သန်းနဲ့ချီသော အမှတ်များ
Vol. 5 Ch. 70
နံပါတ်(၉၃၆) ကမ္ဘာငယ်…
လက်ရှိ ရွှမ်ယီ၏ မူလအဇူရာအမှတ်များမှာ (၇.၆) သန်းကျော် ရှိနေပြီဖြစ်၏။
မကြာသေးခင်က အခြေတည်ဝိညာဉ်အဆင့် နတ်ဆိုးသားရဲများရှိနေသည့် အသိုက်အား တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
“ အင်း.. အမှတ်(၇.၆)သန်းကျော်လောက်က သိပ်ပြီး စိတ်မချရသေးဘူး...နည်းနည်းလောက် ထပ်ရှာလိုက်ဦးမယ်.. လက်ကျန်နာရီ၀က်အတွင်း (၁၀)သန်းလောက်ရောက်သွားရင် အကောင်းဆုံးပဲ…”
ရွှမ်ယီ၏ စွမ်းအားပြင်းတိုက်ခိုက်မှုများအောက်တွင် သဲကန္တာရနယ်မြေ၌ လက်ကျန်နတ်ဆိုးသားရဲများ မရှိတော့ပေ။
ထို့ကြောင့် သူ့အနေဖြင့် အခြားနယ်မြေတစ်ခု ထပ်သွားမှဖြစ်ပေလိမ့်မည်။
ရွှမ်ယီ သဲကန္တာရအား ဖြတ်ကျော်ပြီး သစ်တောထူထပ်သော နယ်မြေတစ်ခုသို့ ရောက်ရှိလာခဲ့၏။ တောအုပ်၏ နက်ရှိုင်းသော အပိုင်းသို့ဆက်မသွားမီ ရွှမ်ယီ သွားနေရာမှာ ရုတ်တရက် ရပ်တန့်လိုက်လေသည်။
“ အမ်…”
အနီအနားရှိ ခြုံပုတ်တစ်ခုအောက်၌ လူသားတစ်ဦး၏ အငွေ့အသက်အား ခံစားမိလိုက်သောကြောင့်ဖြစ်သည်။
ထို အငွေ့အသက်က အရမ်းကို အားနည်းလွန်းနေသော်လည်း ရွှမ်ယီက အာရုံခံမိနေဆဲပင်။
ပြိုင်ပွဲ၀င်ငယ်လေးများအား သတ်ဖြတ်ရန် ရွှမ်ယီ စိတ်မ၀င်စားတော့ချေ။ သို့သော် သူအာရုံခံမိလိုက်သည့် အငွေ့အသက်အား ရင်းနှီးနေသလို ခံစားနေရသောကြောင့်ဖြစ်၏။
“ မင်း ကွကို ထွက်လာမလား.. ငါလာပြီး ထုတ်ပေးရမလား…”
“ အာ…”
ရွှမ်ယီ၏ စကားသံက ပုန်းအောင်းနေသူအား ထိန့်လန့်သွားစေခဲ့သည်။
‘ ဒါက.. မိန်းမတစ်ယောက် အသံလား..’
