ဝိညာဉ်(၄)ခုကိုသတ်ဖြတ်
Vol. 94 Ch. 1312
အခန်း (၁၃၁၂) ဝိညာဉ်(၄)ခုကိုသတ်ဖြတ်
“ငါတို့ ကျင်ကြံခြင်းအဆင့်တူညီတဲ့သူတွေ စိတ်ရင်းမှန်နဲ့ဆုတောင်းမယ်ဆိုရင် ငါတို့ရဲ့ ကိုးကွယ်ယုံကြည်မှုကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကလည်း အလေးထားပါတယ် ၊ မင်းလိုမျိုး မိစ္ဆာလမ်းစဉ်လိုက်နေတဲ့လူတစ်ယောက်က ငါတို့ကို ဘယ်လိုလုပ်ပြီး ခွဲခြားဆက်ဆံနိုင်မှာလဲ”
ရန်ကျောက်ကဲစကားကိုကြားသည်နှင့် ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာနှင့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက သူ့စကားကို ငြင်းဆိုလိုက်ကြသည်။
သို့သော် ရန်ကျောက်ကဲ၏ပုံစံကိုကြည့်ပြီး ယခင်ကရှိခဲ့သော ယုံကြည်ချက်မျိုး မရှိတော့ဘဲ ပျောက်ကွယ်သွားပေပြီ။
သူတို့ရှေ့မှ လူငယ်လေးက နတ်ဘုရားတံခါးကိုဖွင့်လှစ်ရခြင်းမရှိသေးသော်လည်း သူ အရင်က ပြသခဲ့သည့် တန်ခိုးစွမ်းအားနှင့် အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသည်ဆိုလျှင် သူတို့၏အသက်အန္တရယ်ကို ခြိမ်းခြောက်လာမည် ဖြစ်သည်။
သူတွေးထားသည့်အတိုင်းပင် ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက နောက်ပြန်ဆုတ်လိုစိတ် ရှိနေခဲ့သည်။
ယခု အခြေအနေက သူတို့ တွေးကြည့်နိုင်သည်ထက် ကျော်လွန်သွားခဲ့သည်။
အစကတော့ အဂ္ဂိရတ်ခန်းမကို သိမ်းပိုက်မည်ဟု တွေးတောခဲ့ကြသည်။ ယခုတော့ သူတို့စိတ်ကူးခဲ့သည့်အရာက အမှန်တရားနှင့် အလွန်ဝေးကွာလှသည်။
ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေပြီး လျှို့ဝှက်လှုပ်ရှားရန် စီစဉ်နေသည်။
ရန်ကျောက်ကဲက သူ၏ ကျောက်စိမ်းပြားကို ယူသွားသော်လည်း ထိုပစ္စည်းကိုပြန်ယူရန် သူ့တွင် နည်းလမ်းရှိသည်။
သူက အင်းသင်္ကေတပေါင်းများစွာကို လျှို့ဝှက်ရေးသားနေခဲ့သည်။ ထိုအင်းသင်္ကေတများက အသံတစ်ချက်မထွက်ဘဲ အစိမ်းရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲသွားပြီး ခရမ်းရောင်နတ်ဘုရားခန်းမထဲသို့ ပျံံနှံ့သွားသည်။
ခရမ်းရောင်နတ်ဘုရားခန်းမ အနည်းငယ်တုန်ခါသွားပြီး ရှေးဟောင်းခန်းမကြီး တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်။ ကြိမ်ဖိနပ်စီးတားသည့် တာအိုဆရာနှင့် သူ၏အပေါင်းအဖော်များဆီသို့ အလင်းတန်းတစ်ချက်တောက်ပသွားပြီး သူတို့၏ပုံရိပ်များက ခန်းမထဲမှ ဖြည်းညင်းစွာပျောက်ကွယ်သွားကြသည်။
