အစစ်အမှန် နတ်ဘုရားတပါးအား ပြစ်မှားလိုက်မိသလို
Vol. 85 Ch. 1269
“ မြန်မြန် ကိုင်လိုက်… ဒါရိုက်တာလီ ဘာပြောလဲ ငါကြားချင်တယ်…”
လင်းဇီရီ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေမိပြီး “ ကျွန်မတို့ ဖုန်းပြောပြီးတာ နာရီဝက်တောင် မကြာသေးဘူး… အခု ဖုန်းပြန်ခေါ်လာပြန်ပြီ… သူ တခြား ကိစ္စ ပြောချင်နေတာများ ဖြစ်နိုင်လောက်လား…”
“ ဟင်… ဘာများ ပြောလာနိုင်မှာမို့လို့…”
“ မပြောဘဲ သိရတဲ့ စည်းမျဉ်းပေါ့…”
မုန့်ဝေ့ အတန်ငယ်ကြာအောင် အတွေးနက်နေပြီး “ ဒါ ဖြစ်နိုင်ပါတယ်… ဘာပဲ ပြောပြော အဲ့တာက ဖျော်ဖြေရေး နယ်ပယ်မှာ အပြန်အလှန် နားလည်မှုနဲ့ အလုပ်လုပ်နေကြတာပဲလေ…”
“ အဲ့လိုဖြစ်လာပါပြီရဲ့ဆို ဘယ်လိုလုပ်မလဲ…”
“ ရှင်းနေတာပဲ… တကယ်လို့ သူက အဲ့တာကို လိုချင်တယ်ဆို မင်း သဘောတူရမှာပေါ့… ဖျော်ဖြေရေး နယ်ပယ်ထဲက သူ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းနဲ့ဆိုရင် မင်းအပေါ် အဲ့လို အတွေးမျိုး ရှိတာ ကောင်းချီးပေးတာပဲ…”
“ ရှင် စိတ်မရှိရင် ပြီးတာပဲ…”
“ ဘယ်တတ်နိုင်မှာ… နာကျင်ပင်မယ့်လည်း ခံနိုင်ရမှာပေါ့…”
လင်းဇီရီ အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်ကာ ဖုန်းခေါ်ဆိုလာမှုကို ဖြေလိုက်သည်။
မုန့်ဝေ့လည်း ကြားနိုင်ရန်အတွက် သူမ စပီကာကို ဖွင့်ထားလိုက်၏။
“ ဟဲလို ဒါရိုက်တာလီ… ကျွန်မကို ရှာနေတယ်…"
လင်းဇီရီ ချစ်စဖွယ် ချိုသာသည့် အသံဖြင့် ပြောလိုက်ရင်း “ တုံးတန်းမှာ ဟော့ပေါ့ဆိုင်သစ် ရှိတယ် ကြားတယ်… ခုလေးတင် ရှင့်ကို ကျေးဇူးတင်တဲ့ အနေနဲ့ ထမင်း ဖိတ်ကျွေးတော့မလို့ပဲ…”
“ ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး… ငါ ဘာမှလုပ်ပေးထားတာလည်း မရှိဘူး…” လီဝန်ယွမ် ပြောလာခဲ့ပြီး “ ငါ မင်းကို ဖုန်းဆက်လာတယ်ဆိုတာ ငါ့ ဇာတ်ကားအသစ်မှာ မင်းကို မင်းသမီးနေရာ မပေးနိုင်တော့ကြောင်း ပြောချင်လို့ပဲ… စိတ်တော့ မကောင်းပါဘူးကွာ… ငါ မင်းကို ခုထိ စာချုပ်လည်း မပို့ရသေးဘူးဆိုတော့ ငါတို့ အရင် သဘောတူခဲ့တာက စကားသပ်သပ်တည်းရယ်…”
