ဓားရှစ်လက်ပွဲတော် စတင်ခြင်း
Vol. 2 Ch. 22
အသူရာတောင်တန်းကြီး၏ အလယ်ဗဟိုတွင် ဒယ်အိုးတစ်ခုပမာ ညီညာပြန့်ပြူးသော တောင်ထိပ်တစ်ခု ရှိပြီး စုဝေးပွဲတောင်ဟုအမည်တွင်သည်။ အချိန်တစ်ရက်က မျက်တောင်တစ်ခတ်အတွင်း၌ပင် ကုန်ဆုံးသွားကာ ရာချီသော ပြိုင်ပွဲစင်မြင့်များဆောက်လုပ်ထထားကာ နှစ်ရာချီဆက်တိုက် ဂိုဏ်း၏ဓားသမားများ မရေမတွက်နိုင်အောင် အချင်းချင်းစိန်ခေါ်ခဲ့ကြပြီး အောင်မြင်မှုနှင့်ရှုံးနိမ့်မှုတွင် သေခြင်းနှင့်ရှင်ခြင်းက ဒွန်တွဲနေသည်။ နံနက်ခင်းနေရောင်အောက်တွင် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကို မြည်သံကြီးတစ်ခုက ဖျက်ဆီးလိုက်ပြီး အပြာရောင်၊အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းများသည် ကောင်းကင်တွင် ခရီးနှင်လာပြီး ၎င်းတောင်ထိပ်တွင် ဆင်းသက်လိုက်သောအခါ ကျေးငှက်သာရကာများ ပျံသန်းထွက်ပြေးကုန်သည်။ ဤအရာက ကျောက်တုံးကြီးတစ်ခုဖြစ်ပြီး ပုံစံကွဲပြားသော ကျောက်တုံးလေးခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်းထားကာ အလယ်ရှိ အခေါင်းပေါက်အတွင်း၌ မြူခိုးများထွက်ပေါ်နေပြီး မိုးပြာနဂါး၊ကျားဖြူ၊မီးငှက်နှင့်လိပ်နက်၏ ဟိန်းဟောက်သံများ တရစပ်ထွက်ပေါ်နေသည်။
အဆင့်လေး ဓားအမွေခံကျောက်ထွက်ပေါ်လာသောအခါ ဓားရှစ်လက်ပွဲတော်အတွက် ပြင်ဆင်နေသူအားလုံး အံ့သြကုန်သည်။ စင်မြင့်များကိုအပိုင်းရှစ်ခုခွဲခြားထားကာ အကြီးအကဲများထိုင်ရန်အတွက် ခမ်းနားစွာ ဆင်ယင်ထားပြီး ဤပွဲတော်၏အဓိကလူမှာ ရဲတန်းစီဖြစ်သောကြောင့် ဓားသခင်ဝူပင် မှေးမှိန်နေရသည်။ ရဲတန်းစီသည် အလယ်စင်မြင့်တွင် နေရာယူထားသော ရွှေရောင်မုတ်ဆိတ်များနှင့် ခြင်္သေ့တစ်ကောင်နှင့်ဆင်တူသော လူတစ်ယောက်ကို လေးစားစွာဆက်ဆံနေပြီး အသက်ကြီးရင့်သဖြင့် အရေးအကြောင်းများရှိသော်လည်း ခွန်အားသန်မာပုံပေါ်သည်။
"မအားလပ်တဲ့ကြားထဲက လာရောက်ပေးတဲ့အတွက် အကြီးအကဲဖန်ကို ကျေးဇူးတင်ပါတယ်"
ထိုလူနှင့် မည်သူမှအကြည့်ချင်းမဆုံဝံ့ရသော အကြောင်းအရင်းမှာ တစ်ဖက်လူသည် အစစ်အမှန်ဓားသမားနေထိုင်ရာ ဓားပင်လယ်မှ ရောက်ရှိလာသောကြောင့်ဖြစ်သည်။
"အကြီးအကဲဖန် စိတ်ချပါ။ ဒါကသေချာပေါက် လအဆင့်ဖြစ်နိုင်ပါတယ်"
ရဲတန်းစီက လေးနက်စွာ အာမခံလိုက်သည်။
