ဓားရှစ်လက်ပွဲတော်
Vol. 2 Ch. 16
မဟာခန်းမသည် အသူရာဓားဂိုဏ်းတစ်ခုလုံးတွင် အတည်ငြိမ်ဆုံးဖြစ်ကာ ကြီးကျယ်ခမ်းနားသော အခင်းအကျင်းကို ပိုင်ဆိုင်ထား၏။ ယွမ်ရှောင်ကို အံ့သြစေသည်မှာ ၎င်း၏နဖူးစီးတွင် ဓားချက်သဏ္ဍာန် စုတ်ချက်များနှင့် ရေးသားထားသော ထာဝရဝိညာဥ် တည်ရှိသည်ဟူသော စာလုံးများ ဖြစ်သည်။ အမှန်တကယ်၌ သူ မြင်နေရသော တောင်တန်းများနှင့် မိုးထိုးမတတ် မြင့်မားသော ခန်းမကြီးသည် ငယ်စဥ်မှအိပ်မက်မက်ခဲ့ရသော အင်မော်တယ်ကမ္ဘာပင် ဖြစ်သည်။ သူက ချိုက်မြောင်နှင့် ခန်းမသို့ ရောက်သောအခါ နေထွက်လာပြီး စောင့်ကြိုနေသူဆယ်ဦးမက ရှိနေသည်။ အခြားတောင်များတွင် အဖွဲ့ဝင်အရေအတွက် ထောင်ချီသောကြောင့် ဤပမာဏက မများသည့်အပြင် နှိုင်းယှဥ်ရလျှင် ပျောက်ကွယ်လုနီးပါးပင်။
"ဒါက ဓားအိမ်တော်ရဲ့တပည့်အသစ် ယွမ်ရှောင်ပါ"
ချိုက်မြောင်က မိတ်ဆက်ပေးလိုက်ပြီး ဓားအိမ်တော်၌ အသက်အကြီးဆုံးမှာ အညိုရောင် ဝတ်ဆင်ထားသည့် အဘိုးချင်ဖြစ်ကာ မျက်လုံးကန်းနေသော်လည်း နွေးထွေးသော အပြုံးပိုင်ရှင် ဖြစ်၏။ အဘိုးချင်အပြင် ကျောက်၊ ကျန်း၊ ဝမ်ဟူသော အကြီးအကဲသုံးယောက် ရှိနေကာ ကျန်တပည့်များမှာ ယွမ်ရှောင်နှင့် သက်တူရွယ်တူ ဖြစ်၏။
"ညီလေးယွမ် ဒါက အမချင်တုန်တဲ့။ အဘိုးချင်ရဲ့မြေးဖြစ်ပြီး ငါ့ဇနီးလောင်းလည်း ဖြစ်တယ်"
"ဘယ်သူက နင့်ဇနီးလောင်းလဲ။ အရှက်မရှိတဲ့ကောင်"
ချင်တုန်က မျက်နှာလေးရဲသွားကာ ချိုက်မြောင်ကို တစ်ချက်ရိုက်လိုက်သဖြင့် လူတိုင်း ရယ်မောကုန်သည်။ လောင်ကျန်းဆိုသော တပည့်က ယွမ်ရှောင်၏ချောမောမှုကို ချီးကျူးလိုက်ပြီး မိန်းကလေးများမှာလည်း မင်သက်နေကြ၏။ သူ၏ရုပ်ရည်က ဖန်ဆင်းရှင်အင်မော်တယ်၏ လက်ဆောင်ဖြစ်သောကြောင့် ကိုယ်တိုင်ပင် မှန်ကြည့်လိုက်တိုင်း အံ့သြမိသည်။ သူက ရုပ်ချောရုံသာမက အရည်အချင်းထူးချွန်ကြောင်း ချိုက်မြောင်က မိတ်ဆက်ပေးလိုက်သောအခါ အဘိုးချင်က ဓားဝိညာဥ်အကြောင်း စပ်စုလိုက်သည်။
"ကောင်းကင်လမ်းကြောင်းမှာ ဓားဝိညာဥ်ကို စမ်းသပ်ခဲ့တယ်မလား။ ဘယ်အဆင့်လဲ"
