ရှော့ခ်ရဖွယ် အထောက်အထား
Vol. 85 Ch. 1267
“ ကျုံးလျန် အုပ်စု…”
“ ပေါင်းလုံ အုပ်စု…”
“ လင်းယွင် အုပ်စု….”
ဤ ကုမ္ပဏီ သုံးခု၏ အမည်ကို ကြားတော့ အခန်းထဲရှိ လူတိုင်း ချွေးအေးစို့သွားခဲ့ကြသည်။
ကျုံးလျန် အုပ်စုဆိုသည်မှာ ဟွာရှ ကျောက်မီးသွေးနယ်ပယ်တွင် ဦးဆောင်သူများ ဖြစ်ကြ၏။
ပေါင်းလုံ အုပ်စု ဆိုသည်မှာ ဟွာရှ အင်ဖာစထရက်ချာ နယ်ပယ်၏ ဦးဆောင်သူများဖြစ်သည်။
လင်းယွင် အုပ်စုဆိုလျှင်လည်း တည်ထောင်ကာလ တစ်နှစ်ပင် မရှိသော်ငြား semiconductor နယ်ပယ်ကို လက်ဝါးကြီးအုပ် ကြီးစိုးထားနိုင်ကြ၏။
အရေးကြီးဆုံးကတော့ ဤကုမ္ပဏီကြီး သုံးခု၏ နောက်ခံက အားလုံးထက်ကို နက်ရှိုင်းနေခြင်းပင်။
သူတို့ထဲက မည်သူ တစ်ဦးတစ်ယောက်ပင်မဆို သူ၏ ကုမ္ပဏီလေးအား အမှုန့်ကြိတ်ပစ်လိုက်၍ရ၏။
ရှဲ့တုံးလိုင် ဒူးမခိုင်တော့ပဲ ကြမ်းပြင်သို့ ပုံလျက်သား လဲကျသွားခဲ့တော့သည်။
သူ … သူ တကယ်ကြီး ဒိတ်ဒိတ်ကျဲ ကုမ္ပဏီ သုံးခုကို တစ်ပြိုင်တည်း အပြစ်ပြုမိခဲ့သည်လော။
မြောင်ချိန်နှင့် မာလီပင်းတို့၏ မျက်နှာသည်လည်း ဖြူလျော်၍ အရုပ်ဆိုးနေခဲ့၏။
ငါတို့ ခုလေးတင် လင်းယွင် အုပ်စုရဲ့ ဥက္ကဌကို စော်ကား မော်ကား ပြောခဲ့ကြတာပေါ့… ဘုရား ဘုရား....
“ စိတ် … စိတ်အေးအေး ထားပေးကြပါ….”
ရှဲ့တုံးလိုင် ခက်ခက်ခဲခဲ တံတွေးမျိုချလျက် ပြောဆိုလိုက်ပြီး “ မင်းတို့ကောင်တွေ အင်အားကြီးတယ်ဆိုတာ ငါသိတယ်… ဒါပေမယ့် သူများ စီးပွားရေးကိုတော့ လာပြီး အနိုင်မကျင့်သင့်ဘူးမလား… ဒါက ငါတို့ အသက်ရှင်ဖို့ လုပ်နေရတာ… ဒီလိုလုပ်တာ တရားမလွန်ဘူး… မင်းတို့လည်း လွန်မယ် မကြံနဲ့…”
ချိုးယွီလော့ မျက်ခုံးပင့်၍ ရှဲ့တုံးလိုင်ကို ကြည့်လိုက်ပြီး “ ဒီလို အချိန်မျိုးမှာတောင် လက်မလျော့ချင်သေးဘူးပေါ့ ဟုတ်လား…”
“ ငါ လက်မလျော့တာ မဟုတ်ဘူး… ငါ အမှန်ကို ပြောနေတာ… ငါ့နှလုံးသားထဲက လာတဲ့ စကားမှန်တွေကို မင်းတို့သိအောင် ပြောနေတာ… ကိုယ်ကမှန်နေရင် ဘယ်သူ့မှ ကြောက်နေစရာ မလိုဘူး… ဟုတ်တယ်မလား…” ရှဲ့တုံးလိုင် ကတုန်ကယင် ဖြစ်နေသည့် သူ၏ လက်ဖြင့် နဖူးထက်ရှိ ချွေးအေးများအား သုတ်လိုက်ပြီး” အမှန်အတိုင်း ပြောရရင် ငါတို့ နာမည်ကြီး အများကြီးရဲ့ ဒိတ်တင် ပုံတွေ ရိုက်ဖူးတယ်… ချမ်းသာတဲ့ သူဌေးသားတွေရောပဲ… သူတို့ ဘယ်သူမှ အာဏာသုံးပြီး အနိုင်ကျင့်တာမျိုး မလုပ်ဘူး… ပိုက်ဆံပေးပြီးပဲ အေးဆေး ဖြုတ်ချခိုင်းသွားတာ… “
