← Chapters

မစ်ဆူ မိသားစု၏ လက်တံများ

Vol. 85 Ch. 1271

မစ်ဆူ မိသားစု၏ လက်တံများ

Vol. 85 Ch. 1271

ရှင်းပြချက်ကို နားထောင်ပြီးနောက် ယွီစီယင်၏ ခံစားချက်တို့ သိသိသာသာ ကောင်းမွန်တိုးတက်လာခဲ့သည်။ အနည်းဆုံးတော့ သူမရင်ဘက်ကြောင့် မဟုတ်ပေ။

“ ဒါပေမယ့် ကျွန်မကြားတာတော့ ကျုံးဝေ့တပ်ဖွဲ့က အသင်း ၁ ကို လက်ရွေးစင် အသင်း ဖြစ်အောင် ပြောင်းလဲချင်နေတယ်ဆို… တကယ်လို့ လူတွေကို ညီညီညွှတ်ညွှတ်နဲ့ ဖြန့်ဖြူးပေးနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး လက်ရွေးစင်တွေ စုဝေးတဲ့ အသင်း ဖြစ်နိုင်တော့မှာ…”

လင်းရီ ယွီစီယင်ကို မော့ကြည့်၍ တည်ငြိမ်စွာဖြင့် “ ဒါဆိုရင် မင်းကကော မင်းရဲ့ အရည်အချင်းတွေက ကျုံးဝေ့တပ်ဖွဲ့ရဲ့ မစ်ရှင်တွေကို မည်မည်ရရ ထမ်းဆောင်နိုင်ပြီလို့ ထင်လား…”

“ ထင်တယ်…” ယွီစီယင် မော်ကြွားခြင်းလည်း မရှိ၊ နိမ့်ချခြင်းလည်း မရှိသော လေသံဟန်ပန်မျိုးဖြင့် ဖြေသည်။ “ စွမ်းပကားဆိုတာ အရာရာကို ဖြေရှင်းနိုင်တယ်… တကယ်လို့ မဖြေရှင်းနိုင်တဲ့ အရာရှိတယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းပကားက မလုံလောက်သေးလို့ပဲ…”

လင်းရီနှင့် ကျန်သူများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ယွီစီယင်က အတော်လေးကို စိတ်ဝင်စားဖို့ ကောင်း၏။

“ မင်း အဲ့လိုထင်တယ်ဆိုရင် မင်းက အသင်း ၁ ထဲဝင်ဖို့ ပိုလို့တောင် အရည်အချင်း မမှီဘူး…”လင်းရီ ပြောလိုက်၏။

“ ဘာလို့လဲ…”

“ မင်း တိုက်ခိုက်တဲ့ အချိန်မှာ ဦးနှောက်ကို အသုံးချဖို့ လိုတယ်ဆိုတာ သိလား...” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မင်းပြောတာကသာ အမှန်ဆိုရင် ငါတို့ စစ်ဆေးဖို့ကို အဲ့လောက်ထိ ကရိကထ များနေစရာတောင်မလိုဘူး… လူတိုင်းကို တစ်ယောက်ချင်း တိုက်ခိုက်ခိုင်းလိုက်ပြီး အနိုင်ရတဲ့ လူတွေကို ရွေးလိုက်တော့မှာပေါ့… မင်းလို အပါးမဝသေးတဲ့ လူသစ်လေးက တခြား အသင်းမှာဆိုရင်တောင် တစ်နှစ်ထက် ပိုပြီး အသက်ရှည်မှာ မဟုတ်ဘူး… အသင်း ၁ ကို မပြောသေးနဲ့ဦး…”

ယွီစီယင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ ပြန်ပြီး ငြင်းဆန်ချင်သည်။ သို့ပေမယ့် မည်သို့ ပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်နေခဲ့၏။ သူမ တည်ငြိမ်သည့် ဆိုဒ်ဖမ်းရန်သာ တတ်နိုင်တော့သည်။

