ဓားအိမ်တော်၏သိုင်းပညာ
Vol. 2 Ch. 21
ဓားအိမ်တော်၏ တောင်ကြားတစ်ခုအတွင်း ကျင့်ကြံရန် ရောက်ရှိနေသော ယွမ်ရှောင်သည် ကျင့်ကြံရေးအခန်း၊ ဆေးမီးဖိုနှင့် ကာကွယ်ရေးသားရဲအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသော အနက်ရောင်အခေါင်းကို ချီးကျူးလိုက်သည်။ သို့ရာတွင် ကြယ်ပြာက ဤအခေါင်းအတွင်း မတော်တရော်ကိစ္စများ မလုပ်ရန် သတိပေးလာသောကြောင့် ရှက်ရွံ့သွားခဲ့ရပြီး နဂါးနွေဦးဆေးလုံးများကို ထုတ်ယူလိုက်သည်။ ၎င်းတို့က အဆင့်နိမ့်ကြယ် ဆေးလုံးများဖြစ်သောကြောင့် နတ်ပင်လယ်ဆေးလုံးလောက် အဖိုးမတန်သော်လည်း ဓားအိမ်တော်အကြီးအကဲများ၏ မေတ္တာစေတနာတို့ ရောင်ပြန်ဟပ်နေသည်။ သူက တင်ပျဥ်ခွေထိုင်၍ ဆေးတစ်လုံးကိုသောက်ရန် ပြင်လိုက်စဥ် ကြယ်ပြာက ချက်ချင်းဟန့်တားလာသည်။
"မင်း ဘာလုပ်မလို့လဲ"
"နဂါးနွေဦးဆေးနဲ့ ကျင့်ကြံမလို့လေ"
"မင်းအတွက် အဆင့်မြှင့်တင်ပေးမယ်"
၎င်းက ပြောပြောဆိုဆိုနှင့် သားရဲအသွင်ပြောင်းကာ ဆေးပုလင်းကို လုယူ၍ ကြယ်နီ၏ပါးစပ်အတွင်း လောင်းထည့်လိုက်သည်။ အချိန်ခဏအတွင်း နဂါးနွေဦးဆေးခြောက်လုံးသည် များပြားသော ဆန်စေ့အရွယ် ကောင်းကင်တာအိုဆေးလုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယွမ်ရှောင်က ၎င်းကို အနံ့ခံကြည့်လိုက်သောအခါ စွပ်ပြုတ်အနံ့ ရလိုက်သည့်အပြင် သံစော်နံနေသောကြောင့် ကြယ်နီမှာ အိုးပါမကျန် ဝါးစားထားကြောင်း သိသာနေသည်။
"နေစမ်းပါဦး။ ငါက ဒီဆေးလုံးတွေနဲ့ ဆက်တိုက်အဆင့်တက်လိုက်ရင် အခြေခံ ထိခိုက်သွားနိုင်တယ်မလား"
သူက ဆေးလုံးများကို လက်အတွင်း ဆုပ်ကိုင်ထားရင်း အတွေးတစ်ခု ဝင်ရောက်လာသဖြင့် ရုတ်တရက် မေးလိုက်သည်။
"မင်းက ဖန်ဆင်းရှင်အင်မော်တယ်ဟ။ ဒါက အဆင့်တက်တာ မဟုတ်ဘူး။ အရင်အဆင့်ကို ပြန်သွားနေတာ။ မင်းက အားနည်းရုံသက်သက်ပဲ။ မင်းရဲ့မူလစွမ်းအားကို ပြန်ရဖို့ စွမ်းအင် ပြန်လည်ဖြည့်တင်းတာဖြစ်တယ်"
ကြယ်ပြာက ရှင်းပြလိုက်သည်။
"ဒါပေမယ့် ငါက အဆင့်တက်ဖို့ ဉာဏ်အလင်းတွေ ဘာတွေ မလိုဘူးလား။ ဥပမာကွာ တာအိုရဲ့ ဆန်းကျယ်မှု ဘာညာပေါ့"
"အစ်ကိုကြီးရေ စောက်ကျိုးနည်း မင်းက ဖန်ဆင်းရှင်လေ။ ဘယ်ဉာဏ်အလင်းကို လိုချင်နေတာတုန်း။ တစ်နဲ့တစ်ပေါင်းရင် ဘယ်လောက်ရမလဲဆိုတဲ့ အဓိပ္ပါယ်မရှိတာတွေ မမေးပါနဲ့လား"
