မေ့ပျောက်နတ်ဆိုး နန်းတော်
Vol. 5 Ch. 73
(၂၁.၃)သန်း….!
အဇူရာနယ်မြေအတွင်းဘက်တွင် သာမက အပြင်ဘက်ရှိ အဇူရာအင်ပါယာမြို့တော်တွင်ပါ လူတိုင်းတုန်လှုပ်သွားခဲ့ကြသည်။
“ ငါ့မျက်စိအမြင်မှားနေတာလား.. ဒါမှမဟုတ် တစ်ခုခုလှည့်စားမှုရှိနေတာလား.. ဒီအမှတ်က အဇူရာဒေသမဟာပြိုင်ပွဲကြီးရဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ကို ချိုးဖျက်သွားပြီ…”
“ အဲ့တာ သူပဲ…”
ရွှမ်ယီ၏ နာမည် ထိပ်ဆုံး၌ ပေါ်လာချိန်တွင် မူချူလျန် မှင်သက်သွားခဲ့ရ၏။
တစ်ဖက်တွင် မူချင်းချင်း၏ မျက်နှာက သာမန်အတိုင်းသာဖြစ်သည်။။ ထိုသို့ဖြစ်လာမည်ကို ကြိုသိနေသလိုပင်။
“ ဘယ်လိုလဲ.. အရမ်းလန့်သွားတယ်မလား.. သူဒီလောက်အစွမ်းထက်ကြောင်း ပထမဆုံးသိလိုက်ရတုံးက ညီမလည်းအတူတူပဲ.. အစ်မကြီး ကမ္ဘာငယ်လေးထဲက အခြေတည်ဝိညာဉ်အဆင့် နတ်ဆိုးသားရဲတွေအားလုံး သူရဲ့ ဓားတစ်ချက်တောင် မခံနိုင်ကြဘူး.. သူက ဘိုးဘေးတောင် အများကြီးသန်မာတယ်…”
မင်ယွဲ့ရှုလည်း အံ့ဩနေခြင်းမရှိပေ။
ထိုလူက ဒီပွဲစဉ်တွေသာမဟုတ်ဘဲ အဇူရာဒေသမဟာပြိုင်ပွဲကြီးတစ်ခုလုံးတွင် အဆင့်(၁)ဖြစ်မည်ကို သူမနားလည်ထားသည်။
တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် အဇူရာဒေသမဟာပြိုင်ပွဲကြီး ဒုတိယပွဲစဉ် စတင်တော့မည်ဖြစ်၏။
ပထမပွဲစဉ်၌ ပြုတ်သွားသူများကို အဇူရာနယ်မြေ၏ အပြင်သို့ပြန်ပို့လိုက်ပြီး လူ(၁၀၀၀၀)သာ လက်ရှိနေရာတွင် ကျန်တော့သည်။
“ အားလုံးပဲ ပထမပွဲစဉ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ဒုတိယပွဲစဉ် စတင်ပါတော့မယ်.. အဇူရာဒေသမဟာပြိုင်ပွဲ၏ ဒုတိယပွဲစဉ်ကို……..”
ဘုန်း…!
အဇူရာနဂါးက ဒုတိယပွဲစဉ်၏ အမည်နှင့် စည်းမျဉ်းများအား မိတ်ဆက်ပေးတော့မည့်အချိန်တွင် ကောင်းကင်ထက်၍ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
လူတိုင်း၏ အကြည့်များအောက်တွင် အဇူရာနယ်မြေ၏ လေထုထဲ၌ အလွန်ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကြောင်း မြင်လိုက်ရ၏။
ထို့နောက် လူပုံရိပ်များ ထိုလေဟာနယ်အက်ကြောင်းအတွင်းမှ ထွက်လာခဲ့ကြသည်။
၎င်းတို့က ကောင်းသောရည်ရွယ်ချက်နှင့် ရောက်လာဟန် မရချေ။
“ သူတို့က ဘယ်သူတွေလဲ…”
ရောက်ရှိလာသည့် လူ(၁၀)ယောက်ကျော်အားကြည့်ကာ မရေမတွက်နိုင်သည့်လူများ အံ့အားသင့်သွားခဲ့ကြ၏။
“ မေ့ပျောက်ဘုရင်.. ခင်ဗျား ဘာသဘောလဲ…”
ဩဇာအာဏာရှိသော အသံတစ်ခုက အဇူရာနယ်မြေနှင့် အဇူရာအင်ပါယာမြို့တော် တစ်လျှောက်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် အဇူရာနယ်မြေ၏ ကောင်းကင်ထက်တွင် ခမ်းနားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုလူက အဇူရာဘုရင်ဖြစ်လေသည်။
သူက ရောက်ရှိလာသူများအား တင်းမာနေသောမျက်နှာထားဖြင့် စိုက်ကြည့်နေ၏။
သူက ထိုလူများအား သေချာပေါက် သိရှိထားပေသည်။
“ ဟားဟား.. ထွေထွေထူးထူး ဘာသဘောမှတော့မရှိပါဘူး.. မင်းတို့ အဇူရာဒေသမှာ ပျော်စရာကောင်းတဲ့ ပြိုင်ပွဲကြီးတစ်ခု ကျင်းပနေတယ်သတင်းကြားခဲ့တယ်.. အဲ့တာကြောင့် ငါတို့ မေ့ပျောက်နတ်ဆိုးနန်းတော်ကလည်း ပျော်ချင်လို့ ရောက်လာတာပါ….”