ရွှမ်ယီက တစ်ချက်လှုပ်လိုက်ပြီး ထိုခြုံပုတ်အနီးသို့ ရောက်သွားခဲ့သည်။
“ ဪ.. မင်းကိုး…”
ထို့နောက် ရွှမ်ယီ အံ့အားသင့်သွားခဲ့၏။
ထိုမိန်းကလေးအား သူသိပေသည်။
မူချင်းချင်း…
သူ့ရဲ့ ရူးကြောင်ကြောင်တပည့် ၀မ်ဟူ၏ အနာဂါတ်ချစ်သူကလေး မဟုတ်ပေလော…
“ အမ်.. ရှင်.. ရှင်က အစ်ကို၀မ်ဟူရဲ့ ဆရာမဟုတ်လား…”
မူချင်းချင်းလည်း ရွှမ်ယီကို မှတ်မိပေသည်။
လှေပျံထက်တွင် တွေ့တွေ့ချင်း သူမက ရွှမ်ယီအား ၀မ်ဟူ၏ စီနီယာအစ်ကိုဟုထင်နေခဲ့သည်။ ၀မ်ဟူ ရှင်းပြပြီးနောက်မှ ဆရာမှန်းသိသွားခဲ့၏။
“ ရှင်မှန်းသိရင် ပုန်းမနေပါဘူး…”
မူချင်းချင်းက ရောက်လာသူမှာ ရွှမ်ယီ ဖြစ်နေမှန်းသိလိုက်ရလျှင် သက်ပြင်းတစ်ချက်ချလိုက်မိ၏။
“ ငါက မင်းအစ်မတစ်ယောက်ပဲ ၀င်ပြိုင်မယ်လို့ထင်ထားတာ…”
မူမိသားစုတစ်ခုလုံးတွင် ဒုတိယပွဲစဉ်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက်အရှိဆုံးလူမှာ မူချူလျန်တစ်ယောက်သာရှိ၏။
သူမက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
သို့သော် သူမပင် ဒုတိယပွဲစဉ်သို့ တက်နိုင်ရန်အခွင့်အရေး နည်းလွန်းလှ၏။
မူချင်းချင်းအတွက်မူ သူမက ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၃)သာ ရှိသေးသည်ဖြစ်ရာ ၀င်ပြိုင်ခြင်း မပြိုင်ခြင်းက ဘာမျှမထူးခြားချေ။ ပြိုင်ပွဲအတွင်း၌ သာမန်ဖြတ်လျှောက်တစ်ယောက် အဆင့်သာရှိ၏။
“ အဓိကက ၀င်ပြိုင်နေဖို့ပဲလိုတယ်.. ပြီးရင် ကျွန်မကိုလည်း လျှော့မတွက်နဲ့.. ဒီမှာ ကျွန်မရဲ့ အမှတ်တွေကိုကြည့်လိုက်…’
မူချင်းချင်းက ပြောနေရင်း သူမ၏ တံဆိပ်အား ရွှမ်ယီထံသို့ လှမ်းပေးလိုက်သည်။
“ ၃၃၁ မှတ်..”
ရွှမ်ယီ “…….”
‘ ဒါက မူချင်းချင်းပြောတဲ့ အများကြီးဆိုတာလား…’
ထိုအမှတ်မှာ ကမ္ဘာငယ် နံပါတ်(၉၃၆) ထဲတွင် အနိမ့်ဆုံးအမှတ်ပင် ဖြစ်နိုင်ချေရှိ၏။
“ ရှင့်မှာရော အမှတ်ဘယ်လောက်ရပြီလဲ… ရှင်က ၀မ်ဟူရဲ့ဆရာဆိုတော့ အားနည်းနေမှာတော့မဟုတ်ဘူး.. ကျွန်မ အစ်မနဲ့အတူတူ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်လား…”
“ ငါ့အထင် မင်းမကြည့်တာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် မင်းလန့်ပြီး မေ့လဲသွားမှာစိုးရတယ်…”
“ ရှင်က တော်တော်ကြွားတာပဲ.. ဘာလန့်စရာများ ရှိမှာမို့လဲ… အလွန်ဆုံးရှိ သောင်းဂဏန်းလောက်ပေါ့…”
“ မဟုတ်သေးဘူး.. ငါ့အနေနဲ့ တစ်ကောင်သတ်ရင်တောင် သောင်းဂဏန်းရတယ်…”
“ မယုံဘူး.. ပြကြည့်…”
