သူ့ထက်သူ ရက်စက်ကြသူများ
Vol. 2 Ch. 17
"ဘာ နောက်တစ်ခေါက် ထပ်ပြောစမ်း"
ဓားသခင်ဝူသည် ဝူယု၏စကားကို မယုံကြည်နိုင်သည့်အလား ဟန်ဆောင်ကာ ထိတ်လန့်ပုံပြနေသည်။
"ဓားအိမ်တော်က ပယ်ဖျက်ခံရမယ်။ ဓားရှစ်လက်ပွဲတော်ကို နှစ်ပေါင်းများစွာ အနိုင်ရလာတဲ့ ဓားအိမ်တော်အတွက် စိတ်မကောင်းစရာပါပဲ"
ဝူယုက သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သောအခါ ကျန်လူများက ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်သော်လည်း ကောက်ကျစ်စွာ ပြုံးနေကြ၏။
"ဒီကိစ္စက ငါ့ကို စိတ်မကောင်းဖြစ်စေတယ်။ မင်းတို့ထွက်သွားရင် နေ့တိုင်း အမွှေးတိုင်နဲ့ ပူဇော်ပါမယ်"
ဝူဝူက အဆိုးဆုံးဖြစ်ပြီး တဟားဟားရယ်မောနေရင်း ဓားရှစ်လက်အစည်းအဝေး၏ အကြီးအကဲများလည်း ပါဝင်နေကြသည်။ ဤကိစ္စ၏တရားခံမှာ နံပတ်တစ်ဓားတောင်နှင့် ကောက်ကျစ်သူများ၏ အကြံဖြစ်ပြီး မြောက်ပိုင်းဖုန်းဆိုးမြေသို့ ဓားအိမ်တော်၏ သားတော်ခုနစ်ပါးကို စေလွှတ်ခဲ့သည့်အပြင် အိမ်တော်သခင်ကိုလည်း ထိခိုက်သွားစေသည်။ ဤအချက်ကို ချင်တုန်က ဒေါသတကြီး ထောက်ပြလိုက်သောအခါ ဝူယုက အရှက်ကင်းမဲ့စွာဖြင့် အရှိန်အဝါနှင့် ဖိနှိပ်ထားသည်။
"ဒီလောက်မစိုးရိမ်ပါနဲ့ ညီမလေးချင်။ ဓားအိမ်တော်ပျက်စီးသွားရင်လည်း မင်းက ငါ့လက်တွဲဖော်အဖြစ် ဓားတောင်အမှတ်သုံးကို ဝင်နိုင်ပါတယ်။ နောက်နှစ်နည်းနည်းလောက်ကြာရင် မင်းအဘိုးရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးကြရအောင်"
ဝူဝူ၏သားဖြစ်သော ဝူကျန်းရန်၏ စကားကြောင့် ချင်တုန်၏မျက်နှာက အေးစက်တင်းမာလာသည်။
"ခွေးကောင် မင်းကများ တုန်အာနဲ့ ထိုက်တန်လို့လား"
ဝူကျန်းရန်၏စကားက တရားလွန်လာသောကြောင့် ချိုက်မြောင်သည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
"မင်းက ချိုက်ချင်းရန်ရဲ့ ညီ မဟုတ်လား"
"ဟုတ်တယ်။ ငါ့အစ်ကိုက မင်းကို သွားကျွတ်အောင်ရိုက်ခဲ့တာ မှတ်မိသွားပြီလား"
"ဒီကောင်က ပါရမီရှင်ဆိုပေမယ့် အခုတော့ သေပြီ။ သူ့အုတ်ဂူရှေ့က သေရည်ခွက်ထဲတောင် ငါက သေးပန်းလာခဲ့သေးတယ်"
"ဝူကျန်းရန်"
ချိုက်မြောင်သည် သူ၏စံပြဓားသမားဖြစ်သော ချိုက်ချင်းရန် စော်ကားခံလိုက်ရသောအခါ မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ ဓားအိမ်တော်က မည်မျှနိမ့်ကျနေပါစေ၊ ချိုက်ချင်းရန်သည် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး နတ်ဆိုးများနှင့်တိုက်ပွဲတွင် အသက်ပေးလှူသွားခဲ့ရသည်။ သူ၏အသံက မိုးချုန်းသံပမာ ကျယ်လောင်နေပြီး တစ်ဖက်လူ၏ အရှက်မဲ့မှုကြောင့် အမှတ်သုံးဓားတောင်သည် အလွန်အောက်တန်းကျကြောင်း သိသာနေသည်။