“ ဘာပဲပြောပြော ကျွန်မ အသင်း ၁ ထဲ ဝင်ချင်သေးတုန်းပဲ… ကျွန်မရဲ့ စွမ်းရည်တွေကို အသုံးချပြီး ကျွန်မက သူများတွေထက် သန်မာရုံတင် မကသေးဘူး.. သူများတွေထက် ထက်မြက်တယ်ဆိုတာ သက်သေပြသွားမယ်…”

“ ကောင်းပြီ… ငါမင်းကို အဲ့ဒီ အခွင့်အရေး ပေးလိုက်မယ်….” လင်းရီ ပြောလိုက်ပြီး “ နောက်လာမယ့် နှစ်ရက် စစ်ဆေးမှုတွေမှာ မင်း ရလဒ်တွေက ကောင်းရင် အသင်း ၁က မင်းကို ခေါ်မယ်….”

“ ရှင့်ဘာရှင် ပြောတာနော်… “

“ အင်း…”

“ ဒါဆို ကျွန်မမှာ တခြား ပြောစရာ မရှိတော့ဘူး…”

“ ကောင်းတယ်… ဒါဆို သွားစားတော့…”

“ ဟုတ်ကဲ့….”

ယွီစီယင် ထွက်ခွာသွားပြီးနောက် လင်းရီ ချိုးယွီလော့နှင့် နင်ချဲ့တို့ဘက်လှည့်၍ “ ကျုပ် တောင်းပန်ပါတယ် အမိတို့ … ခင်များလေးတို့ရဲ့ ပါးစပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီး ကျုပ်ရဲ့ မကောင်းကြောင်းလေးတွေ လျှော့ပြောပေးကြပါ ဟုတ်ပြီလား…”

“ ငါလည်း အဲ့တုန်းက ဒီတိုင်းပဲ ပြောလိုက်တာ… သူက အဲ့လောက် ခေါင်းမာပြီး နင့်ကို လာတိုင်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာ…” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကောင်မလေးက နည်းနည်းတော့ ကမူးကရှူးဆန်တယ်… မစ်ရှင်တွေ လုပ်လို့ကတော့ လွှတ်ခနဲ နေမှာ…”

“ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့… နောက် နှစ်ရက်ကျရင် လာမယ့် စမ်းသပ်မှုတွေက တစ်ဦးတစ်ယောက်တည်းရဲ့ အရည်အချင်း အပေါ် မူတည်မနေဘူး… တကယ်လို့ လိုအပ်ချက်က မကိုက်ညီဘူးဆိုရင် ငါတော့ သူ့ကို မရွေးဘူး…”

“ သူ့ရဲ့ ခေါင်းမာတဲ့ စရိုက်နဲ့ဆိုရင် တကယ်လို့ အသင်း ၁ ထဲ မဝင်နိုင်ဘူးဆိုရင် နှုတ်ထွက်သွားလောက်တယ်… ဒီတော့ နင်တို့အားလုံး စိတ်ကို ကြိုပြင်ဆင်ထားကြ….” ချိုးယွီလော့မှ ပြော၏။

စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီးနောက် လျိုဟုန်မှ ယခုလို ပြောလိုက်သည်။

“ လင်းရီ… ငါတော့ မင်း အဲ့လောက်ထိ တွေးပူနေစရာ မလိုဘူးလို့ထင်တယ်… သူ့ရဲ့ ဒီသုံးရက် ရလဒ်တွေက သိပ်ကောင်းတယ်၊ ဆိုတော့ ကျန်တဲ့ ရက်တွေမှာလည်း ဆိုးဆိုးရွားရွားကြီး မဖြစ်လောက်ပါဘူး… တကယ်လို့ စိတ်ဓာတ် မကောင်းတဲ့လူသာဆိုရင် ခုလို ငယ်ငယ်လေးနဲ့ D အဆင့်ထိလည်း မရောက်လာနိုင်ဘူး…. ဒီတော့ မေ့ထားလိုက်… သူသာ ထွက်သွားခဲ့မယ်ဆိုရင် ကျုံးဝေ့တပ်ဖွဲ့က ပါရမီရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရလိမ့်မယ်…”

