ကြာပန်းဓားသမား လီချန်းကော
Vol. 1-5 Ch. 18
အခန်း (၁၈) : ကြာပန်းဓားသမား လီချန်းကော
ရှန်ထျန်း၏ ချီးကျူးမှုကို ကြားသောအခါ လူအုပ်ကြီးက သူဌေးလျိုကို စတင် ချီးကျုးကြလေတော့သည်။
“ဟုတ်သားပဲ… ငါတို့တွေ သူဌေးလျိူနဲ့ မြင့်မြတ်သောဝိညာဉ်ပြခန်းကို စွပ်စွဲမိခဲ့တာပဲ”
“သူက မြင့်မြတ်သော ဝိညာဉ်ပြခန်းရဲ့ ပိုင်ရှင် ဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ သူက ဒီသတ္တုရိုင်းတုံးရဲ့ အတွင်းအလှတရားကို မြင်နိုင်နေတာကိုး… လေးစားမိပါတယ်ဗျာ”
“ဒီဆိုင်ကို ပြန်မလာဘူးဆိုတဲ့ ကျုပ်စကားတွေကို ပြန်ရုတ်သိမ်းတယ်ဗျို့… သူဌေးလျိုကိုလည်း ကျုပ် တောင်းပန်ပါတယ်ဗျာ… ခင်ဗျားက အသိတရားရှိတဲ့ စီးပွားရေးသမားပဲဗျ”
“အထဲက ပစ္စည်းတန်ဖိုးကို သိနေတာတောင် ကံစပ်တဲ့သူ ဝယ်ဖို့အတွက် ဆိုင်မှာ ထားထားပေးတာ… ခင်ဗျားက သဘောကောင်းလိုက်တာဗျာ”
“သူဌေးလျိူက ရိုးသားတဲ့ စီးပွားရေးသမားမလို့ နောက်တစ်ခါကျ ကျုပ်လည်း သတ္တုရိုင်းတုံးဝယ်ရင် မြင့်မြတ်သော ဝိညာဉ်ပြခန်းမှာပဲ ဝယ်တော့မယ်”
“အားလုံးသာ သူဌေးလျိုလို ကြင်နာရိုးသားကြရင် ကမ္ဘာကြီးက ပိုကောင်းလာတော့မှာ…”
……………
အားလုံးက သူ့အား ချီးကျုးနေကြစဉ် သူဌေးလျိူ၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ယိုနေလေ၏။ သို့သော်လည်း သူ့ခမျာ အားတင်းကာ အတင်း ပြုံးနေရလေသည်။
“ဒါက ကျုပ်တာဝန်ပါပဲ။ ထောက်ခံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ…
မြင့်မြတ်သော ဝိညာဉ်ပြခန်းက ခင်ဗျားတို့ ထောက်ခံမှုကို ပြန်ပေးဆပ်ဖို့ ပစ္စည်းကောင်းလေးတွေ ပိုတင်ပေးပါ့မယ်။ အခုလည်း ရတနာက သင့်တော်မှန်ကန်တဲ့ ပိုင်ရှင်ကို တွေ့သွားပြီဆိုတော့ ကျုပ်… ကျုပ် အရမ်းကို ရင်ထဲ ထိ… ရင်ထဲ ထိမိပါတယ်ဗျာ… မျက်ရည်ဝဲလာလို့ ကျုပ်ကို ခဏလောက် ခွင့်ပြုပါဦး…”
………………
အဆုံးသတ်၌ သူဌေးလျိူ၏ တကယ့်မျက်ရည်စက်များ တစ်စက်ပြီး တစ်စက် ရွာသွန်းသွားရှာတော့သည်။
အားလုံးက သူ့အား လေးစားသွားကြ၏။
ကြည့်ပါဦး… ဒါကမှ စီးပွားရေးသမားတစ်ယောက်ပဲ…
သူ့ရိုးသားမှုနဲ့ ရက်ရောမှုက အားလုံး သင်ယူဖို့ လိုအပ်နေတဲ့ အရာပဲလေ…
……………
လီလျန်အာက ကျောက်ရုပ်အလား ရှန်ထျန်းအား စိုက်ကြည့်နေလေ၏။
စည်းကမ်းကိုင်က တံတောင်ဖြင့် တွတ်လိုက်သည့်အခါမှ သူမ အသိပြန်ကပ်လာသည်။
