ငါ့ကိုခြိမ်းခြောက်ခဲ့တဲ့လူတိုင်း သေကုန်ကြပြီ
Vol. 5 Ch. 68
“…….”
သိုင်းစင်မြင့်ပတ်၀န်းကျင် တစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
ချန်ဟောင်အပါအ၀င် လူတိုင်း မျက်လုံးများပြူးကျယ်နေကြ၏။
ရွှမ်ယီ မည်သို့မည်ပုံဖြင့် စင်မြင့်ပေါ်ရောက်သွားမှန်း တစ်ယောက်မှ မမြင်လိုက်ကြရေချေ။ သူတို့ သတိပြန်၀င်လာသည့်အချိန်တွင် လီတောင်က ကြမ်းပြင်၌ မျက်နှာဟပ်လျက် အနင်းခံထားရချေပြီ။
လီတောင်က ချန်ဟောင်နှင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီး စိတ်ထိခိုက်နေခဲ့သော်လည်း သူ၏ ခွန်အားက အကောင်းတိုင်းပင်။
သို့တိုင် ရွှမ်ယီအား ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ချေ။
ချန်ဟောင်အပါအ၀င် လူတိုင်း ရွှမ်ယီ စင်ပေါ်သို့ ဘယ်လိုရောက်သွားမှန်း တစ်ယောက်မှမမြင်လိုက်ရပေ။
ရွှမ်ယီက ဤနေရာမှ လူတိုင်းထက် ပို၍ သန်မာသည်ဟူသော အဓိပ္ပါယ်ဖြစ်၏။
လီတောင်လည်း အံ့ဩကြောက်လန့်လျက်ရှိပြီး ရွှမ်ယီအား တခွန်းမျှပင်ပြန်မပြောခဲ့ချေ။
ရွှမ်ယီက လီတောင်အား သတ်ရန်စိတ်ကူးမရှိပေ။ အဇူရာအင်ပါယာမြို့တော်တွင် လူသတ်ခြင်းကို အထူး တားမြစ်ထားသည်။ သူသာ စည်းမျဉ်းချိုးဖောက်ပြီး လူသတ်လိုက်မည်ဆိုပါက အဇူရာအင်ပါယာမြို့နှင့် ရန်သူဖြစ်သွားပေလိမ့်မည်။
လီတောင်ကဲ့သို့ လူတစ်ယောက်အား သတ်ပြီး ရေခဲငှက်မွေးအား ခေါ်ထုတ်ရမည်ဆိုလျှင် လုံး၀မထိုက်တန်ချေ။
ထိုအကောင်အား သင်ခန်းစာပေးချင်ရုံသာဖြစ်၏။
ထိုနေရာမှ ပြန်ထွက်လာပြီးနောက် ရွှမ်ယီက ဆက်လက်လျှောက်ပတ်ကြည့်ရန် စိတ်မ၀င်စားတော့ချေ။ လရေကန် တည်းခိုဆောင်သို့ တန်းပြန်လာခဲ့လိုက်သည်။
လင်းဇီရင် နှင့် ကုယီယီနှစ်ယောက်စလုံး ကိုယ်ပိုင်အခန်းများတွင် ကြိုးစားကျင့်ကြံနေကြ၏။
၀မ်ဟူကတော့ အခန်းထဲရှိမနေခဲ့ချေ။ သူ၏ အနာဂါတ်ချစ်သူကောင်မလေးအား ရှာရန်ထွက်သွားပုံရသည်။
(၃)ရက်ကြာပြီးနောက်…
အဇူရာဒေသမဟာပြိုင်ပွဲကြီး စတင်ကျင်းပမည့်ရက်ဖြစ်လေသည်။
မြို့တော်တစ်ခုလုံး လှုပ်ရှားသက်၀င်နေခဲ့၏။
အဇူရာဒေသတစ်ခုလုံးမှ လူငယ်လူရွယ် ပါရမီရှင်အများစု ဤနေရာ၌ စုရုံးရောက်ရှိနေကြသည်။
“ အဇူရာ အင်ပါယာမြို့တော်မှ ကြိုဆိုပါတယ်…”
