ရဲတန်းစီ၏ ကောက်ကျစ်ပုံ
Vol. 2 Ch. 19
ညအမှောင်အတွင်း ဓားအိမ်တော်၏ တောင်ထိပ်တွင် လူငယ်ရှစ်ယောက်က ဘေးချင်းယှဥ်လျက်ထိုင်နေပြီး လရောင်ဖျော့ဖျော့အောက်တွင် ငှက်များ အိပ်တန်းပျံပြီဖြစ်၏။ သူတို့၏ရှေ့တွင် အနက်ရောင်တောင်တန်းကြီးနှင့် သစ်ပင်များ အုံ့ဆိုင်းနေကာ ထောင့်တွင်ရှိနေသော ယွမ်ရှောင်၏ပုံရိပ်မှာ ဘေးတိုက်ကြည့်လျှင် ကျောက်စိမ်းရုပ်တုတစ်ခုအလား တင့်တယ်နေသည်။
"မောင်လေးယွမ်က ဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်လာတာ ကောင်းတယ်"
"ဒီအဆင့်အတန်းက ဘယ်လိုများ အသုံးဝင်တာလဲ"
"မင်းက ဓားသခင်ရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေထက် အဆင့်အတန်းမြင့်သွားလို့ အစည်းအဝေးတွေမှာ ရိုသေလေးစားကြလိမ့်မယ်။ ဓားသခင်နဲ့ ဓားဘုရင်ရာထူးတွေအောက်တော့ နည်းနည်းနိမ့်တယ်"
ချင်ယွမ်၏ ရှင်းပြမှုကြောင့် ယွမ်ရှောင်သည် ရာထူးအသစ်၏ အရေးပါပုံကို နားလည်လိုက်သည်။ ဓားဘုရင်ဆိုသော အဆင့်အတန်းမရှိလျှင် ရဲကုရင်ပင် သူ့အောက် နိမ့်ကျမည်ဖြစ်ရာ ကျန်းရယ်ကို ထည့်တွက်စရာမလိုတော့ပေ။
"အသူရာဓားဂိုဏ်းမှာ ဂိုဏ်းချုပ်ရဲ့တပည့် ဘယ်နှယောက်ရှိလဲ"
"စုစုပေါင်း ကိုးယောက်ရှိခဲ့ပေမယ့် မင်းနဲ့ အစ်မကျောက်သာ အသက်ရှင်ကြတော့တယ်။ ဂိုဏ်းချုပ်ရဲ့တပည့်ဖြစ်တဲ့အတွက် မင်းကို ဂိုဏ်းချုပ်တစ်ယောက်တည်းကသာ အပြစ်ပေးနိုင်တယ်"
ချိုက်မြောင်နှင့် ချင်တုန်က လေးလံစွာ ရှင်းပြလိုက်ကြပြီး ဓားအိမ်တော်၏ သားတော်ခုနစ်ယောက်လုံးမှာ ဂိုဏ်းချုပ်၏တပည့်များ ဖြစ်ခဲ့ဖူးသည်။ သို့သော် ဂိုဏ်းချုပ်က သေလုမျောပါးဖြစ်နေသောအခါ ဤအဆင့်အတန်း၏ အရေးပါပုံက မှေးမှိန်လာခဲ့သည်။
"မောင်လေးကို သေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ မဟုတ်ရင် ဘယ်သူမှ မထိနိုင်ဘူးလို့ ပြောနိုင်ပါတယ်"
"အသူရာဓားဂိုဏ်းက စည်းလုံးညီညွတ်တယ် မဟုတ်ဘူးလား။ ဘာကြောင့် အတွင်းပြဿနာတွေက ပြင်းထန်လွန်းနေရတာလဲ"