"နောက်ဆုတ်စမ်း။ မင်းတို့အားလုံးက ဓားတောင်အမှတ်တစ်ကို သစ္စာခံပြီး ဓားအိမ်တော်ရဲ့ ကျင့်စဥ်တွေကို ယူလာပေးမယ်ဆိုရင် နေရာတစ်ခု ပေးမယ်"
ဓားသခင်ဝူက ဓားသခင်တစ်၏စကားကို ပြန်လည်ပြောကြားလိုက်ပြီး ချိုက်မြောင်အား ဖိအားပေးထားခဲ့သည်။
"မရူးမိုက်ကြစမ်းပါနဲ့။ နေရာလေးပြောင်းသွားရုံပါပဲ။ မင်းတို့က အသူရာဓားဂိုဏ်းရဲ့ ဂုဏ်ယူစရာတပည့်တွေ ဆက်ဖြစ်နိုင်ပါတယ်"
ဝူယုသည် ဝင်ရောက်တိုက်တွန်းလိုက်သော်လည်း လှောင်ရယ်သံ စွက်နေခဲ့သည်။ ထို့နောက် သူက အဆုံးစွန်အထိ အရှက်ခွဲရန်အတွက် ဓားအိမ်တော်မဟာခန်းမ၏ ဂုဏ်ယူရသော နဖူးစီးဆိုင်းဘုတ်ထံ တံတွေးဖြင့် ထွေးလိုက်၏။ ဤအခြေအနေက ဓားအိမ်တော်၏ သမိုင်းကြောင်းတွင် အရှက်အရဆုံးဖြစ်ရပ်ပင်။ အဘိုးချင်၏မျက်နှာက မည်းနက်နေပြီး မမြင်ရသော မျက်ဝန်းများပင် သွေးရောင်တောက်နေကာ ချင်တုန်ကို တွန်းဖယ်၍ ဓားအိမ်တော်၏သိက္ခာအတွက် တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ လက်တစ်ဖက်က သူ့ကို တည်ငြိမ်စွာတားလာပြီး ယွမ်ရှောင်ဖြစ်နေသောအခါ ဓားအိမ်တော်တစ်ခုလုံး အံ့သြသွားကြ၏။ ယွမ်ရှောင်က ရှေ့သို့ အေးအေးဆေးဆေးထွက်လာပြီး တပည့်အသစ်ဖြစ်၍ သံယောဇဥ်များစွာမရှိသော်လည်း အိမ်အသစ်ကို ဖျက်ဆီးခွင့်မပြုနိုင်ချေ။
"ဓားအိမ်တော်က တပည့်ခေါင်းဆောင်တစ်ယောက် ထွက်လာရင် ဓားရှစ်လက်ပွဲတော်ဝင်ခွင့်ရပြီး ဖျက်ဆီးစရာ မလိုတော့ဘူးမလား"
"ဟုတ်တယ်"
တစ်ချိန်က ပါရမီရှင်များစွာရှိခဲ့သော ဓားအိမ်တော်သည် နိမ့်ကျနေပြီး အတိတ်မှ အောင်မြင်မှုမျိုးထံ လက်မလှမ်းနိုင်သောကြောင့် လူတိုင်းမှာ စိတ်ဓာတ်ကျနေခဲ့သည်။
"တပည့်ခေါင်းဆောင်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ"
"နတ်ပင်လယ်အဆင့် တပည့်တွေနဲ့ တိုက်ခိုက်ရမယ်ဆိုပေမယ့် နဂါးနွေဦးအခြေတည်အဆင့်ကို ရောက်ရင် ရပါပြီ"
အဘိုးချင်က အံကြိတ်၍ ဖြေလိုက်သောအခါ ယွမ်ရှောင်သည် ကိုယ့်ကိုကိုယ်လက်ညှိုးထိုးပြ၍ တပည့်ခေါင်းဆောင်အဖြစ် တာဝန်ယူလိုကြောင်း ပြောလိုက်သည်။ သူက အသူရာဓားဂိုဏ်းတွင် နောက်ဆုံး၌ အခြေချစရာ နေရာအသစ်တစ်ခု ရလာသောကြောင့် ပျက်စီးသွားခွင့်မပြုနိုင်ချေ။ ဓားအိမ်တော်၏ တပည့်များနှင့် အကြီးအကဲများမှာ သူ့ကို အံ့သြစွာ စိုက်ကြည့်နေကြသည်။