ထိုလူအုပ်၏ ခေါင်းဆောင်ဖြစ်သော အနက်၀တ်အဘိုးကြီးက ပြောလိုက်သည်။
အဇူဘုရင်၏ ဒေါသအား သူက စိတ်ထဲပင်မထားချေ။
“ မေ့ပျောက်နတ်ဆိုးနန်းတော်..”
“ မေ့ပျောက်နတ်ဆိုးနန်းတော်က ဘယ်လိုအင်အားစုမျိုးလဲ…”
ထိုအဘိုးကြီး၏ စကားကများက တစ်ချို့လူများအား ထိတ်လန့်သွားစေပြီး တစ်ချို့လူများအား ပဟေဠိဖြစ်သွားစေခဲ့သည်။
လူအများစုက ကြက်သွေးနတ်ဆိုးဒေသမှ မေ့ပျောက်နတ်ဆိုးနန်းတော်အား သိရှိကြခြင်းမရှိပေ။
“ မေ့ပျောက်နတ်ဆိုးနန်းတော်က ကြက်သွေးနတ်ဆိုးဒေသက အကြွင်းမဲ့ အုပ်ချုပ်သူတွေပဲ.. ငါတို့ အဇူရာဒေသမှာ အင်အားစုကြီး(၁၀)ခုနဲ့ အဇူရာအင်ပါယာရှိပေမယ့် သူတို့ အကြွင်းမဲ့နတ်ဆိုးဒေသမှာတော့ အဲ့လိုမဟုတ်ဘူး.. မေ့ပျောက်နတ်ဆိုးနန်းတော်က တစ်ခုတည်းသော အင်အားစုကြီးပဲ.. အဲ့အင်အားစုမှာ ဘုရင်အဆင့်(၁၀)ယောက်ကျော်ရှိပြီး ငါတို့ အဇူရာဒေသ အင်အားစုကြီး(၁၀)ခုနဲ့ ယှဉ်နိုင်စွမ်းရှိတယ်….”