အဇူရာအင်ပါယာနန်းတော်အတွင်းမှ ခံ့ညားထည်ဝါသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး မြို့အလယ် ကောင်းကင်ထက်၌ မတ်တပ်ရပ်နေခဲ့သည်။
“ အဇူရာဘုရင်…”
မရေမတွက်နိုင်သည့်လူများ တုန်လှုပ်သွားခဲ့ကြသည်။
ထို ခန့်ညားထည့်ဝါသည့် လူကြီးက အဇူရာအင်ပါယာမြို့တော်၏ သခင် အဇူရာဘုရင်ဖြစ်ပေသည်။ အဇူရာဒေသ၏ ထိပ်တန်းကျင့်ကြံသူ တစ်ယောက်လည်းဖြစ်၏။
အဇူရာဘုရင်က လေထုထဲ၌ ရပ်ကြ အဖွင့်မိန့်ခွန်းပြောကြားနေခဲ့သည်။
ထိုအချိန်တွင်
“ မင်းက ရွှမ်ယီလား…”
အမျိုးသားနှင့် အမျိုးသမီးတစ်ယောက် ရွှမ်ယီရှိရာသို့ လျှောက်လာရင်း မေးလိုက်၏။
ရွှမ်ယီက အမျိုးသားကိုမသိသော်လည်း ထိုအမျိုးသမီးနှင့် ဆုံဖူးပေသည်။ မင်ယွဲ့ရှုနှင့် ပထမဆုံးတွေ့သောနေ့တွင် ပါလာသည့် အမျိုးသမီးဖြစ်၏။ သူ့အား မင်ယွဲ့ရှုနှင့် ဝေးဝေးနေရန်ပင် သတိပေးခဲ့ဖူးသည်။
“ ကြည့်ရတာ နင်က ငါပေးတဲ့အကြံကို နားမထောင်ဘူးပဲ….”
ထိုနေ့က သူမ ထွက်မသွားမီ ရွှမ်ယီအား သတိပေးခဲ့သေးသည်။ သို့သော် လွန်ခဲ့သော ရက်များအတွင်း ထိုငနာကောင်က မင်ယွဲ့ရှုနှင့် ခဏခဏတွေ့ဆုံနေသည်ဟူသော သတင်းများသာ သူမ ရရှိခဲ့၏။
“ ဒါက ခင်ဗျားပြောပြောနေတဲ့ သခင်လေးဆိုတာလား…”
ရွှမ်ယီက အမျိုးသားဖြစ်သူအားကြည့်လိုက်၏။
‘ အင်း.. ဒီကောင်က ရုပ်ဆိုးလိုက်တာ…’
“ ကုလျူဖန်းက ငါ့ညီပဲ.. ပြီးတော့ မင်ယွဲ့ရှုဆိုတာ ငါ့ခယ်မလောင်းလေးကွ.. အဲ့တာကြောင့် မင်း သူမနဲ့ ဝေးဝေးနေသင့်တယ်…”
“ ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား…”
ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။ သူ့အား ခြိမ်းခြောက်သူများကို လုံး၀မကြိုက်ပေ။
“ အဲ့လိုပြောလို့ရတယ်…”
ထိုလူက အသံက အေးစက်သွားခဲ့သည်။
“ ဒါနဲ့ မင်းကို တစ်ခုသတိပေးဦးမယ်.. လူတော်တော်များများ ငါ့ကို ခြိမ်းခြောက်ဖူးကြတယ်.. ဒါပေမယ့် ငါက အခုထိ အဆင်ပြေနေတုံးပဲ.. သူတို့ကတော့ အုတ်ဂူထက်မှာ မြက်တွေတောင်ရှည်နေလောက်ပြီ…”
“ မင်းက သတ္တိရှိသားပဲ.. တကယ်လို့ မင်းသာ အဇူရာအင်ပါယာမြို့ အပြင်မှာ ငါ.. ကုဟုန်ကို ဒီလိုစကားမျိုးပြောရင် အသက်ပျောက်နေလောက်ပြီ…”
ထိုစကားအားကြားလျှင် ရွှမ်ယီက ပြုံးလိုက်၏။
အဇူရာအင်ပါယာမြို့သာမဟုတ်ရင်.. ဟီးဟီး……….
