← Chapters

ကျန်းရယ်၏ရက်စက်မှု

Vol. 2 Ch. 23

ကျန်းရယ်၏ရက်စက်မှု

Vol. 2 Ch. 23

ဓားရှစ်လက်ပွဲတော် စတင်ကာနီးတွင် ယွမ်ရှောင်သည် ချိုက်မြောင်အနားကပ်၍ စည်းမျဥ်းစည်းကမ်းများကို စုံစမ်းလိုက်သည်။ ဓားရှစ်လက်ပွဲတော်ကို ဓားဆွေးနွေးပွဲနှင့် မဟာတိုက်ပွဲဟူ၍ နှစ်ဆင့်ခွဲခြားထားကာ ပထမအဆင့်တွင် နှစ်ယောက်ချင်း တိုက်ခိုက်ရမည်ဖြစ်သည်။ တပည့်ပေါင်းရှစ်ရာကျော်က အချင်းချင်း တိုက်ခိုက်ရမည်ဖြစ်သော်လည်း အချိန်နာရီဝက်သာ ခွင့်ပြုထားသည်။ ဤအချိန်အတွင်း ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူပြီးလျှင် သူက နောက်ထပ်စင်မြင့်တစ်ခုထံ သွားရောက်ကာ တိုက်ခိုက်ရပေလိမ့်မည်။ အစွမ်းထက်သူများက မြန်ဆန်စွာ အဆင့်တက်နိုင်ပြီး နာရီဝက်အကြာတွင် အမှတ်ကိုမူတည်၍ အဆင့်ခွဲခြားကာ ဆုများ ပေးအပ်သည်။

သန်မာသူများက အစပိုင်းတွင် အမှတ်များများရထားပြီး နဂါးနွေဦးနောက်ပိုင်းအဆင့်က တစ်မှတ်၊ ပြည့်စုံအဆင့်က နှစ်မှတ်၊ အခြေတည်အဆင့်က သုံးမှတ်နှင့် နတ်ပင်လယ်အဆင့်က ငါးမှတ်ဖြစ်သည်။ သို့သော် ယွမ်ရှောင်က ဓားအိမ်တော်၏ခေါင်းဆောင်ဖြစ်သောကြောင့် သူ့ကိုအနိုင်ရလျှင် အပိုဆုအ​ဖြစ် ဆယ်မှတ် ပိုင်ဆိုင်သွားပေလိမ့်မည်။ သူက အမှတ်များများ စုဆောင်းနိုင်လျှင် နောက်ဆုံးအဆင့်တွင် ပထမရယူနိုင်မည်ဖြစ်ကာ ဆုလာဘ်အကြောင်း စုံစမ်းလိုက်သည်။ ချိုက်မြောင်က အသေးစိတ်ရှင်းပြချင်သော်လည်း သူက လက်ကာပြလိုက်ပြီး ပထမဆုကိုသာ မေးမြန်းလိုက်သည်။ ဓားဆွေးနွေးပွဲ၏ပထမဆုက နှစ်တစ်ထောင် နတ်ဆိုးဧကရာဇ်၏အရိုးနှင့် နဂါးနွေဦးဆေးလုံးနှစ်ဆယ် ဖြစ်ပေသည်။

ဓားအိမ်တော်သခင်သည် မြောက်ပိုင်းဖုန်းဆိုးနယ်မြေ၏ နတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ပြီး ဓားဝိညာဥ် ပျက်စီးခဲ့ရသည်ဖြစ်ရာ ဤအရိုးသည် ၎င်း၏ဘိုးဘေးတစ်ယောက်ယောက် ဖြစ်ပေလိမ့်မည်။ ၎င်းက နတ်ပင်လယ်ဆေးလုံးထက်ပင် အဖိုးတန်သောကြောင့် ဓားအိမ်တော်ကို အရှက်ခွဲကာ အမှတ်တစ်ဓားတောင်အတွက် စီစဥ်ထားပုံရသည်။ ဓားဆွေးနွေးပွဲတွင် အသက်အတွက် တိုက်ခိုက်ရပြီး မဟာတိုက်ပွဲ၌ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရပေလိမ့်မည်။ ၎င်းက အဖွဲ့လိုက်တိုက်ပွဲဖြစ်သော်လည်း ဓားအိမ်တော်၏ တပည့်အားလုံးက ဓားဆွေးနွေးပွဲတွင် အရှုံးပေးသွားလျှင် ပါဝင်ခွင့်မရှိပေ။ ထို့ကြောင့် ယွမ်ရှောင်သည် အခြားဓားတောင်၏ တပည့်အဖွဲ့တစ်ခုလုံးနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ဆွံ့အသွားခဲ့သည်။ ကံဆိုးသည်မှာ တိုက်ပွဲကို အစဥ်လိုက် စီစဥ်ထားခြင်းဖြစ်သောကြောင့် ဓားအိမ်တော်သည် အမှတ်တစ်ဓားတောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရပေလိမ့်မည်။