"လူတိုင်း ညီလေးယွမ်ကို ယုံကြည်ပေးလိုက်ကြပါ"
ဝမ်ဖုန်းနှင့် ရောင်ချင်းချန်ကို သတ်ခဲ့သော ယွမ်ရှောင်၏ ခွန်အားကို သိထားသဖြင့် ချိုက်မြောင်က ချက်ချင်းထောက်ခံပေးလိုက်၏။ အမှန်တကယ်တွင် သူက နဂါးနွေဦးနောက်ပိုင်းအဆင့်ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားအရာ၌ မနိမ့်ကျပေ။ ထို့ကြောင့် ဓားအိမ်တော်အဖွဲ့ဝင်များမှာ မျှော်လင့်ချက်တစ်ခု ပိုင်ဆိုင်လာကြ၏။
"ဒီကောင်က နဂါးနွေဦးအခြေတည်အဆင့် ဟုတ်လား ဟား ဟား။ မနေ့က ကောင်းကင်လမ်းကြောင်းမှာ ကျန်းရယ်ကို အနိုင်ယူပြီး ဓားအိမ်တော်ကို ဝင်နိုင်ခဲ့ပေမယ့် မင်းက ဘာအစွမ်းအစရှိလို့လဲ"
"အမှိုက်ကောင်"
ဝူယုက ခွက်ထိုးခွက်လန် ရယ်မောနေရာ ဝူကျန်းရန်ကလည်း ထောက်ခံလိုက်သည်။ တပည့်အသစ်တစ်ယောက်က တစ်ရက်အတွင်း နဂါးနွေဦးအခြေတည်အဆင့်ရောက်ရန် မဖြစ်နိုင်သဖြင့် လှောင်ရယ်စရာဖြစ်နေ၏။
"ငါက ဓားသခင်ရဲ့အမိန့်ကို ပြောရုံသက်သက်ပဲ။ မင်းတို့ကြိုက်သလို ရွေးချယ်ကြ။ ဂိုဏ်းရဲ့စည်းကမ်းတွေကို ဘိုးဘေးတွေ ချမှတ်ခဲ့တာဖြစ်ပြီး မလိုက်နာရင် ချက်ချင်းပယ်ဖျက်ပစ်မယ်"
ဝူဝူက စိတ်မရှည်ဟန်ဖြင့် ရန်လိုစွာ ပြောလိုက်သည်။
"မင်းနားကန်းနေလား။ ဓားအိမ်တော်မှာ တပည့်ခေါင်းဆောင်အသစ်တစ်ယောက် ရှိလာပြီ"
အဘိုးချင်က ဒေါသတကြီး ဖြတ်ပြောလိုက်၏။
"ကောင်းပြီ။ ဓားရှစ်လက်ပွဲတော်ကျင်းပရေးရဲ့ ဒုခေါင်းဆောင်တစ်ယောက်အနေနဲ့ ဓားအိမ်တော် တပည့်ခေါင်းဆောင်ရဲ့ အရည်အချင်းကို စစ်ဆေးမယ်။ ငါ့သား ဝူကျန်းရန်က နဂါးနွေဦးအခြေတည်အဆင့်မှာပဲ"
"မင်းပြောချင်တာက ငါက ဒီအာချောင်ကောင်ကို အနိုင်ယူနိုင်ရင် ဓားရှစ်လက်ပွဲတော်မှာ ဝင်ခွင့်ရမှာလား"
ယွမ်ရှောင်က လေးနက်စွာ မေးခွန်းထုတ်လိုက်သည်။ ကြယ်အဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားသော ဝူကျန်းရန်ကို အနိုင်ယူရန် ယွမ်ရှောင်က မဖြစ်နိုင်ဟု ဝူဝူမှာ တွေးထားခဲ့သည်။ သူက ခပ်တည်တည်ရှိနေသော်လည်း ဝူကျန်းရန်နှင့် အခြားလူများမှာ ထီမထင်ဟန်ဖြင့် ရပ်နေကြသည်။
"အဖေ အကြီးအကဲဝူပြောသလိုဆိုရင် ဒီကောင်က အားနည်းတယ်။ သူက ဒီလောက်တိုက်ခိုက်ချင်နေမှတော့ ကျုပ်ကို ခွင့်ပြုပေးပါ"
ဝူကျန်းရန်က နှာခေါင်းရှုံ့လိုက်သည်။ ဝူဝူက ဝူယုထံ တစ်ချက်ကြည့်၍ ယွမ်ရှောင်၏ ခွန်အားအကြောင်း အတည်ပြုချင်ခဲ့သည်။