“ တံဆိပ်ပြားရှိတဲ့ လူတွေအားလုံး အဇူရာနယ်မြေထဲကို ငါ့နောက်က လိုက်၀င်ခဲ့ကြ….”
ထိုတံဆိပ်ပြားဆိုသည့်အရာမှာ အဇူရာဒေသမဟာပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်မည့်လူတိုင်း ရရှိထားသော တံဆိပ်ကို ဆိုလိုခြင်းဖြစ်သည်။
ပြိုင်ပွဲက ကန့်သတ်ချက် သိပ်မများပေ။ မရှိသလောက်ဟုပင်ပြော၍ရသည်။ အသက်(၃၀)အောက်လူများ သို့မဟုတ် ချီအခြေခံတည်ဆောက်ခြင်းအဆင့် ရှိသူတိုင်း ဤပြိုင်ပွဲအား ၀င်ရောက်ယှဉ်နိုင်သည်။
ရွှမ်ယီတို့အားလုံး လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက တံဆိပ်ပြားများ ကိုယ်စီရရှိထားပြီးဖြစ်သည်။
ကောင်းကင်ထက်တွင် အဇူရာဘုရင်က လေထဲသို့ ခြေတစ်ချက်ဆောင့်လိုက်၏။ ထို့နောက် တံဆိပ်ပြားကိုင်ဆောင်ထားသည့် ပြိုင်ပွဲ၀င်တိုင်း ၎င်းတို့၏ ပတ်၀န်းကျင်က ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။ သူတို့ပြန်ပေါ်လာချိန်၌ ကမ္ဘာသစ်တစ်ခုထဲ၌ ရောက်နေကြောင်း တွေ့လိုက်ရသည်။
ဘုရင်အဆင့် ကျင့်ကြံသူတိုင်း ကမ္ဘာငယ်လေးများ ဖန်တီးနိုင်ကြသည်။ လက်ရှိရောက်နေသော ကမ္ဘာမှာ အဇူရာဘုရင် ဖန်တီးထားသည့် ကမ္ဘာငယ်တစ်ခုဖြစ်၏။
“ ကျန်းချန်.. ကျန်းချန်က ငါတို့ အဇူရာဒေသရဲ့ နံပါတ်(၁) ပါရမီရှင်ပဲ…”
“ သူကို့ ဟောင်တျန်ဓားဂိုဏ်းရဲ့ ဓားလို့လဲ လူသိများတယ်.. နှစ်(၁၀၀၀)အတွင်း သူက အရည်အချင်းရှိဆုံးလူတစ်ယောက်ပဲ…”
“ ဟွာချင်းချီ.. အိုး ဘယ်လောက်တောင် ခန့်ညားလိုက်လဲ…”
“ ဒွန်ချန်းကုံ.. သူက နိုင်ငံငယ်လေးတစ်ခုကနေလာပြီး လက်ရှိအခြေအနေအထိ ရောက်ရှိလာတာ.. သူကလည်း တကယ်ကြောက်ဖို့ကောင်းလွန်းတယ်…”
“ အိုး.. မင်ယွဲ့ရှုက လှလိုက်တာ..”
“သူမက အဇူရာဒေသရဲ့နံပါတ်(၁) အလှလေးဖြစ်ရုံတင်မဟုတ်ဘူး.. ပါရမီလည်း အရမ်းကောင်းတယ်.. အဇူရာအဆင့်မှာ နံပါတ်(၇)ပဲ….”