"ငါက ဒီခရီးကို ရဲကုရင်တောင်းဆိုတဲ့အတွက် ရောက်လာတာ ဖြစ်တယ်။ ငါ့အချိန်ကို မဖြုန်းတာ ကောင်းလိမ့်မယ်"
"စကားမစပ် ရင်အာက အသူရာတံခွန်ကို ယူနိုင်ဖို့ နီးစပ်နေပြီလား"
"ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာတယ်။ ဒီလူငယ်လေးက ရှားပါးတဲ့ အမွှာဒန်တန်ပိုင်ဆိုင်ထားလို့ အဆင့်တူတွေထက် နှစ်ဆပိုသန်မာတယ်။ အဆင့်နိမ့်ဓားဝိညာဥ်ကို သန်မာလာအောင် ဓားအော်ရာက လုပ်ပေးနိုင်ပေမယ့် အမွှာဒန်တန်ကတော့ ကောင်းကင်ရဲ့ လက်ဆောင်ပဲ။ သူ့ပါရမီနဲ့ဆိုရင် အနာဂတ်မှာ ဓားပင်လယ်ရဲ့ ဓားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်း ကောင်းကောင်းသင်ပေးထားတာပဲ ရဲတန်းစီ"
အကြီးအကဲဖန်၏ အေးစက်သော မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာကာ ချီးကျူးလိုက်ခြင်း ဖြစ်သည်။
"အကြီးအကဲဖန်ရဲ့ စကားကြောင့် ဂုဏ်တက်ရပါတယ်"
"ကောင်းပြီ။ ငါက အသူရာဂိုဏ်းတပည့်တွေရဲ့ အစွမ်းကို မြင်ချင်နေပြီ"
"အကြီးအကဲဖန်ကိုရော ဓားသခင်ရဲကိုရော ဂုဏ်ပြုပါတယ်"
အလယ်ရှိ ပွဲကြည့်စင်မြင့်သို့ အကြီးအကဲဖန်တစ်ယောက်တည်းသာမက ရဲတန်းစီ ဖိတ်ခေါ်ထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များလည်း ရောက်ရှိလာကြသည်။ ရတနာစံအိမ်၏ ဘဏ္ဍာထိန်း ချန်ခွန်း၊ အာကိန်းကျွန်းသခင် ချန်းရီဟိုင်နှင့် တစ်ကိုယ်တော်ကျင့်ကြံသူ လနတ်သမီးတို့ ပါဝင်သည်။ ထိုသုံးယောက်အပြင် ဧည်သည့်ဆယ်ယောက်ကျော်ရှိနေပြီး ရဲတန်းစီကို လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။ သူ၏ဘေးတွင် ကျန်ဓားသခင်ခြောက်ယောက်က အပြုံးကိုယ်စီဖြင့် ဧည့်သည်များကို ကြိုဆိုနေကြသည်။
"အစ်ကိုရဲ ပွဲ မစသေးဘူးလား"
ချန်ခွန်းက မေးခွန်းထုတ်လိုက်သည်။
"အသူရာဓားဂိုဏ်းရဲ့ သမိုင်းကြောင်းကို ကြားဖူးထားတာ ကြာပါပြီ။ အခုတော့ လက်တွေ့မြင်ရတော့မယ်"
ကျွန်းသခင်ချန်းသည် ထိုင်ခုံလက်ရန်းတွင် ဓားအိမ်တော်ဆိုသော စာတန်းတစ်ခုကို မြင်လိုက်ရသောကြောင့် ဤပွဲကြည့်စင်က အမှန်တကယ်၌ ဓားအိမ်တော်၏နေရာ ဖြစ်နေခဲ့သည်။
"ဓားရှစ်လက်ပွဲတော် စတင်မယ်။ တပည့်တွေ လာကြစမ်း"
