သန်မာတဲ့လူက အားနည်းတဲ့လူကို ကြောက်တယ်ဆိုတာ ကြားဖူးလို့လား…?
Vol. 5 Ch. 69
“ အဇူရာဒေသမဟာပြိုင်ပွဲကြီး ပထမဆုံးပွဲစဉ် အခုပဲ စတင်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်…”
လူတိုင်း ၎င်းတို့၏ မြင်ကွင်းများပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။
သူတို့ပြန်ပေါ်လာချိန်၌ ကမ္ဘာငယ်လေးများထဲတွင် ရောက်နေကြပြီဖြစ်၏။
“ ဂရား…”
ကမ္ဘာငယ်လေးထဲသို့ ရောက်ရောက်ချင်း အရိပ်ကျားသစ်တစ်ကောင် ပြေး၀င်လာပြီး ရွှမ်ယီအား လက်သည်းနှင့်လှမ်းကုပ်လိုက်သည်။
“ ရွှပ်…”
လက်ထဲတွင် ဓားတစ်ချောင်းပေါ်လာပြီး အရိပ်ကျားသစ်အား ပိုင်းချလိုက်၏။
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် အရိပ်ကျားသစ်က ရွှမ်ယီ၏ ဓားချက်အား မည်သို့ ခုခံနိုင်မည်နည်း။ ၎င်း၏ ခန္ဓာကိုယ်အား ဓားချက်ဖြတ်သန်းသွားသည်နှင့် အလင်းစက်အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားကာ ရွှမ်ယီ၏ ခါးတွင်ချိတ်ထားသော တံဆိပ်ပြားအတွင်းသို့ မူလအဇူရာအမှတ်များအဖြစ် ပြောင်းလဲ၀င်ရောက်သွားခဲ့သည်။
အရိပ်ကျားသစ်က တကယ့်အစစ်အမှန် နတ်ဆိုးသားရဲမဟုတ်ပေ။ အဇူရာဘုရင်က စိတ်ဝိညာဉ်စွမ်းအားများသုံးကာ ဖန်တီးထားသည့် ပုံတူသားရဲများသာဖြစ်၏။
ထိုပုံတူသားရဲများက အစစ်အမှန်နတ်ဆိုးသားရဲများမဟုတ်ကြသော်လည်း ခွန်အားကမူ ပြင်ပကမ္ဘာမှ နတ်ဆိုးသားရဲများနှင့် အတူတူပင်ဖြစ်သည်။
“ (၈၈၅၃)မှတ်.. အရိပ်ကျားသစ်က စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈)ပဲဖြစ်ရမယ်…”
ကမ္ဘာငယ်လေးများထဲ၌ မည်သည့်နတ်ဆိုးသားရဲအားသတ်သည်ဖြစ်စေ မူလအဇူရာအမှတ်များ ရရှိနိုင်သည်။
ချီအခြေခံတည်ဆောက်ခြင်းသားရဲများအား သတ်ဖြတ်မည်ဆိုပါက အမှတ်(၁၀၀) မှ (၁၀၀၀) အတွင်းရရှိပေလိမ့်မည်။
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်အတွက်မူ အမှတ် (၁၀၀၀) မှ (၁၀၀၀၀)အထိဖြစ်သည်။
အခြေတည်ဝိညာဉ်အဆင့်သားရဲများကို သတ်နိုင်လျှင်တော့ အမှတ် (၁)သိန်း မှ (၁)သန်း အထိရရှိနိုင်သည်။
၎င်းက များလွန်းသည်ဟုထင်ရသော်လည်း လက်ရှိပြိုင်ပွဲ၀င်များအနေဖြင့် အခြေတည်ဝိညာဉ်အဆင့်မြင့် သားရဲများအား သတ်ရန်မှာ မဖြစ်နိုင်လုနီးပါပင်။
ကမ္ဘာငယ်လေးများထဲ၌ နတ်ဆိုးသားရဲများစွာရှိသော်လည်း အများစုက ချီအခြေခံတည်ဆောက်ခြင်း အဆင့်များသာဖြစ်၏။
ထိုအဆင့် သားရဲ အကောင်တစ်ရာကျော်သတ်မှ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သားရဲ အကောင်အနည်းငယ်ခန့်နှင့် ယှဉ်နိုင်ပေလိမ့်မည်။
အမှတ် (၈၀၀၀)ကျော်သာရခဲ့ခြင်းအပေါ် ရွှမ်ယီ စိတ်ညစ်ခြင်းအလျင်းမရှိချေ။
သူ့အတွက် ယခုမှ အစသာဖြစ်၏။
“ ဓားတစ်သောင်း ပုံဖော်ခြင်း…”
ရွှမ်ယီ၏ ခေါင်းထက်တွင် ထောင်နှင့်ချီသော စိတ်ဝိညာဉ်ဓားများ ဖြစ်ပေါ်လာခဲ့သည်
။
ရွှမ်ယီ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ သူထိန်းချုပ်နိုင်သည့် ဓားအရေအတွက်မှာလည်း (၂)သောင်းကျော်သွားပြီဖြစ်၏။
ထိုသိုင်းကွက်မှာ အုပ်စုလိုက်တိုက်ပွဲအတွက် အလွန်သင့်လျော်သည့် အကွက်မျိုးဖြစ်ပေသည်။
သတ်..!