“ ကျုပ်တို့ ကြည့်ကြတာပေါ့….” လင်းရီ ခွန်းတုံ့ပြန်လိုက်၏။

“ ရှောင်နင်… သူက မင်းရဲ့ အသင်း ၃ ကို မဝင်ချင်ဘူး ပြောမှတော့ မပူနဲ့… လူရွေးပွဲပြီးရင် ငါမင်းဖို့ အသစ်လေးတွေ ရွေးပေးမယ်…”

“ ကောင်းသားပဲ… မဟုတ်ရင်တော့ အသင်း ၃ က လူအများ လှောင်ရယ်စရာကြီး ဖြစ်ကုန်တော့မှာ…”

စမ်းသပ် စစ်ဆေးပွဲ၏ နောက်ဆုံးနေ့တွင် လင်းရီ မွန်းလွဲ သုံးနာရီအထိ ရှိနေခဲ့၏။ လင်းရီနှင့် နင်ချဲ့တို့မှ ဘားသို့သွား၍ တစ်ခွက်တဖလား သောက်ရန် အကြံတူ ဉာဏ်တူတွေ ဖြစ်နေခဲ့ကြပြီး ရှည်လျားသည့် ညတာတွင် အရက်ကို အဖော်ပြုရင်း ကုန်ဆုံးခဲ့ကြလေသည်။

….….………………..

ပန်ဂု ကြယ်ခုနစ်ပွင့် ဟိုတယ်၌။

Rolls-Royce Phantom တစ်စင်းမှာ ဟိုတယ်ဝင်ပေါက်ဝ၌ ထိုးရပ်လာခဲ့သည်။

ကားတံခါး ပွင့်ဟလာပြီး ရှန်းထျန်းကျိုး ၊ စွန်းဖုယွီနှင့် လုရင်းတို့ အသီးသီး ထွက်လာခဲ့ကြ၏။

“ ဒီ ဟိုတယ်က တကယ်ကြီး မဆိုးဘူးပဲ… ရန်ကျင်းမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်…” စွန်းဖုယွီ သက်ပြင်းချလျက် ပြောသည်။

“ အိမ်း … ဥက္ကဌဟော် ရွေးပေးလိုက်တဲ့ ဟိုတယ်ဆိုမှတော့ ကျေနပ်စရာ မကောင်းဘဲ ဘယ်နေပါ့မတုန်းကွ…” ရှန်းထျန်းကျိုး ပြုံးလိုက်ပြီး “ တို့ အခန်းတွေဆီ အရင်သွားကြစို့… ပြီးရင် စားဖို့ တစ်နေရာ ရှာကြမယ်…”

“ အိုကေ…”

သုံးယောက်သား ခရီးဆောင်အိတ်များကို ဟိုတယ်ထဲ ဆွဲလာခဲ့ကြသည်။ အခန်းများကို ကြိုတင် ဘွတ်ကင် လုပ်ထားပြီး ဖြစ်သဖြင့် အလျင်အမြန်ပဲ အခန်းကတ်များ ရလာခဲ့ကာ ဓာတ်လှေကား ကျအလာကို စောင့်ဆိုင်းနေကြသည်။

“ ဒေါက်တာ ရှန်း…”

သုံးယောက်သား ဓာတ်လှေကား အလာကို စောင့်ဆိုင်းနေစဉ် သူတို့ တစ်စုံတစ်ယောက်၏ အသံကို ကြားလိုက်ရ၏။ ရှန်းထျန်းကျိုး နောက်လှည့်ကြည့်လိုက်တော့ ပြောလိုက်သူက ဝတ်စုံပြည့်နှင့် သူ့အား ပြုံးလျက် ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ရှန်းထျန်းကျိုး သူ့ကို ခြေဆုံး ခေါင်းဆုံး အကဲခတ်လိုက်ပြီး သူ၏ သံနေသံထားကို သတိထားမိလိုက်သည်။

“ မင်းက ဂျပန်ကလား…”

“ ဟုတ်တယ်…”

ရှန်းထျန်းကျိုး၏ အမူအရာသည် စတင် လေးနက်လာခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် သတိထားသည့် အရိပ်အယောင်တို့ မသိမသာ ပေါက်ဖွားလာလေသည်။

