← Chapters

ဂိုဏ်းချုပ်

Vol. 2 Ch. 18

ဂိုဏ်းချုပ်

Vol. 2 Ch. 18

ဓားအိမ်တော်၏ လေထုက တင်းမာလာပြီး သားဖြစ်သူ မသန်မစွမ်းဖြစ်သွားကာ အကြီးအကဲတစ်ယောက် အသတ်ခံလိုက်ရသောကြောင့် ဘယ်ပြန်ညာပြန် ပါးရိုက်ခံလိုက်ရသည်နှင့် မခြားသော ဝူဝူ၏ဒေါသက ပင်လယ်ပမာ လှိုင်းထန်နေသည်။ သူ၏ရှေ့မှောက်တွင် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံနှင့် ကျောက်ရန်ရန်က အေးစက်စက်ရှိနေပြီး ဓားသွားပေါ်မှ သွေးစက်များကို အနက်ရောင်ပဝါတစ်ထည်ဖြင့် သွေးအေးစွာ သုတ်နေခဲ့သည်။ သူမ၏ဆံပင်ရှည်များက ရေတံခွန်ပမာ ဖြာကျနေသော်လည်း နားကပ်နှစ်ဖက်မှာ ဓားသဏ္ဍာန် ထက်ရှနေသောကြောင့် အလှတရားနှင့် ရက်စက်မှုတို့ အားပြိုင်နေ၏။ ယွမ်ရှောင်သည် သူမကိုမြင်သောအခါ ပန်းပင်ကြီးအောက်မှ ဖြစ်ရပ်ကို ပြန်လည်အမှတ်ရသွားပြီး ရှက်စိတ်ကြောင့် မျက်နှာပူနေသည်။ သူ၏တစ်ကိုယ်လုံး တင်းမာနေပြီး မည်သည့်ပုံစံဖြစ်ပါစေ၊ သက်တောင့်သက်သာရှိမနေခဲ့ပေ။ ကံကောင်းသည်မှာ သူမက သူ့ကို တစ်ချက်သာကြည့်၍ ချိုက်မြောင်ကို စကားပြောလိုက်သည်။

"ချိုက်မြောင်"

"ဟုတ်ကဲ့ ပြောပါ အစ်မကျောက်"

"ဆိုင်းဘုတ်ပေါ်က ခွေးသွေးတွေကို သုတ်လိုက်စမ်း"

ချိုက်မြောင်က ဦးညွှတ်လိုက်သောအခါ သူမသည် အေးစက်စက် ညွှန်ကြားလိုက်သည်။

"ငါ့သားက တိုက်ခိုက်ရင်း ရှုံးနိမ့်သွားတာကို လက်ခံနိုင်တယ်။ ဒါပေမယ့် တပည့်တစ်ယောက်က ဂိုဏ်းစည်းကမ်းတွေကို ချိုးဖျက်ပြီး အကြီးအကဲတစ်ယောက်ကိုသတ်တာ လက်ခံနိုင်စရာ မရှိဘူး"

အလုံးစုံ လျစ်လျူရှုခံထားရသောကြောင့် ဝူဝူမှာ ပို၍ဒေါသထွက်လာပြီး အော်ဟစ်လိုက်ရာ ကျယ်လောင်လွန်းသဖြင့် ခန်းမအမိုးများပင် တုန်ခါသွားကာ ကျောက်တိုင်ကြီးများ ယမ်းခါကုန်သည်။ သူ၏အပေါင်းအပါများမှာလည်း တင်းမာစွာဖြင့် ကျောက်ရန်ရန်ကို စိုက်ကြည့်နေကြသည်။

"ခွေးတစ်ကောင်ကိုသတ်တာ ဘယ်တုန်းက ဂိုဏ်းပြစ်မှု ဖြစ်သွားတာလဲ"

သူမက မျက်မှောင်ကြုတ်၍ အလေးမထားဘဲ ရေရွတ်လိုက်သည်။

"မင်းကများ ပြန်ပြောရဲတယ်။ ဓားသခင်ခန်းမကို သတင်းပို့လိုက်ရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ"

"လုပ်ကြည့်လိုက်လေ။ ငါ့အဖေရဲ့ ဓားဝိညာဥ် ပြိုကွဲနေပေမယ့် နင်တို့ကို သတ်နိုင်တယ်။ နင်နဲ့ ရဲတန်းစီ ဘယ်သူ အရင်သေချင်လဲ"

"မင်း"

ဝူဝူမှာ မဟာခန်းမအတွင်း တစ်ချက်ခိုးကြည့်လိုက်ပြီး ကြောက်စိတ်ကြောင့် ဆွံ့အသွားကာ ထူးဆန်းသော အရိပ်တစ်ခုရှိနေသဖြင့် နဖူးမှ ချွေးများပင် စီးကျလာသည်။

