ဖုန်းရှင်းထိုက်သည် ကုမ္ပဏီကို ထပ်တည်ထောင်ပြန်သည်
Vol. 7 Ch. 93
သုံးရက်ကြာပြီးနောက် ဖုန်းရှင်းထိုက်က လီရှစ်ချင်၏ ကားနှင့် ဆွဲခေါ်ခြင်းကို ခံခဲ့ရသည်။ အစားအစာ ထုတ်လုပ်သည့် စက်ရုံမှ ဘင်းမြို့တော်သို့ အပို့ခံရခြင်းပင် ဖြစ်ပေသည်။
“မင်း ကျောင်းမှာ မကောင်းတဲ့အရာတွေ လုပ်နေလို့လား၊ ဘာကြောင့် ငါ့ကို ဒီလာခိုင်းရတာလဲ ”
ဖုန်းရှင်းထိုက်က သူ့သားကို မြင်သည့် အချိန်တွင် ထွက်လာသည့် စကားလုံးများက သူ့အား မေးခွန်းထုတ်ခြင်းပင် ဖြစ်သည်။ ထိုအရာများက ဖုန်းယွီကို နာကျင်စေသည်။
“အဖေ့ ဘာတွေပြောနေတာလဲ၊ ကျွန်တော်က ကောင်းတဲ့ကောင်လေး တစ်ယောက်ပါ၊ ကျွန်တော် မကောင်းတာတွေ ဘာမှ မလုပ်ပါဘူး၊ ဒီနေ့သတင်းကောင်းတွေ အများကြီး ရှိတယ် ”
“ငါ အရမ်း အလုပ်ရှုပ်နေတာ၊ မင်းစိတ်ထဲမှာ ပြောနေလိုက်၊ မနေ့က ပဲပိစပ်ဆီ ဆယ်သန်းကျော် ရခဲ့တယ်၊ ပြီးတော့ ငါတို့ အရမ်း အလုပ်ရှုပ်နေတယ်၊ ဘာကြောင့် အဲ့ကျွမ်းကျင်ပညာရှင် သုံးယောက်ကို ဘယ်ကို သွားခိုင်းခဲ့တာလဲ၊ တကယ်လို့ မင်းလုပ်စရာတွေ ကုန်ပြီဆိုရင် မင်း သူတို့ကို စက်ရုံဆီ ပြန်လွှတ်လိုက်၊ သူတို့တွေ လျှောက်သွားနေတော့ ထုတ်လုပ်တဲ့နှုန်းက ဆယ်ရာခိုင်နှုန်းကျော်တောင် ကျသွားတယ် ”
ဖုန်းယွီက သူ့အဖေကို ကြည့်နေသည်။ တကယ်ပဲ သူ့အဖေ အနေဖြင့် ယင်းကျွမ်းကျင်သူ သုံးယောက်က ထိုစက်ရုံသေးသေးလေးတွင် ငှားရမ်းသည်ဟု ထင်ခဲ့သည်လော။
“အဖေ အဲ့တာတွေက အရေးမကြီးဘူး၊ အခု လက်ရှိမှာ အရေးကြီးတာက အဖေက နောက်ထပ် ကုမ္ပဏီတစ်ခုကို တည်ထောင်ရမှာ ”
ဖုန်းယွီက သူ့အဖေ၏ ချီးကျူးသံကို စောင့်ဆိုင်းနေသည်။ သို့သော် သူ ရလိုက်သည်က သူ၏ခေါင်းနောက်သို့ လက်ဝါးရာ တစ်ချက်ပင် ဖြစ်ပေသည်။
“ငါ စက်ရုံ တစ်ရုံထဲတောင် သေမတတ် စီမံခန့်ခွဲနေရတာ၊ မင်းက နောက်ထပ် ကုမ္ပဏီတစ်ခုကို ထောင်ဉီးမှာတဲ့လား၊ မင်း ငါ့ကို သေစေချင်နေတာလား ”
ဖုန်းယွီက သူ့ခေါင်းနောက်ကို ပွတ်ကာ ပြောလိုက်သည်။