“ ဆိုတော့ မင်းက မစ်ဆူ မိသားစုက ဖြစ်မယ်… ဟုတ်တယ်မလား…”

“ ဟုတ်ပါတယ်…”

“ ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပေးပါရစေ… ကျွန်တော်က မစ္စတာမစ်ဆူရဲ့ လက်ထောက်ပါ… ကျွန်တော်တို့က ဒီကို semiconductor ညီလာခံကို လာပြီး တက်ရောက်တာ… မစ္စတာ မစ်ဆူရဲ့ အမိန့်အောက်မှာ ဒေါက်တာရှန်းကို လက်ဖက်ရည်သောက်ဖို့ လာပြီး ဖိတ်ခေါ်တာပါခင်ဗျ…”

“ ငါ အရင် ဂျပန်ကို ရောက်တုန်းကလည်း မင်းတို့ကောင်တွေ ငါ့ကို တစ်ခါ ဖိတ်ခေါ်ခဲ့ပြီးပြီ… အဲ့တုန်းက လက်မခံခဲ့ဘူး… ခုလည်း အတူတူပဲ…”

“ ပြီးတော့ မင်းရဲ့ မစ္စတာ မစ်ဆူကိုလည်း ငါမသိဘူး… ဒီတော့ ဘာရေနွေးသောက်ပြီးမှ စကားပြောစရာ အကြောင်းလည်း မရှိဘူး…”

“ ဘာပဲ ဖြစ်ဖြစ် မစ္စတာ မစ်ဆူက ဒီတစ်ကြိမ်တော့ ခင်များကို ရအောင် ဖိတ်ခေါ်လာခဲ့ရမယ် ဆိုပြီး အမိန့်ပေးလိုက်ပါတယ်… သူ့မှာ ဒေါက်တာရှန်းနဲ့ အသေးစိတ် ဆွေးနွေးရမယ့် ကိစ္စလေး တစ်ခု ရှိနေတယ်… ကျွန်တော်တို့က ဒီလိုလုပ်ဖို့ အမိန့်ပေးခံထားရလို့ပါ… ဆိုတော့ ကျေးဇူးပြုပြီး နားလည်ပေးပါ ဒေါက်တာရှန်း…”

“ ငါ မင်းတို့ရဲ့ ခက်ခဲမှုကို နားလည်တယ်… ဒါပေမယ့် ငါတို့ချင်း တွေ့ဖို့ တကယ်ကြီး လိုတယ် မထင်ဘူးကွ… ဆိုတော့ ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ…” ရှန်းထျန်းကျိုး ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

“ နောက်ပြီး မင်းတို့ကောင်တွေ ထပ်မလာကြဖို့လည်း မျှော်လင့်တယ်… မင်းတို့ဆီက ဘယ်လို ဖိတ်ခေါ်မှုမျိုးမှ လက်ခံမှာ မဟုတ်ဘူး…”

စွန်းဖုယွီနှင့် လုရင်းတို့မှာ ရှန်းထျန်းကျိုး၏ အကျင့်စရိုက်အား ကောင်းစွာ နားလည်ထားကြ၏။

ယခင် သူတို့ အမေရိကားသွားပြီး သူ့အား ဖိတ်ခေါ်ရန် ကြိုးပမ်းစဉ်က သူနှင့် တွေ့ဆုံရန်အတွက် သုံးရက်ကာလ စောင့်ဆိုင်းခဲ့ရသော်လည်း လူချင်းပင် မမြင်လိုက်ရချေ။

ဂျပန်က သူစိမ်းဆိုလျှင် သူ၏ အချိန်နှင့် မည်သို့ ထိုက်တန်လိမ့်မည်နည်း။

“ ဒါပေမယ့်….”

“ ဘာ ဒါပေမယ့်မှ မရှိဘူး…”

လက်ထောက်ဖြစ်သူ အမျိုးသားမှာ စကားဖြတ်ပြောခံလိုက်ရ၏။

“ ဥက္ကဌလင်း….”