သိထားသူများက အလျင်အမြန်ရှင်းပြလိုက်ကြသည်။
“ ကြက်သွေးနတ်ဆိုးဒေသက ငါတို့ အဇူရာဒေသနဲ့ ထိစပ်နေတဲ့ ပတ်၀န်းကျင်ဒေသ(၄)ခုထဲက တစ်ခုပဲ…”
“ အဲ့ဒီ နန်းတော်ရဲ့ စွမ်းအားက ငါတို့ အဇူရာဒေသရဲ့ အင်အားစုကြီး(၁၀)ခုနဲ့ တကယ်ကြီး နှိုင်းယှဉ်နိုင်တာလား…”
မေ့ပျောက်နတ်ဆိုးနန်းတော်အကြောင်း သူတို့ မသိကြသေးတုန်းက ကိစ္စမရှိပေမယ့် ယခု သိရှိလိုက်ရချိန်တွင် အတော်လေးထိတ်လန့်သွားခဲ့ကြ၏။
အဇူရာဒေသမှ လူများ၏ နှလုံးသားထဲတွင် အင်အားစုကြီး(၁၀)က အထွတ်အထိပ်တည်ရှိမှုများ ဖြစ်ပေသည်။
ယခုတွင်မူ မေ့ပျောက်နတ်ဆိုးနန်းတော်က ထိုအင်အားစုကြီး(၁၀)ခု၏ ပေါင်းစပ်အင်အားနှင့် ယှဉ်နိုင်စွမ်းရှိသည်ဟု ကြားလိုက်လျှင် သူတို့ အလွန်အမင်းထိတ်လန့်သွားခဲ့ကြခြင်းမှာ အပြစ်မဆိုသာချေ။
“ မေ့ပျောက်နတ်ဆိုးနန်းတော်က အရမ်းရည်မှန်းချက်ကြီးတယ်.. ဒီနှစ်တွေတစ်လျှောက်လုံး စစ်ပွဲစဖို့ အကြောင်းပြချက်တွေလိုက်ရှာနေတာ.. ငါတို့ အဇူရာဒေသကို (၃)ကြိမ် ကျူးကျော်တိုက်ခဲ့ပြီးပြီ…”
“ နောက်ဆုံးအကြိမ်တိုက်ပွဲက လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀၀)ကပဲ… အင်အားစုကြီး(၁၀)ခုက လက်တွဲပြီး တိုက်ခိုက်ခဲ့ကြပေမယ့် တော်တော်လေး အထိနာသွားခဲ့တယ်.. နေခရမ်း မိသားစုကလည်း အင်အားစုကြီး(၁၀)ခုကနေ ပြုတ်သွားခဲ့တယ်.. ပြီးတော့ လျှို့ဝှက်အသံဂိုဏ်းဆိုရင် တစ်ခုလုံးဖျက်ဆီးခံလိုက်ရတာ.. အခု မေ့ပျောက်နတ်ဆိုးနန်းတော် နောက်တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်တော့မှာလား….”
အဇူရာအင်ပါယာမြို့မှလူတိုင်း နှလုံးသားများ တုန်လှုပ်သွားခဲ့ရသည်။
ထိုရောက်ရှိလာသူများအားကြည့်ကာ စိတ်မသက်မသာဖြစ်သွားခဲ့၏။
“ မေ့ပျောက်ဘုရင် ကျုပ်တို့ ခင်ဗျားကို မကြိုဆိုဘူး.. ခင်းဗျားလူတွေကိုခေါ်ပြီး ပြန်လိုက်တော့….”
အဇူရာဘုရင်က လုံး၀မျက်နှာသာမပေးခဲ့ချေ။
သို့သော် မေ့ပျောက်နတ်ဆိုးဘုရင်က လုံး၀ဂရုမစိုက်ဘဲ
“ ကောင်းပြီလေ.. ကျုပ်နောက်မှာ ရပ်နေတဲ့လူ(၁၀)ယောက်က ကျုပ်တို့ မေ့ပျောက်နတ်ဆိုးနန်းတော်က အစွမ်းထက်ဆုံး တပည့်တွေပဲ.. ခင်ဗျားရဲ့ ဒေသကလူတွေ သူတို့အားလုံးကို အနိုင်ယူနိုင်ရင် ကျုပ်တို့ ချက်ချင်း လှည့်ပြန်သွားလိုက်မယ်…”
သူ၏ စကားဆုံးသည်နှင့် အဇူရာဘုရင်ထံမှ အဖြေကိုပင်မစောင့်ဘဲ သူ့နောက်မှ တစ်ယောက်အား ထွက်လာခိုင်းလိုက်သည်။
“ ငါ့နာမည်က မိုချန်ဘဲ.. ပြီးတော့ နတ်ဆိုးအဆင့်က နံပါတ်(၁၀)လည်းဖြစ်တယ်.. မင်းတို့ထဲက ဘယ်သူလာမလဲ…”
[ TL. မိုဆိုတာ နတ်ဆိုး]
အဇူရာဒေသတွင် ပါရမီရှင်လူငယ်များအတွက် အဇူရာအဆင့်ရှိသလို ကြက်သွေးနတ်ဆိုးဒေသတွင်လည်း နတ်ဆိုးအဆင့်ရှိသည်။
မိုချန်၏ စကားက အဇူရာအဆင့်မှလူများအား ဒေါသထွက်သွားစေခဲ့သည်။
လက်ရှိတွင် အဇူရာဒေသမဟာပြိုင်ပွဲကြီးအား ဆက်လက်ကျင်းပရန်မဖြစ်နိုင်တော့ချေ။
အကယ်၍ ဆက်လက်ကျင်းပလိုလျှင် သူတို့ရှေ့မှ ပြသနာအား အရင်ဖြေရှင်းရပေလိမ့်မည်။
ချက်ချင်း အဇူရာအဆင့်မှ တစ်ယောက် ရှေ့ထွက်လာခဲ့၏။
“ ချင်းယွမ်..”
