ခင်ဗျားက အဆင့်မှီလို့လား
Vol. 5 Ch. 75
သူတို့ ရှေ့တက်လိုက်လျှင် သေချာပေါက်ရှုံးမည်ကို နားလည်ထားကြသည်။
သေသွားနိုင်ခြေပင်ရှိ၏။
ရွှမ်ယီ၏ စကားသံက အဇူရာနယ်မြေနှင့် အဇူရာအင်ပါယာမြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
အဆိုပါမြင်ကွင်းက မြင်ရသူတိုင်း၏ သွေးများကို ဆူပွက်လာစေခဲ့သည်။
အဇူရာဒေသမှ လူများအား အမှိုက်များဟု မိုချန်ပြောခဲ့စဉ် မည်သူမျှ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ကြချေ။
လက်ရှိတွင် လူတိုင်း၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုများကို ခံစားလိုက်ရသည်။
စောနက သူတော်တော်မာနကြီးနေတာမဟုတ်ဘူးလား…
ဘာလို့ အခုမှဆွံ့အသွားတာလဲ…?
“ ငါတို့ အနိုင်ကျင့်ခံလိုက်ရတာပဲ…”
၀မ်ရွှမ်နှင့် စီမင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထိုသို့သော တည်ရှိမှုမျိုးက သူတို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် ကုဟုန်၏ မျက်နှာက အလွန်အမင်းဖြူဖျော့နေ၏။
သူ၏ နှလုံးသားတစ်ခုလုံး အကြောက်တရားများ စိုးမိုးနေခဲ့သည်။
အစပိုင်းတွင် ရွှမ်ယီအား သူခြိမ်းခြောက်ခဲ့သည်မှာ အလွန်ရယ်စရာကောင်းလွန်းလှသည်။
ရွှမ်ယီက သူ၏ခြိမ်းခြောက်မှုအား ဂရုမစိုက်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။
ရွှမ်ယီက သူ့အား အာရုံစိုက်ရန်ပင် ပျင်းလွန်းလှသည့်သဘောရှိ၏။
ယခုမှ သူ့အား ကြောက်ရွံ့နေခဲ့ခြင်းမဟုတ်ဘဲ အထင်သေးနေခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။
သူတို့နှစ်ယောက်က တူညီသောအဆင့်၌ တည်ရှိနေခြင်းမဟုတ်ပေ။ သူ၏ ခြိမ်းခြောက်မှုက ဟာသတစ်ခုသာသာပင်။
သန်မာသောသူက အားနည်းသူ၏ ခြိမ်းခြောက်မှုကို အမှန်တကယ် ကြောက်ရွံ့လိမ့်မည်လော။
လရေကန် တည်းခိုဆောင်တွင် ရွှမ်ယီအား သတိပေးခဲ့ဖူးသည့် အမျိုးသမီး၏ မျက်နှာမှာလည်း နီရဲနေချေပြီ။ သူမ အနေဖြင့် ရှက်လွန်း၍ မြေအောက်ထဲသို့ပင် တွင်းတူးကာ ၀င်၍ ပုန်းအောင်းနေချင်မိသည်။
ထိုအချိန်က ရွှမ်ယီအား “ ရှင် နဲ့ ကျွန်မ သခင်လေးနဲ့က ကမ္ဘာတစ်ခုထဲကလူတွေမဟုတ်ဘူး “ ဟု ပြောခဲ့သည်ကို ပြန်လည်သတိရလာမိခဲ့သည်။
ထိုအချိန်တွင် ရွှမ်ယီက ထိုစကားအားပင် ပြန်လည်ပြောကြားခဲ့၏။ သူမက ရွှမ်ယီအနေဖြင့် လက်ရှိအခြေအနေအား နားလည်သဘောပေါက်သည်ဟု ထင်ခဲ့မိသော်လည်း ယခုတွင် ထိုသို့ မဟုတ်ကြောင်း နားလည်လိုက်ရချေပြီ။
လက်ရှိအခြေအနေအားကြည့်လျှင် ရွှမ်ယီ နှင့် သူမ သခင်လေးမှာ အမှန်တကယ် တူညီသော ကမ္ဘာများမှမဟုတ်ကြောင်း နားလည်သွားခဲ့သည်။
တူညီသော စကားလုံးများ၏ အဓိပ္ပါယ်က မတူညီသော ရှုထောင့်များအပေါ်မူတည်၍ ကွဲပြားသွားခဲ့သည်။
“ ဒီ အရည်အချင်းမျိုးက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးမှာတောင် အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်…ငါမင်းကို မေးစရာရှိတယ်.. မင်း ငါတို့ မေ့ပျောက်နတ်ဆိုးနန်းတော်ကို ၀င်ပြီး ငါ့တပည့်လုပ်မလား….”
တခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် မေ့ပျောက်ဘုရင်က စပြောလိုက်သည်။
သူပြောလိုက်သည့် စကားအားကြားလျှင် အဇူရာဘုရင် အလွန်ဒေါသထွက်သွား၏။
ရွှမ်ယီ ဘာမှပြန်မဖြေရသေးခင်မှာပဲ
“ မေ့ပျောက်ဘုရင် မင်းစည်းကျော်သွားပြီကွ…”
မေ့ပျောက်နတ်ဆိုးဘုရင်က ပြုံးလျက် ခေါက်းယမ်းလိုက်သည်။ သူက အဇူရာဘုရင်အား လှည့်ကြည့်ရန်ပင် စိတ်မ၀င်စားပဲ ရွှမ်ယီကိုသာ စိုက်ကြည့်နေလေ၏။
“ ကျုပ်က စည်းကျော်သွားပြီတဲ့လား.. မဟုတ်ဘူး မဟုတ်ဘူး.. ကျုပ်က သူ့ကို အသက်ရှင်ဖို့ အခွင့်အရေးပေးနေတာ…”
မေ့ပျောက်ဘုရင်၏ နှုတ်မှထွက်လာသည့် စကားလုံးများက လူတိုင်း၏ နှလုံးသားကို တင်းကြပ်သွားစေခဲ့သည်။
“ ခင်ဗျားကို ဆရာတင်စေချင်တာလား…”
ရွှမ်ယီက ဖြည်းညှင်းစွာရှေ့လျှောက်သွားလိုက်ပြီး မေ့ပျောက်ဘုရင်အား စိုက်ကြည့်လိုက်သည်။
“ မင်းဘယ်လိုထင်လဲ.. မင်းသာဆန္ဒရှိရင် လက်ရှိကိစ္စတွေအားလုံး အကုန်မေ့ထားပြီး မင်းကို တပည့်အဖြစ်လက်ခံပေးမယ်…”
ရွှမ်ယီ ရှေ့တိုးလာသည်ကိုမြင်လျှင် စိတ်၀င်စားနေပြီ အမှတ်နှင့် မေ့ပျောက်ဘုရင်က အားတက်သရော်ဆက်ပြောလိုက်၏။
သို့သော် ရွှမ်ယီ၏ နောက်ဆက်တွဲစကားများက မေ့ပျောက်ဘုရင်အား မျက်နှာပျက်သွားစေခဲ့သည်။
“ ခင်ဗျားက အဆင့်မှီလို့လား…”
ခင်ဗျား.. အဆင့်မှီလို့လား…!
ရွှမ်ယီက ဘုရင်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင်အောင် မာနကြီးနေသေးသည်။
ဒါက သတ္တိကောင်းလွန်းတယ်..!
လူတိုင်း ရွှမ်ယီအစား ချွေးများစီးကျလာခဲ့ကြ၏။
“ အရမ်းကောင်းတယ်.. ဒီလိုဆိုမှတော့ မင်းသေလို့ရပြီ…”
မေ့ပျောက်ဘုရင်၏ မျက်နှာမှာ အလွန်မဲမှောင်နေလေသည်။ သူက လက်ဖဝါးဖြင့် လှမ်းရိုက်လိုက်ရာ အလွန်စွမ်းအားကြီးမားသည့် စိတ်ဝိညာဉ်စွမ်းအင် လက်ဖဝါးတစ်ခု တိမ်များအားဖြတ်သန်းကာ ရွှမ်ယီထံသို့ ၀င်ရောက်သွား၏။
“ မေ့ပျောက်ဘုရင်.. ခင်ဗျားက တော်တော်သောက်ရှက်မဲ့တာပဲ…”
အဇူရာဒေသမှ ဘုရင်များအနေဖြင့် မေ့ပျောက်ဘုရင်က ရွှမ်ယီကို သူတို့မျက်စိရှေ့၌ သတ်ဖြတ်မည်အား အဘယ်ကဲ့သို့ ခွင့်ပြုပေးနိုင်မည်နည်း။
အဇူရာဘုရင်က တားဆီရန် ရှေ့သို့ ပြေး၀င်သွားခဲ့သည်။
သို့သော်…
အဇူရာဘုရင်က မေ့ပျောက်ဘုရင်၏ လက်ဖဝါးချက်အား တားဆီးတော့မည့်အချိန်တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု သူ့ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့၏။
ထို့နောက် အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခု ထိုအထဲမှ ထွက်လာလေသည်။
သံသယရှိစရာမလိုအောင်ပင် ထိုပုံရိပ်က ဘုရင်အဆင့်တစ်ယောက်ဖြစ်၏။
“ ချင်း၀မ်.. မင်းရဲ့ ပြိုင်ဘက်က ငါပဲ…”
ထို အနက်ရောင်ပုံရိပ်ထံမှ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာလေသည်။
“ ကြက်သွေးဘုရင်…”
ချင်း၀မ်(အဇူရာဘုရင်) က သူ့ရှေ့မှ ပုံရိပ်အား မှတ်မိပေသည်။
ကြက်သွေးဘုရင်လည်း မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်တစ်ဦးဖြစ်ပြီး မေ့ပျောက်ဘုရင်ထက်ပင် ပို၍ အစွမ်းထက်၏။
ကြက်သွေးဘုရင် ထွက်ပေါ်လာသည့်နှင့် အဇူရာဘုရင်အား လက်သီးဖြင့်ထိုးလိုက်သည်။
ဘုန်း…
အဇူရာဘုရင် နောက်ဆုတ်သွားခဲ့၏။ သူဆုတ်သွားသည့် လမ်းကြောင်းတွင် လေဟာနယ် အက်ကြောင်းတစ်ခုပေါ်လာပြီး သူ့အား ဆွဲယူသွားလေသည်။
ကြက်သွေးဘုရင်ကလည်း ထိုအက်ကြောင်းအတွင်း ချက်ချင်းလိုက်၀င်သွားခဲ့၏။
ဘုန်း..
