလျားလျား အရေးမသာသည့် အခြေအနေတွင်းသို့ ရောက်ရှိနေကြောင်းကို သိသည်။

သူ့တွင် ညှိနှိုင်းနိုင်သည့် အခွင့်အရေး မရှိချေ။

“ ပမာဏက သိပ်များလွန်းတယ်… ငါ့မှာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး မရှိဘူး… ငါတို့ သူဌေးနဲ့ ဆွေးနွေးရဦးမှာ…”

“ ဒါပေါ့ ဒါပေါ့… ဆွေးနွေးရမှာပေါ့..” ရှဲ့တုံးလိုင် ရက်ရောစွာ ပြုံးပြလျက် “ ဒါပေမယ့် မြန်မြန်လေး လုပ်ရင် ကောင်းမယ်နော… အဲ့ဆောင်းပါးတွေ တအား ပျံ့သွားခဲ့ရင် ခင်များတို့အတွက်ပဲ အကျိုးမဲ့မှာ…”

“ ဟမ့်…”

မြောင်ချိန် အေးစက်စွာ နှာမှုတ်ထုတ်လျက် မာလိပင်းနှင့်အတူ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

သူ့ကားထံသို့ ပြန်လာခဲ့ပြီးနောက် မြောင်ချိန် သူဌေးဖြစ်သူထံ ဖုန်းဆက် တင်ပြလိုက်သည်။

“ ဥက္ကဌစွန်း… တစ်ဖက်သူက ယွမ် သန်း ၁၀၀ ပေးမှ ဖြုတ်ချပေးနိုင်မယ် ပြောတယ်… ညှိနှိုင်းလို့ လုံးဝ မရဘူး…”

“ သန်း ၁၀၀ လား….. ၊ ငါ စဉ်းစားပြီး ပြန်ဆက်သွယ်လိုက်မယ်…”

“ ဟုတ်ကဲ့…”

ဖုန်းချပြီးနောက် မြောင်ချိန် သူ၏ ကားခုံနောက်သို့ အလွန်အမင်း အကျည်းတန် ရုပ်ဆိုးသည့် အမူအရာဖြင့် မှီလိုက်၏။

“ ဒါရိုက်တာမြောင်… ရှစ်ချီက ခုဆိုရင် ဝေ့ပေါ်မှာ ပူပူနွေးနွေး ဆွေးနွေးလို့ကောင်းနေတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာနေပြီ.. ကျုပ်တို့ ဒီကိစ္စ မြန်မြန်ဖြေရှင်းမှ တော်ကာ ကျတော့မှာ… မဟုတ်ရင် ရှစ်ချီတော့ အဆုံးသတ်ပြီ…”

အကယ်၍ သာမန် အတင်းအဖျင်း ဆိုပါက ပြဿနာ မရှိသော်လည်းပဲ ပြဿနာက ကျောက်ရှစ်ချီ၏ အမူအရာပင်။ သူမ အပြုံးက ထိုခဏတွင် လဝန်းသော်တာထက်ကို လှပသည်ဟု ထင်ရ၏။

ထို ငနဲသားကလည်း သူမ၏ အသိဉာဏ်နည်းပါးသည့် တယူသန် ဖန်များရှေ့တွင် မားမားမတ်မတ် ရပ်တည် ကာကွယ်ပေးခဲ့သေးသည်။ အရာအားလုံးကို ဆက်စပ်ကြည့်လိုက်တော့ မှောင်ရိပ်ထဲတွင် ပုံမှန်မဟုတ်သည့် ဆက်ဆံရေးတို့ ရှိနေပါသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေလေသည်။

“ သိတယ်.. ငါလည်း အဖြေ စဉ်းစားနေတာပဲ…” မြောင်ချိန် အေးတိအေးစက် မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

“ ငိုးပဲ… ဘာရယ်မဟုတ်ဘူး… အဲ့ ခွေးသူတောင်းစားကြောင့် ဒီလိုတွေ ရှုပ်ထွေးလာတာ…”မာလိပင်း ဒေါသတကြီးဖြင့် “ ဒီကိစ္စ ပြီးသွားလို့ကတော့ ဒင်းကို ခြေထောက်သွားရိုက်ချိုးပစ်လိုက်ဦးမယ်…”

မာလိပင်း အင်မတန် ဒေါသထွက်နေရခြင်းကလည်း အကြောင်းအရင်း ရှိ၏။

သူက ပါမွှား မန်နေဂျာတစ်ဦး ဆိုသော်လည်းပဲ ကျောက်ရှစ်ချီ၏ ထင်ပေါ် ကျော်ကြားမှုဖြင့် ဆံဖြူတော်မှီ၍ ကြံစုပ်ခွင့်ရသည်။ အကယ်၍ ကျောက်ရှစ်ချီ၏ အသက်မွေးဝမ်းကြောင်းသာ အဆုံးသတ်သွားမည် ဆိုပါက သူလည်း မည်သည့် အကျိုးအမြတ်မျှ ရရှိမည် မဟုတ်တော့ချေ။

ဖြစ်နိုင်မည် ဆိုပါက သူ ယခုချက်ချင်းကို လင်းရီအနား သွားပြီး ဓားဖြင့် ဇွပ်ဇွပ်လိုက်ချင်သည်။

“ ငိုးတဲ့မှ…”

