ရောင်မန်ရှယ်၏ ဒေါသ
Vol. 2 Ch. 26က
ဓားနှလုံးသားသည် ဓားသမားတစ်ယောက်က သေကာနီးဆဲဆဲတွင် ရိုးတွင်းခြင်ဆီနှင့် ဓားဝိညာဥ်ကို ပေါင်းစပ်၍ သန့်စင်ထားခြင်းဖြစ်သည်။ ၎င်းသည် ပိုင်ရှင်၏ နောက်ဆုံးသော ခွန်အားကို ထိန်းသိမ်းထားကာ မျိုးဆက်သစ်များအတွက် ရတနာအဖြစ် တစ်ကြိမ် အသုံးပြုနိုင်သည်။ ထို့ကြောင့် ပရိသတ်များမှာ မင်သက်သွားကြပြီး ငယ်ရွယ်သူများက သေချာမသိသော်လည်း အသက်ကြီးရင့်သူများက ရှင်းပြလိုက်ကြသည်။ ၎င်းသည် အကြီးအကဲများ၏ လူငယ်မျိုးဆက်အပေါ် ချန်ထားရစ်သော အမွေတစ်ခုဖြစ်ကာ ဖန်တီးရန်အတွက် အလွန်အမင်းနာကျင်ရသည်။
"ဒါ...ဒါက ဘယ်သူ့ဟာလဲ"
ကျောက်ရန်ရန်၏ လက်တွင် ဓားနှလုံးသားတစ်ခု အမှန်တကယ် ရှိနေသောကြောင့် ဝူဝူ၏စကားသံက တုန်ရီနေသည်။
"အဘိုး"
သူမက ဘိုးဘေးဖြစ်သူ၏ အမွေအနှစ်ကို အသုံးမပြုချင်သော်လည်း အခြေအနေကြောင့် မဖြစ်မနေ ရွေးချယ်ရပေလိမ့်မည်။ ဓားနှလုံးသားသည် အဘိုးဖြစ်သူ၏ စွန့်လွှတ်မှုနှင့် ချစ်ခြင်းမေတ္တာ၏ပြယုဂ် ဖြစ်နေသည်။ ၎င်းက ဂိုဏ်းချုပ်ဟောင်း၏ ဓားနှလုံးသားဖြစ်သောကြောင့် အချိန်ကြာမြင့်နေရာ စွမ်းအားနည်းပါးနိုင်သော်လည်း ဝူဝူအနေဖြင့် စွန့်စားရဲခြင်းမရှိပေ။ သူ၏သတ္တိက အဘိုးကျောက်၏ ရတနာရှေ့မှောက်တွင် ပျောက်ကွယ်သွားကာ ဖြေရှင်းနည်းတစ်ခုကို အလျင်အမြန် စဥ်းစားလိုက်ရသည်။
"ကောင်းပြီ။ ဒီပြဿနာမှာ ငါ ဝင်မပါတော့ဘူး။ ကျန်းရယ်ကို အခြားလူတွေသွားခေါ်ရင် အဆင်ပြေတယ်မလား"
"ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ မောင်လေးယွမ်ကို တစ်ယောက်ယောက်က အန္တရာယ်ပြုရဲရင် နင့်ကို အရင်ဆုံး သတ်မယ်"
"ဒါဆိုရင် မင်းက ဘာဖြစ်ချင်နေတာလဲ"
"ဓားဆွေးနွေးပွဲကို ပုံမှန်အတိုင်း ဆက်လုပ်။ မောင်လေးယွမ်ကို အနိုင်ယူနိုင်ရင် ကျန်းရယ်ကို ကယ်ကြပေါ့။ ဘာပြောစရာရှိလဲ ဝူဝူ။ နင်တို့ဓားတောင်တွေရဲ့ တပည့်တွေက အမှိုက်တွေထင်တယ်။ အရင်နှစ်ကလည်း တစ်ယောက်မှ ငါ့ကို မတားဆီးနိုင်ခဲ့ကြဘူး။ ဒါကြောင့် မျှမျှတတတိုက်ခိုက်ဖို့ သတ္တိ မရှိတော့တာလား"
ကျောက်ရန်ရန်က အထက်စီးသို့ ရောက်နေသောကြောင့် ရာဇသံပေးလိုက်ပြီး အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များမှ တပည့်များအပေါ် အထင်သေးနေသောကြောင့် ပရိသတ်တစ်ဝက်ခန့်ကို ဒေါသထွက်စေသည်။
"ကောင်းပြီ။ ဒါဆိုရင် ဓားဆွေးနွေးပွဲ ဆက်လက်ကျင်းပမယ်။ ယွမ်ရှောင်ကို အနိုင်ယူနိုင်ရင် ကျန်းရယ်ကို ကယ်တင်နိုင်မယ်။ ယွမ်ရှောင် မင်း ကျန်းရယ်ကို နောက်ထပ်ဒုက္ခပေးရဲရင် ဘယ်သူမှကယ်နိုင်မှာ မဟုတ်ဘူး"