"ကျောက်ရန်ရန် မင်းကို သေကာနီးအဘိုးကြီးက ကာကွယ်ပေးနိုင်ပေမယ့် ဓားအိမ်တော်ရဲ့ တပည့်အကုန်လုံးကိုတော့ မကာကွယ်နိုင်ပါဘူး"

ဝူဝူက အောက်တန်းကျစွာ ခြိမ်းခြောက်လိုက်သည်။

"မင်း ကောက်ကျစ်လှချည်လား"

အဘိုးချင်၏စကားသံ ထွက်ပေါ်လာသည်။

"မင်းတို့ကို ကောက်ကျစ်စရာ မလိုပါဘူး။ ဓားရှစ်လက်ပွဲတော်မှာ လူသတ်တာကို ခွင့်ပြုထားတယ်ဆိုတော့ တစ်ယောက်မှ အသက်ရှင်ရက် ထွက်မသွားစေရဘူး။ ငါတို့က အရင်နှစ်တွေမှာ သနားညှာတာခဲ့ပေမယ့် ဓားအိမ်တော်မှာ တပည့်တစ်ယောက်မှမရှိရင် အလိုလိုပြိုကွဲသွားမှာပဲ ဟား ဟား"

ဝူဝူက လှောင်ပြုံးတစ်ချက်နှင့် ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် သူက နောက်လိုက်များကို ခေါ်ဆောင်ကာ လှည့်ထွက်သွားစဥ် ကျောက်ရန်ရန်၏ စကားသံကို ကြားလိုက်ရသည်။

"ယွမ်ရှောင် ငါနဲ့အတူ လိုက်လာခဲ့"

ယွမ်ရှောင်က စိတ်လှုပ်ရှားခြင်းကို ထိန်းချုပ်၍ မေးမြန်းလိုက်သောအခါ ဆရာတင်ရန်ဖြစ်ကြောင်း သူမက အဖြေပေးလိုက်သည်။

"မင်း စိတ်လွတ်သွားပြီလား"

ဤစကားကို ကြားလိုက်ရသောအခါ ဝူဝူက ဒေါသတကြီး ပြန်လှည့်လာသည်။

"ငါ့အဖေကိုယ်စား တပည့်လက်ခံတာ နင့်စောက်ကြောင်း ဘာရှိလို့လဲ"

"အသူရာဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တပည့်လက်ခံတာ ပေါ့ပေါ့တန်တန်ကိစ္စ မဟုတ်ဘူး"

"အဖေ ဒီနေ့ယွမ်ရှောင်က ဓားအိမ်တော်ကို ကာကွယ်ပေးခဲ့တယ်။ သူ့ကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုရင် ခေါင်းလောင်းတီးပြပါ"

ကျောက်ရန်ရန်က နှာခေါင်းတစ်ချက်ရှုံ့၍ ခန်းမအတွင်းသို့လှည့်ကာ ဦးညွှတ်လိုက်သည်။ စကားအဆုံးတွင် ချီစွမ်းအင်တစ်ရပ် ထွက်ပေါ်လာကာ ခန်းမတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းကြီးကို ထိမှန်သွားသဖြင့် ဒေါင်ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။

"အခုထွက်သွားစမ်း"

သူမက ထွက်ပေါက်ကို လက်ညှိုးညွှန်ပြ၍ မောင်းထုတ်လိုက်သည်။ ဝူဝူသည် ယွမ်ရှောင်မှာ ဓားအိမ်တော်၏ ကိုးယောက်မြောက် သခင်လေးဖြစ်သော်လည်း နှစ်ရက်အတွင်း သေရမည်ဖြစ်သောကြောင့် လှောင်ပြောင်ရယ်မောရင်း ထွက်ခွာသွားသော်လည်း ဓားအိမ်တော်၏ တပည့်တိုင်းက လျစ်လျူရှုထားကြ၏။

"ငါက နင့်ကို ပင့်နေရဦးမှာလား။ လိုက်လာခဲ့"

ထို့နောက် ကျောက်ရန်ရန်သည် ယွမ်ရှောင်ကို ခေါ်ဆောင်ကာ ခန်းမအတွင်းပိုင်းသို့ ခေါ်ဆောင်သွားသည်။ အတွင်းပိုင်း၌ မိုးပြာရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်က အရှိန်အဝါကြီးမားစွာ ရှိနေခဲ့သည်။ သူ၏ခန့်ညားသော မျက်နှာ၌ မျက်လုံးများက ကြယ်တာရာပမာ တောက်ပနေပြီး သေမျိုးလောကသို့ ဆင်းသက်လာသည့် အင်မော်တယ်အစစ်အမှန်တစ်ပါးနှင့် တူညီနေသည်။ ထိုလူက နေမကောင်းဖြစ်နေဟန်ဖြင့် ထိုင်နေသော်လည်း တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့ပုံရ၏။ သူ၏မျက်လုံးများ ပွင့်နေသော်လည်း သူငယ်အိမ်များကွဲထွက်နေကာ နာကျင်မှုကြောင့် အရောင်အဆင်း ဖျော့တော့နေသည်။ သူက ဓားအိမ်တော်သခင်၊ ကျောက်ရန်ရန်၏ဖခင် ဂိုဏ်းချုပ်ဖြစ်ကာ တိမ်တိုင်းပြည်သို့ပင် ဂုဏ်သတင်းကျော်ကြားလေသည်။

