← Chapters

ကျေးဇူးပြုပြီး စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်ပါတော့ဗျာ

Vol. 1-5 Ch. 20

ကျေးဇူးပြုပြီး စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်ပါတော့ဗျာ

Vol. 1-5 Ch. 20

အခန်း (၂၀) : ကျေးဇူးပြုပြီး စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်ပါတော့ဗျာ

“အဲ့ဒါက ဘာလို့ အချစ် မဟုတ်ရမှာလဲ… ကိုကိုရှန်… ကျွန်မရဲ့ မိဘတွေကို ကြောက်စရာ မလိုဘူး။ ကျွန်မ ကာကွယ်ပေးမယ် သိလား” လီလျန်အာက နတ်ဓားကို ဆွဲထုတ်ကာ ပြောလိုက်သည် “ကိုကြီး ညီမလေးကို ထပ်ပြီး ဖိအားပေးနေမယ်ဆိုရင် ဒီနေရာမှာတင် ညီမလေး ကိုယ့်ဘာသာကိုယ် သတ်သေပစ်လိုက်မယ်”

သူမ ဆံပင်မွေးလေးက တဖန် ပြန်လည် ခုန်ပေါက်လာပြန်သည်။

ကြည့်ရသည်မှာ ကံကြမ္မာ မမျှတမှုအတွက် ဆံပင်မွေးလေးကပါ တိုက်ခိုက်ဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။

လီချန်းကောနှင့် ရှန်ထျန်းတို့မှာ ဘာပြောရမှန်းပင် မသိတော့ချေ။

ရှန်ထျန်းတစ်ယောက် သည်ဟာက ကျင့်ကြံရေးလောကကော ဟုတ်ရဲ့လားဟု သူ့ဘာသာ ပြန်ပြီး မေးခွန်းထုတ်နေရလေပြီ။

အခု ဘာဖြစ်ပြန်ပြီလဲ…

အရူးအမူး စွဲလမ်းနေတဲ့ ဖန်ဂဲလ်လေးက သတ္တုရိုင်းတုံးအကဲဖြတ်ဆရာ အတုအယောင်နောက်ကို တကောက်ကောက် လိုက်တာမျိုးလား…

အရင်တုန်းက အိုင်ဒေါတွေအတွက် ဖန်တွေက အသက်ပင် ပေးနိုင်ကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းများကို ဟာသတစ်ခု အဖြစ်တောင် ထင်ခဲ့မိတယ်…

ကြည့်ရတာ အခုတော့ မိန်းကလေးလျန်အာက နမူနာကောင်း ဖြစ်နေပြီနဲ့ တူပါရဲ့…

ငါတို့တွေ ပထမဆုံးအကြိမ် စတွေ့ရုံပဲ ရှိသေးတယ်လေ… တွေ့တာဖြင့် နှစ်နာရီတောင် မပြည့်သေးဘူး…

အစတုန်းကတော့ ပုံမှန်ပါပဲ… နောက်ပိုင်းကျတော့ အစ်ကိုရှန်… ဟော နောက်ဆုံးကျတော့ ကိုကိုရှန် ဖြစ်သွားပြီ။ အခုလည်း အချစ်အတွက် သတ်သေကြရဦးမတဲ့လား…

မြန်ဆန်လွန်းအားကြီးတယ်….

အင်း... ရုပ်ချောလွန်းနေတာကိုက ငါလေးရဲ့အမှားပဲ…

ရှန်ထျန်းက သူ့ခေါင်းပေါ် ပြဿနာအကြီးကြီး ရောက်လာမှန်း သဘောပေါက်သွားသည်။

“ဒီလိုဆိုရင်ရော…” လီချန်းကောက သက်ပြင်းချကာ မေးလိုက်သည် “ညီလေးရှန်မှာ ဆရာ ရှိပြီးပြီလား”

ရှန်ထျန်းက ပြန်ဖြေလိုက်သည် “ကျွန်တော်က နီပွန်းတောင်ပေါ်မှာရှိတဲ့ အနက်ရောင်ချိုင့်ဝှမ်းက အထွတ်အထိပ်ရှင်ဖူတဲရဲ့ တပည့်ပါ”

