ကျွန်တော် ခင်ဗျားကို စောစော မသိခဲ့ရတာ နောင်တမိရပါ့
Vol. 1-5 Ch. 17
အခန်း (၁၇) : ကျွန်တော် ခင်ဗျားကို စောစော မသိခဲ့ရတာ နောင်တမိရပါ့
အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်အတွင်း လူကြိုက်အများဆုံး ဝိညာဉ်သတ္တုရိုင်းတုံး အရောင်းဆိုင် တစ်ဆိုင်အနေနှင့် မြင့်မြတ်သော ဝိညာဉ်ပြခန်းဆီ၌ ကိုယ်ပိုင် သတ္တုရိုင်းတုံး ဖြတ်သမားများ ရှိပေသည်။
သတ္တုရိုင်းတုံး ဖြတ်သမားက ခရမ်းစိမ်းရောင်ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးကို ဝယ်သွားကြောင်းနှင့် သူ့အား ဖြတ်ခိုင်းရန် ခေါ်ခိုင်းကြောင်း သိလိုက်ရသည့်အခါ အံ့အားသင့်မိသွားသည်။
အရိုးသားဆုံးပြောရရင် ဒီပစ္စည်းကို ဝိညာဉ်ကျောက်တုံး အတုံးတစ်သိန်းနဲ့ ဈေးခေါ်ထားတာလေ… ဘယ်စိတ်မှန်တဲ့သူကများ ဒီပစ္စည်းကို ဝယ်မှာလဲလို့…
ဝယ်ယူသူက အရူးတစ်ယောက်ပဲ ဖြစ်ရမယ်…
သို့သော်လည်း သူက ထိုသတ္တုရိုင်းတုံးအကြောင်း များများစားစား တွေးမနေတော့ချေ။ သူ့အနေနှင့် သူဌေး ညွှန်ကြားသည့်အတိုင်း ကျောက်ဖြတ်ပေးရုံသာ လိုအပ်ပေသည်။
ပြောရလျှင် ပိုက်ဆံကုန်သွားသည့်သူက သူလည်း မဟုတ်ပေ။
ဘေးမှကြည့်ရှုသူများက သတ္တုရိုင်းတုံးဖြတ် ဓားသွားအပေါ်သာ အာရုံစိုက်နေကြသည်။ သတ္တုရိုင်းတုံး၏ အပြင်ဆုံးအလွှာကို တစ်လွှာချင်းစီ ဖြတ်ထုတ်နေသည်။ အားလုံးက အသေးစိတ်အချက်အလက် တစ်ခုခု လွတ်သွားမည်ကို စိုးသည့်အလား အကြည့်ပင် မလွဲရဲကြပေ။
လူသိများသည့် သတ္တုရိုင်းတုံးအကဲဖြတ်ဆရာများက ဤသတ္တုရိုင်းတွင် ထူးထူးခြားခြား ပစ္စည်း မရှိကြောင်း ခန့်မှန်းခဲ့ကြသော်လည်း သူတို့ မှားယွင်းနေခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။
ဤသို့ အံ့ဖွယ်အခိုက်အတန့်မျိုးကို လက်လွတ်ခံလိုက်၍ မဖြစ်ပေ။
သို့သော်လည်း ကျောက်လွှာများကို ဖြတ်ထုတ်လိုက်ပြီးသည်နှင့် သူတို့ စိတ်လှုပ်ရှားမှုများက စိတ်ပျက်မှုအဖြစ်သို့ ကူးပြောင်းသွားလေတော့သည်။
ယခင် အကဲဖြတ်ဆရာများ ပြောခဲ့သည်မှာ အမှန်ဖြစ်နေလေ၏။ ဤခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးသည်ကား တကယ့်အမှိုက်တစ်ခု ဖြစ်နေခဲ့သည်။
သတ္တုရိုင်းတုံးဖြတ်သမားက သတ္တုရိုင်းတုံး၏ အတွင်းပိုင်းအလွှာအထိ ဖြတ်တောက်လိုက်သော်လည်း ဝိညာဉ်ကျောက်တုံးကိုကော ဝိညာဉ်ကျောက်တုံး၏ အစအနလေးကိုပါ ရရှိလာမည့် အရိပ်အယောင် မမြင်ရသေးပေ။