လက်ရှိတွင် ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာအနေဖြင့် ခရမ်းရောင်နတ်ဘုရားခန်းမကိုသိမ်းပိုက်ပြီး ရန်ကျောက်ကဲလက်ထဲတွင်ရှိနေသည့် အဂ္ဂိရိတ်ခန်းမကို ထိန်းချုပ်ရယူရန် ဆန္ဒမရှိတော့ပေ။ ထိုလူငယ်၏တန်ခိုးစွမ်းအားက အလွန်ပင် ကြောက်စရာကောင်းသည် မဟုတ်ပါလား။
သူက အဂ္ဂိရတန်ခန်းမအတွင်းမှထွက်ခွာသွားပြီး တာအိုစကြဝဠာမှ ဆုတ်ခွာသွားနိင်ရန်သာ မျှော်လင့်သည်။ အမတခုံရုံးသို့ပြန်ရောက်ပြီးမှသာ လက်စားချေမည့်ကိစ္စကို ဖြည်းဖြည်းချင်းစီစဉ်ရန် ကြံရွယ်ထားသည်။
သူတို့၏ဆုတ်ခွာမှု အောင်မြင်ခါနီးပြီကို တွေ့မြင်ရသည့်အခါ အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ရန်ကျောက်ကဲကတော့ သူတို့၏လုပ်ရပ်များကို တားဆီးခြင်းမရှိဘဲ အပျော်သဘော ကြည့်ရှုနေခဲ့သည်။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာနှင့် သူ၏အပေါင်းအဖော်များ ခရမ်းရောင်နတ်ဘုရားခန်းမအပြင်ဘက်သို့ ရောက်ရှိသွားပြီးနောက် ကျယ်ပြန့်သည့်စကြာဝဠာကြီးက သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။
“ငါတို့တွေ ထျန်းစူးခန်းမထဲမှာပဲ ရှိနေသေးတယ် ၊ ဒီခန်းမထဲကထွက်ဖို့ နည်းလမ်းရှာရမယ်”
ကြိမ်ဖိနပ်စီး တာအိုဆရာက သူတို့၏ လက်ရှိတည်နေရာကို အတည်ပြုပြီးနောက် သူ့လူများအား ဗလာနယ်ကိုဖြတ်ကျော်ကာ ခရီးနှင်ရန် ခေါ်ဆောင်သွားသည်။
သူတို့ အဂ္ဂိရတ်ခန်းမ အပြင်ဘက်သို့ ပြန်ထွက်ခြင်းက ဝင်လာစဉ်ကကဲ့သို့ အောင်မြင်ခြင်း မရှိပေ။
အချိန်အတန်ကြာအောင် ခရီးနှင်ပြီးနောက် ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက သူ၏အရှိန်အဟုန်ကိုရပ်တန့်လိုက်ပြီး မျက်နှာအမူအရာသည်လည်း အရုပ်ဆိုးလျှက် ရှိသည်။
အဂ္ဂိရတန်ခန်းမက ဝင်ရလွယ်သော်လည်း ထွက်ရခက်လှသည်။
လက်ရှိတွင် သူတို့သည် အဂ္ဂိရတ်ခန်းမ စကြာဝဠာထဲတွင် ဝင်္ကပါထဲ မျက်စိလည်နေသည့်ပမာဖြစ်ပြီး ရှေ့ဆက်နိုင်ခြင်း မရှိခဲ့ပေ။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက သူ၏ဆရာဖြစ်သူ သင်ပြပေးခဲ့သည့် နည်းလမ်းများဖြင့် မည်မျှပင်ကြိုးစားပါစေ ရှေ့ဆက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
“တောက်... ဟို သူခိုးလေးက ငါ့ရတနာပစ္စည်းကို ခိုးယူသွားတယ်”
လူတိုင်း စိတ်ပျက်လက်ပျက် ခံစားလိုက်ကြရပြီး စိတ်လည်းရှုပ်ထွေးသလို ဒေါသလည်း ထွက်လာကြသည်။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက သူ့ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