“အထွတ်အထိပ်ရှင်ဖူတဲ ဟုတ်လား… မင်း ဒီလောက်တော်နေတာ မထူးဆန်းတော့ပါဘူး” ကြည့်ရတာ ရှန်ထျန်း စကားက လီချန်းကော၏ ကျနေသော စိတ်ဓာတ်ကို မြင့်တင်ပေးနိုင်လိုက်ပုံ ပေါ်သည် “ မင်းဆရာရော ဘယ်လိုလဲ”

ဘာ…

ရှန်ထျန်းတစ်ယောက် တုန်လှုပ်သွားမိသည်။

ငါ့ဆရာကို သိနေတာလား… အထွတ်အထိပ်ရှင် ဖူတဲက တကယ် ရှိနေတာလား…

အခု ဘာလုပ်ရမလဲ… နေရာမှာတင် ဘူးပေါ်သလို ပေါ်တော့မှာလား…. ငါလေးတော့ သွားပြီ…

ရှန်ထျန်းခမျာ တုန်လှုပ်ခြောက်ခြားသွားသည်။

ရုတ်ချည်းဆိုသလို သူက လီချန်းကော၏ အသံကို နားထဲ၌ တိုက်ရိုက် ကြားလိုက်ရသည် “မင်း သင်းကွပ်မခံချင်ရင် ငါနဲ့ ပူးပေါင်းချည်”

ရှန်ထျန်းက ချက်ချင်း နားလည်သွားလေ၏ “အခုလို မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဆရာလည်း အဆင်ပြေပါတယ်”

ဟရူးဂါ နတ်ဆိုးကျမ်းက အားကောင်းသော ကျမ်းတစ်ခု ဖြစ်သော်လည်း ရှန်ထျန်းက သင်ယူဖို့ မရည်ရွယ်ထားပေ။

“ကောင်းတာပေါ့” လီချန်းကောက စတင်ရယ်မောကာ “လျန်အာရေ… ညီမလေး မသိလောက်ပေမဲ့ အထွတ်အထိပ်ရှင် ဖူတဲက အဖေရဲ့ မိတ်ဆွေဟောင်းတစ်ယောက်လေ။ သူတို့က အရင်တုန်းက အတူတူ တိုက်ခိုက်ခဲ့ကြဖူးတယ်… သူတို့ သိလာတာဖြင့် ကြာလှပြီ”

လီလျန်အာက နားမလည်နိုင်ဖြစ်သွားကာ “တကယ်ပဲလားဟင် ကိုကိုရှန်”

ရှန်ထျန်းက ပြောတော့မည့်ဆဲဆဲတွင် လီချန်းကောက သူ့အား သတိပေးလိုက်သည် “ငါ့အဖေက ချန်းဟယ်ဓားသခင် လီခန်းလန်ပဲ။ အထွတ်အထိပ်ရှင် ဖူတဲက သူ့အကြောင်း ပြောဖူးမှာပေါ့ ဟုတ်တယ်မလား”

လီချန်းကောက “ဟုတ်တယ်မလား” ဆိုသည့် စကားကို ဖိပြောလိုက်၏။

ရှန်ထျန်းက ချက်ချင်း ခေါင်းညိတ်ကာ “ချန်းဟယ်ဓားသခင်လား… ဒါပေါ့ ဒါပေါ့ ပြောဖူးတာပေါ့ဗျာ”

“ဆရာက ချန်းဟယ်ဓားသခင်ရဲ့ ဓားပညာရပ်ကို အမြဲတမ်း လေးစားနေတာဗျ…. တစ်ခါတစ်လေ သူ့ကိုယ်ကျင့်တရားနဲ့ ပတ်သတ်ပြီးတော့လည်း ချီးကျူးတတ်သေးတယ်”

“အဖေ့ကို ကိုယ်ကျင့်တရားနဲ့ ပတ်သတ်ပြီး ချီးကျူးတယ် ဟုတ်လား” လီလျန်အာက အံ့ဩသွားဟန်ဖြင့် “တကယ်ကြီးလား”

