← Chapters

ခေါင်းမာမှု

Vol. 85 Ch. 1268

ခေါင်းမာမှု

Vol. 85 Ch. 1268

“ မင်း ပြောတဲ့ ဒီနှစ်ချက်ကို ငါချမှတ်ထားမယ်… ပြီးရင် တတ်နိုင်သမျှ မြန်မြန် အကောင်အထည်ဖော်မယ်…” လျိုဟုန် ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ တည်ရှိလာတာ နှစ်ပေါင်း မနည်းတော့ဘူး… ခုတော့ အတွင်းပိုင်း ပြောင်းလဲမှု တစ်ချို့ လုပ်ရမယ့် အချိန်ပဲ…”

“ အဲ့ဒါ ခင်များရဲ့ ကိစ္စ… ကျုပ် ဝင်မပါချင်ဘူး…” လင်းရီ အညောင်းဆန့်လျက် “ တခြား ဘာမှ မရှိဘူးဆိုရင် ကျုပ် ကျိုးဟိုင်ကို ပြန်ပြီ…”

“ မင်း ကျိုးဟိုင် ပြန်မယ်ဆိုတာက ဘာပြောချင်တာ…” လျိုဟုန် မျက်နှာကြီးရှုံ့မဲ့နေပြီးတော့မှ “ လူရွေးပွဲပြီးလို့ လုပ်စရာတွေက အများကြီး ကျန်သေးတယ်… နောက်ပြီး မင်းက အသင်း ၁ ရဲ့ အသင်းခေါင်းဆောင်… ဒီတော့ လူရွေးပွဲပြီးလို့ မင်း လုပ်ဖို့ လိုအပ်တာတွေ ရှိသေးတယ်…. သုံးလေးရက်လောက် ထပ်နေဦး…”

“ ကျုပ် ဇနီးက ကျိုးဟိုင်မှာ မျှော်နေပြီ… ကျုပ် သူ့ကို မတရား လွမ်းလှပြီ…”

“ မင်း ဘယ်လိုကောင်စားတုန်း ငါမသိဘူးများ ထင်နေလား… မင်း ဒီလောက် ပြန်ဖို့ လောနေတာ သေချာပေါက် ကောင်းတဲ့ ရည်ရွယ်ချက်နဲ့တော့ ဟုတ်မှာ မဟုတ်ဘူး…”

“ သွေးသားလိုအပ်ချက်လေ… ခင်များလို လေးဆယ်ကျော် အဘိုးကြီးတွေနဲ့တော့ ဘယ်တူမှာလဲ…”

“ ပေါက်တတ်ကရတွေ လာပြောမနေနဲ့… ဒီကိစ္စက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဖြေရှင်းလိုက်လို့ရတယ်… ဘာလို့ အဲ့လောက်ထိ ပြန်ချင်ဇော ကြီးနေရတာ… ဘာလဲ… နင်ချဲ့က မင်းဖို့ မလုံလောက်တော့လို့လား…”

နင်ချဲ့ “ ??? “

ငါက ဘာလို့ ရုတ်တရက်ကြီး ဒီထဲ ဆွဲထည့်ခံနေရတာ…

ငါသူနဲ့ တစ်ခါမှလည်း ဇာတ်လမ်း မရှုပ်ခဲ့ပါဘူး…

“ ကောင်းပြီ… ခင်များက အဲ့လောက်ပြောနေမှတော့ ကျုပ် ရက်နည်းနည်းလောက် ထပ်နေသွားလိုက်မယ်…”

ကလင် ကလင် ကလင်…

လင်းရီ ပြန်ပြီး နားတော့မည့် အချိန်တွင်ပဲ သူ့အိတ်ကပ်ထဲရှိ ဖုန်းမှာ အသံမြည်လာခဲ့သည်။ ယင်းက အမည်မသိ နံပါတ်တစ်ခုပင်။

“ ဟယ်လို…”