“ အနာဂါတ်ကျရင် သူမကို ဘယ်လို ကံကောင်းတဲ့ကောင်းမျိုးက ပိုင်ဆိုင်သွားမှာလဲကွာ…”
“ အဇူရာအဆင့်နံပါတ်(၇) ကုလျူဖန်းက မင်ယွဲ့ရှုကို လိုက်နေတာကြာပြီလို့ ပြောသံကြားတယ်.. ဒါပေမယ့် မင်ယွဲ့ရှုက သူ့ကို လုံး၀စိတ်မ၀င်စားဘူးဆို…”
အလွန်ကြီးမားသည့် ဖန်သားပြင်ကြီးတစ်ခု ကောင်းကင်တွင်ပေါ်လာပြီး အဇူရာအဆင့်မှ အရွေးချယ်ခံများကို အဆင့်လိုက် ဖော်ပြထားခဲ့သည်။
ထိုအဆင့်အားကြည့်ပြီး လူအုပ်ကြီးက ပွတ်လောရိုက်သွားခဲ့သည်။ အများစုက ထိပ်တန်း(၁၀)ယောက်ကိုကြည့်ပြီး ဆွေးနွေးနေကြ၏။
“ အဇူရာဒေသမဟာပြိုင်ပွဲကြီးကို ပွဲစဥ်(၄)ခုခွဲပြီး ကျင်းပသွားမှာပဲဖြစ်တယ် .. ပထမပွဲစဉ်ကို အစစ်အမှန်ပမာဏလို့ ခေါ်တယ်…”
“ တစ်ယောက်စီရဲ့ တံဆိပ်ပြားတိုင်းမှာ ‘မူလအဇူရာအမှတ်’ လေးတွေထည့်ထားတယ်.. ပြိုင်ပွဲရဲ့ ပထမအဆင့်အနေနဲ့ တံဆိပ်ပြားရှိတဲ့လူတိုင်းကို ကမ္ဘာငယ် ထောင်ပေါင်းများစွာထဲကို ကျပန်းပို့ပေးမှာပါ.. ပြီးရင် အဲ့ဒီ ကမ္ဘာငယ်လေးတွေထဲမှာ အချိန်(၁)နာရီကြာနေရမယ်.. အထဲမှာ စိတ်ဝိညာဉ်စွမ်းအင်ကတဆင့် ဖန်တီးထားတဲ့ နတ်ဆိုးသားရဲတွေရှိတယ်.. အဲ့ဒီသားရဲတွေက ချီအခြေခံတည်ဆောက်ခြင်းအဆင့်ကနေ အခြေတည်ဝိညာဉ်အဆင့်ထိရှိကြတယ်.. မင်းတို့က နတ်ဆိုးသားရဲတွေကို သတ်တာနဲ့ မူလအဇူရာအမှတ်တွေရလိမ့်မယ်… ကိုယ်သတ်လိုက်တဲ့ နတ်ဆိုးသားရဲရဲ့ အဆင့်အပေါ်မူတည်ပြီး အမှတ်တွေက ကွာခြားသွားနိုင်တယ်… အချိန်(၁)နာရီပြီးရင် အမှတ်အများဆုံး(၁၀၀၀၀)က နောက်တစ်ဆင့်ကို ဆက်လက်ယှဉ်ပြိုင်နိုင်မှာပဲဖြစ်တယ်…..”
