← Chapters

ထပ်ကာထပ်ကာ အနိုင်ကျင့်ခြင်း

Vol. 2 Ch. 24က

ထပ်ကာထပ်ကာ အနိုင်ကျင့်ခြင်း

Vol. 2 Ch. 24က

"ကောင်းကင်မှာ ဘယ်သူလဲ"

ရွှင်ပျော်ပျော်ခရီးသည်သိုင်းသည် ယွမ်ရှောင်ကို အပြာရောင်အလင်းပမာ ရွေ့လျားသွားစေပြီး ကောင်းကင်ကို ဖြတ်သန်းကာ ပင်လယ်အတွင်း ကူးခတ်နေသော ငါးတစ်ကောင်ပမာ မြန်ဆန်နေသည်။ သူက စင်မြင့်များကို တရစပ်ကျော်ဖြတ်သွားပြီး သွားလေရာ၌ လေပြင်းများ တိုက်ခတ်လာသဖြင့် တပည့်များ တုန်လှုပ်သွားကြသည်။ ဓားခွင်းသံတရွှီရွှီက သူတို့၏နားအတွင်း အပ်နှင့်ထိုးဆွနေသည့်ပမာ ဆိုးရွားလှပြီး မသက်မသာ ဖြစ်စေသည်။

"လူသတ်သမား လူသတ်နေပါတယ်"

စုဝေးပွဲတောင်ထိပ်၏ အနောက်ဘက်ပိုင်းတွင် ချိုက်မြောင်သည် ညာလက်မှ နာကျင်မှုကို သည်းခံရင်း ကြောက်လန့်တကြား ပြေးလွှားနေသည်။ သေမင်းက သူ၏ကျောဘက်မှ ချဥ်းကပ်လာနေသဖြင့် ကြောက်ဒူးတုန်နေပြီး သတိလက်လွတ်ဖြစ်နေစဥ် ဓားချင်းထိခတ်သံ တချွင်ချွင်ကို ကြားလိုက်သည်။ ပြင်းထန်သော ချီစွမ်းအင်လှိုင်းများက သူ့ကို အဖျားခတ်သွားသဖြင့် လွင့်သွားကာ မြေပြင်၌ လေးငါးပတ်မျှ လိမ့်ထွက်သွား၏။

"ဘယ်သူလဲ"

သူက အနောက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ကာကွယ်ပေးခဲ့သူ၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ၎င်းက အပြာရောင် ဓားတစ်လက်ဖြစ်ပြီး လေမုန်တိုင်းပမာ တဝီဝီလည်ပတ်၍ သာမန်ဓားဝိညာဥ်များနှင့် ခြားနားစွာ ရှေးဆန်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

"ညီလေးယွမ် မင်း ငါ့အသက်ကို ကယ်လိုက်တယ်"

သူက ပျော်ရွှင်စွာ ကျေးဇူးတင်လိုက်ပြီး တစ်ဖက်လူသည် စုဝေးပွဲတောင်ထိပ်တစ်ခုလုံးကို ဖြတ်သန်း၍ လာရောက်ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

"မြန်မြန်ထပြီး ဒဏ်ရာတွေကို ကုသလိုက်"

ချိုက်မြောင်၏ဒဏ်ရာများမှာ အရိုးထိ နက်ရှိုင်းသောကြောင့် ကျန်းရယ် မည်မျှရက်စက်ကြောင်း သိသာနေသည်။ အလျင်အမြန် ကုသခြင်းမရှိလျှင် တစ်သက်လုံး လက်ကို အသုံးမပြုနိုင်သည်အထိ ဆိုးရွားနိုင်သည်။

"ဒီမိန်းမနဲ့ မတိုက်ခိုက်နဲ့။ သူမရဲ့အစွမ်းက အသူရာဓားဂိုဏ်းတပည့်တွေထက် သာလွန်နေပြီ"

ချိုက်မြောင်က ဒေါသထွက်နေသော်လည်း ယွမ်ရှောင်ကို စိုးရိမ်စွာ တားမြစ်လိုက်သည်။

"ကျုပ်က ကြောက်နေမယ် ထင်လို့လား"

ယွမ်ရှောင်၏မျက်လုံးအတွင်း မီးဝင်းဝင်းတောက်နေသည်ကို မြင်လိုက်ရသောအခါ ရောင်ချင်းချန်နှင့် ဝမ်ဖုန်းကို သတ်ဖြတ်ခဲ့သော မြင်ကွင်းအား ချိုက်မြောင်တစ်ယောက် သတိရလိုက်သည်။

"ယွမ်ရှောင် နင် ငါ့ကို အရှက်ခွဲခဲ့တာကို ဆယ်ဆပြန်ပေးဆပ်စေရမယ်လို့ ငါ ပြောခဲ့တယ်။ နင်ပုန်းနေမယ်ဆိုရင် ဒီကောင်ထက် ပိုပြီးအသက်ရှည်ဦးမယ်။ နင့်ကိုယ်နင် ဂိုဏ်းချုပ်ရဲ့တပည့် ဖြစ်လာတယ်ဆိုပြီး ငါနဲ့ယှဥ်နိုင်မယ် ထင်နေတာလား။ အိပ်မက်မက်မနေနဲ့၊ တစ်သက်လုံးမှာ တစ်ခါအနိုင်ရလိုက်တာက နင့်အတွက် ကံကောင်းမှုကြီးပဲ။ ဒီနေရာမှာ သေခြင်းရှင်ခြင်းကို တားမြစ်မထားမှတော့ နင့်အဆင့်အတန်းက ငါ့ဓားကို တားဆီးနိုင်မယ် မထင်ဘူး"

ကျန်းရယ်၏အသံက ရေခဲပမာ အေးစက်နေပြီး ဓားဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်လိုက်သည်။ ဂိုဏ်းအတွင်း ကျော်ကြားမှုကြောင့် သူမက ကိုယ့်ကိုကိုယ် နတ်ဘုရားပမာ သွေးနားထင်ရောက်နေခဲ့ပြီး တစ်ဖက်လူကြောင့် အရှက်ကွဲခဲ့ရသည်ကို မမေ့နိုင်ပေ။ သူမ၏စကားမဆုံးခင်မှာပင် ယွမ်ရှောင်က တိုက်ပွဲစင်မြင့်ထက်သို့ အေးစက်စက် တက်လှမ်းသွားကာ မထီမဲ့မြင်ရပ်နေခဲ့၏။ ဤမြင်ကွင်းသည် များစွာသော မျက်လုံးများကို ဆွဲဆောင်သွားခဲ့ပြီး အမှတ်ခုနစ်ဓားသခင် ကျန်းကျန့်နှင့် အကြီးအကဲ ယုရှန်ကျောက်လည်း ပါဝင်သည်။

"ဒါက ယွမ်ရှောင်လား"

"ဟုတ်ပါတယ်"

"ကျန်းရယ်ရဲ့အစွမ်းကို မင်း မြင်လိုက်တယ်မလား။ ဘာကြောင့် သူမကိုဆန့်ကျင်ပြီး ယွမ်ရှောင်ကို ကာကွယ်ပေးခဲ့တာလဲ"

"သူမက ဒီလောက်အစွမ်းထက်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ဒါပေမယ့် စိတ်ချပါ ဓားသခင်။ ကျုပ်က ရောင်ချင်းချန်နဲ့ ဆက်သွယ်ပြီး ကျန်းရယ်ကို တောင်းပန်ပြီးပါပြီ"

ယုရှန်ကျောက်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။

"နောက်တစ်ခါကျရင် မင်းအနေနဲ့ အမြင်ကျယ်ကျယ်ထားဖို့ လိုနေပြီ"

ကျန်းကျန့်က စိတ်ပျက်စွာ သတိပေးလိုက်သည်။

"ယွမ်ရှောင် ကြောက်လွန်းလို့ စကားမပြောနိုင်တော့ဘူးလား။ ငါက နတ်ပင်လယ်အဆင့်ကို ရောက်နေပြီး ဓားအော်ရာခုနစ်ခု ပိုင်ဆိုင်နေပြီ။ နောင်တရနေပြီလား။ နင့်ကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ရှေ့မှာ ဒူးထောက်ပြီး ရှိခိုးစမ်း။ ပြီးရင် ဂိုဏ်းချုပ်ရဲ့တပည့်က ခွေးတစ်ကောင်ဖြစ်တယ်လို့ အော်မယ်ဆိုရင် အသက်ချမ်းသာပေးမယ်"