ရှဲ့တုံးလိုင် ထပ်မံ၍ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီး “ ဒီလိုဆိုရင်ကော.. ငါ ယွမ် ၁၀ သန်း မယူတော့ဘူး… ၂ သန်းဆိုရပြီ…. ၂ သန်းဆိုတာ မင်းတို့ဖို့လည်း ဘာမှ မပေါက်ပါဘူး… ဟုတ်တယ်ဟုတ်… ငါတို့က ပါပါရာဇီဆိုပေမယ့် ငါတို့လည်း လူမသိ သူမသိ ဓာတ်ပုံခိုးရိုက်ရတာ သိပ်ခက်ခဲတာ… ငါတို့ကြိုးစားမှုအတွက် ပိုက်ဆံနည်းနည်းတော့ ပေးသင့်တယ်…”
“ ကျုပ် သေမှာ မကြောက်တဲ့လူတွေနဲ့ အများကြီး ကြုံဖူးတယ်… ဒါပေမယ့် ခင်များလောက် သတ္တိကောင်းတဲ့ လူကိုတော့ မမြင်ဖူးသေးဘူး…” လင်းရီ ပြုံးလိုက်ပြီး “ အထင်ကြီးစရာပဲ…”
“ မင်း …. မင်း…. ဘာမှမလုပ်နဲ့… ငါ မင်းကို ပြောမယ်… ဒါ တရားဥပဒေနဲ့ မညီညွှတ်ဘူးဆိုတာ သိလား…” ရှဲ့တုံးလိုင် လင်းရီကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်ရင်း “ တိုက်တာခိုက်တာတွေဆိုတာ မကောင်းဘူး… ငါတို့ အကုန်လုံးက နိုင်ငံကြီးသားတွေ… ဟုတ်တယ် မဟုတ်ဘူးလား…”
ချိုးယွီလော့ ကျန်သူများကို ကျောပေးရင်း ရှဲ့တုံးလိုင်ထံ လှမ်းလာခဲ့ကာ “ ရှင်က ပိုက်ဆံ လိုချင်သေးတယ်ပေါ့ …”
“ စားဖို့သောက်ဖို့ နည်းနည်းလေး လိုချင်ရုံပါကွာ… ပါပါရာဇီဆိုရင်တောင်မှ ထမင်းစားဖို့ လိုသေးတယ်လေ…”
“ ဒါဆိုလည်း ဒီကို တစ်ချက်ကြည့်လိုက်… ဒါဖတ်ပြီးလို့မှ ပိုက်ဆံ လိုချင်နေသေးရင် ရှင် အဝစားလို့ရမယ့် နေရာတစ်ခု ပို့ပေးမယ်…”
ပြောပြီးနောက် ချိုးယွီလော့ သူမ၏ အိုင်ဒီကို ထုတ်၍ ရှဲ့တုံးလိုင်ထံ ပြလိုက်သည်။
ကျန်သူများကို ကျောပေးလျက်သား ဖြစ်နေသဖြင့် ရှဲ့တုံးလိုင်မှတပါး မည်သူကမျှ မဖတ်ရှုလိုက်နိုင်ခဲ့ပါချေ။
“ ဒါ …. ဒါက … ဂလု….”
ချိုးယွီလော့ လက်ထဲရှိ အနီရောင် အိုင်ဒီကို မြင်တော့ ရှဲ့တုံးလိုင် မျက်စိမှောက်သွားသလား ဟုတောင် ပြန်မေးယူမိသွားခဲ့သည်။
သူ… သူမက တကယ်ကြီး စစ်တပ် အကြီးအကဲ ဖြစ်နေတယ်….