ကျန်ရှိနေသည်ကား ပုပ်သိုးဆွေးမြည့်နေသည့် အရောင်အဆင်းမရှိသော ဘူးသီးခြောက် မည်းမည်းလေး တစ်ခုသာ ဖြစ်နေလေ၏။
…………………
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒီလို မဖြစ်သင့်ဘူးလေ”
“ဒီသတ္တုရိုင်းတုံးထဲမှာ တကယ့် အခွင့်အရေးကောင်းကြီး ပါရမှာလေ… ဘာလို့ ဒီမည်းမည်းတူးတူး ဘူးသီးခြောက်ကိုပဲ တွေ့ရတာလဲ”
သူဌေးလျို၏ မျက်နှာတွင်ကား “အအံ့သြဆုံးဖြစ်မိတယ်” ဆိုသည့် အမူအယာတစ်ခု ဖြစ်ပေါ်သွားကာ သူက ရှန်ထျန်းအား လှည့်ကြည့်လိုက်လေ၏။
“ဆရာရှန်အတွက် တကယ် စိတ်မကောင်းပါဘူး… အခုတော့ ကျုပ်လည်း ဘယ်လိုကူရမှန်း မသိတော့ဘူးဗျာ” သူဌေးလျိုက အားနာစွာဖြင့် တုံ့ဆိုင်းတုံ့ဆိုင်း ပြောလိုက်သည်။
တစ်ဖက်တွင်လည်း လမ်းကြုံနံပါတ်(၁)က ဤရလဒ်ကို မျှော်လင့်ထားသည့်အလား တုံ့ပြန်လိုက်သည်။ သူက ရှန်ထျန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဝေဖန်လိုက်သည် “ကဲ မင်း အခု ဘယ်လိုပြောဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့”
ရှန်ထျန်းက လမ်းကြုံနံပါတ်(၁) စကားကို လျစ်လျူရှုကာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည် “သူဌေးလျိုကလည်း ယဉ်ကျေးလွန်းနေပြန်ပြီဗျာ… ခင်ဗျားမှာ သတ္တုရိုင်းတုံးတွေကို ကြည့်တတ်တဲ့ မျက်လုံးမျိုး ရှိနေတော့ ဒီဘူးသီးခြောက်လေးရဲ့ အပေါ်ယံ လှည့်စားထားတဲ့ သဘာဝကို သိမြင်ပြီးလောက်ရောပေါ့။ ဘာဖြစ်လို့ ကျွန်တော်တို့ကို စိတ်တထင့်ထင့် ဖြစ်အောင် ဒီလို လာစနောက်နေရတာလဲဗျာ”
ထို့နောက် သူက လီလျန်အာဆီ သွားလိုက်ပြီး ပျူငှာစွာ မေးလိုက်သည် “ မိန်းကလေးလျန်အာရဲ့ ဓားကို ခဏ ပေးဌားလို့ရမလား”
လီလျန်အာက ခေါင်းညိတ်ကာ သူမနောက်ကျောမှ ဓားကို ထုတ်ပေးလိုက်သည်။
ချွင်…
ရေမျက်နှာပြင်အထက် အလင်းပြန်လာသကဲ့သို့ ဓားသွားမှ အေးစက်စက် အလင်းတန်း ထွက်ပေါ်လာကာ ဘေးပရိတ်သတ်များ၏ မျက်စိအမြင်များအား ခဏတာ ကျိန်းသွားစေသည်။
မည်သူ့စံနှုန်းနှင့်မဆို ဤသည်မှာ ဓားကောင်းတစ်လက် ဖြစ်၏။
ရှန်ထျန်းအတွက် ဓားကို လွဲဖို့ကိုတောင် အားကုန်ထုတ်သုံးရအောင်အထိ ဓားက အလွန်လေးလံလွန်းနေသည့် အချက်မှလွဲ၍ အားလုံးကောင်းပေသည်။