“ ဘယ်လို…. ရှင် ကျွန်မကို မသုံးတော့ဘူးပေါ့…”
ဤသတင်းကြီးက သူတို့နှစ်ယောက်ထံသို့ လက်ပစ်ဗုံး ပစ်ကျလာသည့်နှယ်ပင်။
အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာသေးချေ။
နာရီဝက်အကြာကပဲ ကျောက်ရှစ်ချီမှာ ကောလဟာလများဖြင့် ကျော်စောနေပြီး သူမလိုလူနှင့် အတူဆက်မလုပ်နိုင်တော့ကြောင်း ၊ ထိုအစား သူမ လင်းဇီရီကို နောက်လာမည့် ဇာတ်ကားသစ်တွင် အသုံးပြုချင်ကြောင်း ဖုန်းဆက်ပြောလာခဲ့၏။
သို့သော် ယခု အဘယ်ကြောင့် ထိုမျှ စိတ်အပြောင်းအလဲ မြန်ဆန်သွားရသနည်း။
“ ဒါရိုက်တာလီ…. ဒီ role ကို သရုပ်ဆောင်ဖို့ နယ်ပယ်တစ်ခုလုံးမှာ ကျွန်မထက်ပိုပြီး သင့်လျော်တဲ့လူ မရှိဘူးနော်… တခြား တစ်ယောက်ကို သုံးလိုက်မယ်ဆိုရင် ဇာတ်ကားအပေါ် ထိခိုက်လာနိုင်တယ်…”
“ ငါ့ကို လာနောက်နေတာလား… ကျောက်ရှစ်ချီက မင်းလောက် မတော်ဘူးဆိုတာ ငါ မယုံဘူး…”
“ ကျောက်ရှစ်ချီက မကောင်းသတင်းနဲ့ ကျော်စောနေတာ မဟုတ်ဘူးလား… ခုနကတင် ရှင်ပြောတော့ သူ့ကို မသုံးချင်တော့ဘူးဆို… ရှင်ဘာလို့…”
“ အဲ့တာ ခုနတုန်းက.. အခုက အခု… ဘာကြောင့်လဲ ဆိုတာကတော့ မင်းဘာမင်း သိမှာပေါ့..”
ထိုသို့ ပြောပြီးသည့်နောက် လီဝန်ယွမ် ဖုန်းချသွားခဲ့သည်။
လင်းဇီရီနှင့် မုန့်ဝေ့တို့ အံ့အားသင့်မှု အပြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဘာဖြစ်နေသလဲဆိုတာ သူတို့ လိုက်မမှီကြတော့ချေ။
မုန့်ဝေ့၏ နက်မှောင်သည့် မျက်ခုံးနှစ်ခုတို့ တင်းကြုတ်သွားခဲ့သည်။
ဖုန်းကောလ် နှစ်ခုက နာရီဝက်မျှသာလျှင် ခြားသည်။ ထိုအတောအတွင်း လင်းဇီရီမှာ သူနှင့် အတူ ရှိနေပြီး ဘာမျှလည်း မပြုလုပ်မိချေ။ သူမ လင်းဝန်ယွမ်ကို အပြစ်ပြုမိဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့ဆိုလျှင် သူမ အဘယ်ကြောင့် သူမ role ကို ဆုံးရှုံးလိုက်ရသနည်း။
“ အစ်ကိုမုန့်…. အခု ဘာတွေ ဖြစ်နေတာလဲ… သူက ဘာလို့ ကျောက်ရှစ်ချီကို ပြန်သုံးချင်နေရတာ… တစ်ခုခုတော့ ဖြစ်နေရမယ်…”
