ဓားနှလုံးသား
Vol. 2 Ch. 25
"မဖြစ်နိုင်ဘူး။ နဂါးနွေဦးအဆင့်က နတ်ပင်လယ်အဆင့်ကို အနိုင်ယူလိုက်တာလား"
ပွဲကြည့်စင်မြင့်ထက်တွင် ယွမ်ရှောင်၏အစွမ်းကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားပြီး တိုက်ပွဲကို ကြီးကြပ်ရသော အကြီးအကဲများသည်လည်း မျက်လုံးကို မယုံနိုင်ဟန်ဖြင့် ပွတ်သပ်လိုက်မိသည်။ ကျန်းရယ်က ဤမျှလျင်မြန်စွာ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။ လက်ရှိတွင် သူမက ယွမ်ရှောင်၏လက်ထဲတွင် ကြက်တစ်ကောင်ပမာ ရိုက်နှက်ခံနေရပြီး အကာအကွယ်မဲ့နေသည်ဖြစ်ရာ ရဲတန်းစီ၏ဒေါသမှာ ဝုန်းခနဲ ထွက်ပေါ်လာသည်။
"အစ်ကိုရဲ ကျုပ် ကိုင်တွယ်လိုက်မယ်"
သူက ထိုင်ခုံလက်ရန်းကို ဘန်းခနဲရိုက်ချလိုက်သောအခါ အလိုက်သိသော ဝူဝူက ရှေ့တက်လာခဲ့သည်။ သူ၏သားဖြစ်သူ ဝူကျန်းရန်မှာ ယွမ်ရှောင်လက်ချက်ဖြင့် ရက်စက်စွာ အသတ်ခံလိုက်ရသောကြောင့် သူကိုယ်တိုင်လည်း ဒေါသထွက်နေသည်။ သူ၏ကျင့်စဥ် ခွန်အားနှင့် ဒေါသကြောင့် သွေးကြောများ ဖောင်းကားနေပြီး မျက်နှာမှာ သူရဲသဘက်တစ်ကောင်အလား အရုပ်ဆိုးနေသည်။ အကြီးအကဲဖန်ရှေ့မှောက်တွင် အရှက်ကွဲသွားသောကြောင့် ရဲတန်းစီမှာ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားရပြီး တပည့်တစ်ယောက်ကို ဝင်ရောက်တိုက်ခိုက်လျှင် ပို၍အရှက်ရပေလိမ့်မည်။
"ကောင်းပြီ။ ဒီခြိမ်းခြောက်မှုကို ချက်ချင်းရှင်းပစ်လိုက်"
သူ၏မျက်လုံးများက အဆိပ်ရှိ မြွေတစ်ကောင်ပမာ ကျဥ်းမြောင်းသွားကာ အမိန့်ပေးလိုက်သည်။
"ဝူဝူ ကျန်းရယ် လုံခြုံရေးကိုလည်း ဂရုစိုက်ဦး"
ရောင်မန်ရှယ်က သတိပေးလိုက်ပြီး ဝူဝူ၏အသွင်အပြင်မှာ ဒေါသကြောင့် အရာရာကို လုပ်မည့်ပုံပေါက်နေသည်။ သူက အမှတ်သုံးဓားတောင်၏ အကြီးအကဲများနှင့်အတူ ပြိုင်ပွဲစင်များထံ ချီတက်လာခဲ့ပြီး ကြီးကြပ်သူများမှာ ရုတ်တရက်ဆန်လွန်းသော အဖြစ်ကြောင့် ကျန်းရယ် ဒုက္ခရောက်သွားသည်ကို ကိုင်တွယ်ရန် အချိန်မမီခဲ့ပေ။ သူမ၏အသက်က အဖိုးတန်သောကြောင့် ဝူဝူက ထိခိုက်စေခဲ့လျှင် အကျိုးဆက်က ပြင်းထန်ပေလိမ့်မည်။
"ခွေးကောင် မင်းက ငါ့သားကိုသတ်ပြီး ကျန်းရယ်ကို နှိပ်စက်ရဲတယ်ပေါ့။ အသက်ဆက်မရှင်ချင်တော့ဘူးလား"
"အမှတ်သုံးဓားသခင် ရောက်လာပြီ"