သူက ဘူးသီးခြောက်အား ဓားဖြင့် ပိုင်းချပစ်လိုက်သည်။
ချွမ်…
ဓားက မည်းမည်းတူးတူး ဘူးသီးခြောက်လေးအပေါ် ကျရောက်သွားသည့်အခါ သတ္တုအချင်းချင်း ထိရိုက်သံ ထွက်ပေါ်လာသည်။
ဘူးသီးခြောက်လေးက သေးငယ်သော်လည်း အံ့သြစရာကောင်းလောက်အောင် မာကြောသည်။ သို့သော်လည်း ဆွေးမြည့်နေပြီ ဖြစ်သောကြောင့် ဓားချက်အောက်တွင် နှစ်ပိုင်း အခြမ်းခံလိုက်ရလေသည်။
သို့သော် အံ့ဩစရာကောင်းသည်က အတွင်းပိုင်းမှ အစေ့တစ်စေ့ ပြုတ်ကျလာခြင်း ဖြစ်၏။
အစေ့မှ သက်တန့်ရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး တောက်ပသည့် အရောင်အဝါလည်း ဖြစ်ပေါ်နေသည်။ ထိုအရောင်အဝါထဲ၌ နဂါး၊ ဇာမဏီ၊ ချီလင်နှင့် ပိဖန်းဌက် ကဲ့သို့သော သားရဲပုံရိပ်များ လှည့်ပတ်နေလေသည်။
ထို့နောက် တာအိုသဘောတရား ဟောပြောပို့ချသံကိုပင် ကြားလာရသည်။ လူအုပ်အကြား စိတ်ဓာတ်တက်ကြွမှုများကို ခံစားလာရစေပြီး အသိအမြင်အသစ်တို့ ပွင့်လင်းလာသလိုမျိုး ခံစားလာရစေသည်။
ထိုအစေ့ကား သာမန် မဟုတ်မှန်း သိသာလှသည်။ အဖိုးမဖြတ်နိုင်သည့် နတ်သစ်စေ့ တစ်စေ့သာ ဖြစ်ရမည်။
…………………
ရှန်ထျန်းက အစေ့ကို ကောက်ယူကာ လီလျန်အာ လက်ထဲ ထည့်ပေးလိုက်သည်။
သူက ညင်ညင်သာသာ ပြုံးလိုက်ပြီး ပြောလိုက်သည် “ကျွန်တော် ကတိပေးထားတဲ့အတိုင်း မိန်းကလေးကို စိတ်မပျက်စေပါဘူးနော်”
လီလျန်အာက ထိုအပြုံးကြား နစ်မျှောသွားကာ သူမ လက်ထဲမှ နတ်သစ်စေ့ကိုပင် သေချာမကြည့်မိတော့ပေ။
အစ်ကိုရှန်… သူမရဲ့ ကိုကိုရှန်စကားတွေက မှန်နေတာကိုး…
ထိုစဉ် ဘေးပွဲကြည့်သူများကလည်း တအံ့တဩ ဖြစ်နေရာမှ အသိပြန်ဝင်လာကြသည်။
“အစေ့တစ်စေ့ပါလား… ပြောတော့ ဒီသတ္တုရိုင်းတုံးရဲ့ စွမ်းအားက ကုန်ဆုံးနေပြီမလို့ အမှိုက်အပြင် ဘာမှမပါနိုင်ဘူးဆို”
“မင်း ကန်းနေလား… အမှိုက်ကနေ ဘယ်လိုလုပ် အစေ့အတွက် အာဟာရကို ပေးနိုင်မှာလဲ… မဟုတ်မှလွဲရော… ဒီဟာက အမှိုက်မဟုတ်ဘဲ တကယ့် ဘူးသီးအစစ်တစ်လုံး ဖြစ်နေတာလား”
“ဒါပေမဲ့ အစေ့က သက်တန့်ရောင် ထွက်နေတာဆိုတော့ အတော်လေး ထူးခြားတာ အသေအချာပဲ”
“ဟီး… ငါ အရင်က ပြောဖူးသလိုပဲ… ဆရာကိုကိုက ဒီလောက် ချောမောခန့်ညားတာ ဘယ်လိုလုပ် လူလိမ် ဖြစ်ပါ့မလဲ”
“ရှင်တို့ ပုံမှန်လူတွေက ဆရာကိုကိုရဲ့ တကယ့် ရည်ရွယ်ချက်အစစ်ကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ဒီဇာတ်လမ်းတစ်ခုလုံးက ကြည့်မကောင်းလိုက်တာရှင်…”