“ ဒါနဲ့.. ကမ္ဘာငယ်လေးတွေထဲမှာ အသတ်ခံလိုက်ရမယ်ဆိုရင်.. တံဆိပ်ပြားထဲမှာရှိတဲ့ မူလအဇူရာအမှတ်တွေကို လက်လွှတ်လိုက်ရမှာဖြစ်ပြီး.. နောက်တစ်ဆင့်ကိုလည်း တက်နိုင်တော့မှာမဟုတ်ဘူး…”
အဇူရာနယ်မြေအတွင်း၌ အိုမင်းနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအား ရှင်းပြလိုက်သည်။
ထိုအဘိုးကြီး၏ နာမည်က အဇူရာနဂါးဖြစ်သည်။ သူက အဇူရာအင်ပါယာမြို့တော်၏ ဒုမြို့တော်သခင်များထဲမှ တစ်ယောက်ဖြစ်ပြီး ဘုရင်တစ်၀က်အဆင့် ကျွမ်းကျင်သူလည်းဖြစ်ပေသည်။ လက်ရှိ အဇူရာဒေသမဟာပြိုင်ပွဲကြီးအား ဒိုင်လူကြီးအဖြစ် ကြီးကြပ်ကွပ်ကဲမည့်လူလည်းဖြစ်၏။
“ ထိပ်တန်း(၁၀၀၀၀)ပဲ နောက်တစ်ဆင့်တက်နိုင်မှာလား.. လူဘယ်နှယောက်တောင် အထုတ်ခံရမှာလဲ…’
“ အမှန်ဘဲ.. ဒါကြီးက ရက်စက်လွန်းတယ်…”
အဇူရာနယ်မြေအတွင်းသို့ လက်ရှိ၀င်ရောက်လာသူများမှာ သန်းပေါက်းများစွာရှိ၏။ သို့သော် ၎င်းတို့အထဲမှ အယောက်(၁၀၀၀၀)သာ နောက်တစ်ဆင့်သို့ တက်နိုင်မည်ဖြစ်ရာ အလွန်ရက်စက်လွန်းလှသည်။
အဘိုးကြီး အဇူရာနဂါးက ထိုစကားများအား နားထောင်နေရန် စိတ်မ၀င်စားချေ။ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထက်၌ ကမ္ဘာငယ်ပေါင်း(၁၀၀၀)၏ ၀င်ပေါက်များ လေထဲတွင်ပေါ်လာခဲ့သည်။
တစ်ပြိုင်နက်တည်း အလွန်ကြီးမားသည့် မျက်နှာပြင်ကြီးတစ်ခုလဲ ကောင်းကင်ထက်၌ ပေါ်ထွက်လာကာ ကမ္ဘာငယ်များ၏ နံပါတ်များနှင့်တကွ ပြိုင်ပွဲ၀င်များ၏အမည်များကို ဖော်ပြထားလေသည်။
ထိုမျက်နှာပြင်မှ တဆင့် မိမိ၀င်ရောက်ရမည့် ကမ္ဘာ၏ နံပါတ်ကိုသိနိုင်မည်ဖြစ်သည်။
“ ကမ္ဘာနံပါတ်(၃၅)လား.. ဝိုး မိုက်တယ်.. အဲ့မှာ အဇူရာအဆင့်က တစ်ယောက်မှမရှိဘူး…”
“ ငါ့ကမ္ဘာကတော့ အဆင်မပြေဘူး.. အဇူရာအဆင့်က ရွေးချယ်ခံတွေ မနည်းရှိတယ်…”
ကျပန်း စာရင်းများထုတ်ပြန်ပြီးချိန်တွင် လူအုပ်ကြီးတစ်ခုလုံး ပွတ်လောရိုက်သွားခဲ့၏။
တချို့က ပျော်ရွှင်နေကြသော်လည်း တချို့ကမူ မျက်ရည်များဝိုင်းနေကြချေပြီ။
………..