“ ဒီလောက်ထိ နာမည်ပျက်နေတာတောင် ဒါရိုက်တာလီက သူ့ကို သုံးချင်နေသေးတယ်ဆိုတော့ သူ သုံးချင်နေရတဲ့ အကြောင်းပြချက်ဆိုတာလည်း ရှိရမယ်…”
လင်းရီဇီ စိတ်သောက ရောက်သွားခဲ့ပြီး “ မြန်မြန် ဖြေရှင်းဖို့ စဉ်းစားပေးစမ်းပါ… သူသာ ဇာတ်ဆောင် မင်းသမီး နေရာကို ရသွားခဲ့ရင် ကျွန်မအပေါ် တက်နင်းပစ်တော့မှာ…”
“ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ ငါမသိဘူး… ဘာပဲ ပြောပြော ငါက ကိုင်တွယ်နိုင်တဲ့ အဆင့်လည်း မရောက်သေးဘူးလေ…” မု့န်ဝေ့ ဖုန်းကို ကိုင်လိုက်ရင်း “ ငါ ဘော့ကျန်းကို ဖုန်းဆက်ပြီး မေးကြည့်လိုက်မယ်… သူက အဆက်အသွယ်ပေါတဲ့လူဆိုတော့ အတွင်း သတင်းတွေ ဘာတွေ ရှိရင် ရှိထားမှာ…”
ကလင် ကလင် ကလင်…
ထိုအခိုက်အတန့်တွင် မုန့်ဝေ့ဖုန်းသံ မြည်ဟီးလာသည်။
“ အိုး…. ပြောတုန်းဆိုတုန်း ဘော့စ်ကျန်း ငါ့ဆီ ဖုန်းဆက်လာပါလား…”
“ ကိုင်လိုက်လေ… ဘာဖြစ်နေလဲ ကြည့်ကြည့်ရအောင်…”
မုန့်ဝေ့ ခေါင်းညိမ့်၍ ဖုန်းကို ဖြေဆိုလိုက်သည်။
“ ဘော့စ်ကျန်း… ကျွန်တော့်ကို ရှာနေတာလား… ကျွန်တော်လည်း ဘော့စ်ကို တစ်ခု ပြောစရာ ရှိတယ်…”
“ ငါ့ရုံးခန်းထဲ လာခဲ့…”
“ ဟုတ်ကဲ့ ဟုတ်ကဲ့… ခု လာနေပြီ…”
ပြောပြီးနောက် တစ်ဖက်သူမှာ ဖုန်းချသွားခဲ့သည်။ မုန့်ဝေ့ ခေတ္တမျှ အတွေးနက်သွားခဲ့၏။
“ ဘော့စ်ကျန်း ဒီကိစ္စကြောင့် ခေါ်လိုက်တာပဲ ဖြစ်ရမယ်… ငါနဲ့ လိုက်ခဲ့…”
“ ဟင်… အိုကေ…”
နှစ်ယောက်သား အင်္ကျီများကို သပ်သပ်ရပ်ရပ် ပြုပြင်လျက် ထိပ်ဆုံးလွှာသို့ ဓာတ်လှေကား စီးလိုက်ကြသည်။
ထိပ်ဆုံးထပ်ရှိ ဥက္ကဌ ရုံးခန်းထဲ၌။
ဇိမ်ရှိလှမည့် သူဌေးခုံတွင် အသက် ငါးဆယ် အရွယ်ရှိ လူကြီး တစ်ဦး ထိုင်နေသည်။
သူ့လက်ထဲတွင် စာရွက်စာတမ်း တစ်ထပ်ကြီး ရှိနေပြီး မျက်နှာထက်ရှိ ဒေါသ အရိပ်အယောင်များကိုတော့ မည်သို့မျှ ချုပ်ထိန်းလို့ ရမနေခဲ့ချေ။
အနှီပုဂ္ဂိုလ်သည်ကား ရှင်းချီ ဖျော်ဖြေရေးကုမ္ပဏီ၏ ကျိန်းရှင်းချီပင် ဖြစ်ပါသည်။
ဒေါက် ဒေါက် ဒေါက်….