ဝူဝူက ဒေါသထွက်နေသော်လည်း ရွေးချယ်စရာမရှိသောကြောင့် တပည့်များကို ညွှန်ကြားလိုက်ပြီး ယွမ်ရှောင်ဘက်လှည့်ကာ အေးစက်စက် အာဏာပြလိုက်၏။ ကျောက်ရန်ရန်နှင့် ယွမ်ရှောင်က အကြည့်ချင်းဖလှယ်လိုက်ပြီး ထိုအချိန်၌ သူသည် ရာချီသော တပည့်များကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း ယုံကြည်မှုအပြည့် ရှိနေသည်။
"အမှိုက်နှစ်ကောင်တော့ သေပြီ။ ဘယ်သူ လာချင်သေးလဲ"
ယွမ်ရှောင်က သူမထက် ပို၍မောက်မာသော လေသံဖြင့် စိန်ခေါ်လိုက်သည်။ ဤသတ္တိမျိုးက အသူရာဓားဂိုဏ်းတစ်ခွင် ပဲ့တင်ထပ်သွားကာ အစွမ်းထက်သော ဓားသမားတစ်ယောက်၏ဟန်ပန်ဖြင့် လောကကြီးကို ဆန့်ကျင်ရန် ပြင်ဆင်ထား၏။ ပွဲကြည့်စင်မြင့်ထက်တွင် ရဲတန်းစီသည် ဒေါသကြောင့် မျက်နှာပျက်နေသော်လည်း ဧည်သည့်များရှေ့မှောက်တွင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းနေရသည်။
"ဒီကောင်က တကယ့်ပြဿနာအိုးပဲ။ ကံကောင်းတာက အမှတ်ခုနစ် ဓားတောင်ကို ရောက်မလာလို့"
ယုရှန်ကျောက်က မှတ်ချက်ပေးလိုက်သည်။
"သူနဲ့ ဓားအိမ်တော်က လိုက်ဖက်ပါတယ်။ နှစ်ဖက်လုံးက ချောက်ကမ်းပါးအစွန်းကို ရောက်နေကြပြီ"
ကျန်းကျန့်က လှောင်ပြောင်လိုက်သည်။
"အမှတ်သုံးဓားသခင်က ဒီကိစ္စကို လွှတ်ပေးလိုက်မယ် ထင်လား။ လူမြင်ကွင်းမှာ အရှက်ကွဲသွားတော့ သူ့ဒေါသနဲ့ဆိုရင် တစ်ခုခု လုပ်လောက်တယ်"
"ဝူဝူက ဂိုဏ်းအပြင်ဘက်မှာ လုပ်ကြံသူတွေနဲ့ အဆက်အသွယ်ရှိလို့ ငါ တစ်ခါကြားဖူးတယ်။ ဓားအိမ်တော်သာ သတိမထားရင် သေချာပေါက် အဆုံးသတ်ပြီ"
"ယွမ်ရှောင်လည်း မြန်မြန်သေမှဖြစ်မယ်။ မဟုတ်ရင် ကောင်းကင်လမ်းကြောင်းမှာ သူ့ကို ကျုပ် ကာကွယ်ပေးခဲ့မိလို့ ဒုက္ခရောက်နိုင်တယ်"
ယုရှန်ကျောက်က နောင်တရနေပုံပေါ်ပြီး မသက်မသာ ဖြစ်နေခဲ့သည်။
"ဒီလူငယ်လေးက ရဲကုရင်လိုမျိုး အစွမ်းထက်လာနိုင်လား"
"သူ့ကြည့်ရတာ ယုံကြည်မှုရှိပုံပဲ"
ပွဲကြည့်စင်ထက်တွင် ရတနာစံအိမ်မှ ချန်ခွန်းနှင့် အမှတ်နှစ်ဓားသခင် ရှန်ကွမ်းယုတို့ ခပ်တိုးတိုး ဆွေးနွေးနေခြင်းဖြစ်သည်။ လက်ရှိတွင် ယွမ်ရှောင်၏ တိုက်ပွဲစင်မြင့်သည် လူတိုင်း၏အာရုံကို ဆွဲဆောင်ထားပြီး သူ့ကို ရင်ဆိုင်ရန်အတွက် တပည့်များ ရှေ့ထွက်လာကြသည်။ နောက်ဆုံးတွင် အပြာရောင် ဝတ်ဆင်ထားသော ဓားသခင်၏ တပည့်တစ်ယောက်ဖြစ်သည့် လန်ရှောင်းက အမှတ်တစ်ဓားတောင်ကိုယ်စား တိုက်ခိုက်ချင်ခဲ့သည်။