"ဒါဆိုရင် ငါက အဆင့်တက်ဖို့ တရားထိုင်စရာ မလိုတော့ဘူးပေါ့"
"ဒါက အဆင့်မြင့် အင်မော်တယ်ဖြစ်မှ လုပ်ရမှာ"
"ကောင်းပြီ။ ဒါဆိုရင် ငါ တုံ့ဆိုင်းမနေတော့ဘူး"
ယွမ်ရှောင်သည် သူ၏ကျင့်ကြံရေးလမ်းကြောင်းမှာ အခြားသူများထက် ထူးခြားသာလွန်ကြောင်း သိလိုက်ရသောအခါ တွန့်ဆုတ်မနေတော့ပေ။ ကောင်းကင်တာအိုဆေးသည် နဂါးနွေဦးဆေးထက် ပို၍သင့်တော်ပြီး ဒန်တန်အတွင်း ရောက်သည်နှင့်တပြိုင်နက် ဆေးအာနိသင် ပြန့်ထွက်လာကာ နဂါးလက်သည်းလေးခုနှင့် နဂါးနွေဦးပြည့်စုံအဆင့်သို့ ရောက်သွားသည်။ ကောင်းကင်သင်္ချိုင်း၏အစွမ်းကို ထည့်တွက်လျှင် သူ၏အလားအလာက ပိုမိုကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ သူ၏ကျင့်ကြံခြင်းသည် အတားအဆီးများ ချိုးဖျက်၍ အဆင့်တက်စရာမလိုဘဲ မူလကျင့်ကြံဆင့် ပြန်လည်ရရှိရန်အတွက် အင်မော်တယ်မိုးစက်များကို စုဆောင်းရန်သာ လိုအပ်သည်။
ယွမ်ရှောင်သည် ရဲကွာ၏ ရွှေရောင်ဒန်တန်ကို ဝါးမျိုပြီးနောက် အဆင့်တူများထက် သုံးဆယ်ရာခိုင်နှုန်း ပို၍သန်မာလာသည်။ ရဲကုရင်သည် အမွှာဒန်တန်ကို ပိုင်ဆိုင်ထားသောကြောင့် နဂါးနွေဦးအဆင့်၌ နဂါးနှစ်ကောင်အထိ ပိုင်ဆိုင်ထားသည်ဟု ကောလဟာလများ ကြားဖူးထားသည်။ သူက အကြီးအကဲသုံးယောက်ထံမှ ဓားသိုင်းအခြေခံကို သင်ယူ၍ ဓားရှစ်လက်ပွဲတော်အတွက်ပြင်ဆင်ရပေလိမ့်မည်။
"သူတို့ရဲ့ အသန်မာဆုံး သိုင်းပညာကိုသာ သင်ခိုင်း"
ကြယ်ပြာက အကြံပေးလိုက်သည်။
"အသန်မာဆုံးလား။ ငါက တစ်ညပဲ အချိန်ရတာလေ"
"မင်းကြီးတော် အမြင်ကျဥ်းလှချည်လား။ မင်းက ကောင်းကင်တာအိုရဲ့ ဖန်ဆင်းရှင် အင်မော်တယ်လေ။ နည်းနည်းတော့ ကိုယ့်ကိုကိုယ် အထင်ကြီးစမ်းပါဦး"
"ကောင်းပြီ"
ယွမ်ရှောင်က တစ်ချက်ခေါင်းညိတ်ပြလိုက်သည်။ သူက ကောင်းချီးခံ ပါရမီရှင်များထက် များစွာသာလွန်ပြီး ကြယ်ပြာ၏စကားအရ အင်မော်တယ်ရုပ်ခန္ဓာ ပိုင်ဆိုင်ထားသောကြောင့် မည်သည့်ပါရမီရှင်ထက်မဆို မြင့်မြတ်ပေသည်။ တစ်ရက်အတွင်း သူက ဓားမြှောင်ပညာ၊ ဓားရှည်သိုင်းနှင့် ဓားပျံပညာကို လျင်မြန်စွာ တတ်ကျွမ်းခဲ့သောအခါ အကြီးအကဲသုံးယောက်ကို အံ့အားသင့်စေခဲ့သည်။