လီလျန်အာက သက်တန့်ရောင် ထွက်နေသည့် ဘူးသီးစေ့ကို ကိုင်ထားလျက် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ပြောလိုက်သည် “ကျွန်မ ဒီအစေ့ကို မယူနိုင်ပါဘူး… ကျွန်မရဲ့ ကိုကိုရှန်က ဒီသတ္တုရိုင်းတုံးကို ရွေးပေးထားတာလေ။ ဒါကို ကျွန်မက ကျွန်မအတွက်ပဲ ဒီကံကောင်းမှုအခွင့်အရေးကို ဘယ်လိုလုပ် သိမ်းထားနိုင်ပါ့မလဲလို့”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည် “ကျွန်တော်တို့သာ ကံပါရင် ပိုက်ဆံတစ်ပြားမှ မယူပါဘူးလို့ ပြောပြီးသားလေ။ မင်း ယူလိုက်ပါဗျာ”
“ဒါပေမဲ့ ဒီက အဖိုးမဖြတ်နိုင်တဲ့ ရတနာလေ… လျန်အာအတွက် အရမ်း အဖိုးကြီးလွန်းနေတယ်ရှင့်”
ရှန်ထျန်းက ထိုအစေ့အား အရမ်းကို လိုချင်နေသော်လည်း သူ့အမည်းရောင် ရောင်ဝါစက်ဝန်းကိုလည်း ပျောက်ကွယ်သွားစေချင်နေသည်။
ကျင့်စဉ်လိုမျိုး မဟုတ်သည့်အတွက် မျှဝေသုံးလို့လည်း မရနိုင်ပြန်ပေ။
အစေ့ကို နှစ်ပိုင်း ခြမ်းပစ်လိုက်ရမလား… မဖြစ်နိုင်ဘူးပဲ…
ပျက်စီးသွားရင် အစေ့က ဘယ်လိုလုပ် တန်ဖိုး ရှိတော့မှာလဲ…
……………
ရှန်ထျန်းခမျာ အစေ့ကို လီလျန်အာဆီ ပေးလိုက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ မဟုတ်လျှင် သူ အမြဲတမ်း ကံဆိုးနေပေလိမ့်မည်။
သည်လိုတော့ လုံးဝ အဖြစ်မခံနိုင်ဘူး…
ရှန်ထျန်းက မြန်မြန် ပြောလိုက်သည်။
“အဲ့လိုတော့လည်း မဟုတ်သေးပါဘူး နတ်မိမယ်လျန်အာရဲ့… ဒီအစေ့က တန်ဖိုးကြီးရတနာ ဖြစ်နေတယ် ဆိုပေမဲ့ ကျွန်တော်တို့ကြားက ကံကြမ္မာရေစက်က ပိုပြီး အရေးပါပါတယ်။ အားလုံးက ကျွန်တော့်ကို မေးခွန်းထုတ်နေကြတဲ့အချိန် မင်းတစ်ယောက်တည်းက ယုံကြည်ပေးခဲ့တာလေ…
အရာအားလုံးက အကျိုးအကြောင်း ဆက်စပ်နေတာပါ… မဟုတ်မှ… မင်းက ကျွန်တော်တို့ရဲ့ ကံကြမ္မာရေစက်က ဒီအစေ့နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူးလို့ ထင်နေတာလား” ရှန်ထျန်းက နွေးထွေးပျူဌာစွာ ပြုံးရင်း မေးလိုက်သည်။
မိန်းကလေးအားလုံးက သူ့ရုပ်ရည်နှင့် စကားများကြောင့် ကြွေဆင်းကုန်ကြသည်။ ထို့ကြောင့် မြင့်မြတ်သော ဝိညာဉ်ပြခန်း၌ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာပြန်လေသည်။
“အိုး… အပြောလေးက ချိုလိုက်တာ ရှင်ရယ်”
“ကြည့်ပါ့လား… သူက လူလိမ် မဟုတ်ဘူးဆိုတာ အသိသာကြီး”