မူချင်းချင်း၏ အလွန်စိတ်အားထက်သန်နေသည့် အမူအရာအားမြင်လျှင် ရွှမ်ယီလည်း မတတ်သာဘဲ ခါးမှ တံဆိပ်အား ဖြုတ်ပေးလိုက်လေသည်။
အစပိုင်းတွင် မူချင်းချင်း၏ အမူအရာက သာမန်သာဖြစ်၏။ သို့သော် ရွှမ်ယီ၏ တံဆိပ်ကြားမှ အမှတ်များကိုမြင်လျှင် မျက်လုံးပင် ကျွတ်ကျမတတ်ဖြစ်သွားခဲ့ရသည်။
“ ဒါ.. ဒါက ဘယ်လောက်တောင်လဲ.. (၇)သိန်း (၆)သောင်းလား.. မဟုတ်သေးဘူး.. (၇)သန်း (၆)သိန်း…”
မူချင်းချင်း၏ အသံက တုန်ယင်နေလေသည်။
“ ငါပြောသားပဲ မင်းလန့်သွားလိမ့်မယ်လို့…”
ရွှမ်ယီက ခေါင်းယမ်းလိုက်ပြီး တံဆိပ်ပြားအား ပြန်ယူလိုက်သည်။
စကားဆုံးသည်နှင့် လှည့်ထွက်သွားရန်ပြင်လိုက်၏။
သို့သော်
“ ခဏ.. မသွားပါနဲ့ဦး…”
မူချင်းချင်းက ရွှမ်ယီအား ရပ်တန့်ရန် လှမ်းတားလိုက်သည်။
ရွှမ်ယီ အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့၏။
သူမနှင့် စကားပြောနေခဲ့ရာ အချိန် နှစ်မိနစ် သုံးမိနစ် အလဟသဖြစ်သွားခဲ့ရသည်။ ဤနေရာ၌ ဆက်လက်၍ အချိန်ဖြုန်းလိုစိတ်မရှိတော့ပေ။
အမှတ်(၇.၆) သန်းက စိတ်ချရသော အနေအထားမဟုတ်သေးချေ။
“ ရှင်က အရမ်းသန်မာလား… ကျွန်မ နတ်ဆိုးသားရဲတွေ အများကြီးရှိတဲ့နေရာတစ်ခု ရှာတွေ့ထားတယ်.. ကျွန်မ ရှင့်ကို အဲ့နေရာ ခေါ်သွားပေးမယ်…”
“ အိုး…”
“ နတ်ဆိုးသားရဲ အများကြီးလား…’
ရွှမ်ယီက သူ၏ခြေလှမ်းများအား ချက်ချင်းရပ်တန့်လိုက်သည်။
“ ဟုတ်တယ်.. အဲ့နေရာမှာ နတ်ဆိုးသားရဲတွေအများကြီးတွေ့ခဲ့တယ်.. ဒါပေမယ့် သူတို့ ဘယ်လောက်သန်မာလဲဆိုတာတော့ ကျွန်မလည်းမသိဘူး.. လူတော်တော်များများကတော့ အဲ့နေရာကို ရှောင်သွားကြတယ်.. ဘယ်လိုလဲ.. ရှင်သွားချင်လား…”
မူချင်းချင်းက မေးလိုက်သည်။
“ ဟုတ်ပြီ.. ငါ့ကို အဲ့နေရာခေါ်သွားပေး.. မင်းပြောသလို နတ်ဆိုးသားရဲတွေ အများကြီးရှိနေတာမှန်ရင် မင်းကို ပထမပွဲစဉ် ကျော်ဖြတ်နိုင်အောင် ငါကူညီပေးမယ်…”
သူက လေထဲသို့ အနည်းငယ်ခုန်တက်လိုက်ပြီး မူချင်းချင်းအား စိတ်ဝိညာဉ်စွမ်းအားများဖြင့် ရစ်ပတ်ကာ ဆွဲခေါ်လိုက်သည်။
“ လေထဲမှာ သွားနေတာလား.. ရှင်.. ရှင်က အခြေတည်ဝိညာဉ်အဆင့်ပေါ့ ဟုတ်လား…”
မူချင်းချင်း၏ ပါးစပ် ကြက်ဥတစ်လုံး၀င်နိုင်လောက်သည့် အနေအထားဖြစ်သွားခဲ့လေသည်။
“ အချိန်ဖြုန်းမနေနဲ့တော့.. ပထမပွဲစဉ်ပြီးဖို့ သိပ်မလိုတော့ဘူး.. မင်း ဒုတိယပွဲစဉ်ရောက်ချင်သေးတယ်မဟုတ်လား…”
လူတိုင်းက အဘယ်ကြောင့် ပထမပွဲစဉ်အား အောင်မြင်ကာ ဒုတိယပွဲစဉ်သို့ ရောက်လိုနေကြသနည်း…?