"ဆရာတူအစ်မလန် ငါ့ကို ကယ်ပါဦး"
ကျန်းရယ်သည် မျက်ရည်ဝဲနေရင်း သူမကို မြင်သောအခါ အော်ဟစ်အကူအညီတောင်းလိုက်ပြီး မျက်နှာမှ ဒဏ်ရာများထံ မျက်ရည်ကျသွားသောအခါ နာကျင်လွန်းသဖြင့် ရှုံ့တွနေ၏။
"မစိုးရိမ်နဲ့ ညီမလေး။ မင်းက အဆင့်တက်ကာစမို့ တိုက်ခိုက်ရေးအတွေ့အကြုံ မရှိတာ။ ဒီကောင့်ကို ငါ အနိုင်ယူပြမယ်"
လန်ရှောင်းက သူမကို နှစ်သိမ့်ပေးလိုက်ပြီး နဂါးနွေဦးအဆင့် ယွမ်ရှောင်ကို အလွန်တရာ အထင်သေးနေခဲ့သည်။
"အမှိုက်ကောင် ငါက ဓားသခင်ရဲ့ ကိုးယောက်မြောက်တပည့် လန်ရှောင်းပဲ။ ငါ့အဖေက အမှတ်တစ်ဓားတောင်ရဲ့ သိုင်းပညာခန်းဆောင်သခင်ဖြစ်ပြီး ငါ့အမေက ကံနန်းတော်ခေါင်းဆောင်ပဲ။ ဆရာတူတပည့်၁၈ယောက်မှာ ....."
"မင်းစကားက မှားနေတယ်"
ထိုအချိန်၌ ယွမ်ရှောင်က စကားဖြတ်ပြောလိုက်ပြီး ဓားဝိညာဥ်ကို ဓားမြှောင်အသွင်ဖြင့် ပစ်ခတ်လိုက်သောအခါ ပျံလွှားတစ်ကောင်ပမာ လှပစွာ ထွက်ပေါ်လာသည်။ လန်ရှောင်းက နှာခေါင်းတစ်ချက်ရှုံ့၍ ဓားမြှောင်ချင်းရင်ဆိုင်ရန် ပြင်ဆင်ကာ အနိုင်ရမည်ဟု ယုံကြည်ချက်ရှိနေသည်။
"ပျံလွှားလျှပ်စီး"
သို့သော် ခဏအတွင်း သူမ၏မျက်နှာက မယုံကြည်နိုင်ဟန် ပြောင်းလဲသွားကာ အသူရာဓားဂိုဏ်းသို့ ဝင်ရောက်ထားသည်မှာ သုံးရက်သာရှိသေးသော ယွမ်ရှောင်သည် ကြယ်အလယ်အဆင့်ကျင့်စဥ်ကို ကျွမ်းကျင်နေမည်ဟု ထင်မထားပေ။ ၎င်း၏လမ်းကြောင်းကို သူမက မခန့်မှန်းနိုင်သောကြောင့် လည်ပင်းတွင် ပျံလွှားတစ်ကောင် ထိုးဖောက်သွားသကဲ့သို့ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ မျက်လုံးအပြူးသားနှင့် တိုက်ပွဲစင်မြင့်ထက်၌ လဲကျသွားသည်။
"မင်းကို အမှန်ပြင်ပေးလိုက်မယ်။ အမှတ်တစ်ဓားတောင်မှာ နတ်ပင်လယ်အဆင့် ၁၇ယောက်ပဲ ကျန်တယ်"
ယွမ်ရှောင်က တစ်ချက်ပင်မကြည့်ဘဲ သွေးစွန်းနေသော ဓားမြှောင်ကို အသာအယာ ပြန်လည်သိမ်းယူလိုက်ပြီး လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
"နောက်တစ်ယောက်"
သူ၏စိန်ခေါ်သံက တပည့်များအကြား မိုးချုန်းသံပမာ ကျယ်လောင်သွားကာ ကျန်းရယ်သည် ကိုယ့်လည်ပင်းကိုယ် လက်ဖြင့် ကိုင်လိုက်မိသည်။ ဓားမြှောင်နှင့် ပစ်ခတ်ခံလိုက်ရသည်မှာ လန်ရှောင်းဖြစ်သော်လည်း သူမက ကြောက်ရွံ့မှုကို ခံစားနေရ၏။
"ပျံလွှားလျှပ်စီးသိုင်းလား။ ဒါက ရှုပ်ထွေးလွန်းတယ်မလား။ နဂါးနွေဦးအဆင့်တစ်ယောက်က တတ်ကျွမ်းနေမယ်လို့ မထင်ထားဘူး"
ချန်ခွန်းက ချီးကျူးလိုက်သည်။
"ကြည့်ရတာ ဒီတစ်ယောက်ကို ဓားအိမ်တော်က တိတ်တဆိတ် လေ့ကျင့်ပေးထားတာ ထင်တယ်"
