← Chapters

နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

Vol. 1 Ch. 10

နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

Vol. 1 Ch. 10

အခန်း (၁၀)  : နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

လေထဲ မျှောနေသည့် တောင်ပေါ်၌ သစ်သားဖြင့် တည်ဆောက်ထားသည့် အဆောက်အဦးကြီး တစ်ခု ရှိနေသည်။ အိမ်များကိုလည်း အကွာအဝေးညီညီ ပိုင်းထား၏။ အကယ်၍ အပေါ်စီးမှ ကြည့်လိုက်လျှင် သဘာဝဆန်ဆန် မြေအနေအထားပုံစံတစ်မျိုးမျိုး လုပ်ထားသည်ကို သတိထားမိလိမ့်မည်။

သိပ်သည်းလွန်းသည် ဝိညာဉ်စွမ်းအားတို့က တောင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ထာဝရဆန်ဆန် အင်မော်တယ်လိုမျိုး လေထု အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။

ထိုတောင်ပေါ်ရှိ လူအားလုံးက သူတို့ခန္ဓာကိုယ်နှင့် အချိုးအစားကျသည့် ပိုးထည်ဝတ်ရုံလိုမျိုး ဝတ်ဆင်ထားကြသည်။

ဤနေရာက ဝမ်မိသားစု၏ ပင်မအိမ်တော် ဖြစ်ပြီး ဝမ်ဝေ့နှင့် သူ့မိသားစု နေထိုင်ရာ ဖြစ်သည်။ ခန်းမကြီးအတွင်း ဂိုဏ်းချုပ် ဝမ်ထျန်းနှင့် သူ့ဇနီးသည်တို့က အတူတူ ရပ်ကာ သတိမေ့နေသည့် သားလေးကို ကြည့်နေကြသည်။

ဝမ်ဝေ့၏ မိခင်က စိုးရိမ်စွာ ပြောလိုက်သည်  “ ကျွန်မတို့သား ဒီလိုခံစားနေရတာကို ကျွန်မတို့က ဘာလို့ကြည့်နေရတာလဲ။ သူက အခုမှ ရှစ်နှစ်ပဲ ရှိသေးတာလေ ”

ဂိုဏ်းချုပ်က သက်ပြင်းချကာ “ ဒါက သူ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပဲလေကွာ။ သူက ဒီလမ်းကို ရွေးထားမှတော့ ငါတို့တတ်နိုင်တာက သူ့ကို အကောင်းဆုံး ပံ့ပိုးပေးဖို့ပဲ ”

ဝမ်ဝေ့၏ မိခင်က ခင်ပွန်းဖြစ်သူကို ဖက်ကာ တိတ်တဆိတ် ငိုကြွေးနေသည်။

ဝမ်ဝေ့ နိုးထလာဖို့ သုံးရက် ကြာမြင့်သွား၏။ သူက အနည်းငယ် လန့်နေမိသည်။ သူက စစ်ဆေးမှုများကို ပုံကြမ်းရေးဆွဲခဲ့သူ ဖြစ်သော်လည်း စစ်ဆေးမှု အသေးစိတ်ကိုတော့ အကြီးအကဲများသာ ဆုံးဖြတ်ကြလေသည်။

ဝမ်ဝေ့က လဝက်တာ အချိန်ယူပြီး သူ့နေ့စဉ်ဘဝ စိတ်ခံစားချက်များကို ထိန်းညှိနေရသည်။ ထိုအချိန်အတွင်း သူက ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ ရည်ရွယ်ချက်ကို အားဖြည့်လိုက်သည်။ ထို့နောက် သူက ဒုတိယစစ်ဆေးမှု ခံယူဖို့ လီကျွင်းကို ရှာဖို့ ထွက်သွားလေသည်။

ဝမ်ဝေ့က စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည့် လီကျွင်းကို မြင်လိုက်ရသည်။ သူ့မျက်နှာအထက် အမူအရာအရ ယခင်ရက်ပိုင်းအတွင်း ပျော်ပျော်နေခဲ့ရကြောင်း သိသာလှသည်။