"ဓားအမွေခံကျောက် ပေါက်ကွဲသွားပါတယ်"
"နားလည်ပြီ။ ပါရမီရှင်ကျန်းရယ်နဲ့အတူတူ မင်းက စမ်းသပ်ခဲ့တာ ဖြစ်ရမယ်။ အသူရာဓားဂိုဏ်းရဲ့ သမိုင်းမှာ ဒီလိုအဖြစ်မျိုးက ပထမဆုံးအကြိမ်ပဲ"
အဘိုးချင်က ကျန်းရယ်ကို ဘုမသိဘမသိ ချီးကျူးနေခဲ့သည်။ ချိုက်မြောင်က ယွမ်ရှောင်သည် သူမကို ကောင်းကင်လမ်းတွင် အနိုင်ယူ၍ နှစ်ငါးရာနတ်ဆိုးအရိုးရခဲ့ကြောင်း ချက်ချင်းဝင်ပြောလိုက်ပြီး တစ်ဖက်လူ၏ ကျော်ကြားမှုကြောင့် ဤအဖြစ်မှာ မှေးမှိန်နေခဲ့၏။ ယွမ်ရှောင်ကို ပါရမီထူးချွန်သည်ဟု လူတိုင်းက ချီးကျူးလိုက်ပြီး ရုပ်ချော၍အဆံမရှိသူ မဟုတ်ကြောင်း နားလည်လိုက်ကြ၏။
"ဒီလောကမှာ ကျန်းရယ်လိုပါရမီရှင်မျိုးကို အနိုင်ယူနိုင်ခဲ့တာက ဂုဏ်ယူစရာပဲ"
ကျောက်ကျီဆိုသော မိန်းကလေးတစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။
"ယွမ်ရှောင် မင်းရဲ့ဓားဝိညာဥ်ကို ပြပေးနိုင်မလား"
အဘိုးချင်က တောင်းဆိုလိုက်သောအခါ ယွမ်ရှောင်သည် ခေါင်းညိတ်၍ လက်တစ်ဝါးအရွယ် ကောင်းကင်သင်္ချိုင်းဓားကို ထုတ်ပြလိုက်သည်။ ၎င်းက နိမ့်ကျသော ကြာစိမ်းဓားဝိညာဥ်နှင့် တူညီနေသော်လည်း ဓားအော်ရာကိုးခု ရှိနေသောကြောင့် မည်သူမှ အထင်မပေးခဲ့ပေ။ အကြီးအကဲသုံးယောက်ပင် ဓားအော်ရာအရေအတွက် ဤမျှပိုင်ဆိုင်မထားပေ။ အဘိုးချင်က မမြင်နိုင်သော်လည်း ဓားအော်ရာကိုးခုနှင့် ဓား၏အစွမ်းထက်ပုံကို အာရုံခံနိုင်ခဲ့သည်။
"လူငယ်လေး ဓားဝိညာဥ်ရဲ့အဆင့်က တကယ်တော့ အရေးမပါဘူး။ အဆင့်နိမ့်ဓားတစ်လက်ကလည်း လောကကြီးကို အုပ်စိုးနိုင်တယ်။ ဓားအော်ရာကို အသုံးပြုပြီး ကောင်းကင်အထိ လမ်းဖောက်လို့ရတယ်"
"ကျုပ် နားလည်ပါပြီ"
အဘိုးချင်၏ အားပေးစကားကြောင့် ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်သည်။
"ဓားအော်ရာကိုးခုနဲ့ဆိုရင် ကြယ်အဆင့် ဓားဝိညာဥ်တွေကိုတောင် ယှဥ်နိုင်တယ်"