မဟာတိုက်ပွဲတွင် အနိုင်ရသော တောင်ထိပ်သည် လာမည့်နှစ်အတွင်း အရင်းအမြစ်ခွဲတမ်း ပိုမိုရရှိမည့်အပြင် ပို၍အရေးကြီးသော အချက်တစ်ခုလည်း ရှိသည်။ တစ်ချိန်က ဓားအိမ်တော်ပိုင်ဆိုင်ခဲ့ဖူးသော အသူရာဆေးအိုးကို ဆုလာဘ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ချီများကို စုဝေးစေနိုင်သောကြောင့် ပိုင်ဆိုင်သော တောင်ထိပ်သည် ကျင့်ကြံရာ၌ အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ဓားအိမ်တော်၏ရတနာဖြစ်သော်လည်း ၎င်းကို ဂိုဏ်းအကျိုးအတွက် မျှဝေသုံးစွဲခဲ့ပြီး လွန်ခဲ့သော သုံးနှစ်အတွင်း ပိုင်ဆိုင်ခွင့်ရသည့် အမှတ်တစ်ဓားတောင်က လောဘတက်နေခဲ့သည်။ ချိုက်မြောင် ညွှန်ပြသောနေရာတွင် အဆင့်လေး ဓားအမွေခံကျောက်နံဘေး၌ ဧရာမဆေးအိုးကြီးတစ်လုံးရှိနေပြီး ထိပ်တန်းမှော်ရတနာတစ်ခု ဖြစ်သည်။

"ညီလေးယွမ် ဓားဆွေးနွေးပွဲမှာ တိုက်ခိုက်တာ ကိစ္စမရှိပေမယ့် မဟာတိုက်ပွဲကိုတော့ လက်လျှော့လိုက်ပါကွာ"

ချိုက်မြောင်က သက်ပြင်းချ၍ တိုက်တွန်းလိုက်သည်။ ယွမ်ရှောင်က အကြောင်းအရင်းကို မေးလိုက်သောအခါ လွန်ခဲ့သောနှစ်တွင် ကျောက်ရန်ရန်သည် ဓားဆွေးနွေးပွဲ၌ ပထမရခဲ့သော်လည်း မဟာတိုက်ပွဲကို ဆက်လက်ယှဥ်ပြိုင်ခဲ့သည်။ အမှတ်ဓားတောင်မှ တပည့်ပေါင်းတစ်ရာကျော် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး နှစ်ဝက်တိတိ ကုသခဲ့ရကြောင်း သိလိုက်ရသည်။ သူမ၏ လှပသော ခန္ဓာကိုယ်လေးထက်တွင် အရုပ်ဆိုးသော ဒဏ်ရာဒဏ်ချက်များ ရှိနေရသည့် အကြောင်းအရင်းကို ယွမ်ရှောင် နားလည်သွားခဲ့သည်။ သူက သူမအတွက် စိုးရိမ်မှုကို ခံစားလိုက်ရသကဲ့သို့ ရဲစွမ်းသတ္တိကြောင့် လေးစားခဲ့သည်။

ထိုအချိန်၌ အမှတ်များ ခွဲဝေပေးလာသောကြောင့် အလင်းစက်တစ်ခုက ချိုက်မြောင်ထံ ရောက်ရှိလာပြီး ယွမ်ရှောင်ထံ ဆယ်ခု လှည့်ပတ်နေသည်။ သူက တိုက်ပွဲစင်မြင့်သုံးတွင် တိုက်ခိုက်ရန် ကျရောက်ပြီး ချိုက်မြောင်၏စင်အမှတ်က နှစ်ရာ့ငါး ဖြစ်သည်။ ထို့ကြောင့် သူက ပြိုင်ဘက်ကို အနိုင်မယူနိုင်လျှင် လက်လျှော့အရှုံးပေးရန် မှာကြားလိုက်၏။

"ငါက ငါ့အသက်ကို တန်ဖိုးထားပါတယ်ကွာ။ အစွမ်းပြချင်လို့ သူတို့နဲ့သွားတိုက်ခိုက်ရင် အရှက်ကွဲရုံရှိမှာပေါ့။ ငါ အသက်ရှင်ချင်တယ်"

ချိုက်မြောင်က သေရန် ကြောက်ရွံ့နေသောကြောင့် မဟုတ်ဘဲ အစ်ကိုဖြစ်သူ၏ဝိညာဥ်ကို ကယ်တင်ရန် တာဝန်ရှိနေသောကြောင့်ပင်။

