ရောင်မန်ရှယ်၏ ဒေါသ
Vol. 2 Ch. 26ခ
ဓားချင်းထိခတ်သံ တချွင်ချွင် ထွက်ပေါ်လာပြီး ယွမ်တန်းရီက ပထမဆုံး တိုက်ခိုက်လိုက်သော်လည်း ယွမ်ရှောင်သည် ပိုမိုကြမ်းတမ်းသော ဓားကွက်ဖြင့် ရင်ဆိုင်ခဲ့သည်။ သူ၏ဓားသွားက ပိုမိုထက်ရှ၍ တောက်ပနေပြီး ကြမ်းတမ်းလွန်းသောကြောင့် ယွမ်တန်းရီကို ခဏအတွင်း အသာစီးရယူနိုင်လိုက်၏။
"ဘာ"
ယွမ်တန်းရီ၏ယုံကြည်မှုက ကောင်းကင်သင်္ချိုင်းဓားကြောင့် ပျက်စီးသွားကာ သူ၏ဓားဝိညာဥ် အဆင့်အတန်းဖြင့် အနိုင်ယူနိုင်မည်ဟု တွက်ချက်လိုက်သည်။ သူက ရာနှုန်းပြည့်အနိုင်ရမည်ဟု ထင်ထားသော်လည်း ယွမ်ရှောင်သည် အထင်သေးမရသော ပြိုင်ဘက်ဖြစ်နေကာ ဓားချင်းယှဥ်လိုက်သော ခဏတွင် နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ယွမ်တန်းရီ၏ဓားက အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကာ ခန္ဓာကိုယ်အနှံ့သို့ စိုက်ဝင်သွားသဖြင့် ကြောက်လန့်နေခဲ့၏။
"အား"
သူက ရုပ်ခန္ဓာရော ဝိညာဥ်ပါ နာကျင်နေသောကြောင့် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ဒူးထောက်ကျသွားကာ မျက်လုံးများမှ သွေးများ စီးကျလာသည်။
"ယွမ်မျိုးနွယ်မှာ မင်းလိုအမှိုက်မျိုး မရှိဘူး"
ယွမ်ရှောင်၏စကားသံက ယွမ်တန်းရီ နောက်ဆုံးကြားလိုက်ရသော အသံဖြစ်ကာ ပါးစပ်အတွင်းမှ သွေးပွက်ပွက်အန်၍ အသက်ဓာတ်များ လျော့ကျလာသည်။ ထို့နောက် သူ၏အလောင်းက စင်မြင့်အပြင်ရှိ တပည့်အုပ်အတွင်းသို့ ကန်ထုတ်ခံလိုက်ရပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
"နောက်တစ်ယောက်"
လက်ရှိတွင် ယွမ်ရှောင်၏အမှတ်က ငါးဆယ်ကျော်ဖြစ်နေပြီး နတ်ပင်လယ် အဆင့်တစ်ယောက်ကို အနိုင်ရလျှင် ငါးမှတ်ရနေခဲ့သည်။
"ငါ့ကို ဘယ်အမှိုက်မှ မတိုက်ခိုက်ရဲတော့ဘူးလား"
သူက အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များမှ တပည့်များကို စိန်ခေါ်လိုက်သော်လည်း ယွမ်တန်းရီ၏အရှုံးကြောင့် အားလုံး ကြက်သေသေနေခဲ့သည်။ သူတို့၏စိတ်ထဲတွင် တစ်ဖက်လူမှာ အစစ်အမှန် ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု မှတ်ယူသွားကြပြီး ကြက်ကလေးငှက်ကလေးပမာ သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ လွန်ခဲ့သောနှစ်များအတွင်း ဓားအိမ်တော်က လူရယ်စရာဖြစ်ခဲ့ပြီး မည်သည့်တပည့်မဆို အရှက်ကွဲနိုင်စွမ်း ရှိခဲ့သည်။ သို့သော် လက်ရှိတွင် သူ၏စွမ်းဆောင်ရည်က သူတို့၏မောက်မာမှုများကို ကြေမွသွားစေသည်။
"ဒီကောင်က မောက်မာလှချည်လား"