“အဖေ့ ဘင်းမြို့တော်မှာ ရှိတဲ့ ထိုက်ဟွကုန်သွယ်ရေး ကုမ္ပဏီအတွက် အဖေ ဘာတစ်ခုမှ မလုပ်ရဘူးမလား၊ ဘာကြောင့် အဖေ့ကို သေမတတ် အလုပ်ခိုင်းတယ်လို့ ပြောနိုင်ရတာလဲ၊ ကျွန်တော်က အဖေ့ကို အစားအစာ ထုတ်လုပ်ရေး စက်ရုံကို စီမံခန့်ခွဲဖို့ပဲ ပြောတာပါ၊ ဒါပေမဲ့ အဖေက အကုန်လုံးကို စီမံခန့်ခွဲနေတဲ့အတိုင်းပဲ ပြောနေတာပါလား ”
“မင်းပြောတာ မှန်တယ်၊ အခု ငါ့ကို ပြော၊ ဘာလို့ နောက်ထပ် ကုမ္ပဏီတစ်ခုကို တည်ထောင်ချင်တာလဲ၊ အဲ့ကုမ္ပဏီက ဘာအတွက်လဲ ”
ဖုန်းရှင်းထိုက်က ရယ်ကာ သူ့သား၏ ခေါင်းနောက်ကို ပွတ်ကာ ပြောလိုက်သည်။
“အဖေ ဘင်းမြို့တော် စက်ယန္တရား စက်ရုံကို သိတယ်မလား၊ လယ်တောထဲမှာရှိတဲ့ ထယ်ထိုးစက်နှင့် အစေ့ခြွေစက်တွေက အဲ့ဒီစက်ရုံက ထုတ်လုပ်တာလေ ”
“မင်း စက်ယန္တရား စက်ရုံကို တည်ထောင်ချင်နေတာလား ”
“မဟုတ်ဘူး၊ ကျွန်တော်က စက်ယန္တရား စက်ရုံရဲ့ ရှယ်ယာတစ်ခုကို ဝယ်မှာ၊ မနက်ဖြန်ကျရင် အဖေက လက်မှတ်ထိုးရမယ်၊ အဲ့ဒီနောက်မှာ အဖေက ဘင်းမြို့တော် စက်ယန္တရား စက်ရုံရဲ့ အစုရှယ်ယာရှင် တစ်ယောက် ဖြစ်သွားလိမ့်မယ်၊ အနာဂတ်မှာ အဖေ့အနေနဲ့ စက်ရုံက တစ်ထောင်ထုတ်ရင် တစ်သောင်းရမယ် ”
“ဘာ စက်ယန္တရား စက်ရုံမှာ အစုရှယ်ယာရှင် ဝယ်မှာလား၊ အဲ့တာက ဘယ်လောက် ကုန်မှာလဲ၊ တကယ်လို့ မင်းမှာ ပိုက်ဆံရှိမယ်ဆိုရင် ဘာကြောင့် ပဲပိစပ်ဆီ ထုတ်လုပ်တဲ့ စက်တွေ ပိုမဝယ်ရတာလဲ၊ အဖေတို့တွေ ပဲပိစပ်ဆီကနေ ပိုက်ဆံအများကြီး ရှာနိုင်တယ် ”
“အဖေ ကျွန်တော် ပိုက်ဆံတွေ ပေးပြီးပြီလို့ပြောမလို့ ”
ဖြန်း...။
“ဒီသောက်သုံးမကျတဲ့သား၊ ဘယ်သူက မင်းကို ဒီလိုဆုံးဖြတ်ချက်ချဖို့ ခွင့်ပြုပေးထားတာလဲ ”
ဖုန်းယွီက သူလုံခြုံနိုင်သည့် အကွာအဝေးသို့ ဆုတ်လိုက်ကာ ဂရုတစိုက် ရှင်းပြလိုက်၏။
“အဖေ့ ဒီရင်းနှီးမြှုပ်နှံမှုက ပိုက်ဆံ သေချာပေါက်ရမှာ၊ ပြီးတော့ ကျွန်တော်က နည်းပညာတွေကို ရှယ်ယာတွေနဲ့ လဲလှယ်ဖို့ လုပ်ခဲ့တာ။ ကျွန်တော် နည်းပညာဆိုင်ရာ အချက်အလက်တွေကို ဆိုဗီယက်ပြည်ထောင်စုက ရထားတယ်။ တွေးကြည့်လိုက် အဖေ၊ ကျွန်တော်တို့တွေက ဒီနည်းပညာတွေကို မသုံးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ရော စက်ယန္တရားစက်ရုံ တည်နိုင်မှာ မလို့လား၊ ကျွန်တော်က ဒီအချက်အလက်တွေကို သူတို့ဆီမှာ ရောင်းချင်တယ်။ ဒါပေမဲ့ သူတို့တွေက မတတ်နိုင်ဘူး၊ အဲ့ဒီတော့ သူတို့က သူတို့ရဲ့ ရှယ်ယာတွေကို ဒီနည်းပညာတွေနဲ့ ဖလှယ်လိုက်တဲ့ သဘောပဲ။ တကယ်လို့ အဖေသာ လက်မှတ် သွားမထိုးဘူးဆိုရင် အဲ့ဒီပိုက်ဆံတွေက မြောင်းထဲကို ကျသွားလိမ့်မယ် ”
ဖုန်းရှင်းထိုက်က သူ့အနေဖြင့် စာချုပ် သွားမချုပ်ပါက ပိုက်ဆံများ ဆုံးရှုံးသွားမည်ကို ကြားသည့်အခါ သူက ဖုန်းယွီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
“ဒါ နောက်ဆုံးအကြိမ် ဖြစ်ပါစေလေ။ တကယ်လို့ မင်း နောက်တစ်ခါ ဒါမျိုးလုပ်မယ်ဆိုရင် ငါ မင်းကို သေတဲ့ထိ ရိုက်မယ်။ ရှောင်လီ မင်းသေချာပေါက် သူ့ကို ဂရုတစိုက် ကြည့်ရမယ်။ ပြီးတော့ သူ့ကို ကျောင်းသွားအောင်လုပ်၊ ငါတို့ရနေတဲ့ ပိုက်ဆံတွေက မလုံလောက်သေးဘူးလား။ သူက နေ့တိုင်း၊ နေ့တိုင်း ပိုက်ဆံရဖို့ပဲ တွေးနေတာ၊ သူ ပိုက်ဆံရဲ့ကျေးကျွန် ဖြစ်နေပြီ ”
လီရှစ်ချင်က သူရယ်မိနေသည်ကို မသိစေရန် သူ့ပါးစပ်ကို လက်ဖြင့် ကာထားရသည်။ သူက ပြောလိုက်သည်။
“ဦးလေးဖုန်း ရှောင်ယွီရဲ့နှစ်ဝက် စာမေးပွဲရလဒ်က မဆိုးပါဘူး၊ ကျွန်တော် သူ စာလေ့လာတာကို အနီးကပ် စောင့်ကြည့်နေပါတယ် ”
“ပိုက်ဆံတွေကို ပိုကြိုးစားရှာတာ ဘာမှားလို့လဲ ”
ဖုန်းယွီက သူ့ကို ချော့ပြောလိုက်သည်။
“မင်း ဘာပြောလိုက်တာလဲ၊ ကျယ်ကျယ်ပြော ”
“ဘာမှ မဟုတ်ပါဘူး။ အဖေ မစိုးရိမ်ပါနဲ့၊ နောက်ထပ် ကုမ္ပဏီ ထပ်ထောင်ဖို့ဆိုတာ ကျွန်တော် ထပ်မပြောတော့ပါဘူး ”
ဖုန်းယွီက သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။ ‘ငါ နောက်နှစ်ကျ နိုင်ငံသားကတ် လျှောက်ပြီးတာနဲ့ ကုမ္ပဏီကို ကိုယ့်ဘာသာကိုယ် ထောင်လို့ရပြီ ’
“ဒါက အမှန်ပဲ၊ မင်း စာကောင်းကောင်း ကြိုးစားပြီးတော့ တက္ကသိုလ် ကောင်းကောင်း တက်ရမယ်၊ ပိုက်ဆံ အများကြီးကို ဘယ်နေရာမှာ သွားသုံးမှာလဲ။ လူတွေက မင်းကို အထင်မြင်သေးလိမ့်မယ် ”
ဖုန်းရှင်းထိုက်က ဖုန်းယွီ၏ ပြောင်းလဲသွားသည့် အကျင့်စရိုက်ကို နှစ်ခြိုက်နေသည်။