“ ဟယ်လို မစ္စတာလင်း… ကျွန်မ ကျောက်ရှစ်ချီလေ… ကျွန်မ ရှင့်နံပါတ်ကို ဒါရိုက်တာရန်ဆီကနေ ရခဲ့တာ…”

“ ဪ……”

လင်းရီ နားလည်သွားဟန် ပြုလိုက်ပြီး “ အင်း .. ဘာကိစ္စလဲ…”

“ အဲ့ဒါက…”

ကျောက်ရှစ်ချီ တစ်စုံတစ်ရာ ပြောလိုက်ချင်သော်လည်း အနည်းငယ် တုံ့ဆိုင်းနေမိ၏။ အတန်ငယ်ကြာအောင် တီးတိုးရေရွတ်နေပြီးတော့မှ “ ပါပါရာဇီတွေက ရှင့် ဓာတ်ပုံကို ခိုးရိုက်ပြီး ရှင့်ကို ပြဿနာ အများကြီး တက်သွားစေခဲ့တယ်… ကျွန်မ တောင်းပန်တဲ့ အနေနဲ့ ထမင်း တစ်နပ်လောက် ဖိတ်ကျွေးချင်လို့…”

“ ဒါ မင်း ကုမ္ပဏီက စီစဉ်လိုက်တာမလား…”

ကျောက်ရှစ်ချီ စကား အနည်းငယ် အထစ်သွားခဲ့ပြီး “ ကုမ္ပဏီက တကယ်ပဲ အဲ့လိုလုပ်ဖို့ ပြောတယ်… ဒါပေမယ့် … ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ရှင် ကျွန်မကို ကူညီပေးလိုက်တာ အမှန်ပဲလေ… ဒီအတွက် ကျေးဇူးတင်ရမှာပဲ… ဟီးဟီး .... ရှင့်ကို ထမင်းတစ်နပ်လောက် ဧည့်ခံချင်တာ ပြဿနာ မရှိဘူးမလား…”

လင်းရီ သူ့နာရီကို တစ်ချက် ငုံ့ကြည့်ရင်း “ အင်း… ထမင်းတစ်နပ်လောက်ကတော့ အဆင်ပြေပါတယ်… ဒါပေမယ့် မနေ့ကလို့တော့ ထပ်မဖြစ်စေနဲ့နော်…”

“ စိတ်ချ မစ္စတာလင်း… နောက်တစ်ကြိမ် ထပ်မဖြစ်စေရဘူး… ရှင့်ကို အကောင်းဆုံး ကာကွယ်ပေးသွားမယ်…”

“ ကောင်းပြီ… အချိန်နဲ့ နေရာကိုတော့ မင်း စိတ်ကြိုက်သာဆုံးဖြတ်.. ပြီးမှ ငါ့ဖုန်းထဲ စာပို့ထားလိုက်..”

မကြာမီ ကျောက်ရှစ်ချီမှ အချိန်နှင့် နေရာကို လင်းရီထံ ပို့လာခဲ့သည်။

ထမင်းစားမည့် အချိန်က ညနေငါးနာရီဝန်းကျင် ဖြစ်ပြီး တည်နေရာကတော့ နည်းနည်းလေး ဝေးလံသည်။ ယင်းက စီဘီဒီ ဧရိယာ အတွင်း၌ မတည်ရှိချေ။

ညနေခင်းတွင် အစီအစဉ်တစ်ခု ရှိလာပြီ ဖြစ်သဖြင့် လင်းရီ ကျုံးဝေ့တပ်ဖွဲ့တွင် ရှည်ကြာစွာ ထပ်မနေတော့ချေ။ သူ ဟိုတယ်သို့ ပြန်၍ ရေမိုးချိုး ကိုယ်လက်သန့်စင် ပြုလုပ်လိုက်သည်။ ထို့နောက် အဝတ်အစားများလဲပြု၊ ဇနီးဖြစ်သူနှင့် ဖုန်းခဏပြောလိုက်၏။