အကြီးအကဲကျန်းသည် သူမ၏ ဝိသေသကျင့်စဥ်ဖြစ်သော အလယ်အဆင့် ကြယ်သိုင်းပညာ ပျံလွှားလျှပ်စီးသိုင်းကို သင်ကြားပေးခဲ့သည်။ ၎င်းက ဓားအိမ်တော်၏ ခေတ်အဆက်ဆက် ကျော်ကြားကာ ဓားမြှောင်ထွက်ပေါ်လာလျှင် ပျံလွှားတစ်ကောင်ပမာ အသက်ကို လျှပ်တပြက် နှုတ်ယူနိုင်သည်။ ၎င်းက ပျံလွှားတစ်ကောင်ပမာ ကောင်းကင်တွင် ကွေ့ပတ်ရှောင်တိမ်းသွားလာနိုင်စွမ်းရှိပြီး အချိန်ခဏအတွင်း သွေးစွန်းပေလိမ့်မည်။ ယွမ်ရှောင်က ၎င်းကို ရွေးချယ်လိုက်သောအခါ အကြီးအကဲကျန်းက ခေါင်းယမ်း၍ ခက်ခဲကြောင်း ရှင်းပြခဲ့သည်။
"ဒါက ဓားအိမ်တော်မှာ အရှုပ်ထွေးဆုံး ဓားမြှောင်သိုင်းဖြစ်တယ်။ ဓားကို ငှက်တစ်ကောင်လို သဘောထားပြီး စိတ်နှစ်ခုခွဲ ထိန်းချုပ်ရတယ်။ ဒါကို အောင်မြင်ဖို့အတွက် ပျံလွှားငှက်တွေရဲ့ သဘာဝကနေ ဉာဏ်အလင်းရဖို့ နှစ်နဲ့ချီကြာတယ်။ စကျင့်ကြံမယ့် သူတွေအတွက် မသင့်တော်ဘူး"
"ကျုပ်က တစ်ညတည်းနဲ့ သင်နိုင်လောက်ပါတယ်"
"ဟား ဟား"
အကြီးအကဲကျန်းက မဖြစ်နိုင်ဟု သဘောထားကာ ရယ်မောလိုက်သော်လည်း သုံးနာရီအကြာတွင် မျက်ရည်ဝဲ၍ ကောင်းကင်ကြီးက မတရားဟု အော်ဟစ်ခဲ့သည်။ သူမ၏အတွေး၌ ကျန်အကြီးအကဲနှစ်ယောက်သည်လည်း လူမဆန်စွာ ထက်မြက်လွန်းသော ဤတပည့်ကြောင့် ရူးသွပ်သွားကြပေလိမ့်မည်။
ဓားအိမ်တော်၏ ကြိုးကြာမိုးကြိုးဓားသိုင်းမှာ ဓားရှည်ပညာရပ်တစ်ခုဖြစ်ပြီး ပြည့်စုံသည်အထိ ကျင့်ကြံနိုင်လျှင် ဓားသခင်များ၏ အဆင့်မြင့်ကြယ်ဓားသိုင်းအောက် မနိမ့်ပေ။ ၎င်းက ကြမ်းကြုတ်သော လူသတ်ကွက်တစ်ခုဖြစ်ကာ ဓားချက်တိုင်းက ရက်စက်ပြီး မိုးကြိုး၏အရှိန်အဟုန်နှင့် ကြိုးကြာ၏ ထိုးဖောက်နိုင်စွမ်းတို့ ပေါင်းစပ်ထားသည်။ သူက ဤကျင့်စဥ်ကို ကျင့်ကြံပြီးနောက် အင်မော်တယ်ကျင့်စဥ်များနှင့် သာမန်ဓားသိုင်းများ ကွာခြားပုံကို သေချာနားလည်သွားခဲ့သည်။ ရဲတန်းစီသည် ဓားအိမ်တော်ကို ဖျက်ဆီး၍ ကျင့်စဥ်များ လုယူချင်နေသည်မှာ မထူးဆန်းပေ။ ၎င်းတို့က အစွမ်းထက်လွန်းပြီး မည်သည့်ဓားသမားကိုမဆို လောဘတက်စေနိုင်သည်။