အမျိုးသမီးအကြီးအကဲဖြစ်သော ကျန်းက ဝင်ပြောလိုက်သည်။ ထို့နောက် အဘိုးချင်က အစိမ်းရင့်ရောင်တံဆိပ်ပြားတစ်ခုကို ယွမ်ရှောင်အား ထုတ်ပေးခဲ့ပြီး နာမည်ရေးထိုးလိုက်လျှင် ဓားအိမ်တော်က နောက်ခံဖြစ်ပေးမည်ဟု ကြေညာခဲ့သည်။ သူက ၎င်းကိုလက်ခံ၍ ရှေ့ဘက်ပိုင်းတွင် ဓားအိမ်တော်ဟု ရေးထွင်းထားသဖြင့် ကျောဘက်၌ အ မည်ကို ရေးထိုးလိုက်သောအခါ ဓားအိမ်တော်၏ တရားဝင်တပည့်ဖြစ်လာခဲ့ကာ လူတိုင်းက လက်ခုပ်တီးပေးခဲ့ကြသည်။
"ကြိုဆိုလက်ဆောင် မပေးချင်ကြဘူးလား"
"ကျုပ် စလိုက်မယ်"
အဘိုးချင်က အကြီးအကဲသုံးယောက်ကို မျက်ရိပ်ပြလိုက်သောအခါ အကြီးအကဲကျောက်သည် နွေဦးဆေးတစ်လုံးထုတ်ပေး၍ ဓားဝိညာဥ်နှင့်အတူ ကောင်းကင်သို့ တက်နိုင်စေရန် ဆုမွန်ကောင်းတောင်းပေးလိုက်သည်။
"နွေဦးဆေးလုံး"
ကျန်တပည့်များက အားကျနေဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ကျုပ်က မထိုက်တန်ပါဘူး"
ဤဆေးလုံးသည် နတ်ပင်လယ်ဆေးလောက် အဖိုးမတန်သော်လည်း နဂါးနွေဦးအဆင့်တွင် အကျိုးရှိလှသည့်အပြင် ဆင်းရဲသော ဓားအိမ်တော်မှ အကြီးအကဲကျောက်၏ ရက်ရောမှုပင်ဖြစ်သည်။
"မစိုးရိမ်ပါနဲ့။ ယောကျ်ားတစ်ယောက်က ကျင့်ကြံရေးလမ်းကြောင်းမှာ တွန့်ဆုတ်နေလို့ မသင့်တော်ဘူး"
အကြီးအကဲကျောက်က သူ၏ပခုံးကို တစ်ချက်ပုတ်၍ လက်ခံစေလိုက်သည်။
"နင်က မိန်းမတွေကို အထင်သေးတာလား။ ဒါကို လက်မခံရင် မိန်းမတွေကို စော်ကားလိုက်တာပဲနော် တပည့်အသစ်လေး"
အကြီးအကဲကျန်းကလည်း အားကျမခံ နွေဦးဆေးတစ်လုံး ထုတ်ပေးလာပြီး ခပ်ဝဝအကြီးအကဲ ဝမ်ကလည်း နွေဦးဆေးတစ်လုံး လက်ဆောင်ပေးလိုက်သည်။ အဘိုးချင်ကမူ ပို၍ကြီးမားသော ဆေးပုလင်းဖြင့် နွေဦးဆေးသုံးလုံး ထည့်သွင်းကာ ပေးလာသောကြောင့် ယွမ်ရှောင်မှာ နွေဦးဆေးခြောက်လုံးကို လက်ခံလိုက်ရပြီး ဓားအိမ်တော်၏ မျှော်လင့်ချက်များ ပါဝင်နေသဖြင့် အလွန်တရာလေးလံကြောင်း ခံစားနေရ၏။
"အဘိုးချင် အစ်ကိုအမတွေအတွက်ကရော"
"မောင်လေးယွမ် မင်းက ငါတို့အားလုံးရဲ့ မောင်လေး ဖြစ်တယ်။ မင်းရဲ့အစ်ကိုအမတွေက ဆုမွန်ကောင်းတောင်းပေးရုံသာ တတ်နိုင်ပေမယ့် ဒီလက်ဆောင်တွေကိုတော့ မတပ်မက်ပါဘူး"
"ဟုတ်တယ်၊ ယူလိုက်ပါ"
