← Chapters

ငါရှေ့က ထွက်ပြေးချင်တာလား

Vol. 5 Ch. 62

ငါရှေ့က ထွက်ပြေးချင်တာလား

Vol. 5 Ch. 62

ဘုရင်အဆင့်တွင်ပင်လျှင် နယ်မြေစွမ်းအားကို နားလည်သည့်သူ အလွန်ရှားပေသည်။ နှယ်မြေနှစ်ခု တစ်ပြိုင်တည်းနားလည်ထားသည့် ဘုရင်အဆင့်ဆိုလျှင် အလွန့်အလွန်ကိုရှားပါးပေလိမ့်မည်။

နက်နဲဓားဂိုဏ်းပတ်၀န်းကျင်မှ ပွဲကြည့်ရန်ရောက်လာကြသူများအားလုံး ရင်ပြင်ထက်တွင် ၀မ်းလျားမှောက်နေကြသည့် အဆင့်မြင့်ကျင့်ကြံသူများအားကြည့်ကာ အလွန်အံ့ဩနေကြလေသည်။

“ ဒါဆို.. ဒါက အကြီးအကဲရွှမ် ယုံကြည်မှုရှိနေရတဲ့ အကြောင်းအရင်းပေါ့….”

ကျန်းနန်ထျန်က ရေရွတ်မိလိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်က ရွှမ်ယီအား သွားတွေ့ခဲ့စဉ် ထိုသူ၏ စိတ်ပူနေဟန်မရှိသော မျက်နှာကို ပြန်လည်မြင်ယောင်လာခဲ့သည်။

သူ စိတ်မပူတာကလည်း မထူးဆန်းချေ။

ဘုရင်အဆင့်တစ်ယောက်နောက်ခံဖြင့် မည်သူ့အား ကြောက်နေရမည်နည်း။ အမှန်တကယ်ကြောက်ရမည်ဆိုလျှင်ပြသနာလာရှာသူများသာ ကြောက်ရပေလိမ့်မည်။

လက်ရှိအချိန်တွင် အဖြူ အနက်သရဲနှစ်ကောင် ၊ ချန်းခွန်အပါအ၀င် ရောက်ရှိနေကြသည့် လူတိုင်း ထိုဖိအား၏အောက်တွင် အသက်ရှုရန်ပင် အလွန်ခက်ခဲလာခဲ့သည်။

ယခုအချိန်တွင် လူတိုင်း ရောက်လာကာစကဲ့သို့ ဟိတ်ကြီးဟန်ကြီးများ မရှိကြတော့ချေ။ အလွန်သနားစရာအခြေအနေသို့ ရောက်ရှိနေကြပြီဖြစ်သည်။

ဘုရင်အဆင့်…!

အဲ့ဒီမိန်းကလေးက ပြိုင်ဘက်ကင်းဘုရင်အဆင့်ပဲ…!

လူအိုကြီးပိုင်ကု(သရဲဖြူ) တစ်ယောက် ဦးရေပြားများပင် ထုံကျဉ်လာခဲ့သည်။

သူတို့က ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကိုရန်စမိခဲ့တာလား…?

တိုက်ရိုက်ရန်စသည်ဖြစ်စေ မစသည်ဖြစ်စေ ထိုမိန်းကလေးက ရွှမ်ယီဘက်မှ ဖြစ်ဟန်ရသည်။

“ စီနီယာ.. စီနီယာက ကျုပ်တို့ကို နောက်နေတာပဲ.. လက်စွပ်က စီနီယာလက်ထဲမှာဆိုတော့ စီနီယာအပိုင်ပါပဲ.. ကျုပ်တို့က စိတ်နဲ့တောင် မပစ်မှားရဲပါဘူး…”

လူအိုကြီးပိုင်ကု၏ အသံကတုန်ယင်နေခဲ့သည်။

သူ့အနေဖြင့် တစ်ဘ၀လုံးတွင် ဘုရင်အဆင့်ကျင့်ကြံသူအား ယခုမှ ပထမဆုံးအကြိမ်အဖြစ်တွေ့ဖူးခြင်းဖြစ်သည်။