…………………
သူဌေးလျိုက လီလျန်အာ ကိုင်ထားသော အစေ့ကို စိုက်ကြည့်ကာ အတွေးတစ်ခု ပေါ်လာလေ၏။
ဒါက ဝိညာဉ်သစ်ပင် အဆင့်စာရင်းထဲက အဆင့်(၃၆)ချိတ်တဲ့ ဒဏ္ဍာရီလာ ရတနာခုနှစ်သွယ် နတ်ဘူးသီး အစေ့များလား…
သူဌေးလျိုက ထိုဖြစ်နိုင်ခြေအား တွေးမိသွားသည့်အခါ သူ့ကမ္ဘာတစ်ခုလုံး ပြိုလဲပျက်စီးသွားတော့မလို ခံစားလိုက်ရသည်။
အခုတော့ သူ တကယ်ကို ငိုချင်သွားလေပြီ…
သူဌေးလျို ထိုသို့ ခံစားနေရသည်ကို နားလည်ဖို့ရာ အရင်ဦးစွာ ကျင့်ကြံရေးလောက၏ ကိစ္စများအကြောင်း နားလည်သင့်ပေသည်။
ဤကမ္ဘာလောက၌ ဝိညာဉ်ကျောက်တုံးနှင့် အဖိုးတန်လက်နက်များအပြင် လူများစွာက သူတို့ကျင့်ကြံရေး တိုးတက်လာစေဖို့ရာ အမျိုးမျိုးသော ရှားပါးပစ္စည်းများကို လိုက်လံရှာဖွေကြသည်။ ထိုပစ္စည်းများ၏ တန်ဖိုးကို လူများ သတိပြုမိစေရန်အတွက် ကျင့်ကြံသူများက ပစ္စည်းများကို သူတို့၏ သဘာဝနှင့် အဖိုးတန်မှု အပေါ်မူတည်၍ အဆင့်လိုက် ခွဲပြထားလေ၏။
ဤအဆင့်စာရင်း၌ ပစ္စည်းမျိုးစုံ ပါဝင်ပြီး အဓိကမျိုးကွဲအနေနှင့် “ထာဝရ သတ္တုစာရင်း”၊ “ ဝိညာဉ်သစ်ပင် စာရင်း”၊ “အစစ်အမှန်ရေစင် စာရင်း” ၊ “ ထူးခြားမီးတောက် စာရင်း”နှင့် “ဆန်းကြယ်မြေ စာရင်း” ဟူ၍ ခွဲခြားထားလေသည်။
ယခင်က ပြောထားသည့်အတိုင်း ဤရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ကား ဝိညာဉ်သစ်ပင်စာရင်း၌ အဆင့်(၃၆) ချိတ်ပေသည်။ ဤသည်မှာ မျိုးတုံးလုနီးပါး ဖြစ်နေသည့် မျိုးစိတ်ဖြစ်သော ထူးဆန်းဖွယ် ထာဝရအပင်လည်း ဖြစ်နေ၏။
ပြောကြသည်မှာ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့သည် သက်တန့်ရောင် ထုတ်လွှင့်နိုင်ပြီး အားကောင်းသည့် စွမ်းရည်ခုနှစ်မျိုးကို နှိုးဆွနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ထိုဘူးသီး ရင့်မှည့်လာသည့်အခါ ထိုစွမ်းရည်ခုနှစ်မျိုးက အထွတ်အထိပ်အနေအထားသို့ ရောက်ရှိလာကြမည် ဖြစ်ပြီး ထိုစွမ်းရည် ပိုင်ဆိုင်ထားသူက ကမ္ဘာလောကကို အမိန့်ပေးနိုင်လိမ့်မည်။
ကျင့်ကြံသူထောင်ပေါင်းများစွာက သူ့အား တစ်ချိန်တည်း ဝိုင်းတိုက်ခဲ့လျှင်ပင် သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။ တကယ်တော့ ထိုသူကပင် တိုက်ခိုက်သူတိုင်းအား ပြန်၍ သတ်နိုင်ဦးမည် ဖြစ်သည်။