ချင်တုန်က ဝင်ပြောလိုက်ပြီး ကျန်တပည့်များကလည်း သဘောတူခဲ့ကည်။ ဓားအိမ်တော်အဖွဲ့ဝင်များ၏ စိတ်နေသဘောထားကြောင့် ကျင့်ကြံသူများအပေါ် ယွမ်ရှောင်၏သဘောထားက ပြောင်းလဲသွားသည်။ ဤလောကတွင် လူတိုင်း ဆိုးသွမ်းနေသည်မဟုတ်ဘဲ ရက်စက်ကောက်ကျစ်မှုမှာ စရိုက်နှင့်သာ သက်ဆိုင်ပေသည်။ သူက ဤဆေးလုံးများကို လက်ခံလိုက်ပြီး အိမ်ဆိုသော အရာ၏ နွေးထွေးမှုမျိုး ခံစားလိုက်ရသည်။
"အကြီးအကဲတွေက ကျုပ်ကို လမ်းညွှန်သင်ကြားပေးဖို့ တောင်းဆိုချင်ပါတယ်"
"ငါက ဓားမြှောင်ပညာကို သင်ပေးနိုင်တယ်"
"ငါက အနီးကပ်တိုက်ပွဲတွေမှာ ကျွမ်းကျင်တော့ ဓားရှည်ပညာ သင်ပေးမယ်"
"ဓားပျံစီးနင်းပြီး ကောင်းကင်ခရီးသွားဖို့အတွက်ကတော့ ငါ့တာဝန်ထားလိုက်"
ယွမ်ရှောင်သည် အနက်ရောင်ခေါင်းတလားထံမှ အစွမ်းထက်ကျင့်စဥ်ကို သင်ယူနိုင်သော်လည်း အခြေခံကျင့်စဥ်များ မသင်ခဲ့ရသောကြောင့် တောင်းဆိုလိုက်သောအခါ အကြီးအကဲသုံးယောက်က မငြင်းဆန်ခဲ့ကြပေ။
"မင်း ဘယ်အချိန်စပြီး သင်မလဲ"
အကြီးအကဲကျောက်က မေးလိုက်သည်။
"အချိန်မရွေးပါပဲ"
ဤသို့ဖြင့် နံနက်ခင်းတွင် ဓားရှည်ပညာကို အကြီးအကဲကျောက်၊ နေ့လယ်ပိုင်းတွင် ဓားပျံပညာကို အကြီးအကဲဝမ်နှင့် ညနက်ပိုင်းတွင် ဓားမြှောင်သိုင်းကို အကြီးအကဲကျန်းက သင်ကြားပေးရန် တာဝန်ယူလိုက်ကြ၏။ အသူရာဓားဂိုဏ်း၏ အစစ်အမှန်ဝိညာဥ်သည် ဓားအိမ်တော်၌ ကိန်းဝပ်နေကြောင်း ယွမ်ရှောင်က ခံစားနေရပြီး ဤနေရာကို ချစ်မြတ်နိုးစပြုလာသည်။ သို့သော် သာယာသောအခြေအနေက ဓားပျံစီးနင်း၍ ရောက်ရှိလာသော လူတစ်စုကြောင့် ပျက်စီးသွားကာ ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်လာသဖြင့် သစ်ကိုင်းများကျိုးကြေ၍ တိရိစ္ဆာန်ငယ်လေးများ အလန့်တကြား ထွက်ပြေးကုန်သည်။ လူအယောက်နှစ်ဆယ်က လှောင်ပြုံးကိုယ်စီနှင့် ရှေ့တက်လာပြီး ဓားအိမ်တော်၏ မဟာခန်းမထံ ချီတက်လာကြ၏။
"သူတို့က ဓားရှစ်လက်ပွဲအတွက် ရောက်လာတာဖြစ်ရမယ်"
အကြီးအကဲကျောက်က ခန့်မှန်းလိုက်သည်။
"သူတို့က ဘာလိုချင်တာလဲ"