"သူရဲ့ ဓားဝိညာဥ် ပြိုကွဲသွားတာလား"

ဓားဝိညာဥ် ပြိုကွဲသွားလျှင် ဝိညာဥ်လည်း ပျက်စီးသွားသောကြောင့် ကျင့်ကြံရေးလမ်းကြောင်း၌ ရပ်တန့်သွားပေလိမ့်မည်။ ဤအရာက အသက်ရှင်လျက် သေဆုံးနေသော အဖြစ်မျိုးနှင့်မခြားရာ သနားစရာကောင်းလွန်းနေ၏။

"ဓားသမားတစ်ယောက်က ဒူးထောက်စရာ မလိုဘူး။ ဆရာအဖြစ် အသိအမှတ်ပြုဖို့ ဦးညွှတ်ရင် လုံလောက်ပြီ။ ပြန်ကြတော့"

"ဟုတ်ကဲ့"

ယွမ်ရှောင်က အတွေးနက်နေစဥ် စကားသံတစ်ခု ကြားလိုက်ရသောကြောင့် ဦးညွှတ်ကာ သစ္စာဆိုလိုက်သည်။

"ကျုပ်ယွမ်ရှောင်က ဓားအိမ်တော်အတွက် အစွမ်းကုန် ကြိုးစားပါမယ်"

ဂိုဏ်းချုပ်က တိတ်ဆိတ်နေသော်လည်း ဆံပင်များ လှုပ်ခတ်သွားသောကြောင့် အသိအမှတ်ပြုလိုက်ပုံရသည်။

"နင်က ဘာကြောင့် သစ္စာဆိုရတာလဲ"

ကျောက်ရန်ရန်က မေးခွန်းထုတ်လိုက်သောကြောင့် တိတ်ဆိတ်နေသော ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ငါက ဆယ့်ခြောက်နှစ်လုံး အင်မော်တယ်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆရာမရှိခဲ့ဘူး။ ဒီနေ့ ငါ့အတွက် အိမ်ကို ရှာတွေ့ပြီ"

ယွမ်ရှောင်က ရိုးရိုးသားသားနှင့် လေးနက်စွာ ပြောလိုက်ပြီး သူ၏သစ္စာစကားမှာ လေးနက်ကြောင်း ဖော်ပြနေသည်။

"ဓားရှစ်လက်ပွဲတော်မှာ နင်အပါအဝင် ဓားအိမ်တော်ရဲ့တပည့်ရှစ်ယောက် ပါဝင်မယ်။ ကျန်တဲ့ဓားတောင်တွေက တစ်ရာကျော်စီလောက် စေလွှတ်မှာဖြစ်ပြီး နတ်ပင်လယ်အဆင့်တွေ ဖြစ်ကြလိမ့်မယ်။ မင်းက ဝူကျန်းရန်နဲ့ ကျန်းရယ်ကို စော်ကားခဲ့တယ်ဆိုတော့ ဂိုဏ်းချုပ်ရဲ့တပည့်ဆိုတဲ့ အဆင့်အတန်းရှိရင်တောင် ခက်ခဲလိမ့်မယ်"

သူမက အေးစက်စက် သတိပေးလိုက်သည်။

"ငါသေရမယ်ဆိုရင် အလောင်းလာကောက်ဖို့တော့ အစ်မကျောက်ကို ဒုက္ခပေးရတော့မှာပဲ"

ယွမ်ရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"နောင်တမရဘူးလား"

"ယောကျ်ားကောင်းတစ်ယောက်က စကားကို မပြင်တတ်ဘူး"

ကျောက်ရန်ရန်က အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီးနောက် ခန်းမအပြင်ထွက်သွားကာ သစ်တောအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"မင်းတို့က ဟိုကိစ္စ ထပ်မလုပ်ဘူးလား"

"ပါးစပ်ပိတ်ထားကွာ"

ရင်ဘတ်အတွင်းမှ ကြယ်ပြာက ခေါင်းပြူထွက်လာသဖြင့် ယွမ်ရှောင်မှာ ပျာပျာသလဲ ဖိချလိုက်ရသည်။

"ညီလေးယွမ် ဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ချိုက်မြောင် ဒီညအတွက် စားသောက်ပွဲ ပြင်ဆင်လိုက်"