“ အဇူရာအဆင့်က နံပါတ်(၆) ချင်းယွမ်ပဲ…”
“ ချင်းယွမ်.. အဲ့ကောင်ကို ဆုံးမလိုက်..”
“ အဇူရာအဆင့်က လူတွေ ဘယ်လောက်အစွမ်းထက်ကြောင်း ပြလိုက်ပါ.. ဒါက အဇူရာဒေသပဲ.. တခြားဒေသကလူတွေ လာမောက်မာလို့ရတဲ့နေရာမဟုတ်ဘူး…”
“ နတ်ဆိုးအဆင့်(၁၀)ကကောင်ကို ချင်းယွမ်ကိုယ်တိုင် ထွက်တိုက်စရာမလိုပါဘူး…”
အဇူရာအင်ပါယာမြို့တော်ရှိ လူတိုင်း ချင်းယွမ်ကို အားပေးလိုက်ကြသည်။
အဆင့်(၁၀)မှ မိုချန်အားတိုက်ခိုက်ရန် ချင်းယွမ်ပင် မလိုအပ်ဟု ယူဆနေကြသူများလည်း ရှိ၏။
“ ငါတိုက်မယ်.. မင်းကို အနိုင်ယူခဲ့တဲ့လူက ချင်းယွမ်ဆိုတာ မမေ့လိုက်နဲ့…”
ချင်းယွမ်က အခြေတည်ဝိညာဉ်အဆင့်(၂) ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လှံတာအိုအား လေ့ကျင့်ထားသည်။ ထို့အပြင် ကနဦးလှံရည်ရွယ်ချက်လည်း နားလည်ရန် နီးစပ်နေပြီဖြစ်၏။
သူက အခြေတည်ဝိညာဉ်အဆင့်(၂) အစောပိုင်းအဆင့်သာဖြစ်သော်လည်း အဆင့်(၂) နှောင်းပိုင်းကျင့်ကြံသူအား အနိုင်ယူနိုင်စွမ်းရှိသည်။
ချင်းယွမ်၏ စကားကြောင့် မိုချန်ပြုံးလိုက်မိ၏။
ထို အဇူရာအဆင့်မှလူများက သူ့အား လျှော့တွက်ဟန်မရချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုး အဆင့်(၁၀)ဖြစ်သည့် သူ့အားတိုက်ရန် ထွက်လာသူက အဇူရာအဆင့်(၆) ဖြစ်နေသောကြောင့်ပင်။
“ မင်းက ငါ့ကိုအနိုင်ယူမှာလား.. ဒါဆိုလည်း သက်သေပြလေ.. ပါးစပ်နဲ့ပဲ အနိုင်ယူနေလို့မရဘူး…”
ဘုန်း..!
မိုချန်၏ စကားဆုံးသည်နှင့် ချင်းယွမ်က တိုက်ခိုက်လိုက်၏။
သူ၏ စွမ်းအားများကို ထိန်ချန်ထားခြင်းမရှိပေ။
“ နတ်ဘုရားဖျက်ဆီးခြင်း လှံ…”
သူ့လက်ထဲမှ လှံထိပ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းနေပြီး မိုချန်ရှိရာ ပစ်လွှတ်လိုက်သည်။
“ နတ်ဘုရားဖျက်ဆီးခြင်းလှံ… အဲ့တာ အပြာရောင်လေဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး သိုင်းပညာပဲ..”