လီချန်းကောက ချောင်းဟန့်ကာ ဖုံးပေးဖို့ ကြိုးစားလိုက်သည် “အဖေက အရင်တုန်းက ရည်ရည်မွန်မွန်လေး ဖြစ်ခဲ့တယ်တဲ့… အခု အသက်ကြီးလာတဲ့ အချိန်ကျမှ နည်းနည်း လက်ပေါက်ကပ်လာပြီး ဒေါသကြီးလာတာလေ”

လီချန်းကောက ထပ်ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ်  ညီလေးရှန်က အထွတ်အထိပ်ရှင်ဖူတဲရဲ့ တပည့်ဆိုတော့ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို စိုးရိမ်စရာ မလိုတော့ဘူး”

လီလျန်အာက စိတ်ပေါ့သွားကာ “အဲဒါဆို ညီမလေးတို့ နှစ်ယောက် အတူတူ ရှိနေလို့ ရပြီပေါ့နော်”

လီချန်းကောက ခေါင်းညိတ်ကာ “ ကိုကြီးတို့က ဆရာဖူတဲနဲ့ မိတ်ဆွေကောင်းတွေဆိုတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ညီမလေးလည်း ကိုယ့်ဘာသာကိုယ် ထိန်းရမယ်နော်။ တခြားသူတွေကို အတွေးမှားသွားစေလို့ မဖြစ်ဘူး သိတယ်မလား”

လီလျန်အာ ငြိမ်ကျသွားသည်ကို မြင်သောအခါ လီချန်းကောက အကြုံပေးလိုက်သည် “ညီမလေးနဲ့ ညီလေးရှန်တို့ အတူတူရှိတာ အဆင်ပြေပေမဲ့ ကိုကြီးတို့ ထိုက်ပိုင်ချိုင့်ဝှမ်းကို အရင်ဆုံး ပြန်ဖို့ လိုတယ်ကွ”

လီလျန်အာက အလန့်တကြား မေးလိုက်သည် “ဘာလို့လဲ”

လီချန်းကောက ပြန်ဖြေလိုက်သည် “ညီမလေးဆီမှာ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ကို သယ်ထားတုန်းလေ… အဲဒါကိုကော မှတ်မိရဲ့လား… တကယ်လို့ တခြားနတ်ဆိုးတွေနဲ့ သားရဲကောင်ကြီးတွေသာ ဒီကိစ္စကို သိသွားခဲ့ရင် ညီမလေးနဲ့ ညီလေးရှန်ကို အမဲလိုက်သလို လိုက်ဖမ်းကြလိမ့်မယ်။ အဲဒီအခါကျ ကိုကြီးလည်း နှစ်ယောက်လုံးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဒါမှမဟုတ် သူနဲ့အတူတူ သေချင်နေသေးတာလား”

လီလျန်အာက အလျှင်အမြန် ခေါင်းခါလိုက်သည်။

“ဒါမှ ကိုကြီး ညီမလေး” လီချန်းကောက ပြုံးကာ ပြောလိုက်သည် “ထိုက်ပိုင်ချိုင့်ဝှမ်းကို ပြန်ရောက်တာနဲ့ အစေ့ကို စိုက်ထားရုံပဲလေ။ အဲဒီအခါကျ ညီမလေးလည်း ညီလေးရှန်နဲ့ ပြန်တွေ့လို့ ရပြီ”

“ညီလေးရှန်က နီပွန်းတောင်ကို ပြန်ပြီးတော့ သူ့ဆရာနဲ့ လာရောက်တောင်းရမ်းဖို့အတွက် နေ့ကောင်းနေ့မြတ် ရွေးခဲ့လိမ့်မယ်။ အဲဒီအချိန်လောက်ကျရင် ညီမလေးတို့ရဲ့ ချစ်သက်သေလည်း အပင်ပေါက် ဖြစ်နေလောက်ရောပေါ့။ ညီလေးရှန်နဲ့လည်း လက်ထပ်လို့ ရပြီလေ။ အဲ့ဒါ မကောင်းဘူးလား”

ရှန်ထျန်းက လီချန်းကော ဖျောင်းဖျနေပုံကို လေးစားမိသွားကာ သူ့စကားများကိုပင် ယုံမိတော့မတတ် ဖြစ်သွားမိသည်။