"ဒီကောင်က အများဆုံးမှ နဂါးနွေဦးနောက်ပိုင်းအဆင့်ပါပဲ။ သခင်လေးဝူရဲ့ တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်ရင်တောင် ကျုပ်ခေါင်းကို ဖြတ်ပေးမယ်"
ဝူယုက ရဲရဲကြီး အာမခံလိုက်သဖြင့် ဝူဝူသည် ယွမ်ရှောင်ဘက်လှည့်ကာ ပြောလိုက်သည်။
"မင်းက ငါ့သားကို အနိုင်ယူစရာမလိုဘူး။ သူ့တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်ရင်တောင် ဓားရှစ်လက်ပွဲတော်မှာ ဝင်ခွင့်ပေးမယ်"
"ကောင်းပြီ"
ယွမ်ရှောင်က ခေါင်းတစ်ချက်ညိတ်၍ ဝူကျန်းရန်ဘက်လှည့်ကာ တိုက်ပွဲအတွက် စောင့်ဆိုင်းလိုက်သည်။
"မောင်လေးယွမ်"
"ညီလေးယွမ်ကို ယုံကြည်ပေးလိုက်ပါ"
ချင်တုန်က အစိုးရိမ်ကြီးနေသောအခါ ချိုက်မြောင်က အခွင့်အရေးကို လက်လွှတ်မခံဘဲ လက်ကလေးအားဆုပ်ကိုင်ကာ အားပေးလိုက်သည်။ ယွမ်ရှောင်အနိုင်ရလျှင် ညတိုင်း အရသာရှိသော ကြက်ကင်တစ်ကောင် ကျွေးမည်ဟူ၍လည်း တွေးနေခဲ့၏။
"ဂိုဏ်းတူအစ်ကိုဝူ စကြတော့မလား"
ယွမ်ရှောင်၏ စကားသံက ဓားတစ်လက်ပမာ ထက်ရှနေသည်။
"မင်းက ငါ့ကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်ဖို့မထိုက်..."
ဝူကျန်းရန်၏ စကားမဆုံးခင်မှာပင် တစ်ဘက်လူသည် ရထားတစ်စီးပမာ ပြေးဝင်လာ၍ အပြာရောင်ဓားတစ်လက်နှင့် ခပ်ကြမ်းကြမ်း ခုတ်ပိုင်းလိုက်သောကြောင့် မုန်တိုင်းအလား ပြင်းထန်နေ၏။ ဝူကျန်းရန်က မျက်မှောင်ကြုတ်၍ သူ၏သွေးနီရောင် ဓားဝိညာဥ်ကို ဆင့်ခေါ်ကာ ကိုယ့်ကိုကိုယ်ကာကွယ်ရန်အတွက် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။
"ထန်"
မျက်တောင်တစ်ခတ်အတွင်း၌ပင် ဓားနှစ်လက်က ပြင်းထန်စွာ တွေ့ဆုံသွားပြီး ဝူကျန်းရန်၏မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သူ၏ဓားက အက်ကြောင်းထင်လာပြီး ဝိညာဥ်ထိခိုက်သွားသောကြောင့် ဒဏ်ရာရသွားခဲ့၏။
"ဓားအော်ရာကိုးခု"
သူက မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်ပြီး တစ်ဖက်လူ၏ဓားနှင့်ယှဥ်လျှင် သူ၏ဓားမှာ သစ်သားဓားတစ်လက်ပမာ အားနည်းနေသည်။ ထို့နောက် ဟားတိုက်ရယ်မောခဲ့သော သူ၏ပါးစပ်မှာ ယွမ်ရှောင်လက်ချက်ဖြင့် ဓားစာမိသွားကာ ပြဲထွက်သွားသည်။ သွားများနှင့်အတူ လျှာပြတ်ကြီးတစ်ခု ထွက်ကျလာစဥ် ခြေကန်ချက်တစ်ခုသည် ပေါင်ကြားအတွင်း ဝင်ရောက်လာသဖြင့် အဓိကနေရာက ပုံပျက်သွားပြီး မျက်နှာတစ်ခုလုံး ခရမ်းရောင်သန်းသွားလေသည်။
"ဝေါ့"