“ အမှန်ဘဲ.. အဲ့တာက အဆင့်မြင့် မြေကြီးအဆင့် လှံသိုင်းပညာပဲ.. ချင်းယွမ်က စကတည်းက အားကုန်ထုတ်သုံးနေပြီ…”
လှံချက်က မိုးခြိမ်းသကဲ့သို့ အသံများပေးလျက် မိုချန်ထံသို့ ၀င်ရောက်သွားသည်။
ထို ပြင်းထန်လှသော သိုင်းကွက်အား မြင်လျှင် မိုချန်က အေးစက်စွာ ရယ်လိုက်၏။
သူ့ ခန္ဓာကိုယ်မှ ချီမျှင်ကဲ့သို့ အနက်ရောင်စိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်လာပြီး သူ၏ လက်မောင်းများတွင် ရစ်ပတ်သွားခဲ့သည်။
မိုချန်က လက်နက်အသုံးမပြုခဲ့ပေ။ သူ၏ လက်သီးများက သူ့အတွက် လက်နက်များဖြစ်၏။
လက်သီးတစ်ချက်..!
ဘုန်း…!
ဝှီး…
မရေမတွက်နိုင်သည့် အကြည့်များအောက်တွင် ချင်ယွမ်ပစ်လွှတ်လိုက်သည့် လှံက သူ့ထံသို့ ပြန်လည် လွင့်စင်လာ၏။ ၎င်းတွင် ကပ်ပါလာသော စွမ်းအားများက ချင်းယွမ်အား နောက်ဆုတ်သွားစေပြီး ချောင်းဆိုးသွားစေခဲ့သည်။ ထို့နောက် သွေးတစ်ပွက်အန်ချလိုက်ရ၏။
………..
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။
တစ်ချက်..!
လက်သီး တစ်ချက်တည်းသာ..!
ချင်းယွမ် ရှုံးနိမ့်သွားပြီဖြစ်၏။
ထိုရလဒ်က အဇူရာဒေသမှ မရေမတွက်နိုင်သည့် လူများအား လက်မခံနိုင်ဖြစ်သွားစေခဲ့သည်။
ချင်းယွမ်က လူမသိသူမသိတစ်ယောက်မဟုတ်ပေ။ အဇူရာအဆင့် နံပါတ်(၆)မှ အစွမ်းထက်သောသူတစ်ယောက်ဖြစ်၏။
သူ.. သူ ရှုံးသွားတာလား…?
လူတိုင်း မိုချန်အားကြည့်ကာ ဦးရေပြားများပင် ကျဉ်သွားသကဲ့သို့ခံစားလိုက်ရသည်။
အဇူရာအဆင့်(၆) က နတ်ဆိုးအဆင့်(၁၀)အား တစ်ကွက်တည်းနှင့် ရှုံးနိမ့်သွားခဲ့သည်။
သူတို့ စောနက ပြောခဲ့သည့် မောက်မာသော စကားများကြောင့် မျက်နှာများပင် နီရဲသွားခဲ့ကြလေသည်။
“ သူ့ခွန်အား..”
“ သူက ငါ့ထက်အားမနည်းဘူး…”
အဇူရာအဆင့်(၃) မှ ဒွန်ချန်းကုံပင် မွန်းကြပ်လာသလိုခံစားလိုက်ရ၏။
ချင်းယွမ်အား လက်သီးတစ်ချက်ဖြင့် အနိုင်ယူလိုက်ခြင်းက သူတို့ အဇူရာအဆင့်ထိပ်ဆုံး(၃)ယောက်အတွင်း ၀င်ရန် လုံလောက်ပေသည်။
သို့တိုင် ထိုမိုချန်က နတ်ဆိုးအဆင့်မှာ (၁၀)ပဲရှိတာတဲ့လား…?
အဇူရာဒေသနှင့် ကြက်သွေးနတ်ဆိုးဒေသကြားက ကွာခြားချက်က ဤမျှကြီးမားလေသလော။
အဇူရာဘုရင်လည်း အနည်းငယ်မျက်နှာပျက်သွားခဲ့၏။
ထိုတိုက်ပွဲမှာ ပထမဆုံးတိုက်ပွဲလေးတစ်ခုသာဖြစ်သော်လည်း အဇူရာဒေသမှ လူများ၏ စိတ်ဓာတ်အပေါ် အလွန်ထိုးနှက်နိုင်စွမ်းရှိသည်။
အဆင့် (၆) နှင့် အဆင့်(၁၀)..
သို့သော် သူရှုံးသွားခဲ့သည်။
ရိုးရိုးတမ်းတမ်းရှုံးနိမ့်ခြင်းမဟုတ်ပေ။
အရှက်တကွဲရှုံးနိမ့်ခြင်းဖြစ်၏။