တိုက်ပွဲစင်မြင့်ထက်တွင် ကျန်းရယ်သည် ရေခဲလဓားကို ဓားရှည်အသွင်ပြောင်းကာ အထက်စီးမှ လှောင်ပြောင်လိုက်သည်။ အမှတ်တစ်ဓားတောင်၏ မြှောက်ပင့်ဖားယားမှုကြောင့် သူမ၏မာနက မိုးထိုးမတတ် မြင့်မားနေကာ အကြီးအကဲဖန်၏ အာရုံစိုက်ခြင်းခံရစေရန် ပြုမူနေခြင်းဖြစ်သည်။ ဓားအိမ်တော်နှင့် အမှတ်တစ်ဓားတောင်အကြားတွင် ပြဿနာတက်နေသဖြင့် ဂိုဏ်းချုပ်၏တပည့်ကို ဒူးထောက်စေနိုင်ခဲ့လျှင် ကျန်တပည့်များ ကိုးကွယ်လာမည်ဟု စိတ်ကူးယဥ်နေခဲ့သည်။

"ဒီကောင်က အသွားပြီလား ဟား ဟား"

တပည့်များအကြားမှ ရယ်သံများ ထွက်ပေါ်လာကာ ယွမ်ရှောင်ကို အပြင်းအထန် လှောင်ပြောင်ရင်း အခြေအနေကို ပိုမိုဆိုးရွားစေသည်။

"ဒူးထောက်မလား သေမလား"

ကျန်းရယ်က စိတ်မရှည်တော့သဖြင့် ဓားကိုမြှောက်၍ အော်ရာခုနစ်ခု ထုတ်ဖော်လိုက်သောအခါ ပတ်ဝန်းကျင်အပူချိန် လျော့ကျလာပြီး ယွမ်ရှောင်၏ ဝတ်ရုံထက်တွင် ရေခဲစများ ကပ်တွယ်လာသည်။ သူမ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုရှိနေပြီး တစ်ဖက်လူက သေချာပေါက် ဒူးထောက်တောင်းပန်မည်ဟု အထင်မှားနေခဲ့သည်။

"ကျီးကန်းတစ်ကောင်က ဘယ်တော့မှ ဖီးနစ် ဖြစ်မလာနိုင်ဘူး"

ထိုအချိန်၌ ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး ကြောက်စိတ်ကင်းမဲ့နေသောကြောင့် ကျန်းရယ်မှာ ဒေါသထွက်လာသည့်အပြင် တုန်လှုပ်သွားခဲ့သည်။ သူမ၏အမြင်၌ ဤလူငယ်နှင့် ဘုရင်ယွမ်ရှောင်၏ အကြည့်များက တူညီနေသဖြင့် ရင်ထိတ်သွားကာ စိတ်ထဲ၌ ဖိအားများ ခံစားလာရသည်။

"နင် သေရမယ်"

သေရွာပြန်လာသူ မရှိနိုင်ဟု ကိုယ့်ကိုကိုယ်အားပေးလိုက်သော်လည်း သူမက ကြောက်ရွံ့စပြုလာသည်။ သူမက နတ်ပင်လယ်အဆင့်ဖြစ်၍ အမှတ်တစ်ဓားတောင်၏ အထူးတပည့်ဖြစ်ကြောင်း စိတ်တင်းထားလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။ သူမ၏ကြုံးဝါးသံနှင့်အတူ ချီစွမ်းအင်လှိုင်းများ ပြန့်ထွက်လာကာ ရောင်ချင်းချန်အောက် မနိမ့်ပေ။ သူမက ရေခဲဓားသိုင်းကို ထုတ်ဖော်လိုက်သောအခါ ဓားအလင်းတန်းများသည် ရေခဲမြစ်များပမာ ယွမ်ရှောင်အား ဖုံးလွှမ်းသွားခဲ့သည်။

"ဓားအော်ရာကိုးခု။ ဓားအိမ်တော်က အဆင့်နိမ့်ကြယ်တံခွန် ဓားဝိညာဥ်အပေါ်မှာ ဒီလောက်ရင်းနှီးထားတာ ဘာကြောင့်လဲ"

သို့သော် ယွမ်ရှောင်၏ ကောင်းကင်သင်္ချိူင်းကို မြင်လိုက်ရသောအခါ သူမက မျက်မှောင်ကြုတ်၍ စဥ်းစားမိခဲ့လေသည်။

All Chapters