ရဲတန်းစီက ရှေ့တက်၍ အော်ဟစ်လိုက်သောအခါ ခေါင်းလောင်းသံတစ်ခု မြည်ဟီးသွား၍ ဓားသမားအုပ်စုခုနစ်ခုသည် ဘက်ပေါင်းစုံမှ ပျံထွက်လာကြသည်။ လူငယ်တပည့်များက ဓားဝိညာဥ်ကိုယ်စီ စီးနင်း၍ စုဝေးပွဲတောင်ထိပ်ထံ ဦးတည်လာသကဲ့သို့ သဘာဝချီများလည်း ဖြစ်တည်လာကာ ကောင်းကင်တွင် အစွမ်းဖော်ပြနေသည်။ သေမျိုးများ၏အမြင်တွင် သူတို့က ဓားအင်မော်တယ်များဖြစ်ကြပြီး အရေအတွက် ရှစ်ရာလေးဆယ်ကျော် ပါဝင်ပြီး ရဲတန်းစီအား ဦးညွှတ်လိုက်ကြသည်။ ဤမြင်ကွင်းကို အကြီးအကဲဖန်မှအပ ဧည့်သည်တော်များအားလုံး ချီးကျူးလိုက်ကြပြီး စုဝေးပွဲတောင်ထိပ်၏ မဟာစင်မြင့်ရှေ့တွင် တပည့်များ ဆင်းသက်လာကြသည်။
"အသူရာဓားဂိုဏ်းက အကြီးအကဲဖန်ကို ကြိုဆိုပါတယ်"
သူတို့က ပြိုင်တူဦးညွှတ်၍ ဒူးထောက်ချလိုက်ပြီး အကြီးအကဲဖန်ကို လေးစားမှုပြသလိုက်သည်။
"ထကြပါ"
သူက လက်ဟန်အမူအရာဖြင့် ကျေနပ်စွာ မတ်တပ်ရပ်ခိုင်းလိုက်ပြီး ရဲတန်းစီမှာ ဖားယားရင်း ပြုံးနေခဲ့သည်။
"ဘယ်တစ်ယောက်က ကျန်းရယ်လဲ"
အကြီးအကဲဖန်က ဤသို့မေးလာသောအခါ ရဲတန်းစီက ညွှန်ပြလိုက်ပြီး ဓားသခင်၏တပည့်များ ခြံရံလျက်ရှိနေကြောင်း မြင်နိုင်ခဲ့သည်။ သူမ၏ယုံကြည်မှုရှိသော အပြုံးကြောင့် သူက ချီးကျုးလိုက်ပြီး ရဲတန်းစီက ပြိုင်ပွဲစတင်ရန် ကြေညာလိုက်သည်။
"ဓားဆွေးနွေးပွဲ စတင်မယ်"
ဓားဆွေးနွေးပွဲ၊ ဓားရှစ်လက်ပွဲတော်နှင့် ဓားအမွေခံကျောက်သည် အခမ်းအနားအစီအစဥ်များ ဖြစ်ကြသော်လည်း ဝူဝူက တီးတိုးအကြောင်းကြားလာသည်။
"ဓားအိမ်တော်က လူတွေ ရောက်မလာသေးဘူး"
"သူတို့က ဒီအခွင့်အရေးကို လက်လျှော့လိုက်ပြီလား"
ထိုအချိန်တွင် ကျင့်ကြံသူဆယ်ယောက်ကျော်ကို ကျောက်ရန်ရန်က ဦးစီးလျက် အေးစက်သော အမူအရာဖြင့် ပွဲကြည့်စင်ထံ ချီတက်လာခဲ့သည်။ ဝူဝူနှင့် ရဲတန်းစီက အကြည့်ချင်းဖလှယ်လိုက်ပြီး အမှတ်ခြောက်ဓားသခင် ရောင်ချင်းချန်၏အစ်မ ရောင်မန်ရှယ်နှင့်ပူးပေါင်းကာ လမ်းပိတ်လိုက်ကြသည်။
"ရပ်စမ်း"
"ကျောက်ရန်ရန် မရိုင်းပြနဲ့"
"ရိုင်းတယ်ဟုတ်လား နင်တို့က အပြင်လူတွေကို ဓားအိမ်တော်နေရာမှာ ထိုင်ခိုင်းထားတဲ့အပြင် ဂိုဏ်းချုပ်ထိုင်ခုံကိုလည်း ပေးထားသေးတယ်။ ဘိုးဘေးတွေကို မျက်နှာပြရဲသေးလား"
"ပါးစပ်ပိတ်ထားစမ်း"
"ခွေးတစ်ကောင်က ဘာနားလည်မှာလဲ။ ဒါက ဓားပင်လယ်ရဲ့ အကြီးအကဲဖန်ဖြစ်ပြီး နင့်အဖေရှိနေရင်တောင် အရိုအသေပေးရလိမ့်မယ်"
"သူသာ ဒီနေရာမှာရှိနေရင် နင်တို့ခွေးသုံးကောင်ရဲ့ ခေါင်းတွေကို အရင်ဖြတ်ပစ်မှာ သေချာတယ်"