စကြဝဠာဗလာနယ်ထဲမှ တောက်ပသည့်အလင်းရောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းတန်းများက တစ်ခုနှင့်တစ်ခုရောယှက်သွားပြီး တစ်နေရာတည်းသို့ ဖြည်ညင်းစွာ စုစည်းလာသည်။
ထိုအလင်းတန်းများက အမတခုံရုံးမှ ကျင့်ကြံသူအုပ်စုနှင့် နီးကပ်လာသည်ထင်ရသည့်တိုင် ဝေးကွာနေဆဲ ဖြစ်သည်။
ထိုအလင်းတန်းများထဲတွင် အသက်ဓာတ်စွမ်းအားများပါရှိနေသည်ဟု ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာ အာရုံခံလိုက်မိသည်။
“ဆရာ့စကားအရဆိုရင်တော့... ဒီခန်းမထဲမှာ ဝိညာဉ်မြက်ပင်တွေ ဝိညာဉ်ဆေးဝါးတွေ အများကြီးရှိတယ် ၊ အဲဒီပစ္စည်းတွေအားလုံးက အပြင်ကနေစုစည်းပြီး ခန်းမထဲမှာ သိုလှောင်ထားတာ ၊ ဒီခန်းမထဲမှာတော့ ဆေးဝါးစိုက်ပျိုးတဲ့ စိုက်ခင်းတွေ လုံးဝမရှိဘူး ၊ ဒီတော့ ဒီလောက်သိပ်သည်းတဲ့ အသက်ဓာတ်စွမ်းအားတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ”
ကြိမ်ဖိနပ်စီးတာအိုဆရာ တွေးတောလိုက်သည်။
ထို့နောက် သူက ချက်ချင်းပင် တောက်ပသည့်အလင်းတန်းများစုဝေးနေရာသို့ အပြေးအလွှားထွက်ခွာသွားတော့သည်။
အမတခုံရုံးမှ အခြားသော ကျင့်ကြံသူများမှာလည်း နဂိုကပင် စိတ်ထဲတွင် ဒေါသတရားများပြည့်လျှံနေသည်ဖြစ်ရာ ရဲတင်းစွာပင် ကြိမ်ဖိနပ်စီးတာအိုဆရာနောက်မှ လိုက်ပါသွားတော့သည်။
အလင်းရောင်တောက်ပနေသော ကွင်းပြင်တည်ရှိရာသို့ သူတို့အားလုံး ချဉ်းကပ်လာကြသည်။
ထို အလင်းတန်းအစုအဝေးမှာ ရန်ကျောက်ကဲခွဲထုတ်လိုက်သည့် တစ်ဝက်ကျော်ခန့်ရှိသော အထက်ဘုံကမ္ဘာနယ်မြေများမှ အသွင်ပြောင်းထားခြင်း ဖြစ်သည်။
ယခုအချိန်ထိ ရန်ကျောက်ကဲပြုလုပ်နေသည့် ထုံးတမ်းအစဉ်အလာက အပြည့်အဝ ရပ်တန့်ခြင်း မရှိသေးပေ။ ထို့ကြောင့် အတွင်းထဲရှိဗလာနယ်က တည်ငြိမ်ခြင်း မရှိသေးပေ။
အဂ္ဂိရတ်ခန်းမအတွင်းသို့ ဆွဲယူခံရသူများမှာ သူတို့မျက်လုံးရှေ့တွင် တောက်ပသည့်အလင်းတန်းမြင်ကွင်းတစ်ခုကိုသာ တွေ့မြင်နေရပြီး မည်သည့်နေရာသို့ရောက်ရှိနေကြောင်း မခွဲခြားနိုင်ကြပေ။
ဖြစ်စဉ်တစ်ခုလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်မလာသေးပေ။
ကျင့်ကြံခြင်းအအဆင့်နိမ့်ပါးသူများနှင့် သာမန်သေမျိုးလူသားများမှာ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံထားရဆဲဖြစ်ပြီး လက်ရှိ မည်သည့်နေရာတွင်ရောက်နေကြကြောင်း သတိမထားမိသော အနေအထားတွင်ရှိနေကြကာ သူတို့၏ရုပ်ခန္ဓာနှင့် ပတ်ဝန်းကျင်အပြောင်းအလဲများကို သတိပြုမိခြင်း မရှိကြပေ။