ဝူဝူက ပြိုင်ပွဲစင်များထံ ရောက်လာသောကြောင့် တိုက်ခိုက်နေသော တပည့်များမှာ တုန်ရီသွားကြသည်။ သူ၏ရည်ရွယ်ချက်မှာ ရှင်းလင်းပြီး ဓားဝိညာဥ်ကို ဆွဲထုတ်လိုက်သည်နှင့် ယွမ်ရှောင်၏အသက်ကို နှုတ်ယူပေလိမ့်မည်။ ပရိသတ်များသည် ဓားဆွေးနွေးပွဲတွင် ဓားသခင်တစ်ယောက်က တပည့်တစ်ယောက်ကို သတ်ဖြတ်လိုစိတ်ဖြင့် ရန်စောင်နေသောအဖြစ်ကြောင့် ကြောက်လန့်ကုန်သည်။ ထိုအချိန်၌ ကျောက်ရန်ရန်၏ အနက်ရောင်ပုံရိပ်က နတ်မိမယ်ပမာ လှပစွာဖြင့် ဝူဝူကို လမ်းပိတ်ထားခဲ့သည်။
"ဓားဆွေးနွေးပွဲရဲ့ အနိုင်ရသူ ဂိုဏ်းတူအစ်မကျောက်ပါလား"
သူမ၏အနောက်ဘက်တွင် ဓားအိမ်တော်၏ကျင့်ကြံသူများ စုဝေးနေကာ ဂိုဏ်း၏သိက္ခာကို ကာကွယ်ရန်အတွက် မားမားမတ်မတ်ရှိနေကြသည်။
"ထွက်သွားစမ်း"
"ထွက်သွားရမှာက နင် မဟုတ်ဘူးလား"
ဝူဝူက စူးစူးရဲရဲစိုက်ကြည့်၍ အဆင့်အတန်းအားကိုးဖြင့် မောင်းထုတ်လိုက်သော်လည်း အေးစက်စက် တုံ့ပြန်ခံလိုက်ရသည်။
"တပည့်တစ်ယောက်က အကြီးအကဲတွေကို မလေးမစား လုပ်ရဲသလား။ ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးမယ်"
"ငါက လက်ရှိမှာ ဓားအိမ်တော်ခေါင်းဆောင်ပဲ။ ဓားဆွေးနွေးပွဲကျင်းပနေတုန်းမှာ ဓားသခင်တစ်ယောက်က ကျူးကျော်လာတယ်။ နင်က ဘာတွေကြံစည်နေတာလဲ။ ဒီနေ့ အရေးကြီးဧည့်သည်တွေ ရောက်နေတာတောင် အသူရာဓားဂိုဏ်းရဲ့ သိက္ခာကို ထိခိုက်ချင်နေတာလား။ ဝူဝူ နင့်လူတွေကိုခေါ်ပြီး အရှက်ရစရာတွေမဖြစ်ခင် ထွက်သွားစမ်း"
ကျောက်ရန်ရန်က ချက်ကျလက်ကျ ပြန်ပြောလိုက်သောကြောင့် ဝူဝူကို ခဏတာ ဆွံ့အသွားစေသည်။
"ငါက ဓားရှစ်လက်အစည်းအဝေးရဲ့ ဒုခေါင်းဆောင်ပဲ။ ဒီနေ့ အကြမ်းဖက်မှုတစ်ခုရှိနေလို့ ဖမ်းဆီးမယ်။ ငါ့ကို တားမြစ်ရင် မင်းတို့အားလုံး အဖမ်းခံရမယ်"
"ဒါဆိုရင် ယွမ်ရှောင်က ဘယ်လိုအကြမ်းဖက်နေလို့လဲ ပြောစမ်းပါဦး"
"ဒီကောင်က ငါ့သားကို သတ်ခဲ့တယ်"
"ဟား ဟား ဓားအိမ်တော်တပည့်တွေ ဒီတိုက်ပွဲစင်မြင့်ပေါ်မှာ သေခဲ့တာ အများကြီးပဲ။ ဝူကျန်းရန်က အခြားသူတွေကိုသတ်နိုင်ပြီး သူ့ကိုတော့ သတ်လို့မရဘူးလား။ နင်ပြောသလို ညံ့ဖျင်းတဲ့သူက သေဖို့ ထိုက်တန်တယ်ဆိုရင် ဒီခွေးကောင်ကရော မထိုက်တန်ဘူးလား။ ဓားဆွေးနွေးပွဲမှာ အသတ်ခံရတာတောင် သူ့အတွက် ဂုဏ်ယူစရာဖြစ်နေပြီ။ အရှုံးကို လက်မခံနိုင်ရင် ဝင်မပြိုင်နဲ့လေ"
ကျောက်ရန်ရန်၏ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်နေသော်လည်း ဒေါသကြောင့် မျက်လုံးများ သွေးရောင်တောက်ပနေသည်။
"ကျန်းရယ်က အရှုံးပေးနေတာကိုတောင် ယွမ်ရှောင်က ဘာကြောင့် နှိပ်စက်နေရတာလဲ။ သူက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်လို့ အပြစ်ပေးခံရမယ်"
ဝူဝူက တိုက်ခိုက်ရန် နောက်ထပ်အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