အဘယ်ကြောင့်ဆိုသော် ပထမပွဲစဉ်အား အောင်မြင်ကာ ဒုတိယပွဲစဉ်သို့ တက်ရောက်နိုင်လျှင်ပင် ဆုလာဘ်များရရှိမည်ဖြစ်သောကြောင့် ဖြစ်၏။ ထိုဆုလာဘ်များက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများကိုပင် သွားရေယိုသွားစေနိုင်စွမ်းရှိသည်။
“ ဟိုဘက်မှာ..”
“ ကောင်းပြီ..”
မူချင်းချင်း၏ လမ်းညွှန်မှုနှင့်အတူ မိနစ်အနည်းငယ်ကြာပြီးနောက် ချောက်နက်ကြီးတစ်ခုရှိသည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ချောက်ကြီးထဲတွင် နတ်ဆိုးသားရဲအများအပြားရှိနေပေသည်။ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်နှင့် အခြေတည်ဝိညာဉ်အဆင့်များကိုလည်း တွေ့နေရ၏။
“ မင်းငါကို ဒီနေရာကစောင့်နေ..”
ရွှမ်ယီက မူချင်းချင်းအား ချောက်နက်၏ အစွန်းထွက်ချထားခဲ့ပြီး ချောက်ထဲသို့ တိုက်ရိုက် ခုန်ချသွားလေသည်။
ဘုန်း..!
ရွှမ်ယီ၏ ရောက်ရှိလာမှုက မရေမတွက်နိုင်သည့် နတ်ဆိုးသားရဲများအား သတိပေးလိုက်သကဲ့သို့ဖြစ်သွား၏။
နတ်ဆိုးသားရဲများအားလုံး ရွှမ်ယီရှိရာသို့ ပြေး၀င်လာခဲ့ကြလေသည်။
“ အချိန်ကောင်းပဲ…”
“ မဟာအင်ပါယာဓား…”
ရွှမ်ယီ၏ ရေရွတ်လိုက်အသံနှင့်အတူ ဧရာမ စိတ်ဝိညာဉ်ဓားကြီးတစ်စင်း ချောက်နက်အတွင်း၌ပေါ်လာခဲ့ပြီး ရှေ့သို့ တိုက်ရိုက်ခုတ်ချလိုက်လေသည်။
“ ဘုန်း…”
မူချင်းချင်းက ချောက်နက် အထက်ဘက်မှ နေ၍ အောက်မှ တိုက်ပွဲအား ကြည့်ရှုနေခဲ့သည်။
ထို ဓားချက်အောက်တွင် အခြေတည်ဝိညာဉ်အဆင့်သားရဲများအပါအ၀င် မရေမတွက်နိုင်သည့် နတ်ဆိုးသားရဲများ အလင်းစက်များအဖြစ်ပြောင်းလဲသွားပြီး ရွှမ်ယီ၏ တံဆိပ်ပြားအတွင်းသို့ ၀င်သွားသည်ကို သူမတွေ့လိုက်ရ၏။
“ ဒါ..ဒါက ဘာလဲ”
မူမိသားစု၏ ဘိုးဘေးက အခြေတည်ဝိညာဉ်အဆင့်(၇) ကျင့်ကြံသူဖြစ်သော်ပြီး သူတိုက်ခိုက်သည်အား တစ်ခါမှမမြင်ဘူးသော်လည်း သူမ၏ ဘိုးဘေးပင် ရွှမ်ယီအား ယှဉ်နိုင်စွမ်းမရှိဟု ခံစားနေမိသည်။
သူမ အလွန်အမင်းတုန်လှုပ်သွားခဲ့ရ၏။
ရွှမ်ယီသတ်လိုက်သည့် နတ်ဆိုးသားရဲများထဲတွင် သူမ ဘိုးဘေး၏ အရှိန်အဝါနှင့် ယှဉ်နိုင်စွမ်းရှိသည့် သားရဲများလည်းရှိနေကြောင်း မူချင်းချင်းခံစားမိခဲ့၏။
ထိုအဆင့်နတ်ဆို့သားရဲများပင် ရွှမ်ယီရှေ့မှာ အလွန်အားနည်းနေတာလား…?