"ကျန်းရယ်က အမှတ်သုံးဆယ်တောင် ရထားတာလား။ သူမက တပည့်ခေါင်းဆောင် မဟုတ်ဘူးမလား။ လုံးဝမတရားဘူး။ ဓားသခင်ခုနစ်ယောက်က ဘယ်လိုဆုံးဖြတ်ထားတာလဲ"

"အမှတ်များလေလေ စွန့်စားမှုကြီးလေလေ ဆိုပေမယ့် ဆုလာဘ်ကလည်း များတယ်။ သူမကို အနိုင်ယူနိုင်ရင် နဂါးနွေဦးနောက်ပိုင်းအဆင့် အယောက်သုံးဆယ်ကို နိုင်တာနဲ့ ညီမျှတယ်"

"ဒါပေမယ့် ဘယ်သူက တိုက်ခိုက်ရဲမှာလဲ။ ငါတို့ကိုယ်ငါတို့ သူမလို ပါရမီရှင်မျိုးနဲ့ မနှိုင်းစမ်းပါနဲ့ကွာ"

တပည့်များအကြား၌ မကျေမနပ် ရေရွတ်သံများ ထွက်ပေါ်လာသော်လည်း ကျန်းရယ်သည် ဧကရီတစ်ပါးပမာ ဝံ့ဝံ့ကြွားကြွား တောက်ပနေသည်။

"ငါ့ကို ဘယ်သူ စိန်ခေါ်ရဲလဲ"

သူမက ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်ပြီး ပြုံးနေသော်လည်း မောက်မာမှုကြောင့် အလှတရား ပျောက်ကွယ်နေ၏။

"ဓားဆွေးနွေးပွဲ စတင်မယ်။ တပည့်တွေ သက်ဆိုင်ရာစင်မြင့်ပေါ်ကို တက်ကြ"

ရဲတန်းစီ၏ အမိန့်သံအောက်တွင် လူတိုင်းလှုပ်ရှားလိုက်ကြပြီး ပထမဆုံးပြိုင်ဘက်ကို အနိုင်ယူပြီးသည်နှင့် ကြိုက်ရာပြိုင်ဘက်ကို စိန်ခေါ်နိုင်သောကြောင့်ပင်။ တိုက်ပွဲစည်းကမ်းချက်က ကြမ်းတမ်းရက်စက်၍ သွေးများဆူပွက်စေကာ စစ်ဗုံသံများ တဝုန်းဝုန်း မြည်ဟီးနေသည်။ တိုက်ပွဲစင်မြင့်ပေါင်း လေးရာကျော်ထက်သို့ တပည့်ရှစ်ရာကျော်က အသီးသီးပြေးတက်သွားကာ ချိုက်မြောင်လည်း ပါဝင်သည်။ သူက အသက်ပင်မရှူနိုင်ခင်မှာပင် အေးစက်စက် အကြည့်တစ်ချက် ကျရောက်လာကြောင်း ခံစားလိုက်ရသည်။

"ဓားအိမ်တော်ရဲ့ တပည့်"

ရေခဲပမာ အေးစက်သော အသံကြောင့် သူက ခက်ခဲစွာ မော့ကြည့်လိုက်သောအခါ အေးစက်စက်အရှိန်အဝါ ပိုင်ရှင် ကျန်းရယ်ကို အလင်းစက်သုံးဆယ်နှင့်အတူ မြင်လိုက်ရသည်။

"ကျန်းရယ်ပါလား။ ငါ အရှုံးပေးတယ်"

ရဲတန်းစီက တိုက်ခိုက်ရန် အချက်ပြလိုက်သောအခါ သူက လျှပ်စီးလက်သလို လှုပ်ရှား၍ လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အရှုံးပေးလိုက်၏။

"ဓားအိမ်တော်ရဲ့ခွေးတွေ သေရမယ်"

သို့သော် ကျန်းရယ်က သူမ၏ဓားဝိညာဥ်ကို ဆင့်ခေါ်လိုက်ပြီး ပြေးဝင်လာခဲ့သည်။

"စည်းကမ်းတွေကို ချိုးဖျက်ချင်တာလား"

ချိုက်မြောင်၏ စကားမဆုံးခင်မှာပင် တစ်ဖက်လူ၏ဓားက လည်မျိုထံ ဝင်ရောက်လာသဖြင့် အစွမ်းကုန်ခုခံလိုက်သည်။ သို့သော် ဓားချက်က သူ၏ပခုံးထက်သို့ ကျရောက်သွားကာ တိုက်ပွဲစင်ကြမ်းပြင်ကို နီရဲသွားစေ၍ နာနာကျင်ကျင်အော်သံ ထွက်ပေါ်လာသည်။ သူ၏ညာလက်က သွေးများ ပန်းထွက်နေသောကြောင့် ဆိုးရွားစွာ ပုံပျက်နေသည့်အပြင် ရေခဲလဓားဝိညာဥ်၏ အေးစက်မှုကြောင့် သုံးစားမရအောင် ပျက်စီးသွားခဲ့သည်။