"အခုလောလောဆယ် သန်မာပေမယ့် နောက်နှစ်နည်းနည်းလောက်ကြာရင် ကျန်းရယ်ခြေထောက်အောက်မှာ ရောက်သွားလိမ့်မယ်။ ဂိုဏ်းချုပ် ပြန်ပေါ်လာရင်တောင် ကယ်နိုင်မှာ မဟုတ်ဘူး"
တပည့်များက ဒေါသထွက်နေကြသော်လည်း အမှန်တကယ် တိုက်ခိုက်ရဲသော သတ္တိ မရှိချေ။
"ငါ လုပ်မယ်"
ခရမ်းရောင်ဝတ်ရုံနှင့် ရောင်ကျိကျင်းက စင်မြင့်ထက်သို့ ခုန်တက်လာကာ အမှတ်ခြောက်ဓားတောင် ၏ တပည့်ခေါင်းဆောင်ဖြစ်သကဲ့သို့ ရောင်မန်ရှယ်၏ သားလည်း ဖြစ်သည်။ သူ၏ဓားဝိညာဥ်က ကြယ်အလယ်အဆင့်ဖြစ်ပြီး ဓားအော်ရာရှစ်ခု ပိုင်ဆိုင်ထားကာ ယွမ်ရှောင်၏ ဓားအော်ရာအရေအတွက်အောက် နည်းပါးသော်လည်း အကြီးအကဲအများစုထက် သာလွန်သည်။
"သူ အဆင်ပြေပါ့မလား"
ရောင်မန်ရှယ်အတွက် ရောင်ကျိကျင်းက တစ်ဦးတည်းသော သားဖြစ်ရာ အထိအခိုက်မခံနိုင်သောကြောင့် ရဲတန်းစီကို မေးခွန်းထုတ်လိုက်သည်။
"အဆင်ပြေပါတယ်။ ငါက ကျိကျင်းကို ကြယ်အလယ်အဆင့် ဓားသိုင်း သင်ပေးခဲ့တာ ငါးနှစ်ကျော်ပြီ"
ရဲတန်းစီက အာမခံလိုက်သော်လည်း အမှန်တကယ်၌ ယွမ်ရှောင်၏အစွမ်းကြောင့် သူမက အစိုးရိမ်ကြီးနေသည်။ သားဖြစ်သူ ဒဏ်ရာရသွားလျှင်ပင် နာကျင်ရသည်ဖြစ်ရာ အသတ်ခံရမည့် ဖြစ်နိုင်ချေရှိသောအခါ တုန်လှုပ်နေမိသည်။ အကယ်၍ ဝူဝူသာ အခြေအနေကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခဲ့လျှင် အခြေအနေ ဤမျှမဆိုးနိုင်သောကြောင့် သူမက အပြစ်တင်နေခဲ့၏။ ဤနေရာတွင် အထူးဧည့်သည်တော်များ ရောက်နေသော အချက်ကြောင့်သာ မဟုတ်လျှင် ဓားအိမ်တော်၏ပုန်ကန်မှုကြောင့် တပည့်နှစ်ယောက် သေဆုံးသွားသော ရဲတန်းစီက တိုက်ခိုက်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် အကြီးအကဲဖန် ရောက်နေသောကြောင့် အာဏာ အလွဲသုံးစားမလုပ်ရဲသောအခါ သည်းခံနေရသည်။
"ဓားဆွေးနွေးပွဲပြီးဖို့ နီးကပ်နေပြီ။ ကျိကျင်းကသာ ဒီကောင့်ကို အနိုင်ရရင် နှစ်တစ်ထောင် နတ်ဆိုးခေါင်းခွံကို ရလိမ့်မယ်"
သူက မက်လုံးပေးလိုက်သောကြောင့် ရောင်မန်ရှယ်သည် ခေါင်းညိတ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိချေ။ အမှတ်နှစ်၊ လေးနှင့် ငါး ဓားတောင်၏တပည့်များမှာ စုဝေးနေကြပြီး ယွမ်ရှောင်၏ခွန်အားကို ချီးကျူးနေကြသည့်အပြင် ဧည်သည့်များအကြားတွင် ဆန်းကျယ်သော လနတ်သမီးက အလေးထား စောင့်ကြည့်နေသည်။ ထိုအချိန်တွင် ဓားအိမ်တော်၏ အကြီးအကဲများသည် ဓားသခင်ဝူကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကာ ချင်တုန်နှင့် အခြားတပည့်များက အော်ဟစ်အားပေးနေကြ၏။