“ မင်း မျက်နှာကိုလည်း ကြည့်ဦး။ မျှော်နန်းဆောင် စစ်ဆေးမှုပြီးသွားတော့ မင်းဘဝကြီး ပိုစိုပြေလာပြီပေါ့ ”

“အစ်ကိုကြီး ဝမ်ဝေ့ကလည်း အဲဒါဘာပြောတာတုန်း။ ဒါက လှပမှုနဲ့ အောင်မြင်မှုတို့ရဲ့ မျက်နှာကြီးလေ ”

“ ဟားဟား ” ဝမ်ဝေ့က အားပါးတရ ရယ်လိုက်ပြီး ခေါင်းကို ထုလိုက်ကာ  “ကောင်လေး သိပ်ပျော်မနေနဲ့ဦး။ ငါတို့က အားကြီးသူသာ အရှင်သခင်ဆိုတဲ့ လောကကြီးမှာ နေကြတာ … လူတွေက မင်းကို အဖိုးတန်မှန်း သိလာတဲ့အခါမှ စိတ်ဝင်စားလာမှာပဲ။ မျှော်နန်းဆောင်ရဲ့ ပထမအလွှာလောက်နဲ့ လီမိသားစု တစ်ခုလုံး မင်းကို တန်ဖိုးထားလောက်အောင် လုံလောက်ပြီ ထင်နေတာလား။

မှတ်ထား … လောကမှာ အင်အားနဲ့ ရလဒ်ကပဲ မင်းလိုချင်တဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ပေးနိုင်မှာ ”

ဝမ်ဝေ့ စကားများကို ကြားကာ လီကျွင်း တစ်ယောက် စိတ်လှုပ်ရှားနေရာမှ ပြန်အသိကပ်လာသည်။ သူ့အစ်ကိုကြီး ပြောသည့်အတိုင်း သူ ပြသခဲ့သည့် ရလဒ်က သူ့အခြေအနေကို ပြောင်းလဲပစ်ဖို့ မလုံလောက်သေးပေ။

ယခု ကိစ္စများက ကောင်းနေခြင်းမှာ လတ်တလော မျှော်နန်းဆောင် စစ်ဆေးမှု ရလဒ်ကြောင့် ဖြစ်ပေသည်။ ထိုသတင်းအနည်ထိုင်သွားပြီး သူက ရလဒ်အသစ် မပြသနိုင်ခဲ့လျှင် သူ့ဘဝက အနည်းငယ် တိုးတက်လာသော်ငြား မျိုးနွယ်အတွင်း သူ့အဆင့်အတန်းကို အပြည့်အဝ မြင့်တင်နိုင်ဦးမည် မဟုတ်ချေ။

ထိုကိစ္စများကို စဉ်းစားပြီးနောက် သူက မေးလိုက်သည်  “အစ်ကိုကြီး ဝမ်ဝေ့ အဲဆို ကျွန်တော်တို့ အစီအစဉ်ကြီးကို ဘယ်တော့ ထုတ်ဖော်ကြမလဲ ”

ဝမ်ဝေ့က သူ့အား ကြည့်လိုက်ပြီး  “ မျှော်နန်းဆောင် စစ်ဆေးမှု မအောင်မြင်ခင်နဲ့  နောင်ခုနှစ်နှစ်အကြာက ဝိညာဉ်ခရီးလမ်းမှာ အသက်ရှင်ကျန်ရစ်အောင်အထိ စောင့်လိုက်ဦး …  အဲကျမှ ငါတို့အစီအစဉ်ကို စကြမယ်”

လီကျွင်းက ခေါင်းညိတ်ကာ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ သူ့ညီလေး၏ စိတ်သဘောထား အပြောင်းအလဲကို သတိပြုမိပြီး ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