ရှန်ထျန်း စိတ်ထဲ၌ လီချန်းကောသည် နှုတ်ရေးရာတွင် အားအကောင်းဆုံး ဖြစ်၏။

လီလျန်အာက ရှန်ထျန်းအား ကြည့်လိုက်ပြီး “ကိုကိုရှန်… ထိုက်ပိုင်ချိုင့်ဝှမ်းကို အရောက်လာရမယ်နော်”

လီလျန်အာ လက်လျော့လိုက်သည်ကို တွေ့ကာ လီချန်းကောက စိတ်သက်သာရာ ရသွားလေသည်။ နောက်ဆုံးတော့ သူ့ အလုပ် ပြီးသွားလေပြီ။ ကျန်ကိစ္စများအား သူ့မိဘများဆီ ပုံအပ်ထားလိုက်တော့မည်။

အနည်းဆုံးတော့ သူ့ညီမလေးကို အိမ်ဆီ ဘေးကင်းကင်း ပြန်ခေါ်လာနိုင်ပြီ မဟုတ်ပါလော… သူတို့အဖေ မည်သို့ ဖြေရှင်းရှင်း သူ့ပြဿနာ မဟုတ်တော့ပေ။

အကယ်၍ သူ့အမေ မေးလာခဲ့လျှင်လည်း သူက အပြစ်ခံယူမည် မဟုတ်ပေ။

အကယ်၍ ဤရှန်အောင်းထျန်းက ထိုက်ပိုင်ချိုင့်ဝှမ်းဆီ တကယ် ရောက်လာရဲပြီး အိမ်ကဘိုးတော် ဓားအောက်၌ အသက်ရှင်ခဲ့လျှင် သူ့အား အခွင့်အရေးတစ်ခုပေးဖို့ ထိုက်တန်ပေမည်။

အဲဒီအတွက် သူက သတ္တိရော ရှိပါ့မလား…

လီချန်းကောက ရှန်ထျန်းအား ပြုံးပြလိုက်သည်။

ငါတို့ အဖိုးကြီး မင်းကို ဘယ်လိုရိုက်မလဲဆိုတာ မြင်ချင်စမ်းပါဘိကွာ… ဘိုးတော်ကမှ ငါ့ထက်တောင် အများကြီး ပိုကြမ်းသေးတယ်…

………………

ရှန်ထျန်းက လီလျန်အာ၏ မျက်ဝန်းကို ကြည့်ကာ သူ အရောက်လာပါ့မည်ဟု ကတိပေးလိုက်သည်။

ရက်စွဲအတိအကျ မပါသည့်အတွက် နှစ်တစ်ရာကျော်မှ ပေါ်လာလျှင်ပင် အလိမ်အညာစကားလို့တော့ ပြောမရနိုင်ပြန်ပေ။

ကျင့်ကြံရေးလောက၌ နှစ်တစ်ရာကား သိပ်မကြာမြင့်ပေ။

ရှန်ထျန်းက လီချန်းကောနှင့် လီခန်းလန်တို့ကို အနိုင်မယူနိုင်မချင်း ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ခြေမချဖို့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားလိုက်သည်။

သူ့လက်ရှိ ကံဆိုးပုံနှင့် ထိုက်ပိုင်ချိုင့်ဝှမ်းဆီ သွားခြင်းက ဉာဏ်အတုံးဆုံး လုပ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည်။ ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်သွားလိမ့်မည်သာ။

လီချန်းကောက ခဏတာ ရပ်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ အမှတ်အသားပြားတစ်ခုကို ထုတ်ပေးလိုက်သည်။ ဤသည်မှာ အလယ်တွင် စိမ်းပြာရောင်ဓားတစ်ချောင်း ပုံသဏ္ဍာန်ကို ရေးထွင်းပုံသွင်းထားသည့် ငွေရောင်အမှတ်အသားပြား တစ်ခု ဖြစ်နေ၏။ တစ်ဖက်တွင် “လီ” ဟု ရေးသားထားလေ၏။