"ဂိုဏ်းတူမောင်လေးယွမ် မင်းက ပြိုင်ဘက်ကင်းပဲ"
"ဓားအိမ်တော်မှာ ပါရမီရှင်တွေမရှိဘူးလို့ ဘယ်သူတွေ ပြောရဲသေးလဲ"
ထိုအချိန်၌ ယွမ်ရှောင်သည် ဂိုဏ်းတစ်ခုလုံးတွင် ကျော်ကြားနေပြီး အခြားဓားတောင်များမှ တပည့်များပင် ရောင်ကျိကျင်းအနေဖြင့် ယွမ်ရှောင်ကို အနိုင်မရနိုင်ဟု သံသယဝင်နေကြ၏။
"ယွမ်ရှောင်။ ဒီနေရာမှာ မင်းလုပ်ရပ်ကြောင့် သေရမှာကို ကြောက်သလား"
ချောမောသော ရောင်ကျိကျင်းက မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။
"မင်းကရော အမှတ်တစ်ဓားတောင်ရဲ့ ကြက်တွေလို သေဖို့ ရောက်လာတာ မကြောက်ဘူးလား"
ယွမ်ရှောင်က လှောင်ပြုံးတစ်ချက်နှင့် တုံ့ပြန်သည်။
"ဟား ဟား ဓားအိမ်တော်က ဒီလိုစကားမျိုးမကြားရတာ သုံးနှစ်တောင်ကြာပြီ။ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား။ ကျင့်ကြံရေးလမ်းကြောင်းမှာ နောက်ခံရော စွမ်းအားရောမရှိရင် မင်းရဲ့လုပ်ရပ်တွေကြောင့် အကြိမ်တစ်ထောင် သေရလိမ့်မယ်"
ရောင်ကျိကျင်းက အေးစက်စွာ ရယ်မောလိုက်ပြီး လှောင်ပြောင်နေခဲ့သည်။ သို့သော် သူ၏စကားမဆုံးခင်မှာပင် ယွမ်ရှောင်က ချက်ချင်းလှုပ်ရှားလိုက်ပြီး ဓားပျံနှင့် ပစ်ခတ်လိုက်သောကြောင့် အပြာရောင် ဓားအလင်း ထွက်ပေါ်လာသည်။ သူက ဒေါသထွက်သွားကာ ရှေးဆန်သော ခရမ်းရောင်လဓားကို ဆင့်ခေါ်လိုက်ပြီး တစ်ဖက်လူ၏တိုက်ကွက်က မောက်မာသည်ဟု ယူဆလိုက်၏။ ၎င်းက ဓားရှည်တစ်လက်ထက် လခြမ်းတစ်ခုသဏ္ဍာန် ရှိသောကြောင့် ဓားကောက်တစ်လက်ဖြစ်ကာ အနက်ရောင်အရှိန်အဝါဖြင့် တိုက်ပွဲစင်မြင့် ပတ်ဝန်းကျင်အား လှိုင်းထန်စေသည်။
"ပျံလွှားလျှပ်စီးဓားသိုင်းလား"
ရောင်ကျိကျင်းက တစ်ဖက်မှဓားကွက်ကို အသေးစိတ်အကဲခတ်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။ သူ၏မျက်လုံးအတွင်း ချဥ်းကပ်လာသော အပြာရောင်ဓားမြှောင်သည် ကြာစိမ်းဓားဖြစ်သောကြောင့် သူ၏ကြယ်အလယ်အဆင့် ဓားဝိညာဥ်နှင့် မာကျောမှုချင်း မယှဥ်နိုင်ဟု တွက်ချက်ထားသည်။
"ထန်"
ခရမ်းရောင်မီးပွားများ လေထဲတွင် ထွက်ပေါ်လာကာ အမှတ်ခြောက်ဓားတောင်၏ တပည့်များထံမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။ သို့သော် ရောင်ကျိကျင်း၏ ဓားကိုင်လက်များမှ တဆတ်ဆတ်တုန်ခါနေပြီး ဓားလွတ်ကျလုနီးပါး ဖြစ်နေသောကြောင့် သူတို့၏အပျော်က ကြာရှည်မခံလိုက်ပေ။ သူက ကောင်းကင်သင်္ချိုင်းဓားကို ထိပ်တိုက်တားမြစ်လိုက်နိုင်သော်လည်း လက်ဝါးများ ဟက်တက်တက်ကွဲသွားကာ သွေးပန်းထွက်နေသည်။