ယခုလို ပြုလုပ်သည်က အချိန်ကို ကုန်ဆုံးစေရန်အတွက် ကောင်းမွန်သည့် နည်းလမ်းတစ်ခုဟု သူထင်မှတ်ထားခဲ့သော်လည်း စိတ်ဝင်စားဖို့ကောင်းသည့် တစ်စုံတစ်ရာက စတင် ဖြစ်ပျက်လာခဲ့လေသည်။

Semiconductor ညီလာခံက ရန်ကျင်းတွင် ကျင်းပမည်ဆိုပင်။

ထို့ပြင် ယင်းက နိုင်ငံတကာ ညီလာခံလည်း ဖြစ်နေသေး၏။ သူတော့ ဂျက်ပေါ့ထိသည်ဟုပင် သတ်မှတ်၍ရသည်။

သို့သော်လည်း လင်းရီ ထိုကိစ္စကို တရားလွန်ကြီး အရေးတယူ ပြုမနေချေ။ သူ့ကုမ္ပဏီတွင် ထို ညီလာခံ တက်ရောက်ရန် အရည်အချင်းပြည့်မှီသူ များစွာရှိပြီး သူတစ်ဦးတည်းက ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ရန် မလိုအပ်ချေ။

အကယ်၍ သူ့အား လိုအပ်သည်ဆိုပါကလည်း ချီရှန်းကျောက်တို့မှ သူ့ထံ ဖုန်းဆက် အကြောင်းကြားပြီး ဖြစ်လောက်၏။ သို့သော် ၎င်းတို့ထံမှ ယခုတိုင် မည်သည့်သတင်းမျှ မကြားရသေးချေ။

ကျီချင်းရန်နှင့် ခေတ္တမျှ စကားပြောပြီးနောက် လင်းရီ ဖုန်းချ၍ ချိန်းဆိုထားသည့် ညစာအတွက် အပြင်သို့ ထွက်လာခဲ့သည်။

ကျောက်ရှစ်ချီ ရွေးချယ်ထားသည့် နေရာက ရန်ကျင်း၏ ငါးခုမြောက် အဝိုင်းလမ်း၊ မြို့ပြင် မကျတကျ နေရာတွင်ဖြစ်၏။ သို့သော်လည်းပဲ ဤနေရာရှိ အိမ်များက ဈေးတော့ မသေး။ တစ်လုံးလျှင် ယွမ် သန်း အနည်းငယ် ရှိ၏။ သာမန်လူများ အဖို့တော့ ဤနေရာက အနားယူလို့ ကောင်းမည့် အိမ်ယာများပင်။

စားသောက်ဆိုင်၏ အမည်က “ The Wizard of Oz” ဖြစ်၏။ ယင်းက အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်ပင်။

အတွင်းရှိ ပတ်ဝန်းကျင်က ဆိတ်ငြိမ်အေးချမ်း၍ အလယ်ခေတ်ဟောင်းပုံစံ ဆင်ယင်ထားသဖြင့် ခမ်းနားသည်ဟူသော ခံစားချက်မျိုးအား ရရှိစေသည်။ သို့သော် အတွင်းတွင်တော့ လူသူ ကင်းမဲ့လို့နေသည်။ ကြည့်ရသည်မှာတော့ နေရာတစ်ခုလုံးကို ဘွတ်ကင်ယူထားခဲ့ပုံရ၏။

“ မစ္စတာလင်း… ရောက်လာပြီလား..”

လင်းရီ တံခါးဝသို့ ရောက်သည့် အချိန်တွင်ပဲ ကျောက်ရှစ်ချီ အတွင်းထဲမှ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ကျောက်ရှစ်ချီ ယနေ့ည ဝတ်ဆင်ထားသည်က မျက်စိအမြင် ဖမ်းစားဖွယ်ရာပင်။

သူမက အနက်ရောင် tube top dress ကို ဝတ်ဆင်ထားပြီး အနေတော် တင်းရင်းနေသည့် ရင်နှင့် ဖြူဖွေးသည့် ပခုံးသားလေးများအား အထင်းသား မြင်နေရသည်။ ဤဝတ်စုံနှင့် သူမသည် အထူးတလှယ်ကို ဆွဲဆောင်မှု ရှိနေတော့၏။