ရွှီး…!
သောင်းနှင့်ချီသော စိတ်ဝိညာဉ်ဓားများ ပတ်၀န်းကျင်သို့ပြေးထွက်သွားသည့်မှာ အံ့မခန်းမြင်ကွင်းတစ်ခုအလားပင် ဖြစ်ချေတော့သည်။
ကီလိုမီတာ (၁၀၀) ၀န်းကျင်ရှိ နတ်ဆိုးသားရဲများအားလုံး ဇာတ်သိမ်းသွားခဲ့ပြီး ရွှမ်ယီ၏ အမှတ်များမှာလည်း ရူးသွပ်စွာမြင့်တက်လာနေလေသည်။
၂၁၅၄၂ မှတ်..!
၃၈၈၈၉ မှတ်..!
၇၉၃၂၆ မှတ်…!
၂၁၀၀၆၀ မှတ်…!
၃၅၉၇၅၀ မှတ်…!
သုံးမိနစ်ပင် မကြာသည့် အချိန်တိုလေးအတောအတွင်း လက်ရှိနေရာ ပတ်၀န်းကျင်မှ နတ်ဆိုးသားရဲများအားလုံး အမှတ်များအဖြစ်ပြောင်းကာ ရွှမ်ယီထံသို့ ရောက်သွားခဲ့ချေပြီ။
“ ဟူး.. အနားမှာ အခြေတည်ဝိညာဉ်အဆင့် သားရဲတွေရှိနေရင် တော်တော်ကောင်းမှာပဲ… အဲ့တာမှ အမှတ်တွေ သန်းနဲ့ချီပြီးရမှာ….”
ဤနေရာရှိ နတ်ဆိုးသားရဲများအားလုံး ပြောင်ရှင်းသွားပြီဖြစ်ရာ လက်ရှိနေရာ၌ ဆက်နေစရာအကြောင်းမရှိတော့ချေ။
ရွှမ်ယီက ပထမနေရာအား မှန်းထားသည်ဖြစ်ရာ အချိန်အနည်းငယ်မျှပင် အဆုံးရှုံးမခံနိုင်ပါ။
မိနစ်အနည်းငယ်ခန့်ကြာပြီနောက် သဲကန္တာရတစ်ခုထဲသို့ ရွှမ်ယီရောက်ရှိလာခဲ့၏။
ထိုအခိုက်တန့်တွင် သူရှိရာဘက်သို့ အရူးအမူးပြေးလာနေသည့် လူများကို တွေ့လိုက်ရသည်။
ကြောက်မက်ဖွယ်အရာတစ်ခု သူတို့နောက်မှ လိုက်လာနေသလိုပင်။
“ မင်းတို့ ဘာဖြစ်လို့ ထွက်ပြေးနေကြတာလဲ…”
ရွှမ်ယီက လူတစ်ယောက်အားတားကာ မေးလိုက်သည်။
“ အဲ့တာ ၀မ်ရွှမ်ပဲ.. သူက ပြိုင်ပွဲ၀င်တွေကို အရူးလို လိုက်သတ်နေတယ်….”
“ အဲ့ကောင်က ရူးနေတာ.. ကွကို အစွမ်းရှိရင် နတ်ဆိုးသားရဲတွေကို သွားသတ်လေ.. ဘာလို့ ငါတို့ကိုလိုက်သတ်နေရတာလဲ….”