ဝမ်ဝေ့က မျှော်နန်းဆောင်ဆီ လျှောက်လာရင်း သူ လီကျွင်းနှင့် တွေ့ကာ သူငယ်ချင်း ဖြစ်လာသည့် နေ့ရက်ကို ပြန်စဉ်းစားမိနေသည်။

ထိုစဉ်အခါက သူ သုံးနှစ်သားအရွယ်သာ ရှိသေးသည်။ သူက စွမ်းရည်အသစ်တစ်ခု နိုးထလာခဲ့၏။

သူ သုံးနှစ်အရွယ်တုန်းက သူ့မျက်လုံးမှတဆင့် လူအများ၏ ခေါင်းထိပ်တွင် ပုံရိပ်ယောင် နဂါးကို မြင်နိုင်ကြောင်း သိခဲ့ရသည်။ ထိုနဂါးများက အရွယ်အစားကွဲပြားသလို အရောင်များလည်း မတူပေ။ အရောင်များက အနီ၊ လိမ္မော်၊ အဝါ၊ ရွှေရောင်နှင့် ခရမ်းတို့ ဖြစ်ကြသည်။

သူကိုယ်တိုင်ပင် ခရမ်းရောင် နဂါး ရှိလေသည်။ ထိုစွမ်းရည် နိုးထလာပြီးနောက် သူက စာကြည့်တိုက်အတွင်း လိုက်လံရှာဖွေကာ ဤသည်က ကံကောင်းမှု အမှတ်အသား ဖြစ်ကြောင်း သင်ယူခဲ့ရသည်။

ဤကမ္ဘာ၌ ကံကောင်းမှုက အစစ်အမှန် မြင်နိုင်သည့် အရာ ဖြစ်ပြီး နဂါး၏ အရောင်က ကံကောင်းမှု အဆင့်ကို ခွဲခြားပေးထားသည်။ အနီရောင်နဂါးနှင့် တစ်ယောက်က အဆိုးဆုံးဖြစ်ပြီး ခရမ်းရွှေရောင်က အမြင့်မားဆုံး ဖြစ်သည်။

အားလုံးတွင် ကံကောင်းမှုကို ကိုယ်စားပြုသည့် နဂါးရှိကြခြင်း မဟုတ်ပေ။ သူ သိသလောက် ဗဟုသုတအရ ကံကောင်းမှုကို ငါးကြင်း၊ မြွေ၊ ရေနဂါးနှင့် နဂါးအစစ်အမှန်ဟူ၍ ခွဲထားသည်။

ကျင့်ကြံသူအများစုက  ကျင့်ကြံနိုင်သည့် အခွင့်အရေး ရထားမှု ကိုယ်တိုင်ကို ကံကောင်းမှုဟု သတ်မှတ်နိုင်သောကြောင့် မြွေ ကံကောင်းမှု ရှိကြလေသည်။

ဤကျယ်ပြောလှသည့် ကမ္ဘာကြီးအတွင်း သာမန်သေမျိုးများက သန်းပေါင်းများစွာ ရှိနေလေရာ ထိုလူများအနက် သန်းတစ်ရာပုံ တစ်ပုံသာ ကျင့်ကြံနိုင်မည့် ပါရမီ ပါရှိကြသည်။ ထိုလူများကြား ကောင်းကင်ရွေးချယ်ခံ ဖြစ်နိုင်သည့် ကျင့်ကြံသူအနေနှင့် အနည်းဆုံး ရွှေရောင် နဂါး ကံကောင်းမှုတော့ ရှိသင့်လေသည်။

အမြင့်မားဆုံး ခရမ်းရွှေရောင် နဂါးအတွက်မူ ဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်များမှလွဲ၍ မပါရှိနိုင်ကြပေ။ အကယ်၍ ဒီလောက် ကံကောင်းမှုမျိုး လိုချင်လျှင် ရရှိဖို့အတွက် အခြေအနေတွေလည်း လိုအပ်လိမ့်မည်။