ပုံမှန်အချိန်တွေ့ဆုံခဲ့ပါက အလွန်ပျော်ရွှင် ဂုဏ်ယူမိပေလိမ့်မည်။ သို့သော် ယခုတွင်မူ မျက်ရည်မကျအောင်ပင် အတော်လေးကြိုးစားနေရသည်။

“ ငါက နင်တို့ကို ဒီတိုင်းလွှတ်ပေးလိုက်မယ်လို့ ထင်နေတာလား…”

ရေခဲငှက်မွေးက လေထဲသို့ လက်ဆန့်တန်းလိုက်၏။

“ စီနီယာ.. ချမ်းသာပေးပါ..ကျုပ်က မျက်လုံးကန်းနေလို့ အခုလိုလုပ်ခဲ့မိ……”

သူ၏ စကားမဆုံးသေးခင်မှာပင် သူ၏ လက်များ ခြေထောက်များ တစ်ခုချင်းပျောက်ကွယ်လာပြီး မျက်စိတစ်မှိတ်အတွင်း တစ်ကိုယ်လုံး ပျောက်ကွယ်သွားခဲ့သည်။ အော်ဟစ်ချိန်ပင်မရလိုက်ချေ။

သူတို့ ဘာပြောပြောအသုံးမ၀င်မည်မဟုတ်ပေ။

ရေခဲငှက်မွေးအနေဖြင့် ရွှမ်ယီထံမှ အားလုံးကိုသတ်ရန် အမိန့်ရထားသည်ဖြစ်ရာ တစ်ယောက်မှ လွှတ်ပေးရန်အစီအစဉ်မရှိချေ။

“ စီနီယာ…”

တချို့က ကြောက်လန့်တကြားအသည်းအသန်တောင်းပန်နေကြပြီး တချို့ကမူ သေခြင်းတရားကို လက်ခံလိုက်ဟန်ဖြင့် မျက်လုံးမှိတ်ထားကြသည်။

ကျင့်ကြံခြင်းခရီးလမ်းက ရက်စက်လွန်းလှ၏။ သူတို့အနေဖြင့် နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်ချက်နှင့် သူများဆီက ရတနာကို လုယူရန်လာကြခြင်းဖြစ်ပြီး မိမိအလှည့်ကျလျှင်လည်း သေခြင်းကို လက်ခံရန်ပြင်ဆင်ထားခဲ့ကြသည်။

သို့သော် တချို့ကမူ လက်မခံနိုင်ကြသေးပေ။

“ စီနီယာ ကျုပ်က ကောင်းကင်စီးနင်းခြင်းဂိုဏ်းက…..”

ထိုသူလည်း စကားပင်မဆုံးခင် ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်စီးနင်းခြင်းဂိုဏ်းဆိုသည်မှာ သွယ်တန်းမြစ်ကိုးစင်းအပြင်ဘက်မှ အင်အားကောင်းသောဂိုဏ်းတစ်ခုဖြစ်ပြီး ဘုရင်တစ်၀က်အဆင့်များလည်းရှိကြသည်။

သို့သော် သာမန်လူများဆိုပါက ဘုရင်တစ်၀က်အဆင့်အား မျက်နှာသာပေးမည်ဖြစ်သော်လည်း ယခု အစစ်အမှန်ဘုရင်တစ်ယောက်က ထိုလူအား မျက်နှာသာပေးရန် အမှန်တကယ် လိုအပ်သလော။

အစစ်အမှန်ဘုရင်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ နောက်ခံများအားလုံး မြောင်းထဲရောက်သွားတော့သည်။

ဘုရင်တစ်ယောက်ရှေ့တွင် အရာအားလုံးက ပုရွတ်ဆိတ်များသာ။

အချိန်တခဏမျှကြာသွားပြီးနောက် ရွှမ်ယီထံမှ ရတနာလုရန်လာရောက်ကြသည့် ဂိုဏ်းရင်ပြင်ထက်မှ ရန်သူများအားလုံး တစ်ယောက်မကျန် ဇာတ်သိမ်းသွားခဲ့ပြီဖြစ်သည်။

“ ဒီမှာတော့ပြီးပြီ.. နောက်ထပ်ကတော့ နင်တို့အလှည့်ပဲ…”