ပြီးတော့ ဗိုလ် အဆင့်….။
“ မြင်လား…” ချိုးယွီလော့ သူမ၏ အိုင်ဒီကို ပြန်ယူလိုက်ပြီး “ သူတို့ဆီမှာလည်း တစ်ခုစီ ရှိတယ်… ရှင်ပိုက်ဆံ ဘယ်လောက် လိုချင်လဲ… စဉ်းစားကြည့်လိုက်…. ရှင် စဉ်းစားတတ်ပါတယ်… ကျွန်မတို့ သုံးယောက်ရဲ့ ဓာတ်ပုံကို ခုလို ရိုက်လိုက်တာက ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာ…”
“ ဟုတ် ဟုတ်… ကျွန်တော် သိပါတယ်....”
ရှဲ့တုံးလိုင် နောက်ကျောနှင့် နဖူးထက်တွင် ချွေးအေးတို့ စို့နေပြီး သူ၏ မျက်နှာမှာ ဇီးရွက်လေးလောက်သာလျှင် ကျန်တော့သည်။
သူ လက်ရှိ အခြေအနေကို ကောင်းစွာ မြင်နိုင်သွားပြီ ဖြစ်၏။ ဤလူ သုံးယောက်၏ အထောက်အထားဖြင့် ဆိုပါက သူ့ကို မိနစ်ပိုင်း အတွင်း ထောင်ချ၍ တခဏအတွင်း ကုမ္ပဏီကို ချိတ်ပိတ်ပစ်လိုက်၍ရသည်။
သူတို့နား ပိုက်ဆံရရန်ကို မဆိုထားနှင့်၊ သူ့ဘက်က ယွမ် ၁၀ သန်း ပြန်ပေးရမည် ဆိုလျှင်တောင်မှ သူ အတွန့်တက်မိလိမ့်မည် မဟုတ်ပေ။
မြောင်ချိန်နှင့် မာလီပင်းတို့ တံခါးဝနားတွင် ရပ်နေရင်းဖြင့် တစ်ဦးမျက်နှာ တစ်ဦး ကြည့်မိလိုက်ကြသည်။
သူတို့ ပဟေဠိဖြစ်နေခဲ့ကြ၏။ ရှဲ့တုံးလိုင် ဒီလို သရဲတဘက် မြင်လိုက်ရသလိုမျိုး ဖြစ်သွားအောင် ဟို အမျိုးသမီးက ဘာများ ပြလိုက်လို့ပါလိမ့်…..
“ ရှင် ဘာလုပ်ရမလဲ သိရင် ပြီးတာပါပဲ…”
ချိုးယွီလော့ ပြောလိုက်ပြီး “ ရှင့်ကို ဒီကိစ္စ မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းစေချင်တယ်… တကယ်လို့မှ မနက်ဖြန်ထိ အင်တာနက်ပေါ်ကနေ ပျောက်မသွားသေးဘူးဆိုရင် အကျိုးဆက်က ဘာဖြစ်မလဲ ဆိုတာ ရှင်သိပြီးသားပါ…”
“ ဟုတ် ဟုတ်… သိပါတယ်… ဘာလုပ်ရမလဲ သိပါတယ်…”
ချိုးယွီလော့ အခြား အပိုစကားများ ပြောမနေတော့ပဲ ကျန်နှစ်ယောက်ကို အကြည့်တစ်ချက် ပေးကာ ရှဲ့တုံးလိုင်၏ ကုမ္ပဏီထဲမှ ထွက်လာခဲ့ကြ၏။
“ ကျစ် ကျစ် … ငါတို့ရဲ့ အသင်းခေါင်းဆောင်ချိုးက သိပ် လွှမ်းမိုးနိုင်တယ်ဆိုတာ တစ်ဖက်လူမှာ လုံးဝ ပြားပြားကို ဝပ်လို့…” နင်ချဲ့ ရွှတ်တီးရွှတ်နောက် ပြောဆိုလိုက်၏။
“ ဒီလိုလူစားမျိုးတွေကို သင်ခန်းစာ တစ်ခုလောက်တော့ ပေးမှရမှာ…” ချိုးယွီလော့ ပြောလိုက်ပြီး “ ဒီလိုမျိုးတွေ လုပ်ပြီး ငွေရှာနေတာကြီးက အရမ်း တရားလွန်တယ်… တွေးကြည့်တာနဲ့တင် စိတ်ရှုပ်ဖို့ ကောင်းလွန်းလို့…”
“ ကဲပါ… စိတ်လျှော့လိုက်တော့.. ခု ဖြေရှင်းပြီးပြီမလား… စခန်း ပြန်ကြစို့…”
“ ဥက္ကဌလင်း…”