မေ့ပျောက်ဘုရင်၏လက်ဖဝါး ရွှမ်ယီနှင့် နီးကပ်လာသည်ကိုမြင်လျှင် တတိယဓားသခင် ၊ နှင်းဘုရင် ၊ လဘုရင်နှင့် အဇူရာဒေသမှ ဘုရင်များအားလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။
သို့သော် ရင်းနှီးသည့်မြင်ကွင်းတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့၏။
လေဟာနယ်အက်ကြောင်းများ ပေါ်ပေါက်လာခဲ့ပြီး အတွင်းမှ အနက်ရောင်အရိပ်များ ထွက်ပေါ်လာကာ တတိယဓားသခင် ၊ နှင်းဘုရင် နှင့် အဇူရာဒေသမှ ဘုရင်များအားလုံးကို တားဆီးထားလိုက်ကြသည်။
“ နတ်ဆိုးဘုရင်..”
“ ဘုရင်ဟွိုင်..”
“ ကောင်းကင်ခွဲဘုရင်..”
“ ကျက်သရေနတ်ဆိုးဘုရင်..”
“ မင်းသားစု…”
ထိုထွက်ပေါ်လာသည့်လူများက တတိယဓားသခင်တို့အတွက် စိမ်းသက်ခြင်းမရှိချေ။
ထိုလူများအားလုံး မေ့ပျောက်နတ်ဆိုးနန်းတော်မှ ဘုရင်အဆင့်ကျင့်ကြံသူများဖြစ်ကြ၏။ ထို့ပြင် နတ်ဆိုးဘုရင်နှင့် ဘုရင်ဟွိုင်တို့က တတိယဓားသခင်နှင့် အဆင့်တူ အလယ်အလတ် မူလဘုရင်အဆင့်များဖြစ်ကြသည်။
ကြက်သွေးဘုရင်ကဲ့သို့ပင် ထိုလူများကလည်း တတိယဓားသခင် ၊ နှင်းဘုရင် နှင့် အဇူရာဒေသမှ ဘုရင်များအားလုံးကို လေဟာနယ် အက်ကြောင်းများအတွင်း ဆွဲခေါ်သွားခဲ့ကြ၏။
သို့သော် ကံကောင်းထောက်မစွာနှင့် နှင်းဘုရင်က သူမအက်ကြောင်းအတွင်းရောက်မသွားမီ စွမ်အားကုန်သုံးလျက် ရွှမ်ယီထံလာနေသည့် မေ့ပျောက်ဘုရင်၏ လက်ဝါးချက်အား တားဆီးခဲ့ပေသည်။
လက်ရှိအချိန်တွင်
အဇူရာနယ်မြေ၌ ဘုရင်အဆင့်ဟူ၍ ကြက်သွေးဘုရင် တစ်ယောက်သာကျန်တော့၏။
ထိုမြင်ကွင်းက လူတိုင်း၏ နှလုံးသားများကို တင်းကြပ်သွားစေခဲ့သည်။
အဇူရာနဂါးကဲ့သို့ ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူများရှိနေကြသေးသော်လည်း ၎င်းတို့၏ ပြိုင်ဘက်မှာ ဘုရင်အဆင့်ဖြစ်နေသည်။
ဘုရင်အဆင့်နှင့် ဘုရင်တစ်၀က်အဆင့်ကြားမှ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးအလားဖြစ်သည်။
ဘုရင်တစ်၀က်အဆင့်များ မည်မျှပင်ရှိနေစေကာမူ ဘုရင်အဆင့် တစ်ယောက်အား ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
မေ့ပျောက်ဘုရင်က အစောပိုင်း မူလဘုရင်တစ်ပါးဖြစ်နေသည့်တိုင် ဤနေရာမှ လူတိုင်းကို လွှမ်းမိုးနိုင်စွမ်းရှိသည်။