“ ငါ နောက်ကျသွားပြီလား… မနောက်ကျပါဘူး…”

“ ဟင့်အင်း… ကျွန်မကိုက စောရောက်နေတာ…”

ကျောက်ရှစ်ချီ လင်းရီကို အထဲသို့ ဝင်ရန် လက်ဟန်ပြုလိုက်သည်။

လင်းရီ ထင်မှတ်ထားသည့်အတိုင်း နေရာတစ်ခုလုံးကို ငှားရမ်းထားခြင်းဖြစ်၏။

သို့ဖြစ်ရာ သူ ဟင်းပွဲများကို ပေါ့ပေါ့ပါးပါးသာ မှာယူ၍ စားသောက်ရန် ဟန်ပြင်လိုက်သည်။

“ မစ္စတာလင်း… အဲ့ဒီအတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်… မဟုတ်ရင် ကျွန်မတို့ဖြင့် ဘယ်လို ဖြေရှင်းရမလဲတောင် မသိတော့ဘူး..” ကျောက်ရှစ်ချီ ဖန်ခွက်ကို ကိုင်မြှောက်လျက် ပြောလိုက်သည်။

“ ငါလည်း ထွေထူးသိပ်မလုပ်လိုက်ရပါဘူး… ငါ့ မိတ်ဆွေ နှစ်ယောက်ကပဲ အဓိက လုပ်သွားခဲ့တာ…”

“ ကျွန်မ အမှားကြောင့်ပါပဲ… ရှင်တို့အားလုံးကို ဝင်ပြီး ပတ်သက်စေမိတယ်…. ဒီတစ်ခွက်ကို ရှင့်ဖို့ သောက်ပေးမယ်နော်…”

“ အသေးမွှားလေးပါ… ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူး..”

“ မစ္စတာလင်း… ကျွန်မ သိပ် သိချင်မိတာ ရှင်က လင်းယွင်အုပ်စုရဲ့ ဥက္ကဌကြီး ဖြစ်နေလျက်သားနဲ့ ဘာလို့ ဟွမ်ရှီး ကျေးရွာမှာ နေနေရတာလဲ…”

“ ငါ့စိတ်အကျင့်ကို ကျင့်ကြံနေတယ်လို့ ပြောရင် မင်းယုံမှာလား…”

“ ယုံမယ်…”

လင်းရီ “ ….. “

“ အွန်လိုင်းပေါ်က မကောင်းသတင်းတွေ အကုန် ဖယ်ရှားခံလိုက်ရပြီလား…” လင်းရီ ခေါင်းစဉ်ပြောင်းလိုက်သည်။ ထို့ပြင် ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ ဤကိစ္စကို တော်တော်လေး သတိထားနေကြလေသည်။

“ ကျွန်မ ကြားတာတော့ တော်တော်လေး ကရိကထ များတယ်တဲ့…” ကျောက်ရှစ်ချီ စိတ်ကြောင့်ကြနေဟန်ဖြင့် “ ပင်လယ်ငါး မီဒီယာ အပြင်ကို တခြားလူတွေကလည်း ကျွန်မတို့ရဲ့ ပုံတွေကို ရည်ရွယ်ချက် ကိုယ်စီနဲ့ အသုံးပြုနေကြတာ… ဒါပေမယ့် သူတို့ကိုတော့ စုံစမ်းနေစဲပါပဲ…”

“ ဟမ်…. ဒီလို အချိန်မျိုးမှာတောင် ခေါင်းမာတဲ့ လူတချို့က ရှိသေးတယ်ပေါ့…. “ လင်းရီ ခေါင်းမော့လိုက်ပြီး “ ဘယ်သူလဲ မင်းသိလား…”

“ သူတို့ကို တွေ့တော့ မတွေ့သေးဘူး… ဒါပေမယ့် သံသယ ဝင်မိတဲ့သူတော့ ရှိတယ်…”

“ ဘယ်သူလဲ…”