ထိုလူက ဒေါသသံနှင့် ပြောလိုက်၏။
သို့သော် ရွှမ်ယီက ထိုသို့မတွေးချေ။
ပထမပွဲစဉ်တွင် ပြိုင်ပွဲ၀င်များအချင်းချင်း သတ်ဖြတ်၍ရသည်ဖြစ်ရာ ၀မ်ရွှမ်၏ လုပ်ရပ်က လွန်ကဲနေခြင်းမရှိချေ။
အကယ်၍ သူက တစ်ယောက်ယောက်အားလွှတ်ပေးလိုက်လျှင် ထိုသူထံတွင် ရှိနေသော အမှတ်များကြောင့် သူ၏ အမှတ်ရနိုင်ချေမှာလည်း လျော့ကျသွားပေလိမ့်မည်။
‘ အင်း.. ငါ့ရှေ့က လူက တော်တော်မရင့်ကျက်သေးဘူးပဲ…’
ထိုလူက ရွှမ်ယီကိုလည်း သတိထားနေခဲ့၏။
“ မင်း ငါနဲ့တွေ့တာကံကောင်းတယ်.. တကယ်လို့ တခြားတစ်ယောက်ဆိုရင် မင်းကို လွှတ်ပေးကောင်းလွှတ်ပေးနိုင်တယ် ဒါပေမယ့် ငါကတော့ အဲ့လိုမဟုတ်ဘူး…”
ရွှမ်ယီ၏ စကားကြောင့် ထိုလူစိတ်သက်ရာရ ရသွားခဲ့၏။
‘ နေပါဦး တစ်ခုခုလွဲနေသလိုပဲ..’
ရွှမ်ယီ၏ စကားအား ပြန်စဉ်းစားလိုက်ပြီးနောက် ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
ရွှပ်..!
ဓားတစ်ချက်ဖြင့် ထိုလူအား ဇာတ်သိမ်းပေးလိုက်၏။ ထို့နောက် ထိုလူထံမှ အမှတ်များက သူ့ထံသို့ ရောက်ရှိလာခဲ့သည်။
“ (၅၃၁) မှတ်ပဲလား.. အရမ်းနည်းတာပဲ…”
ရွှမ်ယီက ခေါင်းယမ်းလိုက်မိသည်။ သူသတ်ခဲ့သော စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် နတ်ဆိုးသားရဲတစ်ကောင်လောက်ပင်မရှိချေ။ သို့သော် မည်မျှပင်သေးငယ်နေပါစေ အသားက အသားသာဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ သူ၏ အရှေ့အရပ်တွင် ငါးကြီးကြီးတစ်ကောင်ရှိနေသေးသည်။
ရွှမ်ယီက ပြေးလာနေသော လူများနှင့် ဆန့်ကျင်ဘက် အရပ်သို့ ပြေးသွားခဲ့၏။
သူက ဦးတည်ချက်က လက်ရှိနေရာနှင့် သိပ်ဝေးကွာခြင်းမရှိချေ။
“ ဟားဟားဟား…”
ပြိုင်ပွဲ၀င်များအား အရူးအမူးလိုက်သတ်နေသည့် ၀မ်ရွှမ်တစ်ယောက် အားရပါးရအော်ရယ်လိုက်၏။
နတ်ဆိုးသားရဲများအား သတ်ဖြတ်ရသည်ထက် ထိုလူများအား သတ်ဖြတ်ရသည်ကို ပို၍ ခုံမင်နေမိသည်။
ထိုလူများက နတ်ဆိုးသားရဲများကိုသတ်ပြီး သူက ထိုလူများကို ပြန်သတ်ကာ အမှတ်များ အေးဆေး စုဆောင်းနိုင်၏။
တခြားသူများ စိုက်ပျိုးထားသည်ကို လိုက်လံရိတ်သိမ်းရခြင်းက အလွန်စိတ်ချမ်းသာစရာကောင်းလွန်းလှသည်။
ပြိုင်ဘက်များအား သဲကြီးမဲကြီး လိုက်လံသတ်ဖြတ်ထားမှုများကြောင့် သူ၏အမှတ်များမှာ (၂)သိန်းနီးပါး ရောက်ရှိနေချေပြီ။
သူ၏ အမှတ်များက ရွှမ်ယီနှင့် ယှဉ်လျှင် နိမ့်ကျနေသေးသော်လည်း ဤကမ္ဘာငယ်လေးထဲ၌ သူက ဒုတိယအများဆုံးလူ ဖြစ်နိုင်သည်။