သူတို့က အိပ်မက်တစ်ခုအတွင်းရောက်ရှိနေသည့်ပမာ စိတ်အစဉ်နှင့် ရုပ်ခန္ဓာတွင် မည်သည့်လှုပ်ခတ်မှုမှ မခံစားကြရပေ။
ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကတော့ သတိရှိနေကြဆဲ ဖြစ်သည်။
အားလုံးက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း အမှန်တရားထွက်ပေါ်လာမည့်အခိုက်အတန့်ကို စောင့်နေကြသည်။ သို့သော် သူတို့အားလုံးမျက်နှာထက်တွင် မသေချာမရေရာမှုများ ထင်ရှားစွာ တွေ့မြင်နေရသေးသည်။
ထိုခဏမှာပင် သူတို့ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။
အလင်းတန်းများ၏စီးဆင်းမှုက မတည်မငြိမ်ဖြစ်လာပြီး တော်ကပသည့်အလင်းတန်းများက သပ်ရပ်သော ပိတ်ကျဲစတစ်ခုပမာ အလွန်သိမ်မွေ့နူးညံ့လာသည်။
သူတို့ရှေ့တွင် ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာနှင့် အမတခုံရုံးမှ ကျင့်ကြံသူအုပ်စု၏ပုံရိပ် ထွက်ပေါ်လာသည်။
အမတခုံရုံးမှ ကျင့်ကြံသူများကတော့ သူတို့မျက်စိရှေ့မှ တောက်ပသည့်အလင်းတန်းမြင်ကွင်းက ပြောင်းလဲခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အထက်ဘုံကမ္ဘာမှလူများကို တွေ့မြင်နိုင်ခြင်း မရှိခဲ့ကြပေ။
ထို့ကြောင့် သူတို့နှစ်ဖက် အချင်းချင်း ဆက်သွယ်၍ မရခဲ့ကြပေ။
ထူးဆန်းသည် မရင်းနှီးသည့် ကျင့်ကြံသူအုပ်စုကိုကြည့်ရင်း အထက်ဘုံကမ္ဘာမှလူများ စူးစမ်းချင်စိတ် ဖြစ်ပေါ်လာကြသည်။
“သူတို့က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက လူတွေလား ၊ ဒါမှမဟုတ် စကြာဝဠာ တခြားအစိတ်အပိုင်းက ပေါ်လာတဲ့သူတွေလား”
လူတိုင်း ခန့်မှန်းလိုက်ကြသည်။
ထိုသူများ၏ဇာစ်မြစ်ကိုမသိရသော်လည်း ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာနှင့် အခြားသူများထံမှ ထုတ်လွှတ်နေသော ယုံကြည်ခြင်းရတနာအလင်းတန်းက သူတို့စိတ်ကို တုန်လှုပ်စေသည်။
“ဘာလို့ ဒီလိုခံစားရတာလဲ... သူတို့အားလုံးက နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီးတဲ့ တန်ခိုးစွမ်းအားရှင်တွေလား”
“အရင်တုန်းက ပိုးသားဧကရာဇ်နဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့တိုက်ပွဲကို ကံကောင်းပြီး တွေ့မြင်ခဲ့ရတယ် ၊ ဒီ စွမ်းအားရောင်ဝါတွေက သူတို့နဲ့ အရမ်းဆင်တူတယ်...”