တိုက်ပွဲများတွင် ဓားမြှောင်သိုင်းနှင့် ဓားရှည်ပညာရပ်က ပိုမိုအသုံးဝင်သော်လည်း ယွမ်ရှောင် အမှန်တကယ်လိုချင်သည်မှာ ဓားပျံသိုင်း ဖြစ်သည်။ သေမျိုးတစ်ယောက်အတွက် ဓားပျံကိုစီးနင်း၍ ကောင်းကင်တွင် ပျံသန်းရန်မှာ အိပ်မက်ပန်းတိုင် ဖြစ်ပေသည်။ အထက်စီးမှ လောကကြီးကို ငုံ့ကြည်နိုင်သော ဓားပျံစီးနင်းသူများကို ဓားဝိညာဥ် အသွင်ပြောင်းလဲနိုင်ချိန်မှစတင်ပြီး သူက အားကျနေခဲ့သည်။ အကြီးအကဲဝမ်က အနည်းငယ်ဝသော်လည်း သူ၏ ရွှင်ပျော်ပျော်ခရီးသည် ကျင့်စဥ်က အမှန်တကယ်ကျော်ကြားသည်။
"ယွမ်ရှောင် ဓားပျံဆိုတာက ထွက်ပြေးဖို့နဲ့ ခရီးသွားဖို့ အသုံးပြုရတာ မဟုတ်ဘူး။ ဓားပျံဆိုတာက ဓားအသွင်သုံးခုထဲမှာ အခရာကျပြီး ဓားနဲ့လူ တစ်သားတည်းဖြစ်ဖို့ လိုအပ်တယ်"
အကြီးအကဲဝမ်က လေးနက်စွာ ရှင်းပြလိုက်သည်။
"ဓားနဲ့လူ တစ်သားတည်းဖြစ်ဖို့ ဘယ်လိုလေ့ကျင့်ရမှာလဲ"
"ငါလည်း အခုမှ အဖြေထုတ်နေတုန်းရှိသေးတယ်။ မင်းကို အလေးထားရမယ့် အရာတစ်ခု ပြောပြမယ်။ တကယ့်ဓားသမားတွေက အချိန်ခဏအတွင်းမှာ ဓားအသွင်သုံးမျိုးကို ဆယ်ကြိမ်ထက်မနည်း ပြောင်းလဲနိုင်ကြတယ်။ ဓားပျံကိုစီးနင်းပြီး ပစ်မှတ်ဆီကို ဝင်တိုးမယ်။ ဓားမြှောင်နဲ့ အကာအကွယ်ကို ထိုးဖောက်ပြီး ဓားရှည်နဲ့ အဆုံးသတ်မယ်။ ဒီအကွက်မှာ ဓားပျံရဲ့ အဓိကအခန်းကဏ္ဍကို သိလား"
"နေရာယူတာ"
ယွမ်ရှောင်က တစ်ချက်စဥ်းစား၍ အဖြေပေးလိုက်သည်။
"အတိအကျပဲ"
အကြီးအကဲဝမ်က ခေါင်းညိတ်၍ ဓားပျံသိုင်းပညာကို အထင်မသေးရန် သေချာစွာရှင်းပြခဲ့သည်။ ယွမ်ရှောင်သည် ရွှင်ပျော်ပျော်ခရီးသည်သိုင်းကို သင်ယူပြီးနောက် ကောင်းကင်သင်္ချိုင်းကို ဓားပျံအဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားသဖြင့် ဝတ်ရုံဖြူမှာ အလံတစ်ခုအလား လူးလွန့်နေသည်။
"အင်မော်တယ်လမ်းစဥ် လူတစ်ယောက်ရဲ့ ဘဝမှာ တိမ်တွေရဲ့အထက်ကို ခနလောက်ဖြစ်ဖြစ် တက်နိုင်မယ်ဆိုရင် သေပျော်ဖို့ ထိုက်တန်ပြီ"
သူက ပျော်ရွှင်စွာ ပျံသန်းရင်း သေမျိုးလောက၏ ကဗျာတစ်ပုဒ်ကို ဟစ်ကြွေးလိုက်သည်။ သူ၏ရင်ဘတ်အတွင်းမှ သားရဲလေးက ခေါင်းပြူထွက်လာသဖြင့် အနက်ရောင်အမွေးများမှာ လေတိုးသောကြောင့် လှုပ်ခါနေသည်။
"ခွေးကောင်လေး သတိထားဦးဟ။ စိတ်ကို ငြိမ်ငြိမ်ထား။ ဒါက မင်းရဲ့ ပထမဆုံး ဓားပျံစီးနင်းတာလေ"