လူတစ်ရာကျော်အားသတ်ဖြတ်ပြီးသော်လည်း ရေခဲငှက်မွေးက ရပ်တန့်ရန်စိတ်ကူးမရှိသေးပေ။ ထိုအစား လေထဲသို့လက်ဆန့်လိုက်ပြီး တစ်စုံတစ်ခုအား ဆွဲယူဟန်ပြုလိုက်သည်။

“ ဘုတ်…”

လူပုံရိပ်များ ပုန်းကွယ်နေရာမှ ပြုတ်ကျလာခဲ့ကြသည်။

“ ဒါက.. ချီလင်ဘိုးဘေးပဲ…”

တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

ကောင်းကင်ချီလင်နိုင်ငံ…

သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများတွင် အားအကောင်းဆုံး နိုင်ငံဖြစ်ပေသည်။ ထိုနိုင်ငံတွင် ဘုရင်တစ်၀က်အဆင့်ဘိုးဘေးတစ်ဦးရှိနေသောကြောင့်ဖြစ်၏။

“ ပိုင်မိသားစုက ပိုင်ချောင်နန်ပဲ… သူလည်း ဘုရင်တစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ယောက်လေ…”

ရင်ပြင်ပေါ်သို့ ကျလာသူ(၃)ယောက်ရှိသည့်အနက် ပတ်၀န်းကျင်မှလူများက (၂)ယောက်ကိုသာသိပေသည်။

မှန်းဆနေစရာပင်မလိုချေ။ ကျန်တစ်ယောက်မှာလည်း ဘုရင်တစ်၀က်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။

အစပိုင်း‌တွင် ဘုရင်တစ်၀က်အဆင့် ကျွမ်းကျင်သူများ အဘယ်ကြောင့်ရောက်မလာရသနည်းဟူ၍ ပဟေဠိဖြစ်နေခဲ့ကြသေးသည်။ ဘုရင်အဆင့်အမွေအနှစ်ဆိုသည်မှာ ၎င်းတို့အနေဖြင့် လွန်ဆန်နိုင်သည့်အရာမဟုတ်ချေ။

ယခုမှ သူတို့အားလုံးနားလည်သွားခဲ့ကြသည်။ သူတို့က ရောက်မလာခြင်းမဟုတ်ဘဲ ပုန်းကွယ်လျက် စောင့်ကြည့်နေကြခြင်းသာဖြစ်သည်။

ရေခဲငှက်မွေးက သူတို့အား ဆွဲထုတ်လိုက်က‌တည်းက ၎င်းတို့၏ နောက်ဆုံးထွက်သက်ကို ရှုထုတ်သွားခဲ့ကြပြီးဖြစ်သည်။ လက်ရှိရင်ပြင်ထက်သို့ ကျနေသော (၃)ယောက်မှာ အသက်မရှိကြတော့ချေ။

“ အားလုံးပြီးပြီလား…”

“ အဲ့ဒီစီနီယာက အပြစ်မဲ့တဲ့လူတွေကို လျှောက်သတ်နေတဲ့လူမဟုတ် ‌တာတော်သေးတယ်… သူက ငါတို့ကို မသတ်သွားဘူး…”

ပွဲကြည့်ရန်ရောက်နေကြသူများမှာ အလွန်ထိတ်လန့်နေခဲ့ကြပြီး အိမ်မက်မက်နေသလိုခံစားနေကြရသည်။

အခြေတည်ဝိညာဉ်အဆင့်(၇)မှစ၍ အဆင့်(၉) အထွတ်အထိပ်အထိ ကျင့်ကြံသူများ ၊ ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူများ အားလုံး တစ်ယောက်မှ လွတ်မြောက်သွားခြင်းမရှိချေ။

အားလုံး အသတ်ခံလိုက်ရသည်။

ဤကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများ သေဆုံးသွားခြင်းကြောင့် သွယ်တန်းမြစ်ကိုးစင်းတစ်ခုလုံး ပရမ်းပတာဖြစ်ချေဦးမည်။

“ မပြီးသေးဘူးဟ.. ကြည့်လိုက်ကြဦး…”

လူတိုင်းက တိုက်ပွဲပြီးသွားပြီဟု ထင်နေကြချိန်တွင် ထိုဘုရင်အဆင့် ပြိုင်ဘက်ကင်း မိန်းကလေးက သူမ၏ လက်အား ထပ်မံ၍ မြှောက်လိုက်ပြန်သည်။

နက်နဲဓားဂိုဏ်းနှင့် သိပ်မဝေးကွာလှသောနေရာတွင် နှင်းဘုရင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူမက မင်ယွဲ့ညီအစ်မအားဆွဲလျက် ရှေ့မှ လေဟာနယ်အား ဆုတ်ဖြဲပြီး ထွက်ပြေးရန်ကြိုးစားလိုက်သည်။

သို့သော်..