“ ဝင်ခဲ့…”
မုန့်ဝေ့ ဝင်လာခဲ့၏။
“ အပြင်က ဘယ်သူတုန်း…”
“ ဇီရီပါ ဘော့စ်…”
“ သူ့လည်း ဝင်ခဲ့ခိုင်းလိုက်…”
“ ဟုတ်ကဲ့…”
မုန့်ဝေ့ နောက်သို့လှည့်၍ လင်းဇီရီအား ပြောလိုက်သည်။ “ ဝင်ခဲ့… ဘော့စ်ကျန်းက မင်းကို တွေ့ချင်နေတယ်…”
နှစ်ယောက်သား စားပွဲထံ အတူရောက်လာခဲ့ကြသည်။ သို့သော် သူတို့ စိတ်ထဲ ကြောက်ရွံ့စိုးထိတ်မှုတို့က အပြည့် ဖြစ်နေလေသည်။
သူဌေး၏ မျက်နှာအခြေအနေမှာ သာယာမနေခဲ့ချေ။
“ ဘော့စ်ကျန်း …. ဘာကိစ္စများ ရှိလို့ပါလဲဗျ…”
“ မင်းကများ ငါ့ကို မေးဝံ့သေးတယ်ပေါ့…”
ကျိန်းရှင်းချီ လက်မြောက်၍ စာရွက်စာတမ်းများအား မုန့်ဝေ့၏ မျက်နှာတည့်တည့် ပစ်ပေါက်ပစ်လိုက်ပြီး လင်းဇီရီကို ကြောက်လန့်သွားစေသည်။
“ မင်း ဘာလုပ်ထားလဲ မင်းကိုယ်မင်းကြည့်…”
မုန့်ဝေ့ ပိုလို့ပင် စိတ်ရှုပ်သွားခဲ့ပြီး “ ဘော့စ်ကျန်း… ကျွန်တော် တစ်ခုခု လုပ်မိလို့လား…”
“ မင်း ဒီနေ့ ကျောက်ရှစ်ချီရဲ့ ကောလဟာလကို ဖြန့်ခဲ့တယ်… မင်းက အနာပေါ် ဆားသိပ်ရအောင် အင်တာနက် ထရိုးတွေကိုတောင် ငှားလိုက်သေးတယ်… ဟုတ်လား…”
“ ဟင်…”
နှစ်ယောက်မှာ ပိုလို့ပင် ရှုပ်ထွေးသွားခဲ့ရ၏။ သူတို့ချင်းက ပြိုင်ဘက် ကုမ္ပဏီတွေလေ… ခု တစ်ဖက်သူက သူတို့ကိုယ်သူတို့ အရူးလုပ်ပြီး နာမည်ဖျက်ခံနေရတာကို အနာပေါ် ဆားဖြူးပေးလိုက်သင့်တာ သဘာဝပဲ မလား….
“ ငါ မင်းကို မေးနေတယ်…”
“ ဟုတ်ကဲ့… ကျွန်တော် လုပ်မိပါတယ်….”
“ ဒါဆို မင်း ဒီလူ ဘယ်သူလဲ ဆိုတာ သိလား…” ကျိန်းရှင်းချီ ကျယ်လောင်စွာ အော်ဟစ် ကြိမ်းမောင်းလိုက်ပြီး “ သူက လင်းယွင် အုပ်စုရဲ့ ဥက္ကဌ… သူ့ရဲ့ ပိုင်ဆိုင်မှုက ယွမ် ဘီလီယမ် ရာချီတယ်… မင်းက သူ့ကို အပြစ်သွားပြုပြီး သေတွင်းတူးနေတာလား….”
“ ဘယ်လို… သူက ဘီလီယမ်နာကြီးပေါ့…”
“ ငါမင်းကို နောက်နေတယ် ထင်လား…”
ထိုအခိုက်တွင် ဖျော်ဖြေရေး နယ်ပယ်၌ ပါးနပ်နေသည့် မုန့်ဝေ့သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။
အကယ်၍ တစ်ဖက်သူတွင်သာ ထိုကဲ့သို့ မြင့်မားသည့် အဆင့်အတန်း ရှိနေပါက ကျောက်ရှစ်ချီအတွက်တော့ သတင်းကောင်းကြီးပင်။
သူတို့အတွက်တော့ သတင်းဆိုးကြီးဖြစ်၏။
“ ဘော့စ်… ဘော့စ်ကျန်း… သူ ဘယ်သူမှန်း ကျွန်တော် တကယ်ကြီး မသိခဲ့လို့ပါ… ကျွန်တော် သတိလက်လွတ် ဖြစ်သွားခဲ့တယ်.. ခုချက်ချင်း လူစီစဉ်ပြီးတော့ သတင်းတွေကို မြုပ်ခိုင်းလိုက်ပါ့မယ်…” မုန့်ဝေ့ တောင်းတောင်းပန်ပန်နှင့် ဆိုလိုက်၏။ “ သူက ချမ်းသာတယ်ဆိုရင်တောင် ကျွန်တော်တို့အပေါ် မထိခိုက်လာနိုင်ပါဘူး…”
“ သောက်ရေးမပါတာ…”
ကျောက်ရှင်းချီ စားပွဲကို ဒေါသတကြီး ဗြန်းခနဲ ရိုက်၍ မတ်တပ်ရပ်ပြီး မုန့်ဝေ့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ သူ့ကို ဒီတိုင်း ချမ်းသာတဲ့လူလို့ ထင်နေတယ် ဟုတ်လား… ခုတင် ဖျော်ဖြေရေးနယ်ပယ်၊ ကုန်သွယ်စီးပွားရေး ၊ အခွန်ရေးရာနဲ့ SARFT က ဖုန်းဆက်လာပြီး ငါတို့ ကုမ္ပဏီကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးချင်တယ်လို့ ဖုန်းဆက်လာတယ်… ငါ့ကို စောင့်နေပါတဲ့… ဒါ ဘယ်သူ့ကြောင့်လို့ထင်လဲ….”