"ငါအရှုံးပေးတာကို ဘာကြောင့် တိုက်ခိုက်ရတာလဲ"

"ခွေးတစ်ကောင်ကို သတ်ဖို့အတွက် အကြောင်းပြချက် မလိုဘူး"

ကျန်းရယ်က မောက်မာစွာဖြင့် စင်အောက်သို့ ခုန်ဆင်းသွားသော ချိုက်မြောက်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူက ထွက်ပြေးနေသော်လည်း ပြိုင်ပွဲ၏အကြီးအကဲများသည် မမြင်ချင်ဟန်ဆောင်၍ လျစ်လျူရှုထားကြ၏။

"အစ်ကို"

ချိုက်မြောင်၏ မျက်နှာက သွေးဆုတ်နေပြီး သူ၏အသက် အချိန်မရွေး အဆုံးသတ်ကာနီးတွင် သူ၏အစ်ကိုပြန်လာလျှင် စောင့်ကြိုနိုင်စွမ်းမရှိမည်ကို စိုးရိမ်နေမိသည်။ သူက မျက်ရည်ဝဲနေပြီး ကံတရား၏ ရက်စက်မှုကို ခါးစည်းခံနေရသည်။

"မင်းရဲ့ ဂိုဏ်းတူအစ်ကိုမြောင်ကို ကျန်းရယ်က လိုက်သတ်နေတယ်"

ယွမ်ရှောင်၏ရင်ဘတ်အတွင်း ရှိနေသော ကြယ်ပြာက သတိပေးလိုက်ခြင်းဖြစ်၏။ သူက ဂိုဏ်းချုပ်၏တပည့်ဖြစ်သည့်အပြင် ဓားအိမ်တော်၌ နွေးထွေးစွာ ကြိုဆိုခဲ့သော ချိုက်မြောင်အား မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။ သူ၏မိတ်ဆွေက အသက်အန္တရာယ် ကျရောက်နေချိန်တွင် လျစ်လျူရှုထားလျှင် ဤဘဝ၌ အဓိပ္ပါယ်ကင်းမဲ့သွားပေလိမ့်မည်။ သူက ဒေါသတကြီးဖြင့် စင်မြင့်ပေါ်မှ ထွက်သွားရန် ပြင်လိုက်စဥ် မီးလောင်ရာလေပင့်လိုက်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ယွမ်ရှောင် မင်းကို ဒီတစ်ခေါက် ချေမွပစ်မယ်"

သူ၏ပြိုင်ဘက်မှာ ဝူကျန်းရန်ဖြစ်နေခဲ့ပြီး အဖိုးတန်ဆေးလုံးများစွာ အသုံးပြုခဲ့သောကြောင့် ဒဏ်ရာများ ပျောက်ကင်းနေသည်။ သူက ယွမ်ရှောင်ကို ပြန်လည်အရှက်ခွဲကာ လက်စားချေရန်အတွက် ကြံစည်ထားသည်။

"မင်း ဘယ်လိုသေမလဲဆိုတာ ကြည့်ထားစမ်း ဟား ဟား"

သူ၏ရယ်သံက ရာနှုန်းပြည့်အောင်နိုင်သူပမာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ယွမ်ရှောင်၏ဒေါသကို ဆီလောင်းထည့်ပေးနေသည်။ ထို့နောက် ရယ်သံက တိခနဲပြတ်တောက်သွားကာ အပြာရောင်အလင်းတစ်ချက် လက်သွား၍ လည်ပင်းမှ သွေးများ ပန်းထွက်လာ၏။ ဝူကျန်းရန်၏ အသက်မဲ့ခန္ဓာကိုယ်ကြီးမှာ မြေပြင်သို့ ရုပ်ပျက်ဆင်းပျက်လဲကျသွားကာ သွေးချင်းချင်းနီနေခဲ့သည်။

"ကျန်းရယ်"

ယွမ်ရှောင်၏အော်သံက မိုးချုန်းသံပမာ ထစ်ချုန်းမြည်ဟီးနေပြီး ဒေါသစိတ်ကြောင့် ကောင်းကင်သင်္ချိုင်းအား ဓားပျံအသွင်ပြောင်းကာ တိုက်ပွဲစင်မြင့်များ အထက်မှ ကျော်ဖြတ်လာခဲ့လေသည်။

All Chapters