ဝမ်ဝေ့က သူ့စွမ်းအားအကြောင်း သိသွားပြီးနောက် ဂိုဏ်းတစ်ဂိုဏ်းလုံး အနှံ့ သွားကာ ထိုစွမ်းအားကို မည်သို့အသုံးပြုရမည်ကို သင်ယူခဲ့သည်။

နေ့ရက်များစွာ လေ့လာပြီးနောက် ကံကောင်းမှု နဂါးက သူ့ထက် အားကောင်းသည့်အရာနှင့် ဆုံတွေ့ခဲ့သည့်အခါ တိတ်ဆိတ်ငြိမ်သက်သွားတတ်ကြောင်း သတိထားမိခဲ့သည်။ နဂါး စိတ်လှုပ်ရှားနေသည့်အခါ ကံကောင်းမှု အခွင့်အလမ်း တစ်ခုခုနှင့် ကြုံတွေ့တော့မည် ဖြစ်၏။

တိုက်ပွဲအတွင်း တစ်ယောက်ယောက်က အနိုင်ရခဲ့လျှင် အနိုင်ရသူထံ  ရှုံးနိမ့်သူထံမှ ကံကောင်းမှု တစိတ်တပိုင်းလည်း ကူးပြောင်းသွားတတ်သည်။

ဝမ်ဝေ့က လီကျွင်းကို သတိထားမိသည်မှာ သူက အနီရောင် နဂါးရှိသည့် ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်ထဲမှ တစ်ယောက် ဖြစ်နေ၍ ဖြစ်သည်။

တစ်ရက်သား လီကျွင်းက ကလေးတစ်ဖွဲ့ကြောင့် မြေပေါ် အလူးအလဲ ဖြစ်ကာ ရိုက်နှက်ခံနေရသည်။

ဝမ်ဝေ့ သတိထားမိသွားသည်မှာ သူ အနိုင်ကျင့်ခံရ၍ မဟုတ်ပေ။ ဂိုဏ်းအတွင်း ကလေးများ ရန်ပွဲကို တိတ်တဆိတ် ခွင့်ပြုပေးထားလေသည်။ ဤသည်မှာ ငယ်စဉ်ကတည်းက ကြီးနိုင်ငယ်ညှင်း သဘောတရားကို သင်ပြထားခြင်း ဖြစ်၏။

တကယ်တော့ ဝမ်ဝေ့ကိုယ်တိုင် သူ့အဆင့်အတန်း ရရှိဖို့အတွက် ကလေးတချို့ကို ရိုက်နှက်ဖူးလေသည်။ အရွယ်ရောက်ပြီးသူ စိတ်ဓာတ်နှင့် ကလေးတစ်ယောက်က ဒီလုပ်ဆောင်ချက်မှာ အင်မတန် ကျေနပ်ဖို့ကောင်းကြောင်း တိတ်တဆိတ် ပြောချင်သည်။

ဝမ်ဝေ့ လီကျွင်းကို သတိထားမိသွားသည်မှာ အနီရောင် ကံကောင်းမှု နဂါးရှိသော်လည်း သူ့မျက်ဝန်းမှ ဆုံးဖြတ်ချက် ခိုင်မာမှုကို ဖြစ်၏။

ဒီအသက်အရွယ်မှာ ကလေးများက ကျင့်ကြံဆင့် မရှိသေးသလို လေ့ကျင့်ရတာမျိုးလည်း မရှိသေးပေ။ လီကျွင်းက လူကောင်ထွားသည် ဖြစ်ရာ ထိုကလေးများကို အနိုင်ယူနိုင်လေသည်။

ထို့ကြောင့် တိုက်ပွဲအပြီးတွင် ဝမ်ဝေ့က သူ့အနား ချည်းကပ်ကာ မေးလိုက်သည် “ဘာလို့ ပြန်မတိုက်တာလဲ ”