ထို့နောက် ဖုန်းယွီက အစားအစာ ထုတ်လုပ်သည့် စက်ရုံအကြောင်း စတင်ပြောလေသည်။ စိုက်ပျိုးရေး ဌာနအရာရှိက သူ့အား နှစ်ကုန်တွင် ဆုချီးမြှင့်မည်ဟု ကတိပေးခဲ့သည်။ ပြီးနောက် သူ့အနေဖြင့် ဒေသ၏ရုပ်မြင်သံကြားလွှင့် စက်ရုံတွင် လက်ခံရမည် ဖြစ်သည်။
သူက ဂရုတစိုက် နားထောင်ပြီး “အား တကယ်ကြီးလား၊ ဒါ ကောင်းတာပေါ့ ” ဟူသည့် စကားများ ပြောကာ သူ့အနေဖြင့် နားထောင်နေသည့်ပုံ ပြလိုက်သည်။ ယင်းက ဖုန်းယွီကို စိတ်ကျေနပ်ပျော်ရွှင်စေသည်။
“အား တုန်းကျွမ်းရော ဘယ်မှာလဲ ”
ဖုန်းယွီ၏ နှလုံးသားက တင်းကျပ်သွားသလို ခံစားလိုက်ရသည်။ ထိုအရာက သူ့ကို ပေါက်ကွဲ ထွက်တော့မည့် အတိုင်းပင်။ ပြီးနောက် ချက်ချင်းဆိုသလိုပင် လီရှစ်ချင်က ပြန်ဖြေလိုက်၏။
“ကျောင်းမှာလေ ”
ဖုန်းယွီက ရုတ်တရက် သေစေနိုင်သည့် အကြည့်ကို ခံစားလိုက်ရပြီး သူ့အဖေ၏လက်ကို ရှောင်ရန် အလို့ငှာ နောက်ဘက်ကို မြန်မြန်ပြေးလိုက်ရသည်။
“ဒီ အသုံးမကျတဲ့သား၊ အတန်းထပ်ပျက်ပြန်ပြီလား၊ ပြေးဖို့ လုံးဝ မကြိုးစားလေနဲ့၊ ငါ မင်းကို သေတဲ့အထိ ရိုက်မယ်။ ရှောင်လီ သူပြေးတာကို တားလိုက်စမ်း ”
…
သူ့အဖေ၏ဆုံးမမှုကို ခံယူပြီးနောက် ဖုန်းယွီတစ်ယောက် ဆိုဖာပေါ်တွင် မျက်နှာမကောင်း ဖြစ်နေသည်။
“အဖေ ကျွန်တော် မနက်ဖြန် နေ့လယ်ခင်းကျရင် အတန်းသွားစရာ ရှိသေးတယ်၊ ကျွန်တော် ဘယ်လိုလုပ် ထိုင်ခုံပေါ်ထိုင်နိုင်မှာလဲ ”
“ဘာနေ့လယ်ခင်းလဲ၊ မင်း ကျောင်းကို မနက်ထဲက သွားရမှာပေါ့ ”
“ဒါပေမဲ့ ကျွန်တော်တို့တွေ စက်ယန္တရားစက်ရုံနဲ့ မနက်ခင်းမှာ လက်မှတ်ထိုးရဉီးမယ် ”
“ငါ ရှောင်လီနဲ့ လက်မှတ်ထိုးလို့ ရတယ်၊ မင်းရှိနေစရာမလိုဘူး ”
“အဖေ စာချုပ်ထဲမှာ ထောင်ချောက်တွေ အများကြီး ပါနိုင်တယ်ဆိုတာ အဖေ သိရဲ့လား။ ထပ်ပြောရရင် ကျွန်တော်က နည်းပညာဆိုင်ရာ စာရွက်စာတမ်းတွေ ကိုင်ဆောင်ထားရတာ။ ပြီးတော့ တခြားသူက ကျွန်တော့်ကို မတွေ့ရင် လက်မှတ်ထိုးမှာ မဟုတ်ဘူး။ စိတ်ချလိုက်ပါ၊ ဒါက နောက်ဆုံးအကြိမ်ပါ။ ကျွန်တော် နောက်ထပ် အတန်း ထပ်မပျက်တော့ပါဘူး ”
သူ၏ နှလုံးသားထဲတွင်