မြောင်ချိန် လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လျက် လက်မောင်းတင်သည့် နေရာကို ထုနှက်လိုက်သည်။ “ အဲ့တာ အဲ့ခွေးမသားကြောင့်…”

“ ဟင်…”

မာလိပင်းထံမှ ထောက်ခံသံ မကြားရဘဲ ရုတ်တရက် အာမေဋိတ်သံကိုသာလျှင် သူ ကြားလိုက်ရသည်။

“ ဘာဖြစ်တာလဲ…”

“ ဒါရိုက်တာမြောင်.. ရှေ့ကားထဲက ထွက်လာတဲ့ လူကိုကြည့်လိုက်… အဲ့တာ လင်းရီဆိုတဲ့ ကောင်မလား…”

“ တကယ်… မင်း လူမှားတာတော့ မဟုတ်ဘူးမလား…”

မြောင်ချိန် ကျောကို ဆတ်ခနဲ မတ်ရင်း လင်းရီကို ကြည့်လိုက်သည်။

“ တကယ်ကြီး သူ ဟုတ်တယ်…” မာလိပင်း ပြောလိုက်ပြီး “ ပြီးတော့ သူ့ဘေးက အမျိုးသမီးနှစ်ယောက်က ပုံထဲကလူတွေနဲ့ တထေရာတည်း…”

“ ချီးတဲ့မှ … ငါကတော့ သူ့ကို ရှာမတွေ့နိုင်မှာစိုးလို့ စိတ်ပူလိုက်ရတာ ဖြစ်ချင်တော့ သူကိုယ်တိုင်က ဒီရောက်လာခဲ့တာကိုး…” မြောင်ချိန် ပြောလိုက်ပြီး “ ကားထဲက ထွက်ပြီး တစ်ချက် သွားကြည့်ကြစို့..”

“ ကောင်းပြီ…”

နှစ်ယောက်သား ကားထဲမှ ထွက်၍ လင်းရီနှင့် ကျန်နှစ်ယောက်ထံ တန်းမတ်စွာ ဦးတည်လိုက်ကြ၏။

“ မင်းတို့ သုံးယောက် ... အဲ့မှာ ရပ်နေစမ်း…”

“ ကျုပ်တို့ကို ပြောနေတာလား…” လင်းရီ လှည့်ပြီး မေးမြန်းလိုက်၏။

“ ဟုတ်တယ်… မင်းတို့ကို ပြောနေတာ…”

မာလိပင်းမှ ခေါင်းဆောင်လုပ်၍ လင်းရီတို့ သုံးယောက်ရှေ့တွင် ရပ်တန့်လိုက်သည်။

ထို နှစ်ယောက်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီးနောက် လင်းရီမှ “ ကျုပ်တို့ အချင်းချင်း သိကြလို့လား.. မထင်ဘူးနော်…”

“ ငါက ကျောက်ရှစ်ချီရဲ့ မန်နေဂျာ…. ပြီးတော့ ဒါက ငါတို့ ကုမ္ပဏီရဲ့ ဒါရိုက်တာမြောင်… တစ်ဖက်လူက ဒိကိစ္စ ဖြေရှင်းပေးဖို့ကို ယွမ် သန်း ၁၀၀ တောင်းနေတာ အဲ့တာ အကုန် မင်းကြောင့်ပဲ…”

“ ဆိုတော့ ခင်များက ကျုပ် ခြေထောက်တွေ ချိုးချင်နေတဲ့ တစ်ယောက်ကိုး….” လင်းရီ ပြောလိုက်ပြီး “ သူ(မ)က ကျုပ်ဆီ အသီးလာဝယ်ရုံသပ်သပ်ပဲ… မကျေနပ်ဘူးဆိုလည်း သူ့ဆီ သွားလေ… နောက်ပြီး ကျုပ်ကို လက်ညိုးတထိုးထိုးနဲ့ စကား မပြောရင် ကောင်းမယ်…”

“ ငိုးမ မင်းကိုယ်မင်း ဘာကောင်ကြီးများ မှတ်နေလို့… ငါ မင်းကို ဒီလို ဒီလို ထိုး…. အာ့ အား….”

လင်းရီ မာလိပင်း၏ လက်ညိုးကို ဆွဲပြီး နောက်လှန်ပေးလိုက်၏။ သကောင့်သားမှာ နာကျင်မှုကြောင့် တွန့်လိမ်သွားပြီး နဖူးထက်မှ ချွေးအေးများ စီးကျလာလေတော့သည်။

“ ခွေးသား… ငါ့ကို လွှတ်…”

“ ခင်များ ပါးစပ်က မပြင်တတ်ဘူးပဲ…” လင်းရီ အားပိုထည့်လိုက်၏။

“ အား … မင်း အမေ အား.....”

“ သူ့ကို လွှတ်လိုက်စမ်း… မဟုတ်ရင် ငါ ရဲကို ဖုန်းဆက်လိုက်မယ်…” မြောင်ချိန် ဖုန်းကိုင်လျက် လင်းရီကို ခြိမ်းခြောက်လိုက်သည်။

ဝှစ်…

လင်းရီ လေကုန်ခံမနေဘဲ မြောင်ချိန်ဆိုသည့် ငနဲအား အလွင့်ကန်ပေးလိုက်၏။

“ ခင်များတို့ ကုမ္ပဏီက လူတွေက ဘာတွေလဲ… နားတွေ အလုပ်မလုပ်တော့တာလား… ဒါမှမဟုတ် သေချင်နေကြတာလား..”

All Chapters