သုံးယောက်သား ကားထဲသို့ ဝင်တော့မည့် အချိန်မှာပဲ မြောင်ချိန်နှင့် မာလီပင်းတို့၏ နောက်မှ လှမ်းဟန့်တားခြင်းကို ခံလိုက်ရသည်။
“ ဘာကိစ္စတုန်း…”
နှစ်ယောက်မှာ ရှက်ကိုးရှက်ကန်း ပြုံးလျက် “ ဥက္ကဌလင်းအပေါ် ကျုပ်တို့ ခုနက ရိုင်းပြမိတာ ဗွေမယူပါနဲ့လို့ တောင်းပန်ချင်လို့ပါ…”
“ ကျုပ်တာ ခင်များတို့ကို ဗွေယူနေရင် ခုချိန်လောက်ဆို ICU ရောက်နေလောက်ပြီဆိုတာ သိထားလိုက်… ခု မရောက်သေးဘူးမလား…”
လင်းရီ လုံခြုံရေး ဝန်ထမ်းများအား သမနေသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်မိတော့ နှစ်ယောက်လုံး ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားခဲ့ကြပြီး အလျင်အမြန် တောင်းပန်လိုက်ကြသည်။
“ ဟုတ်တယ် ဟုတ်တယ်… ဥက္ကဌလင်းက သဘောထားကြီးတဲ့ လူပါ… ကျုပ်တို့ အဆင့်ရောက်အောင် နိမ့်ချဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ…” မြောင်ချိန် ပြောလိုက်ပြီး “ ဥက္ကဌလင်း.. ကျုပ်တို့က မှားယွင်းခဲ့တဲ့ လူတွေဆိုတော့ ဒီည ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့ ရနိုင်မလား မသိဘူး… မိန်းကလေး တို့နှစ်ယောက်လည်း မျက်နှာသာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ထိုအခိုက်အတန့်တွင်တော့ နှစ်ယောက်လုံးမှာ နောင်တတွေ တသီကြီး ပိုက်မိနေကြ၏။
အကယ်၍ လင်းရီတွင်သာ ထိုမျှ စွမ်းပကား ကြီးသည့် အထောက်အထား ရှိနေမှန်း သိခဲ့ပါက သူတို့ ယခု ကိစ္စတွင် အဘယ်ကြောင့် ဝင်ပါနေလိမ့်မည်နည်း။
ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ကောလဟာလ သတင်း ထွက်နိုင်သည် ဆိုသည်မှာ ကျောက်ရှစ်ချီအတွက် ဂုဏ်တက်ဖွယ်ရာပင်။
ယခုတော့ သူတို့မှာ လူပြက်ကြီးများကို ဖြစ်လို့..။
“ ကျုပ်တို့ မအားဘူး… ဒီတော့ စားမယ့် ကိစ္စ မေ့လိုက်ကြတာပေါ့…”
ပြောပြီးနောက် လင်းရီ ကားထဲသို့ ဝင်၍ ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းသို့ ပြန်ရန် ဟန်ပြင်လိုက်သည်။
သူတို့ စခန်းသို့ ပြန်ရောက်တော့ မွန်းလွဲ တစ်နာရီပင် ထိုးနေချေပြီ။
ဒုတိယနေ့၏ စမ်းသပ် လေ့ကျင့်မှုသည်လည်း ပြီးဆုံးသွားခဲ့ပြီး အသုံးပြုခဲ့သည့် ပစ္စည်း ပစ္စယတို့အားလည်း သိမ်းဆည်းပြီး ဖြစ်၏။
“ မင်းတို့ကောင်တွေ ဆောင်းပါး ကိစ္စဖြေရှင်းပြီးခဲ့ပြီပေါ့…” လျိုဟုန်မှ မေးမြန်းလိုက်၏။