“ ပြန်တိုက်တော့ရော မလိုအပ်တဲ့ ဒဏ်ရာတွေ ပိုလာတာအပြင် ဘာအကျိုးရှိလို့လဲ ”

လီကျွင်း၏ စကားများကို ကြားကာ ဝမ်ဝေ့က ဆိုလိုရင်းကို တန်းသဘောပေါက်သွားသည်။ ဝမ်ဝေ့က လီကျွင်း၏ အခြေအနေကို ကြားသိသွားကာ သူ့အနိုင်ကျင့်ခံရခြင်းက မျိုးနွယ်အတွင်း အဆင့်အတန်းနှင့် ပတ်သက်နေသည် ဖြစ်ကြောင်း သိလိုက်ရသည်။

အကယ်၍ သူသာ ဝမ်ဝေ့လိုမျိုး မြင့်မားသည့် အဆင့်အတန်းရှိခဲ့လျှင် သူ လုပ်ဖို့လိုသည်ကား ကလေးများကြား သူ့လွှမ်းမိုးမှုကို ထုတ်ပြဖို့သာ ဖြစ်သည်။ ထို့နောက် ကိစ္စများက အဆုံးသတ်သွားလိမ့်မည်။ သို့သော် သူ့အခြေအနေ၌ ကလေးများကို ရိုက်လိုက်လျှင်ပင် သူတို့က အုပ်စုဖွဲ့၍ ဒီထက် ပိုပြင်းပြင်း တုံ့ပြန်လာနိုင်သည်။ ထို့ကြောင့် သူက ဘာမှပြန်မလုပ်ဘဲ နေခြင်းက သူတို့ကို ဒေါသမထွက်စေတော့ဘဲ  ဒဏ်ရာနည်းနေခြင်း ဖြစ်၏။

သုံးနှစ်အရွယ် ကလေးတစ်ယောက်အတွက် သတိပြုမိဖို့ သိပ်မလွယ်လှပေ။ အခြေအနေနှင့် ပတ်ဝန်းကျင်က လူတစ်ယောက် ကြီးထွားမှုအပေါ် သက်ရောက်မှုအရှိဆုံး ဖြစ်လေသည်။ အထူးသဖြင့် ကလေးများအတွက် ဖြစ်၏။

လီကျွင်းသည် အခြားကလေးများနှင့် ကွဲပြားကြောင်း သတိပြုမိပြီးနောက် ဝမ်ဝေ့က ပြောလိုက်သည်  “ကောင်လေး … ငါ မင်းရဲ့ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိကို သဘောကျတယ်။ ငါ့နောက်ကို လိုက်ပြီး ငါ့ညီလေးလုပ် … ဒီဂိုဏ်းမှာ ငါ့ညီလေးကို ဘယ်သူမှ အနိုင်မကျင့်ရဲဘူး ”

“ ဘယ်သူကို ကောင်လေး လာခေါ်နေတာလဲ … ပြီးတော့  ငါ သိသလောက် ငါက မင်းထက် ကြီးတယ်။ ငါက အစ်ကိုကြီး ဖြစ်သင့်တာ ”

“စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးပဲ … ဒီလိုဆိုရင် ဒီလောကကြီးထဲက အားလုံးအတိုင်း လုပ်ကြတာပေါ့။ လက်သီးပြင်းတဲ့သူက အစ်ကိုကြီးပဲ ”

“ကောင်းပြီလေ … ပြောတာ အဓိပ္ပါယ်ရှိတယ် ”

ထို့နောက် သူတို့က ကလေးများလို အရူးအမူး တိုက်ကြပြီး မြေပြင်ပေါ် လူးလိမ့်ကြသည်။ အဆုံးသတ်၌ ဝမ်ဝေ့က လှည့်ကွက်တချို့ဖြင့် အနိုင်ရရှိသွားသည်။

လီကျွင်းက ညီလေးအဖြစ် အဆင့်အတန်းကို လက်ခံလိုက်သည်။

All Chapters