ဝူကျန်းရန်သည် သွေးမည်းများ အန်ထွက်၍ လွင့်ထွက်သွားကာ သစ်ပင်တစ်ပင်နှင့် ဝင်ဆောင့်ခဲ့သည်။
"ဝူကျန်းရန် မင်းလိုအမှိုက်က ငါ့ကိုများ ယှဥ်ချင်သေးတာလား"
ယွမ်ရှောင်သည် တစ်ချက်ပြုံးလိုက်ပြီး အရှက်ခွဲလိုက်သောအခါ မျက်လုံးများပြူးထွက်နေသည့် ဝူကျန်းရန်မှာ အသံပင်မထွက်နိုင်လောက်အောင် နာကျင်နေသည်။ တစ်ဖက်လူက သူ၏မောက်မာသော ပါးစပ်ကို အပြစ်ပေးလိုက် သောကြောင့် အဓိပ္ပါယ်မရှိသောစကားများ ပြောနိုင်စရာ မရှိတော့ပေ။
"မျှမျှတတတိုက်ခိုက်ပြီး အနိုင်ယူတယ်။ ဘယ်သူ ကန့်ကွက်ချင်သေးလဲ"
"ဘာကန့်ကွက်စရာရှိရမှာလဲ။ ငါတို့နိုင်ပြီကွ ဟား ဟား"
ဓားအိမ်တော်၏အဖွဲ့ဝင်များမှာ မင်သက်နေရာမှ သတိပြန်ဝင်လာကြပြီး ပျော်ရွှင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။ သုံးနှစ်တိုင်တိုင် အရှက်ခွဲခံရသော တစ်ယောက်ချင်းစီ၏ မျက်နှာထက်တွင် ပြုံးပန်းဝေနေကြ၏။
"ဝူကျန်းရန် အသုံးမကျတဲ့အမှိုက်ကောင် ငါ့အစ်ကိုကို စော်ကားချင်သေးလား"
ချိုက်မြောင်သည် အနားရှိချင်တုန်ကို ဆွဲဖက်ကာ တစ်ချက်ပင်မတွေးဘဲ နမ်းလိုက်မိသည်။ ယနေ့တွင် ဓားအိမ်တော်၏ အမှောင်ရိပ်ကြီး လွင့်စင်သွားကာ ဝူဝူ၏မျက်နှာထက်တွင် သွေးကြောများ ဖောင်းကားနေပြီး မျက်လုံးများ နီရဲနေသည်။ ပတ်ဝန်းကျင်သည် အချိန်မရွေး မုန်တိုင်းကျလာနိုင်သော ပင်လယ်ပြင်ပမာ တင်းမာခက်ထန်လာ၏။
"မဟုတ်ဘူး။ ယွမ်ရှောင် စမ်းသပ်ပွဲကို အလွဲသုံးစားလုပ်ပြီး ဝူကျန်းရန်ကို ရက်ရက်စက်စက် လုပ်ရဲတယ်ပေါ့။ ဒါက ပြစ်မှုကြီးပဲ"
ဝူယုသည် သူ၏အားပေးအားမြှောက်မှုကြောင့် အခြေအနေ ဤမျှဆိုးရွားသွားမည်ဟု လုံးဝထင်မထားပေ။ ထိုအချိန်၌ အနက်ရောင် အလင်းတစ်ချက်က မည်သည့်နေရာမှမသိ၊ ထွက်ပေါ်လာကာ သေမင်းပမာ တိုးဝင်လာ၏။
"အား"
ဝူယုက ကြောက်လန့်တကြား ထွက်ပြေးလိုက်သော်လည်း အနက်ရောင်ဓားက ထပ်ကြပ်မကွာ လိုက်ပါလာ၍ ဦးခေါင်းအား လည်ပင်းမှ ဖြုတ်ယူကာ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
"ဒုတ်"
ထို့နောက် ဓားသည် ဝူယု၏ခေါင်းကို ထိုးစိုက်လျက်သား လွင့်ပျံသွားကာ တံတွေးထွေးခဲ့သော နေရာအတိအကျသို့ စိုက်ဝင်သွားသည်။ အနက်ရောင်သွေးစက်များက မဟာခန်းမကြီး၏ နဖူးစည်းမှ ရေတံခွန်ပမာ တစက်စက် စီးကျလာ၏။
"အာ ခါးမတ်မတ်ရပ်ကြဟေ့။ အစ်မကျောက် လာနေပြီ"
ချိုက်မြောင်သည် ချက်ချင်းခါးမတ်၍ ယွမ်ရှောင်ဘက်လှည့်ကာ အသိပေးလိုက်လေသည်။