“ အသင်းခေါင်းဆောင်ချိုးက လှုပ်ရှားပြီး အဲ့လူကို ဘောင်းဘီထဲ သေးကျမတတ် ခြောက်လန့်ပစ်လိုက်တယ်လေ… ကြည့်ရတာ တော်တော်ကိုမိုက်တယ်…”
“ ဖြေရှင်းပြီးပြီဆိုရင် ပြီးတာပဲ…” လျိုဟုန် ပြောလိုက်ပြီး “ မင်းတို့ရဲ့ အထောက်အထားတွေက သိပ်ကို ထူးခြားတယ်… လွယ်လွယ်ကူကူနဲ့ ဖော်ထုတ်လို့မရဘူး.. ဒီတစ်ခေါက်က ပါပါရာဇီလေးတင်မို့ ပြဿနာက သိပ်မရှိဘူး… တကယ်လို့ နိုင်ငံခြားက ထောက်လှမ်းရေးတွေနဲ့သာ ကြုံရင် မင်းတို့ အသက် အန္တရာယ် ရှိလာနိုင်တယ်…”
“ နားလည်ပါတယ်…”
လျိုဟုန် ခေါင်းညိမ့်လိုက်ပြီး စားပွဲပေါ်တင်ထားသည့် စမ်းသပ်မှု ရလဒ်ကို ပစ်ပေးလိုက်၏။
“ ဒီနေ့ result တွေပဲ… တစ်ချက်ကြည့်လိုက်.. အချိန်ကျရင် ငါ မင်းတို့ မေးလ်ထဲ ဆော့ဖ်ကော်ပီ ပို့ခိုင်းလိုက်မယ်…”
“ ဟုတ်ကဲ့…”
“ ပါးစပ်ကချည်း ဟုတ်ကဲ့ လုပ်မနေနဲ့… ဒီ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ငါမင်းတို့ အကုန်လုံးရဲ့ အမြင်ကို ကြားချင်တယ်…” လျိုဟုန်ပြောလိုက်ပြီး “ မင်းတို့က အသင်းခေါင်းဆောင်ဆိုတာနဲ့ပဲ တသီးတခြား အေးတိအေးစက်ကြီးတွေ လုပ်မနေကြနဲ့.. မင်းတို့ အကုန်လုံးက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အစိတ်အပိုင်းတွေ… ဒီနေရာကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားကြ…”
သုံးယောက်လုံး လျိုဟုန်ကို ပြိုင်တူကြည့်လိုက်ကြ၏။
ယင်းက ……
စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေသည့် ကလေးလေး တစ်ယောက်အား ကြည့်နေသည့် အကြည့်မျိုးပင်..။
အဟွတ် အဟွတ် အဟွတ်…
လျိုဟုန် အရှက်ပြေ လည်ချောင်းရှင်းလိုက်ရင်း “ အမ်…. အဟမ်း… အသုံးအနှုန်းက သိပ် အံမကိုက်ဘူး ဖြစ်သွားတယ်… မင်းတို့ကိုယ်မင်းတို့ အသင်းအပေါ် စိတ်နစ်မြုပ်ထားကြ လို့ ပြောရင် ပိုမှန်မယ်….”
“ ကျွန်မတို့ကို မေးနေလို့ မထူးဘူး… လင်းရီကိုသာ မေး…” နင်ချဲ့ပြောလိုက်၏။
“ မင်း ဘယ်လိုထင်လဲ…” လျိုဟုန် မေးမြန်းလိုက်သည်။
“ ကျိုးကြောင် ဆက်စပ် တွေးခေါ်မှု စမ်းသပ်တဲ့ အပိုင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်… ဒီအပိုင်းရဲ့ ခက်ခဲမှုကို ပိုပြီး တိုးသင့်တယ်…” လင်းရီ ပြန်ပြောလိုက်ပြီး “ ပြီးတော့ ကျုပ်တို့တွေ သရုပ်သကန် အခြေအနေ တစ်ချို့ ဖန်တီးပြီး အရေးကြုံလာရင် ထွက်ပေါ်လာတတ်တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး အဲ့ဒီထဲကမှ အကောင်းဆုံးကို ရွေးချယ်လို့ရတယ်… ကျန်တာကတော့ ပြောစရာမရှိဘူး.. “