“ ဆွစ်ရှ်…”
“ ဟမ်…”
ပြိုင်ပွဲ၀င်များအား နောက်မှ လိုက်သတ်နေသည့် ၀မ်ရွှမ်က တစ်စုံတစ်ယောက် သူ့ထံသို့ ချဉ်းကပ်လာနေကြောင်း တွေ့လိုက်ရ၏။
ဤဖြစ်စဉ်က သူ့အား အံ့ဩသွားစေခဲ့သည်။
’ ဒီလူ.. ဒါက နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး မလား…’
ထိုလူက သူ့နှင့် ဝေးရာသို့ရောက်သွားလိမ့်ဟု ထင်မှတ်ထားခဲ့သော်လည်း ထိုလူက သူ့ထံသို့ တိုက်ရိုက်လာနေသည့်အလား ပို၍ နီးကပ်လာခဲ့သည်။
“ စိတ်၀င်စားစရာပဲ…”
၀မ်ရွှမ်က ရပ်တန့်လိုက်ပြီး သူနှင့် မီတာ(၁၀၀၀) အကွာမှ အဖြူရောင်၀တ်စုံနှင့်လူအား လှမ်းကြည့်လိုက်၏။
“ မင်းက ငါ့ကိုမကြောက်ဘူးလား…”
ရွှမ်ယီ သူ့အနားသို့ ရောက်လာသောအခါ ၀မ်ရွှမ်တစ်ယောက် အလွန်အံ့ဩသွားခဲ့ရသည်။
“ သန်မာတဲ့လူက အားနည်းတဲ့လူကို ကြောက်တာ မင်းကြားဖူးလား…”
“ ငါက အားနည်းတယ်လို့ မင်းပြောချင်တာလား…”
ရွှမ်ယီက ဘာမှပြန်မပြောဘဲ အလုပ်နှင့်သက်သေပြလိုက်၏။
“ ရွှပ်..”
ဓားတစ်ချက်…!
၀မ်ရွှမ် တုံ့ပြန်ချိန်ပင် မရလိုက်ပဲ ဓားအလင်းက သူ့အား ဖြတ်ကျော်သွားခဲ့သည်။
၁၉၅၆၇၀…!
“ မဆိုးဘူး.. ဒါက တကယ်ကိုကြီးတဲ့ ငါးကြီးတစ်ကောင်ပဲ.. ဒီလို ငါးကြီးတွေ အများကြီးရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်….”
……………
ပြင်ပ ကမ္ဘာငယ် ၊ အဇူရာကမ္ဘာ
[ ပင်မကမ္ဘာကြီး-အဇူရာ ကမ္ဘာငယ်-ကမ္ဘာငယ်ပေါင်း(၁၀၀၀) ]
၀မ်ရွှမ်တစ်ယောက် အပြင်သို့ ပြန်လည်ရောက်ရှိလာသည့်တိုင် အံ့အားသင့်နေဆဲဖြစ်၏။
အဲ့ဒီဓားချက်…!
၀မ်ရွှမ်က ရွှမ်ယီ၏ ဓားချက်အား မြင်ခဲ့ရပေသည်။
သို့သော်.. ထိုဓားချက်အား သူရှောင်နိုင်စွမ်း လုံး၀မရှိခဲ့ချေ။
ဓားချက်က အရမ်းမြန်လွန်းတယ်…!
၀မ်ရွှမ်၏ မျက်လုံးများက မြင်လိုက်သော်လည်း ထိုဓားချက်၏ အမြန်မှုန်းအား ခန္ဓာကိုယ်က လုံး၀လိုက်မမှီခဲ့ပေ။
“ သူက ဘယ်သူများလဲ…”
ကုဟုန် ၊ စီမင် ၊ ဟိုင်ဟု အစရှိသဖြင့် သူ့ကမ္ဘာငယ်လေးထဲမှ အစွမ်းထက်သူအားလုံးကို သူသိရှိထားပေသည်။
ထို (၃)ယောက်လုံးကလည်း သူ့အား သတ်နိုင်ပေသည်။
သို့သော် အဖြူ၀တ်ဓားသမားက မည်သူနည်း..? ထို(၃)ယောက်ထဲလည်း မဟုတ်ချေ။
“ ဒီလူက တကယ်ပဲ ဘယ်သူများပါလိမ့်…”
အဇူရာအဆင့် ထိပ်ဆုံး(၃၀၀) အတွင်းမှ လူတစ်ယောက်အနေဖြင့် ပထမဆုံးပွဲစဉ်တွင် ဖယ်ထုတ်ခံလိုက်ရသည်တဲ့လား...?