ရှန်ကွမ်းယုက မှတ်ချက်ချလိုက်၏။
"သူက ပါရမီရှင်တစ်ယောက် ဖြစ်တယ်။ ရတနာစံအိမ်ကို ရောက်မလာတာ နှမြောစရာပဲ"
ချန်ခွန်းက ချီးကျူးလိုက်သော်လည်း အမှိုက်တစ်စဖြစ်နေပြီး နတ်ဘုရားပမာ ဓားဝိညာဥ်အဆင့်မျိုး ပိုင်ဆိုင်ထားနိုင်သော ကျန်းရယ်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
"ယွမ်ရှောင်"
တိုက်ပွဲစင်မြင့်ထက်သို့ တိမ်ပုံများ ရေးထွင်းထားသော ဝတ်ရုံရှည်နှင့် လူငယ်တစ်ယောက် ခုန်တက်လာသည်။ သူက ချောမောသော်လည်း ဖန်ဆင်းရှင်အင်မော်တယ်၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော ယွမ်ရှောင်နှင့်ယှဥ်လျှင် အလွန်နိမ့်ကျနေသည်။
"ဓားသခင်ရဲရဲ့ ခုနစ်ယောက်မြောက်တပည့် ယွမ်တန်းရီ"
"ဆရာတူအစ်ကို"
ကျန်းရယ်၏မျက်နှာတွင် အပျော်များ ထပ်မံဖြစ်ပေါ်လာပြီး ကယ်တင်ခံရမည်ဟု အထင်ရောက်နေခဲ့သည်။ ယွမ်တန်းရီ၏လက်ထဲတွင် ဓားရှည်တစ်လက်သည် ဓားအော်ရာခုနစ်ခုခြံရံလျက် ထွက်ပေါ်လာပြီး အဖြူရောင်လျှပ်စီးများက မြွေများပမာ ရစ်ပတ်နေကြ၏။ ၎င်းက ကြယ်အလယ်အဆင့် လျှပ်စီးတိမ်ဓားဖြစ်သောကြောင့် ကြည့်ရှုနေသူများကို တုန်လှုပ်သွားစေသည်။ အသူရာဓားဂိုဏ်းတွင် ယွမ်တန်းရီသည် ရဲကုရင်နှင့် ကျောက်ရန်ရန်ပြီးလျှင် အစွမ်းအထက်ဆုံး ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားသဖြင့် လန်ရှောင်းနှင့် ဝမ်ဖုန်းထက် ပို၍သန်မာသည့် ဓားသမားတစ်ယောက် ဖြစ်၏။
"မင်းက မျိုးရိုးအမည် ယွမ်နဲ့ မထိုက်တန်ဘူး"
ယွမ်တန်းရီက သူ၏ဓားကို ဟန်ပါပါမြှောက်လျက် အထင်သေးစွာ ကဲ့ရဲ့လိုက်သည်။ ထို့နောက် သူ၏အဓိကသိုင်းကွက်ဖြစ်သော ကြယ်အဆင့်နိမ့်ကျင့်စဥ် လျှပ်ပြက်မိုးကြိုးဓားသိုင်းဖြင့် ယွမ်ရှောင်ထံ ဝုန်းခနဲ ပြေးဝင်လာရာ မရပ်တန့်နိုင်ဟု ထင်မှတ်ရသည်။
"မင်းကများ"
ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး ဓားဝိညာဥ်ကို ဓားရှည်အဖြစ် ပြောင်းလဲလိုက်သောအခါ အပြာရောင်ဓားသွားထက်တွင် ဓားအော်ရာကိုးခု ဖြစ်တည်လာသည်။ သူက ကြိုးကြာမိုးကြိုးဓားသိုင်း၏ ပထမအကွကွက်ဖြစ်သော ပိုးကောင်သတ်သိုင်းကို ခင်းကျင်းလိုက်သည်။ ၎င်းက ရန်သူများကို သက်တမ်းအလွန်တိုတောင်းသော ပိုးကောင်ပမာ သဘောထား၍ အထင်သေးစွာ သတ်ဖြတ်ခြင်း ဖြစ်၏။ ပိုးကောင် တောင်ပံခတ်သံမျိုးနှင့် ဓားချက်က ထွက်ပေါ်လာပြီး လေထဲတွင် အပြာရောင်မိုးကြိုးများ ဖြတ်သန်းသွားကာ လုံးဝနောက်မဆုတ်သော အရှိန်အဟုန်မျိုး ပိုင်ဆိုင်နေခဲ့လေသည်။