‌ရေခဲငှက်မွေးက အခွင့်အရေးလုံး၀မပေးခဲ့ချေ။

နှင်းဘုရင်၏ ခေါင်းထက်တွင် စိတ်ဝိညာဉ်လက်တစ်ဖက်ပေါ်ထွက်လာပြီး သူမအား ဖမ်းဆီးလိုက်လေသည်။

“ ငါ့ရှေ့မှာ ထွက်ပြေးချင်တာလား…”

အလွန်ဝေးကွာနေသည့်တိုင် ရေခဲငှက်မွေး၏ အသံက ရှင်းလင်းစွာထွက်ပေါ်လာခဲ့သည်။

နှင်းဘုရင်က မသက်သာစွာပြုံးလိုက်မိ၏။

သူမက ကောင်းကင်ဘုရင်တစ်ယောက်၏ လက်ထဲမှ ထွက်ပြေးရန်ကြိုးစားခဲ့လေသည်။

ဘယ်လောက်တောင် ရူးမိုက်တဲ့အတွေးလဲ….!

နှင်ဘုရင်လည်း ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

သို့သော် သူမအနေဖြင့် လူသားဘုရင်အဆင့်ရောက်နေလျှင်ပင် ကောင်းကင်ဘုရင်တစ်ယောက်က ထွက်သွားခွင့်မပေးလျှင် ထွက်သွားနိုင်မည်မဟုတ်ချေ။

“ ဘိုးဘေး…”

“ ငါတို့ ဘိုးဘေးကို ချက်ချင်းပြန်လွှတ်ပေးစမ်း…”

တစ်ခဏ မှင်သက်နေရာမှာ ပြန်သတိ၀င်လာလျှင် မင်ယွဲ့လန်က ထိုစိတ်ဝိညာဉ်စွမ်းအင် လက်ကြီးအား အရူးအမူးတိုက်ခိုက်လေသည်။ သူမ၏ ရင်ထဲတွင် ရေခဲငှက်မွေးက လူဆိုးဖြစ်နေချေပြီ။

သူမတို့က ကူညီပေးရန် ရည်ရွယ်ချက်ဖြင့်လာခဲ့သော်လည်း ထိုအမျိုးသမီးက သူမတို့ ဘိုးဘေးကို တိုက်ခိုက်သည်တဲ့လား….!

နှင်းဘုရင်က တစ်ခါတစ်ရံတွင် မင်ယွဲ့လန်အပေါ် တင်းကြပ်လေ့ရှိသော်လည်း သူမအား တစ်ကြိမ်တစ်ခါမှ နာကျင်အောင်မလုပ်ဖူးချေ။

“ စီနီယာ.. ကျွန်မတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး.. ကျွန်မဆို့က နက်နဲဓားဂိုဏ်းကို ကူညီချင်တဲ့ ရည်ရွယ်ချက်နဲ့ရောက်လာတာပါ.. စီနီယာ ရှိနေမယ်လို့ မထင်ခဲ့ရိုးအမှန်ပါ.. စီနီယာထွက်လာကတည်းက ကျွန်မတို့ ထွက်လာကြတာပါ.. ပြီးရင် ရွှမ်ယီ.. သူ..သူက ကျွန်မအပေါ် ကျေးဇူးကြွေးတင်နေတာရှိပါတယ်.. ကျေးဇူးပြုပြီး ကျွန်မတို့ဘိုးဘေးကို ပြန်လွှတ်ပေးနိုင်မလား…”

မင်ယွဲ့ရှုတစ်ယောက် စိတ်ပူလွန်း၍ မျက်ရည်များပင် ဝိုင်းနေခဲ့သည်။

All Chapters