“ဟုတ်တယ်မလား နော့… သူ့ကို ကိုကိုနတ်သားလေးလို့တောင် ခေါ်သင့်တာ”
“နတ်မိမယ်လျန်အာကို အရမ်းအားကျနေပါပြီနော်… သူမက ဝိညာဉ်ကျောက်တုံး ငါးသောင်းတည်းနဲ့ ကိုကိုနတ်သားလေးနဲ့ ကံပါသွားပြီ။ တို့လည်း လိုချင်တယ်လို့”
“ကိုကိုနတ်သားလေး … တို့နှစ်ယောက်ကြားမှာ ကံပါလား ကြည့်ပေးပါ့လားဟင်… တို့လေ တတိယလူ ဖြစ်ရရင်လည်း စိတ်ထဲ မထားပါဘူးနော်”
“တို့ရောပဲ တို့ရောပဲ… တို့က ရှင်လေးနဲ့ တစ်ညတာလောက် အတူတူ ကုန်ဆုံးချင်ရုံလေးပါ”
………….…
လီလျန်အာက ထိုစကားများကို နားထောင်ရင်း ရှက်သွေးဖြာလာမိသည်။
ဒါဆို… ဒီအစေ့က ကိုကိုရှန်နဲ့ ငါ့ကြားက ကံတရားရဲ့ သက်သေလား…
ဒါမှမဟုတ် ချစ်သက်သေ များလား…
လီလျန်အာ၏ စိတ်ကူးယဉ်မှုကား ထိန်းမရတော့ပေ။
သူမက လက်ထဲမှ အစေ့ကို သေချာကိုင်ထားရင်း “အစ်ကိုရှန်… ကျွန်မ ဒီအစေ့ကို အကောင်းဆုံး သေချာပြုစုပြီးတော့ စောင့်ရှောက်ပါ့မယ်”
လီလျန်အာက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်လိုက်လေပြီ။
ကိုကိုရှန်နှင့် ထပ်မံတွေ့ဆုံခဲ့လျှင် သူက သူမအတွက် ဂုဏ်ယူနိုင်အောင်အလို့ငှာ လီလျန်အာလေးက အစေ့ ပေါက်လာဖို့ သေချာအောင် လုပ်မည် ဖြစ်သည်။
သူမက ကိုကိုရှန်ကို စိတ်ပျက်သွားအောင် မလုပ်ချင်ပေ။
……………..…
ရုတ်ချည်းဆိုသလို မြင့်မြတ်သော ဝိညာဉ်ပြခန်းမှ ကြက်သီးမွေး ထချင်စရာ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီအစေ့ကို ဘယ်သူမှ မလိုချင်မှတော့ ငါ ယူမယ်ဟေ့”
မြင့်မြတ်သော ဝိညာဉ်ပြခန်းတစ်ခုလုံးကို မီးခိုးမည်းများ လွှမ်းခြုံသွားလေ၏။ ထို့နောက် ပုံရိပ်တစ်ခု ပေါ်လာကာ လီလျန်အာဆီ အပြေးအလွှား ဝင်လာပြီး အစေ့ကို လုယူဖို့ ကြိုးစားလိုက်သည်။
“မင်းက ဘယ်သူလဲ။ ငါ့ ဆိုင်ထဲမှာ လာရှုပ်ရဲတယ်ပေါ့”
နောက်ထပ် အမျိုးသားတစ်ယောက် ထပ်ပေါ်လာကာ ကဖျက်ကယက်လုပ်သူအား ခုန်အုပ်လိုက်၏။
ဝုန်း…
မီးခိုးများအတွင်း တိုက်ပွဲတစ်ခု ဖြစ်ပွားသွားသည်။ သို့သော်လည်း သိပ်မကြာခင်မှာပဲ မီးခိုးကြားမှ အမျိုးသားတစ်ယောက် လွှင့်ထွက်လာကာ မြေကြီးပေါ် လဲကျသွားပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလေသည်။
လွှင့်စင်လာသူမှာ မြင့်မြတ်သော ဝိညာဉ်ပြခန်း၏ အစောင့်အရှောက် ဖြစ်နေ၏။
“ဝိုး… ဒီဆိုင်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံရေးသမားတစ်ယောက် ရှိနေတာကိုး… ဘယ်ဆိုးလို့လဲ… ဒါပေမဲ့ ငါက အကြီးအကဲလေ… မင်း ငါ့ကို မယှဉ်နိုင်ပါဘူး”