ဓားသခင်များသည် အပြင်လူကို ဂိုဏ်းချုပ်နေရာ၌ နေရာချထားပေးသည့်အပြင် ဂိုဏ်းတပည့်များ ဒူးထောက်နေသော မြင်ကွင်းကြောင့် ကျောက်ရန်ရန်မှာ လက်ဝါးမှ သွေးထွက်လာသည်အထိ ဒေါသတကြီး လက်သီးဆုပ်ထားမိသည်။ ဓားအိမ်တော်တပည့်များမှာလည်း ဓားသခင်သုံးယောက်၏ အရှက်ခွဲမှုကြောင့် ဒေါသမီးတောက်လောင်နေကြ၏။ ဓားတောင်ခုနစ်လုံးက ကိုယ်ပိုင်နေရာများရှိသော်လည်း ဓားအိမ်တော်အတွက် နိမ့်ကျသော ပွဲကြည့်စင်နေရာကို အစားသတ်မှတ်ပေးထားသောကြောင့် ဖြစ်သည်။ ဓားရှစ်လက်ပွဲတော်သည် ဂုဏ်သတင်းကြီးမားသော ပွဲတော်ဖြစ်ပြီး အားလုံးက တန်းတူဖြစ်သော်လည်း ယနေ့တွင် ဓားအိမ်တော်မှာ အဆုံးအစွန်အထိ သိမ်ငယ်နေရသည်။
"ဂိုဏ်းချုပ်က သတိလစ်နေတဲ့အတွက် ဓားသခင်ခုနစ်ယောက်က ဒီကိစ္စကို ဆုံးဖြတ်တယ်။ ဆန့်ကျင်ရဲတဲ့သူမှန်သမျှ အသတ်ခံရမယ်"
"ငါပြောတာကို မှတ်မိလား။ ဓားအိမ်တော်ကို ဖျက်သိမ်းပြီး ပြိုင်ပွဲကနှုတ်ထွက်ဖို့ အချိန်မီသေးတယ်နော်။ မဟုတ်ရင် မင်းတို့အသက်ကို ဘယ်သူမှကယ်နိုင်မယ် မထင်နဲ့"
ရဲတန်းစီက အထက်စီးမှခြိမ်းခြောက်၍ ချာခနဲလှည့်ထွက်သွားသကဲ့သို့ ဝူဝူနှင့် ရောင်မန်ရှယ်ကလည်း လှောင်ရယ်သွားကြသည်။
"ရန်ရန် ဒီနေ့မှာ ငါတို့အတွက် ခေါင်းငုံ့နေရုံကလွဲလို့ ရွေးစရာမရှိဘူး။ ဒီအရှက်ကွဲမှုကို သည်းခံလိုက်ရင် ဓားအိမ်တော် ဆက်ပြီးတည်တံ့နေမှာပါ"
အဘိုးချင်က နှစ်သိမ့်လိုက်သော်လည်း သူ၏စကားသံတွင် အမုန်းတရားများ ပါဝင်နေသည်။ ဓားအိမ်တော်၏တပည့်များမှာ အဓိကနေရာမှဖယ်ပေး၍ နှိမ့်ချနေရသော အဖြစ်က လက်ခံနိုင်စရာမရှိချေ။ သို့သော် လူငယ်ရှစ်ယောက်၏အသက်ကို ထည့်သွင်းစဥ်းစားရလျှင် အရှက်ခွဲမှုကို သည်းခံလိုက်ရုံမှလွဲ၍ မရှိပေ။
"ဟုတ်ကဲ့"
ကျောက်ရန်ရန်က နှုတ်ခမ်းကိုကိုက်၍ အံကြိတ်ကာ မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။ သူမက လူအုပ်အတွင်း လှည့်ကြည့်လိုက်သောအခါ အဖြူရောင်ဝတ် ယွမ်ရှောင်နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ သူက နွေးထွေးစွာပြုံးပြနေပြီး ဤရက်စက်လှသော ဂိုဏ်းအတွင်း နွံမနစ်သော ပတ္တမြားပမာ စင်ကြယ်နေသည်။
"ဓားအိမ်တော်ရဲ့ တပည့်ခေါင်းဆောင်က ကြာစိမ်းဓားဝိညာဥ်နဲ့ဆို"
"ငါကြားထားတာကတော့ ဒီကောင်က ဂိုဏ်းချုပ်ရဲ့တပည့် ဖြစ်လာတယ်တဲ့။ ကြယ်တံခွန်အဆင့်နိမ့် ဓားဝိညာဥ်နဲ့ ဘာများလုပ်နိုင်မှာလဲ"
"ဒီကောင်နဲ့တွေ့တာ ဘယ်သူဖြစ်ဖြစ် ချက်ချင်းသတ်ပစ်ကွာ"