‘ငါ အတန်းပျက်တာကို အဖေ သိစရာမလိုအောင် ရှောင်ပြမယ် ’
နောက်တစ်နေ့ မနက်ဆယ်နာရီတွင် သူတို့သည် မြို့တော်အစိုးရဆီ ကားမောင်းသွားသည်။ ကျန်းရွေ့ချင်က သုံးရက်အတွင်း သူ၏ခေါင်းဆောင်များထံမှာ စက်ယန္တရား စက်ရုံ၏ ပြန်လည် မွမ်းမံခြင်းကို လက်ခံ ယုံကြည်အောင် စည်းရုံး သိမ်းသွင်းခဲ့သည်။ အနာဂတ်တွင် ဘင်းမြို့တော်၏ စက်ယန္တရား စက်ရုံသည် ဘင်းမြို့တော် စက်ယန္တရား ကော်ပရေးရှင်းအမည်သို့ ပြောင်းလဲ ခေါ်ဆိုမည် ဖြစ်သည်။ သေချာသည်မှာ ယင်းစက်ရုံက လယ်ယာသုံး စက်ပစ္စည်းများကို ထုတ်လုပ်မည်ပင် ဖြစ်ပေသည်။
အစည်းအဝေးခန်းမတွင် ထိုင်နေစဉ် ဖုန်းရှင်းထိုက်က အလွန် မသက်မသာ ခံစားနေရသည်။ သူ့ဘေးရှိ လူတိုင်းက ခေါင်းဆောင်များ၊ ဒါရိုက်တာများ သို့မဟုတ် အစိုးရအရာရှိများ ဖြစ်ကြသည်။ သူတို့ထဲမှ အဆင့်မြင့်ဆုံးက လက်ထောက် မြို့တော်ဝန် ဖြစ်ပေသည်။
ထိုလူက မြို့တော်၏ လက်ထောက် မြို့တော်ဝန်ဖြစ်ပြီး စိုက်ပျိုးရေးဌာနရှိ အရာရှိထက် အဆင့်မည်မျှ မြင့်မည်နည်း။ အစောပိုင်းက လက်ထောက် မြို့တော်ဝန်က သူ့ကိုတောင် လက်ဆွဲ နှုတ်ဆက် လိုက်ပေသည်။ ယခုတွင် သူ၏လက်ဖဝါးများက ချွေးစို့နေသည်။
ဖုန်းယွီက စာချုပ်ကို အသေအချာဖြင့် ဖတ်ရှုနေပြီး စာချုပ်ထဲတွင် ပါရှိသည့် အကြောင်းအရာများကို ဖောင်တိန် အသုံးပြုကာ ပြောင်းလဲနေသည်။ သူက ကျန်းရွေ့ချင်ကို စာချုပ် ကမ်းလိုက်စဉ်တွင် ပြောလိုက်သည်။
“ဒီအချက်တွေကို ပြောင်းဖို့လိုတယ်၊ ကျွန်တော်တို့ အနေနဲ့ ဒီလိုမျိုး အကျိုးအကြောင်း မသင့်တဲ့ စာပိုဒ်တွေကို လက်ခံမှာ မဟုတ်ဘူး ”
“ဘာမှားလို့လဲ၊ ရှယ်ယာ အများဆုံး ပိုင်ရှင်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်တယ် ”
“ဒါက မှန်ပါတယ်၊ ဒါပေမဲ့ မြို့တော်ဝန်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ ထင်မြင်ချက် အသံတွေကိုတော့ ပိတ်ပင်ထားခွင့် မရှိဘူး၊ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ငွေရေးကြေးရေးပိုင်းကို စစ်ဆေးတဲ့အခါမှာ ယွမ်တစ်သောင်းထက် ကျော်လွန်ခဲ့ရင် ကျွန်ုပ်တို့ရဲ့ ခွင့်ပြုချက်ကို