"ချိုက်မြောင် အရှုံးပေးနေတာကို ဒီခွေးမလိုက်သတ်နေတုန်းက နင်တို့ ဘယ်ရောက်နေတာလဲ"
ကျောက်ရန်ရန်၏အကြည့်ကို ဓားသခင်တစ်ယောက်ဖြစ်သော ဝူဝူက ရင်မဆိုင်ရဲသော်လည်း ကျန်းရယ်၏အသက်ဘေးကြောင့် မျက်နှာပြောင်တိုက် ဆင်ခြေပေးနေခဲ့သည်။
"ကျန်းရယ်က ဂိုဏ်းစည်းကမ်းကို ချိုးဖျက်ခဲ့ရင်တောင် ချိုက်မြောက် မသေဘူးမလား။ လောလောဆယ်မှာ ဂိုဏ်းစည်းကမ်းကို ချိုးဖျက်နေတာက ယွမ်ရှောင်ပဲ"
"ဒါဆိုရင် ကျန်းရယ်ရဲ့အပြစ်အတွက် ဘယ်လိုပြစ်ဒဏ်ပေးမှာလဲ"
"ဒါက မင်းကိစ္စ မဟုတ်ဘူး"
"ဧည့်သည်တွေရှေ့မှောက်မှာ တပည့်တစ်ယောက်ကို မျက်နှာလိုက်ပြီး စီရင်ချင်နေတာလား"
ကျောက်ရန်ရန်၏စကားသံက ဓားတစ်လက်ပမာ ထက်ရှနေသည်။
"ဘေးဆယ်စမ်း။ မဟုတ်ရင် သူနဲ့အတူ အကျိုးဆက်ကို ရင်ဆိုင်ရမယ်"
ဝူဝူက စိတ်မရှည်တော့သဖြင့် အတင်းအကြပ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
"တိုက်ပွဲစင်မြင့်ပေါ်မှာ တပည့်အချင်းချင်း မျှမျှတတတိုက်ခိုက်တာက ဂိုဏ်းစည်းကမ်းဖောက်တာလား။ ဒီခွေးမက အရှုံးပေးတယ်ဆိုရင် စင်ပေါ်က ဆင်းသွားလေ။ မောင်လေးယွမ်က ဘာလုပ်နေလို့လဲ"
ကျောက်ရန်ရန်က ရပ်မြဲအတိုင်းရပ်နေပြီး မေးလိုက်ခြင်းဖြစ်သည်။
"မင်း"
ကျန်းရယ်၏ ခြေထောက်နှစ်ဖက်မှာ ဓားဖြင့် ခုတ်ပိုင်းခံထားရသောကြောင့် စင်အောက်သို့ ကိုယ်တိုင်ဆင်းသွားရန် မဖြစ်နိုင်ပေ။
"ဒါဆိုရင် ငါကိုယ်တိုင် သူမကို သွားခေါ်မယ်"
"ရောက်တဲ့နေရာမှာ ရပ်နေစမ်း။ ဓားသခင်တစ်ယောက်က ကိုယ်ရေးကိုယ်တာရန်ငြှိုးကြောင့် တပည့်တစ်ယောက်ကိုသတ်ဖို့ ကြံစည်နေတာလား"
ကျောက်ရန်ရန်က တိုက်ခိုက်ရန် အနေအထားပြောင်းလဲလိုက်ပြီး လေးနက်စွာ သတိပေးလိုက်၏။
"နှုတ်သီးကောင်းလျှာပါး လုပ်မနေနဲ့။ မင်းက ငါ့ကို တားနိုင်မှာလား။ ဘေးဖယ်စမ်း"
ဝူဝူက လှောင်ရယ်လိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ သူမကိုကျော်ဖြတ်၍ စင်မြင့်ထံ ခြေလှမ်းပြင်လိုက်သည်။
"ရပ်စမ်း"
အေးစက်စက် လူသတ်လိုစိတ်တစ်ခု ထွက်ပေါ်လာပြီး သူ့ကို အရိုးအထိ ကြောက်စိတ်ဝင်လာစေကာ နိမိတ်မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာ၏။ ကျောက်ရန်ရန်က အေးစက်စက်ကြည့်နေပြီး လက်ဝါးအတွင်း၌ ဓားပုံစံငယ်တစ်ခုရှိနေတာ အရိုးဖြူရောင် လင်းလက်နေပြီး ဓားဝိညာဥ်တစ်ခုနှင့် ဆင်တူသော်လည်း အရှိန်အဝါချင်း ကွဲပြားနေသည်။
"ဓားနှလုံးသား"
ဝူဝူက ကျောရိုးတလျှောက် ကြောက်စိတ်များ စိမ့်တက်လာပြီး မျက်နှာ၌ သွေးရောင်ပျောက်သွားကာ ချွေးစို့လာခဲ့လေသည်။