လင်းရီ အမဲကင် တစ်ဖဲ့အား လှီးယူလိုက်ပြီး ဖြေးညင်းစွာ မေးလိုက်၏။

“ ကျွန်မကတော့ ရှင်းချီ ဖျော်ဖြေရေး ကုမ္ပဏီက လင်းဇီရီ လို့ ခန့်မှန်းထားတယ်… နောက်လဆိုရင် ဒါရိုက်တာလီရဲ့ ဇာတ်ကားအသစ်က စရိုက်တော့မှာ… ဒါပေမယ့် အမျိုးသမီး အဓိက ဇာတ်ဆောင်ကို ခုထိ မဆုံးဖြတ်ရသေးဘူး… အဲ့ဒီမှာ ကျွန်မက သူ့ရဲ့ အဓိက ပြိုင်ဘက်…. ဒီကိစ္စကို အသုံးချပြီး ဒါရိုက်တာရဲ့ လူရွေးချယ်မှုမှာ လွှမ်းမိုးမှုတစ်ချို့ ယူချင်နေတယ်လို့ ထင်တယ်…”

“ လက်စသတ်တော့ အဲ့လိုကိုး… ငါ သဘောပေါက်ပြီ…” လင်းရီ သူ့ဖုန်းကို လှမ်းကိုင်ရင်းဖြင့် ပြောလိုက်၏။

……………..

ရှင်းချီ ဖျော်ဖြေရေး ကုမ္ပဏီ၊ အထွေထွေ မန်နေဂျာ ရုံးခန်း။

ရုံးခန်းထဲတွင် လူနှစ်ယောက် ထိုင်နေလျက်သား ရှိ၏။ စားပွဲတွင် ထိုင်နေသည့် အမျိုးသားမှာ အသက် လေးဆယ် အရွယ် ရှိနေချေပြီ။

သူက အဖြူရောင်ရှပ်ကို ဝတ်ဆင်ထားပြီး အင်္ကျီချိတ်သည့် တိုင်တွင်တော့ ကုတ် တစ်ထည် ချိတ်ဆွဲထား၏။ လက်ထဲတွင် ဆေးလိပ်တို တစ်တိုကို ဖွာနေရင်း သူမတူ တမူထူးခြားစွာ စတိုင်ကျနေလေသည်။

သူ၏ နာမည်က မုန့်ဝေ့ ဖြစ်ပြီး ရှင်းချီ ဖျော်ဖြေရေး ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ တစ်ယောက်ပင်။

ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသည့် ငယ်ရွယ်ပျိုမြစ်သည့် မိန်းမလှလေး တစ်ဦးလည်း ရှိသည်။ သူမ၏ အရွယ်က နှစ်ဆယ် အစိတ် ဝန်းကျင်ပင်။ ဆံနွယ်တို့က သဘာဝအလျောက် နက်မှောင်နေရင်း မိတ်ကပ် တစ်စုံတစ်ရာကိုလည်း ခြယ်သထားခြင်း မပြု။ သွယ်လျပါသည် ဆိုသည့် ခြေတံတို့ကို ဘယ်ပေါ်ညာချိတ်ထားသည်မှာ အထူးတလှယ်ကို မျက်စိဖမ်းစားထားနိုင်လွန်းလှ၏။

အမျိုးသမီး၏ နာမည်ကတော့ လင်းဇီရီပင်။ ကျောက်ရှစ်ချီကဲ့သို့ သူမသည်လည်း လက်ရှိတွင် A အဆင့် အနုပညာရှင် တစ်ယောက်ဖြစ်၏။

သူမ အဘယ်ကြောင့် ပွဲထွက်နိုင်ရသလဲ ဆိုတာကတော့ အတိတ်တွင်တုန်းက ကျိုးဟိုင် ဒရာမာ အကယ်ဒမီရှေ့တွင် လက်ရှိ မုန့်ဝေ့ဆိုသူနှင့် ထမင်း အတူ စားဖူးသောကြောင့်ဖြစ်၏။ ထိုစဉ်တုန်းက တစ်ဖက်သူမှာ မရည်ရွယ်ဘဲနှင့် သူမကို ရှင်းချီ ဖျော်ဖြေရေး ကုမ္ပဏီသို့ ဖိတ်ကြားခဲ့၏။