ရဖို့လိုအပ်တယ်၊ မဟုတ်ရင် ပိုက်ဆံတွေက လွှဲပြောင်းနိုင်မှာ မဟုတ်ဘူး၊ ဒီအပိုဒ်က ကျွန်တော် တောင်းဆိုတဲ့ အကျိုးအကြောင်း မသင့်ဘူးဆိုတဲ့ အချက်ပဲ၊ နောက်ထပ် အချက်တွေလည်း ရှိသေးတယ်၊ တကယ်လို့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရှယ်ယာ ရာခိုင်နှုန်းက အတူတူပဲ ရှိရမယ်၊ ကျွန်တော်တို့တွေ အစည်းဝေးမှာ တစ်ယောက်ကိုပဲ လက်ခံနိုင်မယ်၊ တကယ်လို့ ခွင့်ပြုချက်က ယွမ်တစ်သန်းထက် ပိုနေမယ်ဆိုရင် ကျွန်တော်တို့က ဗီတိုအာဏာ ရှိရမယ် ”
“မင်း ပြောတဲ့ ငွေရေးကြေးရေးဆိုင်ရာ အတည်ပြုမှုတွေက တကယ်ပြဿနာ ဖြစ်စေတာပဲ၊ ပြီးတော့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာရင် ဘာကြောင့် ရှယ်ယာတန်ဖိုးကို မပြောင်းလဲနိုင်တာလဲ၊ မင်း ရင်းနှီးမြှုပ်နှံငွေ နည်းနည်းထည့်ရင် မင်းရဲ့ရှယ်ယာကလည်း နည်းသွားမှာပဲ၊ နောက်ပိုင်းကျ ဗီတိုအာဏာက လက်ခံနိုင်စရာ မရှိဘူး၊ ငါ ဒီအကြောင်းတွေကို ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး ”
လီမင်တက အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။
“ကော်ပရေးရှင်းနဲ့ နေ့လယ်တဲ့ ငွေရေးကြေးရေး ကိစ္စတွေ အကုန်လုံးက ရှယ်ယာရှင်တွေ အကုန်လုံး ကြည့်ရှုခွင့် ရှိရမယ်၊ ဒါပေမဲ့ အဲ့ဒါက ရုံးပိုင်းဆိုင်ရာအရပဲ၊ ကော်ပရေးရှင်းတိုင်းက ဒီနည်းနဲ့ပဲ အလုပ်လုပ်နေတာ၊ တကယ်လို့ ရင်းနှီမြှုပ်နှံငွေကို ထပ်ထည့်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့လည်း ဒီလိုလုပ်မှ ရမယ်၊ စိတ်မပူပါနဲ့၊ နောက်ဆုံး အချက်အတွက် အဲ့တာက အရေးအကြီးဆုံးပဲ၊ လူတိုင်းက မြို့တော်အစိုးရကို ယွမ်ဆယ်သန်း လှူဒါန်းဖို့ ကတိပေးရင် ကျွန်တော်လည်း ဒီအတိုင်း လိုက်လုပ်ပေးရမယ် ”
ဖုန်းယွီက လှောင်လိုက်သည်။
စာချုပ်ထဲတွင် အခြားသော အချက်များကို ဖုန်းယွီက မထုတ်ရသေးပေ။ ယင်းက မြို့တော်အစိုးရ၏ မျက်နှာကို ထောက်ထားသည့်အတွက် ဖြစ်သည်။ အကယ်၍ မြို့တော်အစိုးရက ဤအချက် သုံးချက်ကို သဘောမတူပါက သူ့အနေဖြင့် သူ့အဖေအား စာချုပ်ထိုးခိုင်းမည် မဟုတ်ပေ။
***