မုန့်ဝေ့၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။ သူ့တစ်ကိုယ်လုံး နုံးချိ၍ ကြမ်းပြင်သို့ လဲပြိုလုနီးပါးပင်။
ဒီလူက ဘယ်သူပါလိမ့်…
သူတော့ ဤတစ်ကြိမ် အစစ်အမှန် နတ်ဘုရားကဲ့သို့ လူတစ်ယောက်ကို စော်ကားလိုက်မိလေပြီ…
အဆုံးသတ်သည်ကား……
…………………..
အချိန်မှာ ညနေခင်း ရှစ်နာရီထိုးနေပြီ ဖြစ်၏။
ညစာ စားပြီးသည့်နောက် လင်းရီ ဟိုတယ်သို့ ပြန်လာသည်။
ကျောက်ရှစ်ချီမှ သူ့ကို အတူသောက်ရန် အပြင်သို့ ခေါ်သွားချင်သေးပါသော်လည်း လင်းရီ ငြင်းဆန်ခဲ့သည်။
နောက်တစ်နေ့ နံနက် လင်းရီ အိပ်ရာနိုးတော့ မနက် ရှစ်နာရီခွဲနေချေပြီ။ သူ အရင်ဆုံး မျက်နှာသစ် နံနက်စာ စားလိုက်၏။ ဆယ့်တစ် မတ်တင်းလောက်ကျ ကျုံးဝေ့တပ်ဖွဲ့ထံ ရောက်ရှိလာခဲ့သည်။
သူ၏ ရောက်ရှိလာမှုက ထရိန်နီ သင်တန်းသားတို့၏ အာရုံကို ထပ်မံ၍ ဆွဲဆောင်သွားခဲ့ပြန်သည်။
လင်းရီ အလျင်လိုနေခြင်း မရှိ။ သူ လေ့ကျင့်ရေး ကွင်းပြင်ကို ခေတ္တမျှ ကြည့်ရှုလိုက်၏။
ဤတစ်သုတ်က အမှန်ပင် အရည်အချင်း ရှိသူများ ပေါများနေသည်။ ခေတ္တမျှ ကြည့်ရှုပြီး ၁၁ နာရီထိုးတော့ကျ လင်းရီ လျိုဟုန်၏ ရုံးခန်းထဲသို့ သွားကာ နေ့လည်စာစားရန် စောင့်ဆိုင်းနေလိုက်သည်။
“ ဒီကောင်တွေ ဘယ်လိုဖြစ်နေကြတာ… လင်းရီ ရောက်လာတာနဲ့ပဲ ဘယ်နားက ခွန်အားတွေ ထွက်လာခဲ့ကြမှန်းလဲ မသိဘူး…” နင်ချဲ့ ရေရွတ်လိုက်၏။
“ သူတို့အားလုံးက အသင်း ၁ ထဲ ဝင်ချင်ကြတယ်လေ…”
“ ဖြစ်နိုင်တယ်…”
ချိုးယွီလော့နှင့် နင်ချဲ့တို့ ပြောဆိုနေကြသည့် အချိန်တွင်ပဲ ယွီစီယင် လျှောက်လှမ်း၍ ရောက်လာခဲ့ပြီး “ ခေါင်းဆောင်တို့… ကျွန်မ သိချင်တာ လက်ရှိ ကျွန်မရဲ့ အဆင့်နဲ့ဆိုရင် အသင်း ၁ ထဲ ဝင်ဖို့ဆို ပြဿနာ မရှိတော့ဘူးမလား…”