လင်းဇီရီမှာ လူတကာ၏ မျှော်လင့်ချက်နှင့်အညီ နေထိုင်ရင်း သုံးနှစ်ဆိုသည့် တိုတောင်းသည့် ကာလအတွင်းမှာပဲ A အဆင့် အနုပညာရှင် တစ်ယောက် ဖြစ်လာခဲ့ကာ ရှင်းချီ ဖျော်ဖြေရေးကုမ္ပဏီ၏ ရွှေဥ ဥပေးသည့် ငန်းမလေးတစ်ကောင် ဖြစ်လာခဲ့လေတော့သည်။

“ အဲ့ ပါပါရာဇီတွေက ဘာတွေ ကြောင်နေကြတာ… ဒီကောင်တွေ တကယ်ကြီး သတင်းတွေကို ပြန်ဖြုတ်လိုက်ကြတယ်… “

မုန့်ဝေ ဆေးလိပ်သောက်ရင်း လက်တစ်ဖက်က သူ၏ ကွန်ပျူတာပေါ်ရှိ သတင်းများအား အပေါ်အောက် ပွတ်ဆွဲနေလေသည်။

“ ကျောက်ရှစ်ချီ သူတို့ကို ပေးလိုက်တာပဲ ဖြစ်ရမယ်… မဟုတ်ရင် ရေပန်းစားတဲ့ ရှာဖွေမှုထဲကနေ ပျောက်ကွယ်ထားမှာ မဟုတ်ဘူး…” လင်းဇီရီ ပြောလိုက်၏။

“ ကံကောင်းချင်တော့ ငါက ဒီလို ဖြစ်မှာကို ကြိုမြင်ပြီး ဒီကိစ္စကို အရှိန်ကောင်းအောင် လုပ်ခိုင်းထားလိုက်တယ်…”

လင်းဇီရီ ရယ်မောလျက် “ ဒီကိစ္စတွေက ဆက်ပြီး အရေးမပါတော့ဘူး… ဒါရိုက်တာလီ ခုလေးတင် ကျွန်မဆီ ဖုန်းဆက်လာပြီး ခေါင်းဆောင် မင်းသမီး လုပ်ဖို့ ပြောလာခဲ့တယ်… ကျောက်ရှစ်ချီ အပြောခံနေရတော့လည်း ကောင်းတာပေါ့… မခံရလည်း ကိစ္စ မရှိပါဘူး… ဘာပဲ ပြောပြော ကျွန်မက ဒါရိုက်တာလီရဲ့ ဇာတ်ကားထဲမှာ ပါဝင်ခွင့် ရနေပြီလေ… ကျွန်မရဲ့ ဂုဏ်သတင်းသာ နည်းနည်းလေး တိုးလာခဲ့မယ်ဆိုရင် အဲ့ကောင်မကို ဖိနှိပ်ထားလို့ ရပြီ…”

“ သေချာပေါက်ပဲ… ဒါရိုက်တာလီဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းကတောင် အသိအမှတ် ပြုထားတဲ့လူ… သူ့ ဇာတ်ကားမှာ ဇာတ်ကောင်တစ်နေရာ ရရင် ဒီနှစ် အကောင်းဆုံး သရုပ်ဆောင် ဆု ရဖို့လည်း သေချာသွားပြီ… မုန့်ဝေ ပြောလိုက်ပြီး “ အဲ့ခါကျရင် မင်းကောင်းကောင်းလုပ်….”

“ စိတ်ချပါ… ကျွန်မ ဘာလုပ်ရမလဲ သိပါတယ်…”

ကလင် ကလင် ကလင်…

“ ဟင်… ဒါရိုက်တာလီ ဖုန်းဆက်လာတယ်… ဇာတ်ကားအကြောင်း ပြောချင်လို့လားမသိဘူး…”

All Chapters