ဖုန်လုံးကြီးအကြား ကျန်ရစ်နေခဲ့သော အကြီးအကဲဝမ်က ချောင်းတဟွတ်ဟွတ်ဆိုးရင်းမှ အော်ဟစ်သတိပေးနေခဲ့သည်။ ဓားပျံစီးနင်းခြင်းသည် ကျန်ပညာနှစ်ခုနှင့်ယှဥ်လျှင် ချီကို အင်မတန်ကုန်ခမ်းစေသဖြင့် သူက အစိုးရိမ်ကြီးနေ၏။ ယွမ်ရှောင်သည် ချီကုန်ခမ်းမှုကို ခံစားမိသောကြောင့် ဆင်းသက်ရန် နေရာရှာလိုက်စဥ် တိမ်စံအိမ်ဆိုသော ခြံဝန်းကို ရုတ်တရက် မြင်လိုက်ရသည်။ သူက ၎င်းထံ လှလှပပဆင်းသက်လိုက်သောအခါ ရင်သပ်ရှုမောစရာ မြင်ကွင်းမှ အသင့်စောင့်ကြိုနေသည်။ ကျောက်ရန်ရန်သည် ခြေချိတ်ထိုင်၍ သေရည်ကို မော့သောက်နေသောကြောင့် ဝတ်ရုံအကွဲကြောင်းကြားမှ ပေါင်တံလေးများ အတိုင်းသား မြင်နေရသည်။
"အရူးကောင် ဘာတွေ လာချောင်းကြည့်နေတာလဲ"
သူမက သေရည်ကို တစ်ကျိုက်မော့လိုက်ပြီး မသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ ယွမ်ရှောင်ကို မြင်လိုက်ရသဖြင့် ထိုင်နေရာမှ ချက်ချင်းရပ်ကာ ဝတ်ရုံကို သပ်ရပ်စွာ ပြင်လိုက်၏။
"ဆရာတူအစ်မ သေရည်နည်းနည်းလောက် မတိုက်ချင်ဘူးလား"
သူ၏အသံက သေရည်မျက်နှာကြောင့် ပျားသကာပမာ ချိုမြနေသည်။
"ဓားပျံစီးရင်း သေရည်သောက်ချင်တာလား၊ စဥ်းတောင်မစဥ်းစားနဲ့ကွ။ ဓားပျံပေါ်က လိမ့်ကျသေချင်နေတာလား ဘန်း"
အကြီးအကဲဝမ်က ကောင်းကင်ပေါ်မှ သိမ်းငှက်တစ်ကောင်ပမာ ထိုးဆင်းလာပြီး နားရင်းတစ်ချက်အုပ်ကာ သတိပေးလိုက်သော်လည်း ယွမ်ရှောင်၏ ထူးချွန်မှုကြောင့် ပြုံးနေခဲ့သည်။
"ပြဿနာမရှိပါဘူး။ မင်းရဲ့သေရည်ကိုသာ ဆက်သောက်ပါ။ ဒီလူငယ်လေးက မနက်ဖြန် ပြိုင်ပွဲဝင်ရမှာဆိုတော့ ငါက ပညာသင်ပေးနေတာလေ"
အကြီးအကဲဝမ်က ခေါင်းတစ်ချက်ကုတ်၍ ကျောက်ရန်ရန်အား ရှင်းပြလိုက်သည်။
"မနက်ဖြန် မသေစေနဲ့နော်"
သူမက ယွမ်ရှောင်ကို တစ်ချက်ကြည့်၍ သတိပေးလိုက်ကာ လေသံပျော့ပြောင်းသော်လည်း စကားအသွားအလာက ဆိုးရွားလှသည်။
"အသက်ရှင်ရင် သေရည်သောက်ပြီး အောင်ပွဲခံကြမလား"
ယွမ်ရှောင်က သူမ၏အလှကို တစ်ချက်ခိုးကြည့်ကာ တောင်းဆိုလိုက်သည်။
"ကောင်းပြီလေ"
သူမ မတုံ့ပြန်ခင်အထိ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ခေါင်းညိတ်ပြလိုက်သောအခါ ယွမ်ရှောင်၏ မျက်ဝန်းများ တောက်ပလာကာ သေရည်အစား တစ်စုံတစ်ခုကို မျှော်လင့်နေခဲ့လေသည်။