အသူရာဓားဂိုဏ်း၏ အတွင်းအာဏာလုပွဲများတွင် ဓားအိမ်တော်ဟူသည့် အိမ်အသစ်က ပြဿနာတက်နေသောကြောင့် ယွမ်ရှောင်မှာ ဤကိစ္စကို စိတ်ရှုပ်စွာ မေးလိုက်သည်။ အသူရာဓားဂိုဏ်းသည် ဓားဂိုဏ်းရှစ်ခု ပြိုင်ဆိုင်ရာမှ ဖြစ်တည်လာကြောင်း၊ ဓားအိမ်တော်၏တောင်တွင် ချီစွမ်းအင် အလွန်ပေါများသဖြင့် ရယူရန် သွေးစွန်းခဲ့ရကြောင်း၊ လက်ရှိတွင် စည်းလုံးနေသော်လည်း ဂိုဏ်းဂဏကွဲပြားနေသဖြင့် ရန်ကြွေးများရှိကြောင်း ချင်တုန်က ရှင်းပြလိုက်သည်။ ဓားသခင်ဝူက ဂိုဏ်းတစ်ခုလုံးတွင် အကောင်းဆုံးနေရာဖြစ်သည့် ဓားအိမ်တော်ကို အလွန်ဖျက်ဆီးချင်နေသော အကြောင်းအရင်းအား ယွမ်ရှောင် နားလည်ခဲ့သည်။ အမှတ်ခုနစ်ဓားတောင်သည် သူ့ကို လက်မခံရဲသည့် အကြောင်းအရင်းအား သဘောပေါက်သွားကာ ကျန်းရယ်နှင့် အမှတ်တစ်ဓားသခင် ရဲတန်းစီ၏ဒေါသကို ရင်မဆိုင်ရဲသောကြောင့်ပင်။
"ဆရာက ဘယ်လိုဖြစ်ခဲ့ရတာလဲ"
ယွမ်ရှောင်က ဤမေးခွန်းကို မေးလိုက်သောအခါ ဓားအိမ်တော်၏တပည့်များ တိတ်ဆိတ်သွားကြပြီး ပတ်ဝန်းကျင်လေထုက အေးစက်တင်းမာလာ၏။
အသူရာဓားဂိုဏ်းတည်ရှိရာ အသူရာတောင်တန်းကြီး၏ တောင်ဘက်တွင် သေမျိုးတိုင်းပြည်ထောင်ပေါင်းများစွာရှိပြီး မြောက်ဘက်တွင် အဆုံးမရှိသော နတ်ဆိုးများပြည့်နှက်နေသည့် ဖုန်းဆိုးမြေတစ်ခု တည်ရှိသည်။ ဂိုဏ်း၏အဓိကတာဝန်သည် အသက်သွေးဖြင့် နံရံကြီးတစ်ခုပမာ နတ်ဆိုးကျူးကျော်မှုကို ကာကွယ်ရန်ဖြစ်သော်လည်း လွန်ခဲ့သော သုံးနှစ်တွင် တစ်စုံတစ်ယောက်က သစ္စာဖောက်ခဲ့သည်။ အမှတ်တစ်ဓားတောင်၏ တပည့်တစ်ယောက်က ထိုနေရာမှ ပြန်ရောက်လာပြီး ရဲကုရင်နှင့် ဂိုဏ်း၏ပါရမီရှင်သုံးဆယ်ကျော် မဟူရာချောက်နက်တွင် ပိတ်မိနေကြောင်း သတင်းပို့ခဲ့သည်။ ရဲတန်းစီက အကူအညီတောင်းခံခဲ့သောကြောင့် ဂိုဏ်းချုပ်နှင့် ဓားအိမ်တော်၏ သခင်လေးခုနစ်ယောက်က ထွက်ခွာသွားသော်လည်း စောင့်ကြိုနေသည်မှာ ဂိုဏ်းတပည့်များအစား နတ်ဆိုးအရေအတွက် သုံးသောင်းကျော် ပါဝင်သည့် စစ်တပ်ကြီးတစ်ခု ဖြစ်၏။