သူလုံး၀ လက်မခံနိုင်ဖြစ်နေခဲ့၏။
ဝှရှ်…!
သူတွေးနေတုံးမှာပဲ နံဘေးသို့ နောက်တစ်ယောက် ထပ်ရောက်လာခဲ့သည်။
“ ဟမ်.. စီမင် လား…”
စီမင်ဆိုသည်မှာ အဇူရာအဆင့်တွင် နံပါတ်(၃၆)ဖြစ်၏။
သူတို့ ကမ္ဘာငယ်လေး၌ အစွမ်းထက်ဆုံးပုဂ္ဂိုလ်လည်းဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်နှင့် အလွန်နီးကပ်နေသူလည်းဖြစ်သည်။
ဒါပေမယ့်….
သူလည်း အထုတ်ခံလိုက်ရတာလား…?
ကမ္ဘာငယ် (၉၃၆)၌ သူ့အား မည်သူက ထုတ်ပယ်နိုင်စွမ်းရှိသနည်း…?
နတ်ဆိုးသားရဲတစ်ကောင်ကောင်ကြောင့် ထွက်လာရတာများလား…?
၀မ်ရွှမ်တစ်ယောက် အတွေးလွန်နေတုံး စီမင်၏ စကားသံအားကြားလိုက်ရသည်။
“ ၀မ်ရွှမ်.. မင်းလည်း အထုတ်ခံလိုက်ရတာလား…”
“ အမ်း…”
“ အဖြူ၀တ်ဓားသမားက ငါ့ကိုသတ်ခဲ့တာ…”
“ အဖြူ၀တ်ဓားသမားလား.. ငါလည်း အတူတူပဲ…”
စီမင်က မျက်မှောင်ကြုတ်လိုက်မိသည်။
“ ဘာ.. မင်းကိုလည်း အဲ့လူက ထုတ်လိုက်တာလား…”
၀မ်ရွှမ် မှင်သက်သွားခဲ့လေသည်။
စီမင်၏ သန်မာမှုနှင့်ဆိုလျှင် သူ့အား နတ်ဆိုးသားရဲများက သတ်လိုက်ခြင်းသာဖြစ်ရမည်ဟု ၀မ်ရွှမ် ထင်ထားခဲ့သည်။
သို့သော် မမျှော်လင့်ထားတာက သူ့ကိုလည်း အဖြူ၀တ်ဓားသမားက ထုတ်လိုက်ခြင်းဖြစ်၏။
“ ငါ့ကို့ ဓားတစ်ချက်တည်းနဲ့ သတ်သွားတာ…”
ကမ္ဘာငယ်လေးထဲမှ တိုက်ပွဲအား ပြန်မြင်ယောင်ကြည့်ရင်း စီမင် လက်မခံနိုင်ဖြစ်နေခဲ့သည်။
“ ဘာ.. မင်းကိုလည်း ဓားတစ်ချက်နဲ့ သတ်ခဲ့တာလား…”
‘စီမင်တောင်မှ သူဆီက ဓားတစ်ချက်ကို မခံနိုင်ဘူးတဲ့လား…’
‘ ဒီလူက ဘယ်လောက်တောင် သန်မာလို့လဲ…’
‘ အခြေတည်ဝိညာဉ်အဆင့်လား..’
‘ သေချာတယ် ဒီလူက အခြေတည်ဝိညာဉ်အဆင့်ပဲဖြစ်ရမယ်..’
“ ကြည့်ရတာ ငါတို့ လူထူးဆန်းတစ်ယောက်နဲ့ တွေ့ခဲ့ကြတယ်နေမယ်…”
“ အခြေတည်ဝိညာဉ်အဆင့်.. အဲ့တာက အဇူဂာအဆင့် ထိပ်ဆုံးအယောက်(၂၀) ရဲ့ သန်မာမှုမျိုးပဲ.. ဒါပေမယ့် ငါသိသလောက်ဆိုရင် အဖြူ၀တ်ဓားသမားက ထိပ်ဆုံး(၂၀)ထဲကလူ မဟုတ်ဘူး…”