"ပြောဖို့ခက်တယ်။ ဓားတောင်တွေရဲ့ ခွေးကောင်တွေက ဓားအိမ်တော်ကို မောင်းထုတ်ဖို့ အမြဲကြံနေကြတယ်"
"သူတို့က ဓားအိမ်တော်ကို ဖျက်ဆီးချင်ရင် ကျုပ်သေမှပဲ ရမယ်"
အကြီးအကဲများနှင့် အဘိုးချင်၏စကားဝိုင်းကြောင့် ဓားခုနစ်လက်ပွဲတော်ဟုသာ ကြားဖူးသော ယွမ်ရှောင်က ဇဝေဇဝါဖြစ်နေသည်။
"ကျောက်ကျီ မင်းအစ်မကို သွားရှာလာခဲ့"
"ဟုတ်ကဲ့"
အကြီးအကဲကျန်းက ညွှန်ကြားလိုက်သောအခါ မိန်းကလေးတစ်ယောက်က တိတ်တဆိတ် ထွက်ခွာသွားသည်။ တစ်ဖက်တွင် ဦးဆောင်လာသူမှာ အနီရောင်ဝတ်ရုံရှည်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ကာ မောက်မာမှု အထင်းသား ထွက်ပေါ်နေ၏။ ထိုလူက ဓားတောင်အမှတ်သုံး၏ ဓားသခင် ဝူဝူဖြစ်ကြောင်း ချိုက်မြောင်က ယွမ်ရှောင်အား အသိပေးလိုက်သည်။ သူက အခြားလူများကိုမသိသော်လည်း ကောင်းကင်လမ်းကြောင်း စမ်းသပ်ချက်တွင် ရောင်ချင်းချန်နှင့် ဘက်တူသော ဝူယုကို မှတ်မိခဲ့သည်။ ထိုနှစ်ယောက်အပြင် လိုက်ပါလာသူများမှာ အသက်သုံးဆယ်အရွယ်များဖြစ်ကြပြီး လှောင်ပြုံးကိုယ်စီနှင့် ရပ်နေကြသည်။
"မျက်ကန်းကြီး မင်း အသက်ရှည်ကျန်းမာနေဦးမယ်လို့ မထင်ထားဘူး"
ဝူဝူ၏စကားက ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းလိုက်သဖြင့် ဓားအိမ်တော်ကို လှုပ်ခတ်သွားစေသည်။
"ငါက တစ်ဘဝလုံး ကောင်းမှုတွေလုပ်လာတာဆိုတော့ အသက်ရှည်ရှည်နေနိုင်တာ မဆန်းပါဘူး။ မင်းကတော့ အကုသိုလ်တွေကြောင့် ပြန်မဝင်စားနိုင်မှာတောင် ကြောက်ရတယ်"
အဘိုးချင်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
"မင်းက အမြဲတမ်း ဟာသတွေပြောနေတာပါလား ဟား ဟား။ ဝူယု ဓားခုနစ်လက်စာလိပ် ပေးစမ်း"
ဝူဝူက ဓားရှစ်လက်အစား ဓားခုနစ်လက်ဟူ၍ ရည်ညွှန်းလိုက်သောအခါ အဘိုးချင်၏မျက်နှာ တင်းမာနေခဲ့သည်။ ယွမ်ရှောင်က ဤအကြောင်း စုံစမ်းလိုက်သောအခါ ဓားတောင်ခုနစ်ခုနှင့် ဓားအိမ်တော်တစ်ခုကို ဓားရှစ်လက်ဟုခေါ်ဆိုပြီး ဓားခုနစ်လက်ဆိုသည်မှာ ဓားအိမ်တော်ကို လှောင်ပြောင်ခြင်းဖြစ်ကြောင်း ချိုက်မြောင်မှတဆင့် သိလိုက်ရသည်။