"မဖြစ်နိုင်ဘူး"
ရောင်ကျိကျင်း၏ မျက်နှာက ရှုံ့တွနေကာ မြေပြင်တွင် ခိုင်မြဲစွာ ရပ်နေသော်လည်း အေးစက်စက် အမူအရာနှင့် ချဥ်းကပ်လာသည့် ယွမ်ရှောင်အား မြင်လိုက်ရသည်။ တစ်ဖက်လူက ဓားရှည်တစ်လက် ကိုင်ဆောင်ထားကာ သတ်ဖြတ်လိုစိတ်နှင့် ခုတ်ပိုင်းလာပြီး ကြိုးကြာမိုးကြိုးဓားသိုင်းကွက် ဖြစ်တည်လာသည်။ သူက ဓားကောက်ဖြင့် တန်ပြန်နိုင်သော်လည်း နောက်ကျသွားသောကြောင့် လေကိုသာ ခုတ်ပိုင်းမိလိုက်စဥ် တစ်ဖက်လူ၏ဓားချက်မှ မိုးကြိုးဓာတ်များ မျက်နှာသို့ ဟပ်နေခဲ့သည်။ သူက လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း ယွမ်ရှောင်ဓားက ခြေထောက်ကို ဖြတ်တောက်သွားသောကြောင့် ကြောက်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
"အား"
ခြေတစ်ဖက်ပြတ်သွားသော ရောင်ကျိကျင်းသည် မြေပြင်တွင် လဲကျသွားကာ ခြေပြတ်ကြီးကို ကိုင်ရင်း သွေးပျက်နေသည်။ နာကျင်မှုကြောင့် တစ်ကိုယ်လုံး တွန့်လိမ်နေ့စဥ် ယွမ်ရှောင်၏လက်အတွင်းသို့ ယက်ကန်ယက်ကန်နှင့် ပါသွားသည်။
"ငါက နောက်ခံရော စွမ်းအားရော မရှိဘူး ဟုတ်လား။ ငါ့နောက်ခံအကြောင်း မင်းတို့ မသိပါဘူး။ ငါက တစ်ကိုယ်တော်ဓားသမား ဖြစ်တယ်"
ယွမ်ရှောင်က ရောင်ကျိကျင်းကို လည်ပင်းမှ ဆွဲမြှောက်ထားကာ မျက်နှာချင်းဆိုင်၍ တစ်လုံးချင်း ပြောလိုက်သည်။ သူက တစ်ကြိမ်သေဆုံးပြီးနောက် ဤဘဝတွင် လမ်းပိတ်လာသူတိုင်းကို သတ်ဖြတ်ရန် ကျိန်ဆိုထားကာ အသက်တစ်ခု အောင်ပွဲတစ်ခုဟု မှတ်ယူထားသည်။
"အမေ သားကို ကယ်ပါဦး"
ရောင်ကျိကျင်းသည် ယွမ်ရှောင်၏ နတ်ဆိုးဆန်သော စကားများကြောင့် အကြောက်လွန်သွားကာ အသံကုန် အော်ဟစ်လိုက်သည်။ သူ၏အော်သံက နာကျင်မှုနှင့် ကြောက်စိတ်တို့ ရောပြွန်းနေသဖြင့် ကြားရသူတိုင်းအား တုန်လှုပ်သွားစေသည်။ တပည့်ခေါင်းဆောင်အတွက် အောင်ပွဲခံရန် ပြင်ဆင်နေသော အမှတ်ခြောက်ဓားတောင်၏ တပည့်များသည် ဆွံ့အနေပြီး ယွမ်ရှောင်၏ ကြမ်းတမ်းရက်စက်မှုအောက်၌ ကြောက်ဒူးတုန်နေကြသည်။
"ယွမ်ရှောင်"
တိုက်ပွဲစင်မြင့်ထံ ရောင်မန်ရှယ်က တရကြမ်းရောက်ရှိလာပြီး ဆူနာမီလှိုင်းပမာ သန်မာသော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ သူမက အမှတ်ခြောက်ဓားသခင်ဖြစ်ကာ ဒေါသအလွန်ထွက်နေဟန်ဖြင့် တဆတ်ဆတ် တုန်ယင်နေသည်။ သားဖြစ်သူ အနည်းငယ် ထိခိုက်သွားခြင်းကိုပင် သည်းမခံနိုင်သော သူမအတွက် ခြေတစ်ဖက်ပြတ်၍ ယွမ်ရှောင်၏လက်အတွင်း ကြက်တစ်ကောင်ပမာ ချုပ်ကိုင်ခံထားရသော အဖြစ်မှာ ဆိုးရွားလွန်းလေသည်။