ထိုအချက်အပြင် ထာဝရအပင်များ၏ တန်ဖိုးအရှိဆုံးအပိုင်းမှာ သူတို့က ကြာရှည်ခံကြပြီး သာမန် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းထက် အနည်းဆုံး ဆယ်ဆမက ပို၍ ရှည်ကြာတတ်ပေသည်။
အကယ်၍ သည်လိုမျိုး ထာဝရအပင်ပေါက်ကို ရှာတွေ့ခဲ့ပြီး အပင်၏ ကိုယ်ပိုင်အသိစိတ် မရရှိလာခင် သူ့သခင်အဖြစ် အသိအမှတ်ပြုခြင်းကို ရခဲ့မည်ဆိုလျှင် ထာဝရအပင်က သူတို့အား သစ္စာရှိရှိ စောင့်ရှောက်ပေးမည် ဖြစ်သည်။ ဂရုတစိုက် ပြုစုပေးခဲ့လျှင် ထာဝရအပင်က သခင်ဖြစ်သူ၏ နောင်လာနောက်သား မျိုးဆက်အထိ ကာကွယ်စောင့်ရှောက်ပေးပြီး ဂိုဏ်းတစ်ခုလုံး၏ အစောင့်အရှောက်အပင်အဖြစ် ကြီးထွားလာနိုင်သည်။
ထိုက်ပိုင်ချိုင့်ဝှမ်းကဲ့သို့သော ဂိုဏ်းကြီးများအတွက်ပင် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်လာနိုင်သည်။
အကယ်၍ ဤအပင်ကိုသာ ကောင်းကောင်း စောင့်ရှောက်ပေးလျှင် ဂိုဏ်းရှိ နောင်လာနောက်သား မျိုးဆက်များစွာအထိ ကာကွယ်မှု ပေးနိုင်ပေသည်။
အကယ်၍ လီလျန်အာသာ ဤရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့က သူမကို သခင်အဖြစ် အသိအမှတ်ပြုမှုအား ရရှိခဲ့ပြီး အပြည့်အဝ အရွယ်မရောက်လာခင်အထိ ပြုစုပျိုးထောင်ပေးခဲ့လျှင် ထိုက်ပိုင်ချိုင့်ဝှမ်းထဲရှိ သူမ၏ ရာထူးအဆင့်အတန်းပင် မြင့်တက်လာနိုင်သည်။
ရာထူးအဆင့်အတန်း မြင့်တက်လာမှုကို ပြောမည်ဆိုလျှင် သူမအနေနှင့် ထိုက်ပိုင်ချိုင့်ဝှမ်းကို ဦးဆောင်မည့် အဓိကလက်ရွေးစင် ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်လာနိုင်ခြေပင် ရှိ၏။
ဤဘူးသီးအစေ့၏ ငွေကြေးတန်ဖိုးသည်ကား…
ပြောပါစေ… ထာဝရအပင်များ၏ တန်ဖိုးကို ငွေရေးကြေးရေးဖြင့် တိုင်းတာ၍ မရနိုင်ပေ။
အကြောင်းမှာ လူတစ်ယောက်က ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ ပုံပေးနိုင်လျှင်ပင် စိတ်မှန်သည့် ဂိုဏ်းအနေနှင့် သည်လိုရတနာမျိုးကို ရောင်းချပေးမည် မဟုတ်ပေ။
အကယ်၍ ရရှိခဲ့လျှင်လည်း အင်မတန် ရှားပါးလွန်းသည့် သိုင်းကျမ်းနှင့်သာ လဲလှယ်ကြလိမ့်မည်။
…………………
ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့သည် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်သော်လည်း ရှန်ထျန်းက စိတ်မဝင်စားပေ။