မီးခိုးကြားက အမျိုးသားက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီး လီလျန်အာအပေါ် ထပ်မံ အာရုံစိုက်လိုက်သည်။
ဤအဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲ၌ ပညာရှင်များစွာ ရှိနေသည့်အပြင် လီလျန်အာကလည်း အင်အားကြီးသူ၏ သမီး ဖြစ်နေသည်။ ထို့ကြောင့် သူက ထွက်ပြေးဖို့ရာ ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ ဤကိစ္စက အလွန်အန္တရာယ်များသော်လည်း ထိုက်တန်ပေ၏။
သူသာ အစေ့ကို လုယူနိုင်ပြီး ချိုင့်ဝှမ်း သို့မဟုတ် တော်ဝင်နယ်မြေ တစ်ခုခုဆီ ရောင်းချနိုင်ပါက သူတော့ ချမ်းသာသွားတော့မည် ဖြစ်သည်။
ငါးမီတာသာ လိုတော့သည်။
အစေ့က သူ့လက်ထဲ မရောက်သေးသော်လည်း ထုတ်လွှင့်နေသည့် စွမ်းအားကို ခံစားလို့ရနေပြီ။
“ဝိညာဉ်သစ်ပင် စာရင်းမှာ အဆင့်(၃၆) ချိတ်တဲ့ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့… တကယ်ပဲ အားကောင်းပါပေတယ်။ ငါတော့ ကျန်တစ်ဘဝလုံး ချမ်းချမ်းသာသာ နေရပြီဟေ့” သူက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
ထိုစဉ် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည် “အို… တကယ်လား”
ထို့နောက် ထိုလူက မြင့်မြတ်သော ဝိညာဉ်ပြခန်းထဲ၌ စတင် ဂါထာရွတ်လိုက်လေ၏။
“သွန်းဖြိုးလိုက်စမ်း မြင့်မြတ်ရေစင်တွေ… ငါ့ကြာပန်းဓား ထွက်ပေါ်လာစေ”
ဓားအငွေ့အသက်များစွာ ထွက်ပေါ်လာကာ ကြာပန်းသဏ္ဍာန်တစ်ခု ဖြစ်တည်လာသည်။ ထို့နောက် ကြာပန်းနှစ်ပွင့်အဖြစ် ကွဲထွက်သွားကာ ထပ်ကာ ထပ်ကာ ပွားသွားသည်။ အခန်းတစ်ခုလုံးကား အချိန်တိုအတွင်း ကြာပန်းများနှင့် ပြည့်နှက်သွားလေ၏။
ကြာပန်းများ များလွန်းသောကြောင့် နေရောင်ပင် မထိုးဖောက်နိုင်တော့ပေ။
“ထိုက်ပိုင်ချိုင့်ဝှမ်းအတွက်ပဲ သီးသန့်လုပ်ထားတဲ့ ထိပ်တန်းသေရည်… သေရည်ကောင်းလေးပဲ”
ရွတ်ဆိုသံများ ပြီးဆုံးသွားသည့်နောက်တွင် စုစည်းသိပ်သည်းနေသည့် ဓားအငွေ့အသက်က မြှားတစ်စင်းအလား ပြေးထွက်သွားသည်။
မီးခိုးမည်းများ ချက်ချင်း ပျောက်ကွယ်သွားပြီး နေရောင်ခြည်က ဆိုင်တစ်ခုလုံးအနှံ့ တစ်ဖန် ပြန်လည် ဖြာကျလာပြီလေ…
တစ်ချိန်တည်းဆိုသလို အသံစူးစူးတစ်ခု ပဲ့တင်ထွက်လာသည် “အား”