ဓားတစ်ချက်…!
မူချင်းချင်းတစ်ယောက် နောက်ဆုံးတွင် ရွှမ်ယီထံ၌ အဘယ်ကြောင့် အမှတ်များ အလွန်ပေါများနေကြောင်း နားလည်သွားခဲ့တော့သည်။
မူလအဇူရာအမှတ်များ ရွှမ်ယီ၏ တံဆိပ်ပြားအတွင်းသို့ အဆက်မပြတ်၀င်ရောက်လာနေခဲ့သည်။
(၈)သန်း..!
(၉)သန်း..!
(၁၀)သန်း..!
(၁၆)သန်း..!
(၁၉)သန်း..!
သန်း(၂၀)…!
ရွှမ်ယီ၏ အမှတ်များ (၁၀)သန်းကျော်တိုးလာခဲ့သည်။
“ ဒီလောက်ဆို ပထမနေရာက သေချာနေလောက်ပါပြီ…”
တခြားကမ္ဘာငယ်လေးများမှ လူများ မည်မျှပင်အမှတ်များနေစေကာမူ သူ့ထက်များလိမ့်မည်ဟု ရွှမ်ယီမထင်ပေ။
ရွှမ်ယီက ချောက်နက်အတွင်းမှ နတ်ဆိုးသားရဲ အားလုံးကိုမသတ်ခဲ့ပေ။ မူချင်းချင်း ပထမပွဲစဉ်အား ဖြတ်ကျော်ရန် လုံလောက်မည့် နတ်ဆိုးသားရဲများ အသက်ရှင်လျက် ချန်ထားခဲ့သည်။
ပြီးလျှင် ထိုသားရဲများအား မလှုပ်နိုင်စေရန် ပြုလုပ်ထားလိုက်၏။
သူမ၏အကူအညီကြောင့် သူ့ အမှတ်များ အလွန်တိုးလာခဲ့ခြင်းဖြစ်ပြီး သူပြောခဲ့သည့် စကားအတိုင်း သူမကို တစ်လှည့်ပြန်ကူညီပေးရပေလိမ့်မည်။
ထို့နောက် မူချင်းချင်းအား ချောက်နက်အတွင်းသို့ ချပေးလိုက်ပြီး
“ သူတို့ကို မင်း ရှင်းလိုက်တော့.. အဲ့ပမာဏလောက်ဆိုရင် ဒုတိယပွဲစဉ်တက်ဖို့ လုံလောက်တယ်…”
“ ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ…”
မူချင်းချင်း၏ စိတ်ထဲ၌ ရွှမ်ယီ၏ အနေအထားမှာ အလွန်မြင့်တက်သွားခဲ့ပြီး သူမ၏ အသုံးအနှုန်းများပင် ပြောင်းသွားခဲ့လေသည်။