သူတို့က တစ်ရက်နှင့်တစ်ည တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ခြေကုန်လက်ပန်းကျကာ သခင်လေးခုနစ်ယောက်လုံး သေဆုံးခဲ့ရပြီး ဂိုဏ်းချုပ်က အသက်ရှင်ခဲ့သော်လည်း ဓားဝိညာဥ် ပျက်စီးသွားသည်။ ဤခုနစ်ယောက်လုံးက ရဲကုရင်ထက် သာလွန်ပြီး ကြယ်အဆင့်မြင့် ဓားဝိညာဥ်ကိုယ်စီ ပိုင်ဆိုင်၍ အကြီးဆုံးအစ်ကိုမှာ ချင်တုန်၏ဖခင် ချင်ချန်ဖြစ်သည်။ သူတို့က ဂိုဏ်း၏သမိုင်းတွင် အသန်မာဆုံး ပါရမီရှင်ခုနစ်ယောက်ဖြစ်ကာ ဓားအိမ်တော်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ကြပြီး သေဆုံးမသွားခင် နတ်ဆိုးနှစ်သောင်းကျော်ကို ရှင်းပစ်နိုင်ခဲ့သည်။
"မောင်လေးယွမ် ဒီဂိုဏ်းတူအစ်ကိုတွေကို အရူးတွေလို့ ထင်လား။ သူတို့က ထောင်ချောက်မှန်းသိသိကြီးနဲ့ တိုးဝင်သွားကြတာမလား"
ချင်တုန်၏အမေးကို တိတ်ဆိတ်နေသော ယွမ်ရှောင်က ခေါင်းတစ်ချက်ယမ်းပြလိုက်ပြီး တိမ်တိုင်းပြည်၌ မြွေနတ်ဆိုးများသည် သာမန်ပြည်သူများအပေါ် ရက်စက်ပုံကို လက်တွေ့မြင်ခဲ့ဖူးသည်။
"နှစ်ပေါင်းများစွာကြာအောင် ငါတို့က ဂိုဏ်းရဲ့တာဝန်ကို မပစ်ပယ်ခဲ့ကြဘူး။ အသူရာဓားဂိုဏ်းပျက်စီးသွားရင် နတ်ဆိုးတွေ အလုံးအရင်းဝင်ရောက်လာပြီး ပြည်သူတွေ သေကြရလိမ့်မယ်။ ဂိုဏ်းရဲ့သမိုင်းမှာ ရဲတန်းစီနဲ့ ရဲကုရင်လိုမျိုး ကောက်ကျစ်တဲ့လူ မရှိခဲ့ဖူးဘူး။ နတ်ဆိုးတွေနဲ့တောင် ပူးပေါင်းထားနိုင်တယ်"
ချင်တုန်၏မျက်ဝန်းမှ မျက်ရည်စက်များသည် ပါးပြင်နှစ်ဖက်သို့ တလိမ့်လိမ့် စီးကျလာသည်။
"ဒီကောင်တွေက ဘယ်လိုဖြေရှင်းချက်ပေးလဲ"
ယွမ်ရှောင်၏စကားသံက တည်ငြိမ်နေသော်လည်း ရေခဲပမာ အေးစက်နေသည်။
"သူတို့ပြောတဲ့ မဟူရာချောက်နက်ဆိုတာက ရိုးရိုးတောင်ကုန်းတစ်ခုဖြစ်ပြီး ဂိုဏ်းချုပ်က နားလည်မှုလွဲသွားတာတဲ့လေ"
ချင်တုန်၏အသံက တုန်ရီနေကာ ယွမ်ရှောင်သည် ကျင့်ကြံသူများ မည်မျှအရှက်မဲ့နိုင်ကြောင်း နားလည်သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာသည်အထိ ဂိုဏ်း၏တောင်ရှစ်လုံးသည် နတ်ဆိုးများနှင့် ရင်ဆိုင်ရာ၌ စည်းလုံးညီညွှတ်ခဲ့သော်လည်း ယုတ်မာသူများကြောင့် ဂုဏ်သိက္ခာ ပျက်စီးသွားသည်။ သခင်လေးခုနစ်ယောက်က သေဆုံးသွားသည့်တိုင်အောင် ဝိညာဥ်များကို နတ်ဆိုးများသည် မိုးပြာရောင်တံခွန်အတွင်း ဖမ်းချုပ်ကာ မဟူရာချောက်နက်တွင် စိုက်ထားကြောင်း ချိုက်မြောင်က ဒေါသတကြီး ပြောပြလာသည်။