ထို့နောက် ဝတ်ရုံဖြူ အမျိုးသားတစ်ယောက်က ဆိုင်အလယ်၌ ပေါ်လာလေသည်။ သူက ဆံပင်အရှည်ရှိပြီး လက်ထဲတွင်လည်း ဘူးသီးခြောက် သေရည်အိုးကို ကိုင်ထားကာ သူ့တစ်ကိုယ်လုံးမှ အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။
သူက သေရည်တစ်ငုံ သောက်ပြီးနောက် ကျေနပ်သွားဟန် ပေါ်သည်။ သို့သော် သူ့ဓားက သူ့အား ခက်ထန်စေဟန် ပေါ်နေသေးသည်။ သို့ပေသည့်တိုင် သူ့ရုပ်ရည်ကား ချောမောလွန်းလှ၏။
အကယ်၍ နတ်ဓားသခင်ဆိုတာ ရှိခဲ့မည်ဆိုပါက သူသာ ဖြစ်နိုင်ပေသည်။
သူ့ခြေထောက်အောက်၌ အနက်ဝတ်နှင့် လူအိုကြီးတစ်ယောက် ရှိနေသည်။ ထိုသူ့စွမ်းအင်ဗဟိုချက်က ထိုးဖောက်ခံထားရသောကြောင့် နောက်ထပ် မတိုက်နိုင်တော့ပေ။
………….…
“သူပဲ… ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ ပါရမီရှင် ကြာပန်းဓားသမား လီချန်းကောပဲ”
“ရှုံးသွားတဲ့ လူက မိစ္ဆာကျင့်ကြံသူနဲ့ တူတယ်။ သူ့နာမည်က နယ်ကာ… သူကလည်း အားကောင်းတဲ့ ရွှေအမြုတေ ကျင့်ကြံသူပဲ”
“သူက ဓားအငွေ့အသက်ကို ကြာပန်းအဖြစ် ဖွဲ့စည်းနိုင်တာပဲ… ကြည့်ရတာ ကြာပန်းဓားကျမ်းမှာ တစ်ဖက်ကမ်း ကျွမ်းကျင်တတ်မြောက်သွားပြီ ထင်တယ်”
“သူက နယ်ကာကို ဒီလောက်ငယ်ငယ်လေးနဲ့ အနိုင်ရခဲ့တာပေါ့။ အရမ်းအားကောင်းလိုက်တာ”
“သူက ရုပ်ရည်ကြည့်ကောင်းပေမဲ့ ကျွန်မရဲ့ ကိုကိုနတ်သားလေးနဲ့တော့ ယှဉ်လို့ မရပေါင်”
“တို့လည်း ကိုကိုနတ်သားလေးကိုပဲ ကြိုက်တယ်။ သေရည်သောက်တတ်တဲ့သူတွေကို မကြိုက်ပါဘူး”
“ဟုတ်တာပေါ့… သူတို့ မူးလာတဲ့အခါ ဘာတွေလုပ်မယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ သောင်းကြမ်းရင် သောင်းကြမ်းနေဦးမှာ… ကိုကိုနတ်သားလေးက ပိုကောင်းတဲ့ ရွေးချယ်မှုပဲ”
“တို့ရောပဲ… အဟိ ကိုကိုနတ်သားလေးက ပိုပြီးတော့ ချောတယ်လေ”
“ကျွန်မရောပဲ”
…………………
လူအုပ်ကြီး၏ မှတ်ချက်များက လီချန်းကောအား ကြောင်အမ်းသွားစေသည်။ ဤသည်မှာ သူ အာရုံစိုက်မခံရသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
ဒါဆိုရင် ငါ ဒီလိုပုံစံနဲ့ ဟိတ်ဟန်ထုတ်ပြီး ထွက်ပေါ်လာလို့ ဘာအကျိုးရှိမှာတုန်း…
ပို၍ ဆိုးရွားစေသည်က သူ့ချစ်ညီမလေး လီလျန်အာသည် သူ့အား နှုတ်မဆက်ဘဲ တခြားအမျိုးသားကို စိုက်ကြည့်နေခြင်း ဖြစ်၏။
လီချန်းကောတစ်ယောက် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားမိသည်။