"ဒါဆိုရင်လည်း ဓားရှစ်လက်ပွဲတော်မှာ မင်းတို့က ဝင်ပြိုင်ကြမှာလား။ နာမည်စာရင်းယူပြီးရင် ချက်ချင်းထွက်သွားပေးမယ်"
ဝူဝူက တစ်ချက်ပြုံး၍ စာလိပ်ကို လက်ခံရန် ရှေ့တက်လာသော အကြီးအကဲကျောက်ထံ မပေးခဲ့ပေ။
"ဘာသဘောလဲ"
"အသူရာဓားဂိုဏ်းရဲ့ ဓားရှစ်လက်စုဝေးပွဲမှာ အဆင့်အတန်းမီတဲ့ တပည့်တွေ ဝင်ရောက် ယှဥ်ပြိုင်နိုင်တယ်။ ဒါပေမယ့် ဓားအိမ်တော်ရဲ့ အရေအတွက်က နည်းပါးတော့ ဝူယုက အစားမှတ်ပေးပါလိမ့်မယ်
"ကောင်းပြီ။ ဓားအိမ်တော်ရဲ့ လူတိုင်း တိုက်ခိုက်မယ်"
အကြီးအကဲကျောက်၏ ဝတ်ရုံအတွင်း၌ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားသောကြောင့် သွေးများပင်စို့နေသည်။
"ဓားသခင် ကျုပ် အခုမှသတိရတယ်"
"ဘာများလဲ"
"ကျုပ်တွက်ချက်ရသလောက်ဆိုရင် ကျောက်ရန်ရန်က အသက်၂၂နှစ် ရှိပြီမလား။ သူမက အသက်ကျော်သွားပြီဆိုတော့ ဝင်ပြိုင်ခွင့် မရှိဘူး။ ဒါဆိုရင် ဓားအိမ်တော်က ဘယ်သူများ အဆင့်မီပါ့မလဲ"
ဝူယု၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာကာ ကျန်အကြီးအကဲများကလည်း လှောင်ပြောင်နေကြပြီး အထင်သေးခဲ့ကြသည်။
"ဝူယု မင်း အဓိပ္ပါယ်မရှိတာတွေ ပြောနေပါလား။ ဓားရှစ်လက်ပွဲတော်မှာ ဓားအိမ်တော်က ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိဘူးဆိုရင် ဓားခုနစ်လက်လို့ အမည်ပြောင်းရမှာလား"
ဝူဝူက တုန်လှုပ်သွားဟန်ဆောင်၍ လှောင်ပြောင်လိုက်ပြန်သည်။
"ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရတာက ပြဿနာကြီး မဟုတ်ဘူး။ ဂိုဏ်းရဲ့စည်းမျဥ်းတွေအရ သနားစရာအချက်တစ်ခု ရှိနေတယ်။ အသူရာဓားဂိုဏ်းရဲ့ တောင်ရှစ်လုံးက ဥပဒေရှစ်ချက်ကို ပြဋ္ဌာန်းထားတယ်။ နံပတ်ရှစ်စည်းကမ်းချက်အရ ဓားရှစ်လက်ပွဲတော်ကို ဝင်ရောက်ယှဥ်ပြိုင်နိုင်စွမ်းမရှိဘူးဆိုရင် ချက်ချင်းဖျက်သိမ်းခံရပြီး ဂိုဏ်းပိုင်နက်ကနေ ထွက်သွားရမယ်"
ဝူယုက ချောင်းတစ်ချက်ဟန့်ကာ တည်ကြည်လေးနက်သော ဟန်ပန်ဖြင့် အော်ဟစ်လိုက်လေသည်။