"ဒီကောင်က အမှတ်တစ်ဓားတောင်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ကို ကောင်းကင်လမ်းကြောင်းမှာ အနိုင်ကျင့်ခဲ့တယ်လို့ ကြားတယ်။ သူ့ကို အပြစ်ပေးဖို့ ကျန်းရယ်ဆီ ပို့ပေးလိုက်ကြမယ်"
ထိုအချိန်၌အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များ၏ တပည့်များက လှောင်ပြောင်ရယ်မောနေကြပြီး ကျန်ဓားတောင်များမှ တပည့်များသည် နှိမ့်ချစွာဖြင့် ခွဲထွက်သွားကြ၏။
"ဓားရှစ်လက်ပွဲတော်ကို ချက်ချင်းစတင်မယ်"
ဤကြေညာသံကြောင့် တပည့်အားလုံး၏သွေးများ ဆူပွက်လာပြီး အော်ဟစ်အားပေးသံများနှင့်အတူ ပြင်းထန်ရက်စက်သော တိုက်ပွဲများ စတင်လာပေတော့မည်။
"ငါ့စကားကို မှတ်ထားကြ။ စင်မြင့်ပေါ်ကိုရောက်ရင် ဘယ်သူနဲ့ရင်ဆိုင်ရတာဖြစ်ဖြစ် ချက်ချင်းအရှုံးပေးလိုက်ကြ"
"ဟုတ်ကဲ့"
ဓားအိမ်တော်ဘက်တွင် အဘိုးချင်က တပည့်ရှစ်ယောက်ကို အထူးတလည် မှာကြားနေသည်။
"ကလေးတို့ ငါတို့က ဒီပြိုင်ပွဲတွေကြောင့် လူငယ်တွေအများကြီး အသက်ပေးခဲ့ရပြီးပြီ။ မင်းတို့ရှစ်ယောက်သာ ကျန်ရစ်တယ်။ ဒီအဘိုးကြီးက လူငယ်တွေ အသတ်ခံရတာကို ဆက်ပြီးမကြည့်ရက်တော့ဘူးကွယ်"
ဓားအိမ်တော်က မည်သို့ယှဥ်ပြိုင်ပါစေ၊ အောက်ဆုံးအဆင့်ဖြင့်သာ အဆုံးသတ်ခဲ့ရသောကြောင့် အသက်များဆုံးရှူံးရသည်မှာ မထိုက်တန်ပေ။ အရှုံးပေးလိုက်ခြင်းက အနည်းဆုံး အသက်ရှင်နိုင်သော လမ်းစ ရှိပေလိမ့်မည်။
"အထူးသဖြင့် ရှောင်အာ မင်း နားထောင်နေရဲ့လား"
"ဟုတ်ကဲ့ ကျုပ် တိုက်ပွဲတိုင်းကို အနိုင်ယူပေးပါမယ်"
အဆင့်လေး ဓားအမွေခံကျောက်ထံ အာရုံရောက်နေသော ယွမ်ရှောင်က စိတ်ဓာတ်တက်ကြွစွာ ဖြေလိုက်သည်။
"မဟုတ်ဘူး။ ငါက မင်းကို အရှုံးပေးလိုက်ဖို့ ပြောနေတာလေ"
"မစိုးရိမ်ပါနဲ့။ ကျုပ် ပွဲတိုင်း အရှုံးပေးပါ့မယ်"
"ညီလေးယွမ် မင်းက တစ်ခါပဲ အရှုံးပေးလိုက်ရင် ပြိုင်ပွဲက ထွက်ရပြီ"
ချိုက်မြောင်က လက်ကုတ်၍ သတိပေးလိုက်သည်။
"ကျုပ် နားလည်ပါပြီ"
"ကြည့်ရတာ မင်းက ဓားရှစ်လက်ပွဲတော်ရဲ့ စည်းကမ်းတွေကို မသိဘူးထင်တယ်"
"အချိန်တိုင်း လေ့ကျင့်နေရလို့ ဒီစည်းကမ်းတွေကို ဖတ်ချိန်မရှိဘူး"
ယွမ်ရှောင်က ပခုံးတွန့်ပြလိုက်၏။
"နားလည်စရာမလိုပါဘူးကွယ်။ မင်းအရှုံးပေးလိုက်ရင် ရပါပြီ"
အဘိုးချင်က သူ့ကို ဖြောင့်ဖျနေခဲ့ပြီး ဓားအိမ်တော် အမြဲတမ်း ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေခဲ့လေသည်။