အကြောင်းကလား… ရှင်းရှင်းလေးပါ… ဒီအစေ့ သူ့လက်ထဲ ရောက်လာရင်တောင် ရလဒ်ကောင်းမှာ မဟုတ်ဘူးလေ…
အရိုးသားဆုံးပြောရလျှင် ရှန်ထျန်း၏ ဆိုးရွားလွန်းသည့် ကံဇာတာအရ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ကို မဆိုထားနှင့် ခရမ်း ရှားစောင်းပင် တစ်ပင်ကိုတောင် စိုက်ပျိုးလို့ ရနိုင်မည် မဟုတ်ပေ။
သူ ဒီအစေ့ကို အိမ်ယူသွားလိုက်တာနဲ့ နေရာမှားထားမိတာမျိုး… ဒါမှမဟုတ် ခရမ်းရောင် သစ်ခွ ရှားစောင်းပင်တုန်းကလိုမျိုး အစေ့ကို အပင်စိုက်လိုက်တဲ့ နေ့မှာပဲ အပင်ကို လမ်းဘေးခွေးတို့၊ လမ်းဘေးကြောင်တို့က စားသွားတာမျိုး… ဒါမှမဟုတ်ရင်လည်း ကလေးဆိုးတချို့ကြောင့် ပျက်စီးသွားတာမျိုး… သည်လိုမျိုးတွေ ဖြစ်နိုင်ခြေ ရှိသည်လေ…
ဤသို့ ဖြစ်လာနိုင်ခြေ (၉၀)ရာခိုင်နှုန်းနှင့်အထက် ရှိပေသည်။
ရှန်ထျန်းက ထိုအစေ့အား စိတ်မဝင်စားရသည့် နောက်ထပ် တစ်ချက်မှာ ထိုအစေ့သည် စိုက်ပျိုးဖို့ ခက်ခဲပြီး အလွန်နှေးကွေးစွာ ကြီးထွားသောကြောင့် ဖြစ်သည်။
အနည်းဆုံး ရင့်မှည့်လာဖို့ နှစ်(၈၀၀)မှ နှစ်(၁၀၀၀)လောက်အထိ စောင့်ဆိုင်းရပေမည်။
ထိုစဉ်အတွင်း ထာဝရအရည်၊ ဝိညာဉ်ကျောက်တုံးနှင့် အခြားသော မှော်ဝင်ပစ္စည်းများကို သုံး၍ ဆက်တိုက် အားဖြည့်ပေးဖို့ လိုအပ်ပေသည်။ အရင်းအမြစ် ပေါပေါများများ လိုအပ်သောကြောင့် သာမန်ဂိုဏ်းများပင် မတတ်နိုင်ကြပေ။
ကျင့်ကြံရေးလောက၌ ထိပ်တန်းဂိုဏ်း ဆယ်ဂိုဏ်းထဲဝင်သည့် ထိုက်ပိုင်ချိုင့်ဝှမ်းမှလွဲ၍ အခြားသောဂိုဏ်းများအနေနှင့် ထိုသို့သော အစေ့မျိုးကို တတ်နိုင်မည် မဟုတ်ဟု ရှန်ထျန်းက တွေးမိသည်။
ရှန်ထျန်း၏ နောက်ခံနှင့်ပင် အစေ့ကို ပြုစုပျိုးထောင်ရမည်ဆိုလျှင် ရက်ပိုင်းအနည်းငယ်အတွင်း သူ့ ပိုက်ဆံအားလုံး ကုန်ဆုံးသွားနိုင်ပေသည်။
……………
သူ့ဘာသာ စိတ်တွင်း အပြန်ပြန်အလှန်လှန် ချေပပြီးနောက်တွင်ပင် ရှန်ထျန်းက အစေ့လေး သူများလက်ထဲ ရောက်သွားသည်ကို မြင်ကာ နှလုံးနာလာမိသည်။
ဒီဟာက အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးလေ…
ငါ့အဓိက ရည်ရွယ်ချက်က ကံကြမ္မာဇာတာကို ပြောင်းလဲဖို့သာ မဟုတ်ခဲ့ရင် ဒီလိုပစ္စည်းမျိုးကို ဘာဖြစ်လို့ တခြားသူဆီကို ပေးပစ်ရက်မှာလဲလို့…