“ဒါပေမဲ့ အစစ်အမှန်နတ်ဘုရားတွေအများကြီး ဘယ်နေရာက ရောက်လာတာလဲ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာလည်း ဒီလောက်များတဲ့ အစစ်အမှန်နတ်ဘုရားတွေ မရှိပါဘူး”
တခြားသူများ ပြောဆိုနေကြသည်ကိုနားထောင်ရင်း အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်ကျယ်’ နှင့် အရှေ့မြောက်ထိပ်တန်အရှင်သခင်’လျိုကျန်းကူ’ တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့က မည်သည့်စကားမှမပြောကြသော်လည်း သူတို့ရှေ့မှအုပ်စုက မည်သူမည်ဝါများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိကြသည်။
အမတခုံရုံးမှ ကျင့်ကြံသူများ...။
အထက်ဘုံကမ္ဘာမှ အခြားသောသိုင်းကျင့်ကြံသူများက ထိုသူများ၏ မူလဇာစ်မြစ်ကို မသိရှိကြသော်လည်း ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာတို့အုပ်စု၏ ရန်လိုခြင်းနှင့် အမုန်းတရားများကို အာရုံခံမိကြသည်။ ထို အမတခုံရုံးမှ အုပ်စုက သူတို့ရှိရာသို့ တဖြည်းဖြည်း နီးကပ်လာသည်။
ထိုသူများ၏တန်ခိုးစွမ်းအားက ပိုးသားဧကရာဇ် ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့ကဲ့သို့ လမ်းမှန်တာအိုကျင့်ကြံသူများနှင့် နှိုင်းယှဉ်မရနိုင်သော်လည်း သူတို့က အစစ်အမှန်နတ်ဘုရားများ ဖြစ်နေကြဆဲပင်။
အစစ်အမှန်နတ်ဘုရားအဆင့်ဆိုသည်က ပုံမှန်သိုင်းကျင့်ကြံသူများအတွက် ဘယ်သောအခါမှမရောက်နိုင်သည့် ကြီးမားသည့် တောင်မြင့်ကြီးတစ်ခုပမာ ဖြစ်သည်။
အစစ်အမှန်နတ်ဘရားတစ်ပါး သေမျိုးလူသားလောကသို့ ဆင်းသက်လာသည့်အခါ မိုးကောင်းကင်ကပ်ဘေးတစ်ခုပမာ ခံစားကြရပေသည်။
ယခု အစစ်အမှန်နတ်ဘုရားများစွာ သူတို့ရှိရာသို့ အတူတကွ ချီတက်ရောက်ရှိလာကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသော စွမ်းအားရောင်ဝါက အထက်ဘုံကမ္ဘာမှ လူတိုင်းအား အသက်ရှူမဝလောက်အောင် ဖြစ်စေသည်။
လူတိုင်း အထိတ်တလန့် ဖြစ်ကြရသည့်တိုင် သူတို့နှစ်ဖက်ကြားတွင် ပုံသဏ္ဌန်မရှိသော အတားအဆီးတစ်ခုရှိနေကြောင်း သူတို့ သဘောပေါက်ကြသည်။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာတို့အုပ်စုမှာ မည်သို့ပင်ရှေ့ဆက်တိုးပါစေ အလင်းရောင်စီးကြောင်းများဖြင့် ဖွဲ့စည်းထားသော တောက်ပသည့်အလင်းရောင်ပင်လယ်ကြီးအနားသို့ အနီးကပ်ရောက်ရှိလာနိုင်ခြင်း မရှိကြပေ။
ထိုအကြောင်း သဘောပေါက်သွားသည့်အခါ အမတခုံရုံးမှ ကျင့်ကြံသူအုပ်စု ပိုပြီး စိတ်မသက်မသာ ခံစားကြရသည်။
ထိုအချိန် ဤနယ်မြေ၏ ဧကရာဇ်တစ်ပါးပမာ ရန်ကျောက်ကဲ၏ပုံရိပ် ထွက်ပေါ်လာသည်။
“မင်းတို့ ဘာလို့ အရမ်းကို ထွက်သွားချင်နေကြတာလဲ”
ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဖြစ်နေကြသည့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များမှာ ဒေါသကြောင့် သွေးများ ပွက်ပွက်ဆူလာကြပြီး ရန်ကျောက်ကဲအား အတူတကွ စတင်တိုက်ခိုက်လိုက်ကြသည်။