“ကဲ… ဖြေရှင်းပြီးပြီဆိုတော့ ကျေးဇူးတင်ကြောင်း ပြရမယ်လေ။ ဒါက အဖေ ဖန်တီးထားတဲ့ ဓားသခင် အမှတ်အသားပြားပဲ။ အထဲမှာ အားကောင်းတဲ့ အစောပိုင်း ကနဦးစိတ်ဝိညာဉ်အဆင့်ရှိတဲ့ ဓားသခင်ဝိညာဉ်တစ်ခုကို ပိတ်လှောင်ထားတယ်။ မင်းရဲ့ သွေးစက်ချလိုက်တာနဲ့ မင်းအပိုင်ပဲ”

“ဒီအမှတ်အသားပြားထဲမှာ အသံပို့ဆောင်ရေး အစီအရင် ပါတယ်။ ဒုက္ခရောက်နေရင် ငါ့ကို လှမ်းခေါ်လို့ ရတယ်။ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့လောက် တန်ဖိုးမကြီးပေမဲ့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာဆိုတော့ လက်ခံထားလိုက်ပါ… အခု မင်းအပိုင် ဖြစ်သွားပြီ”

ရှန်ထျန်းက ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့အတွက် လက်ဆောင်ပြန်ပေးသည့်အနေနှင့် ဤအရာလေးကို ပေးမှန်း သိလိုက်သည်။ ထိုက်ပိုင်ချိုင့်ဝှမ်း၏ လီမိသားစုသည် ကျင့်ကြံရေးလောက၌ နာမည်ကျော်ကြားပေသည်။ ထို့ကြောင့် သူတို့က ကံအပြောင်းအလဲအခွင့်အရေးကို ဘာမှမဟုတ်သလို ယူမပစ်နိုင်ပေ။

…………

ကျင့်ကြံရေးလောက၌ ဓားသခင် အမှတ်အသားပြားသည် အလွန်အဖိုးတန်ပေသည်။ ရှန်ထျန်းအတွက် ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ထက် သည်အမှတ်အသားပြားက ပို၍ အသုံးဝင်သည်။ ရှန်ထျန်း၏ ဖခင်ဖြစ်သူ  မီးတိုင်းပြည် ဘုရင်မင်းမြတ်ပင် ရွှေအမြုတေ ကျင့်ကြံသူမျှသာ ရှိသေး၏။

ရှန်ထျန်းက ဤအမှတ်အသားပြားဖြင့် ကနဦး စိတ်ဝိညာဉ် သက်တော်စောင့်ကို ခေါ်ထုတ်လို့ ရနိုင်သွားပြီလေ။ သူသာ အလွန်အကျူး မလုပ်သရွေ့ မီးတိုင်းပြည်ထဲ၌ သူ ဘာကိုမှ ကြောက်နေစရာ မလိုတော့ပေ။

ဤသည်မှာ ထိုမျှအထိ အဖိုးတန်လွန်းလှသည်။

လီမိသားစုက ဒီလိုရတနာကို ဤသို့ပေးပစ်သည့်အတွက် အမှန်တကယ် ရက်ရောလှပေသည်။

ရှန်ထျန်းကတော့ ကမ္ဘာကြီး၏ မမျှတမှုကို ခံစားလိုက်မိသည်။

“ကျေးဇူးပါပဲ”

ရှန်ထျန်းက ဓားသခင် အမှတ်အသားပြားကို လက်ခံလိုက်ပြီးနောက် လီလျန်အာအား ပြောလိုက်သည် “ဓားလေး ဌားလို့ ရမလား”

လီလျန်အာက ရှက်သွေးဖြာသွားကာ “အဖေက ဒီဓားကို လျန်အာရဲ့ (၁၆)နှစ်ပြည့် မွေးနေ့လက်ဆောင်အနေနဲ့ ပေးထားတာ… တကယ်လို့ ကိုကိုရှန် လိုချင်ရင်တော့ ချစ်သက်သေအနေနဲ့ ပေးမယ်လေ”

“…”

ဘာ…

ငါလေးက သွေးစက်ချချင်လို့ လက်ချောင်း ဖြတ်ဖို့ ဒီဓားကို ခဏလောက် ငှားချင်ရုံလေးပါ…

ငါ့သွားကို သုံးပြီး ကိုက်ရမှာက ရွံစရာကြီးမို့လို့လေ…

ကျေးဇူးပြုပြီး စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်ပါတော့ဗျာ…

All Chapters