စိတ်ချမ်းသာစရာကောင်းသည်က ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ကို လက်လွတ်ဖို့ ဆုံးဖြတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ကြီး ပေါ့ပါးသွားသလိုမျိုး ခံစားလိုက်ရသည့် အချက်ပင်တည်း။
သူ့ခေါင်းပေါ်ရှိ မည်းနက်နေသည့် ရောင်ဝါစက်ဝန်းက အရောင်လျော့သွားလေပြီ။ တကယ်တော့ တချို့နေရာလေးတွေက အရောင်လျော့သွားဟန် ပေါ်သောကြောင့် တစ်ခုလုံး ခြုံငုံကြည့်လိုက်လျှင် ယခင်လောက် မဆိုးတော့ပေ။
သည်လိုဖြစ်ရပ်မျိုးနှင့် ဆက်လက် ကြုံတွေ့နိုင်ပါက သူ မျှော်လင့်တောင့်တနေသည့် ကံကောင်းသူတစ်ဦးအဖြစ် ကံကြမ္မာ ပြောင်းလဲနိုင်ဖို့ရာ အချိန်သိပ်ကြာမြင့်မည် မဟုတ်ကြောင်း ရှန်ထျန်းက ယုံကြည်ထားမိသည်။
သူသာ ကံကြမ္မာ ပြောင်းလဲနိုင်သရွေ့ ဘူးစေ့လောက်ကို ဘာလုပ်ရမည်နည်း။ သူ အလိုရှိသမျှ ကံကောင်းမှုဖြစ်ရပ်များ ရရှိလာနိုင်ပြီး “အဓိကဇာတ်လိုက်” ဖြစ်လာနိုင်သည်လေ…
စောင့်ကြည့်လိုက်စမ်းပါ …
ငါလေး ရွှေရောင် ရောင်ဝါစက်ဝန်းကို ရတာနဲ့ ကျင့်ကြံရေးလောကက အရှားပါးဆုံး အစေ့တွေကို သိုလှောင်ရုံ ဆောက်ပြီးတော့ကို သိုလှောင်ပစ်ဦးမယ်…
ထိုသို့တွေးလိုက်မှ ရှန်ထျန်းက ပို၍ နေလို့ထိုင်လို့ ကောင်းသွားသည်။ ထို့နောက် သူက သူဌေးလျို၏ အမူအယာကို မြင်လိုက်သည့်အခါ ပို၍ ကျေနပ်မိလာ၏။
သူက သူဌေးလျို၏ ပခုံးကို ပုတ်ကာ ပြုံးစစဖြင့်
“တကယ်တော့ ခင်ဗျား ပြောတဲ့အတိုင်း ကံပါသူကပဲ ဒီလိုမျိုး ရှားပါးလှတဲ့ အခွင့်အရေးနဲ့ ကြုံတွေ့နိုင်တာဗျ… ဒီခရမ်းစိမ်းရောင် ဘူးသီးပုံ သတ္တုရိုင်းတုံးက ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ကို မွေးထုတ်ပေးလိုက်တာပဲ။ တကယ်ကို ဂုဏ်ပြုဖို့ ထိုက်တန်ပါပေတယ်…
သူဌေးလျို… ဒီကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်းကပဲ ဒီလှည့်စားမှုကို ထိုးထွင်းမြင်နိုင်တာ… ပြီးတော့ ခင်ဗျားက ဒီအချက်အပေါ် အခွင့်ကောင်း မယူဘဲနဲ့ ကံစပ်တဲ့သူကို (၅၀)ရာခိုင်နှုန်း လျော့ဈေးနဲ့တောင် ရောင်းလိုက်သေးတယ်။
သူဌေးလျိုက တကယ်ကို စိတ်ထားမြင့်မြတ်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲဗျာ… ကျွန်တော် ခင်ဗျားကို စောစော မသိခဲ့ရတာ နောင်တမိရပါ့။ ရင်ထဲ ထိမိပါတယ်ဗျာ… တကယ့်ကို ရင်ထဲ ထိမိပါတယ်…”