ယခု အလင်းတန်းပင်လယ်ကြီးထဲတွင်ရှိနေကြသော အထက်ဘုံကမ္ဘာမှလူများကတော့ အသက်ရှူကျပ်သလို ခံစားနေကြရဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး လက်ညှိုးနှင့်လက်ခလှယ်ကို ဓားဝိညာဉ်တစ်ခုအသွင်ပြောင်းလဲကာ လေထုထဲသို့ ညွှန်ပြလိုက်သည်။
ဓားသွားက စိမ်းပြာနဂါးတစ်ကောင်နှင့်ဆင်တူပြီး အလွန်အမင်း ထူးခြားလှသည်။ စိမ်းပြာနဂါးက လေထဲတွင်ပျံသန်းသွားပြီး အဆုံးမရှိသော အပြစ်တရားနှင့်ပြည့်သည့် စွမ်းအားရောင်ဝါကို ထုတ်လွှတ်လိုက်သည်။
စိမ်းပြာနဂါးကြီး၏ခန္ဓာကိုယ်မှ ထက်မြက်သောရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုရောင်ဝါက ကောင်းကင်တစ်ခွင် သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ် တောက်ပသွားပြီး ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များဖြင့်ပြည့်နက်နေသည့် ဓားဝိညာဉ်အဖြစ် ပြောင်းလဲသွားသည်။
ထိုဓားဝိညာဉ်ဖြင့် ထုတ်ဖော်တိုက်ခိုက်ပြီးသည့်နောက် ရန်ကျောက်ကဲက ချက်ချင်းပင် နောက်ထပ်တိုက်ကွက်တစ်ကွက် ထပ်မံထုတ်လွှတ်လိုက်သည်။
လေစီးကြောင်းများ မြင့်တက်လာပြီး ယင်နှင့်ယန် အတူတကွ ရောယှက်သွားသည်။
ထို့နောက် ရွှမ့်ဝူလိပ်နက်တစ်ကောင်နှင့် မြွေတစ်ကောင်ရစ်ခွေနေသည့်ပုံရိပ်ပေါ်လာပြီး တစ်ခုက ကြမ်းတမ်းသလို တစ်ခုက သိမ်မွေ့သည်။
ရွှမ်ဝူလိပ်နက်၏ နတ်ဘုရားအနှစ်သာရစွမ်းအားထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှအရာအားလုံးကို ဖိနှိပ်ထားလိုက်သည်။
ထို့နောက် ရွှမ်ဝူလိပ်နက်က ချက်ချင်းပင် စိမ်းပြာနဂါးနောက်သို့လိုက်ပါသွားပြီး စိမ်းပြာနဂါး၏ခန္ဓာကိုယ်ထဲမှ သွေးများပန်းထွက်သည့်ပမာ အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်။
ထို့နောက် ရန်ကျောက်ကဲက တတိယတိုက်ကွက်နှင့် စတုတ္ထတိုက်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
အလွန်တရာသိမ်မွေ့ပြီး စွဲမက်ဖွယ်ကောင်းသည့် ဇာမဏီငှက်တစ်ကောင်က ၎င်း၏အတောင်ပံများကို ဆန့်ထုတ်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး ရက်စက်ကြမ်းတမ်းသော ကျားဖြူက သတ်ဖြတ်လိုသည့်အငွေ့အသက်အပြည့်ဖြင့် ဟိန်းဟောက်သံတစ်သံ ထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဇာမဏီငှက်နှင့် ကျားဖြူ နှစ်ကောင်လုံးကို ရန်ကျောက်ကဲက သတ်ဖြတ်ပစ်လိုက်သည်။
ဓား(၄)လက် တညီတညွတ်တည်း ပစ်လွှတ်လိုက်ပြီးနောက် စကြာဝဠာထဲတွင် အပြစ်နှင့်ပြည့်နက်သော ဓားအလင်းတန်း (၄)ခု ရောယှက်သွားပြီး နက်နဲသည့် ဝိညာဉ်စွမ်းအားအလင်တးန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်ဘက်သို့ ထိုးစိုက်ကျလာလေတော့သည်။