"ကောင်းပြီ။ ဒီည ငါ့ခြံဝန်းမှာ မင်းတို့ကို ဧည့်ခံမယ်"

ဤသို့ဖြင့် ဓားအိမ်တော်၏တပည့်များသည် ယွမ်ရှောင်ကို ဂုဏ်ပြုကာ ပျော်ရွှင်စွာ ရယ်မောနေခဲ့ကြသည်။ ညအချိန်ရောက်သောအခါ ချိုက်မြောင်၏ခြံဝန်းအတွင်း ဖယောင်းတိုင်အလင်းများနှင့် စားသောက်ဖွယ်ရာများ ရှေ့မှောက်တွင် လူငယ်ရှစ်ယောက် စုဝေးခဲ့ကြ၏။

"ငါတို့ အစ်မကျောက်ကို ဖိတ်သင့်လား"

"ဘယ်လိုထင်လဲ"

"ဒီကိစ္စမှာ ငါ ဝင်မပြောချင်ဘူး"

ချိုက်မြောင်က သူ၏အမြင်ကို မေးလာသောကြောင့် ယွမ်ရှောင်က ရှောင်ထွက်လိုက်သည်။

"အစ်မကျောက်က တပည့်ခေါင်းဆောင်ဖြစ်ခဲ့တယ်။ သူမက မောင်လေးယွမ်ကို အကြံပေးနိုင်လိမ့်မယ်"

ချင်တုန်က အကြံပေးလိုက်သောကြောင့် ကျောက်ကျီက ဖိတ်ခေါ်ရန် ထွက်ခွာသွားသော်လည်း အချိန်ခဏအတွင်း တစ်ယောက်တည်း ပြန်ရောက်လာခဲ့သည်။

"အစ်မကျောက်က ငြင်းလိုက်တယ်"

"လွန်ခဲ့တဲ့သုံးနှစ်က ပြဿနာကြောင့် အစ်မကျောက်ဟာ ဒီလိုအရာတွေကို လျစ်လျူရှုထားခဲ့တယ်"

ချင်တုန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ငါက ဓားရှစ်လက်ပွဲတော်မှာ နှစ်ကြိမ်ဝင်ပြိုင်ဖူးတယ်ဆိုတော့ ညီလေးယွမ်ကို ညွှန်ကြားပေးမယ်"

"တိုက်ပွဲစင်မြင့်ကို ရောက်တာနဲ့ အရှုံးပေးလိုက်တဲ့ကောင်က ဘာညွှန်ကြားမှာလဲ။ ကြက်ကင်တတ်ဖို့လား"

ချိုက်မြောင်က လေကြီးလိုက်သော်လည်း ချင်တုန်သည် နှာခေါင်းတစ်ချက်ရှုံ့၍ တားမြစ်လိုက်သည်။

"ဒီကိစ္စကို ထားလိုက်ပါတော့၊ စွပ်ပြုတ်အိုးလည်း အေးနေတော့မယ်။ သေရည်နဲ့ စဖွင့်လိုက်ကြရအောင်"

ချိုက်မြောင်က ရှက်သွားသော်လည်း မျက်နှာပြောင်တိုင်၍ စကားလမ်းကြောင်းပြောင်းလိုက်သည်။ အသူရာဓားဂိုဏ်းသို့မရောက်ခင် ယွမ်ရှောင်သည် ကျင့်ကြံသူများ၏ဘဝက ခြားနားမည်ဟု ထင်ထားခဲ့သည်။ ၎င်းဘဝ၌ ရက်စက်မှုများနှင့် သတ်ဖြတ်မှုများ ပြည့်နှက်နေသော်လည်း နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာများလည်း ရှိနေခဲ့သည်။

"သေရည်ခွက်ရဲ့ အောက်ခြေက အဆုံးမရှိသလို ငါတို့ဆက်ဆံရေး နက်ရှိုင်းစေဖို့"

ဤသို့ဖြင့် သေရည်ခွက်ရှစ်ခွက်က တပြိုင်နက်ထိခတ်သွားကာ တစ်ချက်တည်းသောက်ချလိုက်ပြီး လည်ချောင်းအတွင်း ပူဆင်းသွားခဲ့သည်။

"စွပ်ပြုတ်အိုး ဘယ်ပျောက်သွားတာလဲ"

ထိုအချိန်၌ ချိုက်မြောင်က အလန့်တကြား ထအော်လိုက်ပြီး မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးနေသည်။ ယွမ်ရှောင်သည် သူ၏ရင်ဘတ်ကို စမ်းကြည့်လိုက်သောအခါ သားရဲလေး ပျောက်ကွယ်နေပြီး တူရှစ်စုံမှာ လေထဲ၌ ရပ်တန့်သွားလေသည်။

All Chapters