"ဒီသုံးနှစ်လုံး ငါ စွမ်းအားကင်းမဲ့တဲ့အတွက် ဒီအမုန်းတရားကို လက်စားမချေနိုင်ခဲ့ဘူး။ နံပတ်တစ်ဓားတောင်ကို ဖျက်ဆီးပြီး အစ်ကိုတွေကို အိမ်ပြန်ခေါ်လာချင်တယ်"
ချိုက်မြောင်က အံကြိတ်နေခဲ့ပြီး မျက်လုံးများတွင် အမုန်းမီးတောက်များ လောင်ကျွမ်းနေခဲ့သည်။ ဓားအိမ်တော်၏ သခင်လေးခုနစ်ယောက်သည် သေဆုံးသွားသော ဒဏ္ဍာရီများဖြစ်သော်လည်း ငြိမ်းချမ်းစွာ အနားမယူနိုင်ခဲ့ပေ။ သေခြင်းတရားကို တစ်ကြိမ်ရင်ဆိုင်ဖူးသော ယွမ်ရှောင်မှာ သုံးနှစ်တိတိ နှိပ်စက်ခံရသော ဝိညာဥ်ခုနစ်ခုကို ကိုယ်ချင်းစာပေးနိုင်ခဲ့သည်။ ဂုဏ်သရေရှိ ဓားသမားများမှာ ဤအရှက်ခွဲမှုကို ခံစားရလျှင် အသူရာဓားဂိုဏ်းဆိုသည်က အဓိပ္ပါယ်မရှိတော့ပေ။
"ဒီနောက်ပိုင်းမှာ ရဲတန်းစီနဲ့ ရဲကုရင်က သည်းမခံနိုင်တော့ဘဲ ဓားအိမ်တော်ကို ဖျက်ဆီးချင်နေကြတယ်"
သစ္စာဖောက်များကြောင့် ခံစားနေရသော ဓားအိမ်တော်၏တပည့်များသည် အမှတ်တစ်ဓားတောင်၏ ရက်စက်ယုတ်မာမှုကို ခါးစည်းခံနေကြရသဖြင့် တပည့်ရှစ်ယောက်သာ ကျန်ရစ်တော့သည်။
"ဓားရှစ်လက်ပွဲတော်မှာ ငါတို့သေရင်တောင် ဓားအိမ်တော်က ဆက်ပြီးတည်ရှိရမယ်။ ငါ့အစ်ကိုရဲ့ဝိညာဥ် ရောက်လာရင် ပြန်စရာအိမ်မရှိမှာကို ငါ ကြောက်တယ်။ ဒါကြောင့် တပည့်ခေါင်းဆောင်ဖြစ်တဲ့ မင်း သေလို့မရဘူး။ ငါတို့အားလုံးက မင်းကို အသေခံပြီး ကာကွယ်ပေးမယ်။ ကောင်းကောင်းအနားယူလိုက်ပါ ညီလေးယွမ်"
ချိုက်မြောင်နှင့် ဓားအိမ်တော်၏တပည့်များသည် ယွမ်ရှောင်ကို လေးနက်စွာ ကတိပေးလိုက်ကြသည်။
"ခင်ဗျားတို့ နည်းနည်းအမြင်ကျဥ်းနေပြီ။ အသက်ရှင်ဖို့အတွက် လှောင်ချိုင့်ထဲက ငှက်တစ်ကောင်လို လုံခြုံနေစရာ မလိုပါဘူး။ ခင်ဗျားတို့ရဲ့ညီလေးယွမ်က ခင်ဗျားတို့ရော အစ်ကိုခုနစ်ယောက်ရော ဂုဏ်ယူရအောင် စွမ်းဆောင်ပြမယ်"
ယွမ်ရှောင်သည် အသက်ပြင်းပြင်းရှူ၍ မြောက်ပိုင်းသို့ လေးနက်သော အကြည့်ဖြင့် မျှော်ကြည့်လိုက်လေသည်။