လင်းရီ သူတို့နား ရောက်လာသည်ကို မြင်တော့ ရှန်းထျန်းကျိုးနှင့် ကျန်သူများ အံ့အားသင့်သွားခဲ့ကြ၏။ သူတို့ လင်းရီကို ဤနေရာတွင် တွေ့ရလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။

လင်းရီ ခေါင်းညိမ့်ပြလိုက်ပြီး လက်ထောက်ဖြစ်သူ အမျိုးသားအား ကြည့်လျက်

“ ဒါရိုက်တာရှန်းက မင်းကို ငြင်းပယ်ပြီးနေပြီ… ဒီတော့ မျက်စိစပါးမွှေး စူးစရာ ဖြစ်အောင် ဆက်ပြီး နှောင့်ယှက်မနေနဲ့တော့…”

လက်ထောက်ဖြစ်သူ အမျိုးသားမှ မျက်မှောင်ကြုတ်သွားခဲ့ပြီး လင်းရီကို ကြည့်လိုက်၏။ သူ၏ အမူအရာမှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး

“ ဒါက ငါတို့ကြားက ကိစ္စ…. မင်းနဲ့ ဘာမှ မဆိုင်ဘူး… မင်း ဝင်မပါဖို့ မျှော်လင့်တယ်…”

လင်းရီ မျက်ခုံးပင့်လျက် ထိုငနဲအား ကြည့်လိုက်ပြီး “ မင်း ငါ့ကို ခြိမ်းခြောက်နေတာလား….”

“ ငါမင်းကို လက်မပါချင်ဘူး… ဒီတော့ မင်းဘက်က အလိုက်……….”

လင်းရီ၏ အမူအရာသည် စိတ်မရှည်တော့ဟန်များ ပြသလာပြီး တစ်ဖက်သူ စကားဆုံးအောင် ပြောရန်ကိုမှ မစောင့်တော့ဘဲ တိုက်ခိုက်လိုက်၏။

တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မသိစိတ်က ခံစားလိုက်ရပြီး လက်ထောက်အမျိုးသားသည်လည်း ငြိမ်ငြိမ်ကလေး ရပ်၍ သေခြင်းတရားကို ထိုင်စောင့်မနေပါချေ။ ထိုအစား သူ ခုခံကာကွယ်သည့် ကိုယ်ဟန်သို့ ချက်ချင်း ကူးပြောင်းလိုက်၏။

ဝှစ်…..

ပြင်ဆင်ထားသည် ဆိုသော်လည်းပဲ လင်းရီ၏ ခွန်အားကို အထင်သေးမိလိုက်စဲ ဖြစ်ကာ ဤကန်ချက်က သူ၏ အရိုးများအား ရိုက်ချိုးလိုက်သည့်နှယ် နာကြင်ခံစားသွားစေခဲ့သည်။

ဤသို့သော ရုတ်တရက်ဆန်သည့် အဖြစ်အပျက်က ဖြတ်သွားဖြတ်လာ ပြုနေသူများအား ရှော့ခ်ရသွားစေသည်။

ပန်းဂုဟိုတယ်၏ ဧည့်သည်တော်များ အားလုံးက နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ တစ်စုံတစ်ယောက်မှ ဤနေရာတွင် ရမ်းကား ရန်ဖြစ်သည်ကို သူတို့ ပထမဆုံး အကြိမ် မြင်ဖူးကြခြင်းပင်။

ဟိုတယ်၏ လုံခြုံရေး အစောင့်များမှ လျင်မြန်စွာ အသိဝင်လာခဲ့ကြပြီး ချက်ချင်း ပြေးဝင်လာခဲ့ကြ၏။ သို့သော် ဟိုတယ်မန်နေဂျာ၏ တားမြစ်ခြင်းအား ခံလိုက်ရလေသည်။

“ မသွားနဲ့…” ဟိုတယ် မန်နေဂျာမှ ပြောလိုက်သည်။

“ ဘော့စ်… ဟိုမှာ ရန်တွေ ဖြစ်နေတာကို ကျုပ်တို့က ဝင်မပါရတော့ဘူးလား…”

“ ငါတို့ အဲ့လူကို အပြစ်ပြုမိလို့မရဘူး… ဒီတိုင်း မသိသလိုလေးနေ…”

All Chapters