ရွှမ်ယီက ခေါင်းမော့ပြီး သူ၀င်ရမည့် ကမ္ဘာငယ်လေး၏ နံပါတ်ကို ရှာဖွေလိုက်သည်။
“ ၉၃၆…”
ထို့အပြင် သူက ကုယီယီ၏ အမည်ကိုလည်း မြင်ခဲ့လေသည်။ သူမက ကမ္ဘာနံပါတ်(၁၃၆)တွင်ဖြစ်ပြီး အဇူရာအဆင့်မှ လူများလည်း တစ်ယောက်မှ မပါ၀င်သည်ဖြစ်ရာ အခြေအနေကောင်းသည်ဟု ပြောရပေလိမ့်မည်။
ကုယီယီ ထိပ်တန်း(၁၀၀၀၀)သို့ ၀င်နိုင်ရန် အလွန်မျှော်လင့်နေမိသည်။
မဟုတ်လျှင် သူ၏တာ၀န်က ဇာတ်သိမ်းသွားပေလိမ့်မည်။
ကုယီယီ၏ ခွန်အားက ထိပ်ဆုံး(၁၀၀၀၀)သို့ ၀င်နိုင်ရန် လုံလောက်ပေသည်။ နောက်တစ်ခု အနေနှင့် ကံတရားအပေါ်လည်း မူတည်နေသေး၏။
ရွှမ်ယီက သူ၀င်ရမည့် ကမ္ဘာငယ်လေးမှ လူများနှင့် ပတ်သက်၍မူ ဂရုပင်မစိုက်ချေ။
သူ့အနေဖြင့် တခြားလူများအား ဂရုစိုက်နေစရာအကြောင်းမရှိပေ။
သို့သော် သူ၀င်ရမည့် ကမ္ဘာနံပါတ်(၉၃၆) ဘေးရှိ လူစားရင်းမှ နာမည်တစ်ခုအား အမှတ်မထင်မြင်လိုက်ရာ အံ့အားသင့်သွားခဲ့ရသည်။
‘ ကုဟုန်…’
‘ အဲ့တာ အဇူရာအင်ပါယာမြို့တော်မှာ ငါ့ကို ခြိမ်းခြောက်တဲ့ကောင်မဟုတ်လား…’
“ နံပါတ်(၉၃၆) ကံမကောင်းဘူးဟေ့.. ဒီကမ္ဘာငယ်လေးမှာ စီမင်လည်းရှိတယ်…”
စီမင်ဆိုသည်မှာ အဇူရာအဆင့် နံပါတ်(၃၆)မှ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၉)အထွတ်အထိပ် ကျင့်ကြံသူဖြစ်၏။
“ ၀မ်ရွှမ် အဆင့်(၂၂၇).. လိပ်နက် အဆင့်(၁၉၃).. ကုဟုန် အဆင့်(၁၀၁)…..”
“ ပြီးတော့ ရွှမ်ယီဆိုတဲ့ တစ်ယောက်လည်းရှိသေးတယ်.. သူ့အဆင့်က တော်တော်လေးနိမ့်ပေမယ့် သူကလည်း အဇူအဆင့်၀င်တစ်ယောက် ဖြစ်နေတုံးပဲ…”
“ ဒီအုပ်စုမှာ ငါကျတာတဲ့ကွာ.. ချီးဘဲ….”
ရွှမ်ယီတို့ ကမ္ဘာငယ်၌ ကျသောလူများကလည်း စိတ်ဓာတ်ကျကာ အော်ဟစ်နေခဲ့ကြ၏။
ကမ္ဘာငယ်လေးများ ကျပန်းသတ်မှတ်ခြင်းတွင် သန်မာသောလူများနည်းပါးသည့် အဖွဲ့၌ ကျလျှင် နောက်တစ်ဆင့်တက်ရန် ပို၍ အခွင့်အရေးများပေလိမ့်မည်။
ပထမပွဲစဉ်တွင် ခွန်အားကအရေးကြီးဆုံးဖြစ်သော်ငြား ကံကောင်းရန်လည်း လိုအပ်ပေသည်။
“ ဟဟ.. ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ.. ကောင်လေး ကမ္ဘာငယ်လေးထဲမှာ ငါနဲ့မတွေ့ဖို့ဆုတောင်းထား... မဟုတ်ရင် အဇူရာအဆင့် (၉၆၁) တဲ့လား.. ဟီးဟီး နောက်တစ်ဆင့်ကို မင်းမရောက်နိုင်တော့ပါဘူး…”
ကုဟုန်က သူ၀င်ရောက်ရမည့် ကမ္ဘာငယ်လေးတွင် ရွှမ်ယီ၏ နာမည်ပါနေသည်အားမြင်လျှင် အားရပါရရယ်မောလိုက်၏။
ကမ္ဘာငယ်(၁၀၀၀)မှာ အလွန်သေးငယ်ခြင်းမရှိသလို ကြီးမားသည်ဟုလည်း သတ်မှတ်၍မရချေ။ တစ်ယောက်နှင့် တစ်ယောက် ဆုံတွေရန်ရာခိုင်နှုန်း အရမ်းများပေသည်။