အခန်း (၉၉)
Vol. 7 Ch. 99
“ဒါရိုက်တာဖုန်း၊ ကျွန်တော်တို့တွေက ခင်ဗျားရဲ့သကြားကို မကြော်ငြာရဘူးလား။ ဒီဟာအတွက် ဆွေးနွေး ဖို့ကော မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေက ခင်ဗျားရဲ့ သကြားတွေကို ခင်ဗျားရဲ့ဆီနဲ့ အတူတူ ထားရမှာ။ ပြီးတော့ အဲ့ဒီနေရာကလည်း ကုန်ဆုံဆိုင်ရဲ့ မျက်စိကျတဲ့နေရာမှာ ဖြစ်ရမယ်။ ဒါက ကျွန်တော် ပေးနိုင်တဲ့ အကြီးဆုံး လိုက်လျောမှုပဲ”
ဖုန်းယွီသည် ကျော့ခယ်ဟွာ၏ ခိုင်မာသည့် စိတ်သဘောကို မြင်သောအခါ မြှင့်ရန်အတွက် အချက်မရှိတော့ကြောင်းကို သူသိရှိသွားပေသည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ကြော်ငြာများကို သတင်းစာများနှင့် တီဗွီများမှ ကြော်ငြာမည် ဖြစ်သည်။ သူ့သကြား၏ ရောင်းအားက ဆိုးရွားမည် မဟုတ်ပေ။
ဖုန်းယွီသည် အစားအစာဌာနနှင့် သုံးနှစ်စာချုပ်သာ ချုပ်ဆိုချင်သည်။ ယင်းထက် မပိုချင်ပေ။ ၁၉၉၃ခုနှစ်တွင် ဤဌာနသည် ဖျက်သိမ်းခံရမည် ဖြစ်ပေသည်။ တကယ်တမ်း ပြောရလျှင် ဒီနှစ်မှစပြီး အစားအသောက်နှင့် ဆီစျေးကွက်သည် တံခါးပွင့်ပြီးနောက် အစားအစာဌာန၏ ပုံရိပ်သည်လည်း ကျဆင်းသွားမည်ဖြစ်သည်။
ယခုတွင် ကျော့ခယ်ဟွာသည် အာဏာအချို့ ရှိသည်။ သို့သော် နှစ်နှစ်အချိန်အတွင်း သူသည် အခြားသော ဌာနကို ပြောင်းရွှေ့ရခြင်း သို့မဟုတ် အငြိမ်းစားယူရန် ဖိအားပေးခံရခြင်းတောင် ဖြစ်နိုင်သည်။
“ခဏစောင့်ပါဦး ဒါရိုက်တာဖုန်း။ ခင်ဗျားရဲ့ သကြားတွေက ဘာလို့ စျေးကြီးနေရတာလဲ။ ကျွန်တော်တို့ကို ရောင်းချဖို့ပေးတဲ့ စျေးနှုန်းက ကျွန်တော်တို့ရဲ့ လက်လီစျေးလောက် စျေးကြီးနေတယ်”
ကျော့ခယ်ဟွာက စာချုပ်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ ဟာက သန့်စင်တဲ့သကြားတွေ၊ ပြီးတော့ အဲ့ဒါက ချိုမြိန်တယ်။ ပြီးတော့ ကျွန်တော်တို့တွေက စက္ကူအထုတ်လေးတွေနဲ့ ရောင်းမှာ။ ကျွန်တော်တို့တွေက အရေအတွက်များများ မရောင်းဘူး။ ထပ်ပြောရရင် ဒီသကြားတွေက ဆိုဗီယက်ပြည်ထောင်စုရဲ့ အဆင်မြင့် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာ။ အဲ့ဒီသကြားက ပုရွက်ဆိတ် လွယ်လွယ်နဲ့ မတက်နိုင်ဘူး။ ပြီးတော့ အရောင်လည်း လွယ်လွယ်နဲ့ မပြောင်းနိုင်ဘူး။ ခင်ဗျားတို့ ဌာနက ထုတ်လုပ်တဲ့ သကြားနဲ့တော့ ကွဲပြားမှုတွေ ရှိနေလိမ့်မယ်”
ထိုခေတ်အခါက သကြားများကို လျော့ရဲရဲ စက္ကူထုတ် ငယ်လေးများဖြင့် ဝယ်ကြရသည်။ အစားအစာဌာနမှ ထုတ်လုပ်သည့် သကြားများက စက္ကူအိတ် ကြီးကြီးဖြင့်ဖြစ်သည်။ အကယ်၍ သူတို့အနေဖြင့် သကြားကို မှန်မှန် ကန်ကန် နည်းလမ်းဖြင့် မသိမ်းဆည်းပါက အလွယ်တကူ ပုရွက်ဆိတ် တက်ပေမည်။ သူတို့အနေဖြင့် သကြားကို ဝယ်ယူပြီးနောက် သိမ်းဆည်းရန်အတွက် ပုလင်းသေးလေးများနှင့် ပြောင်းရသည်ဖြစ်ရာ သကြားက လွယ်လွယ်နှင့် အဝါရောင် ပြောင်းသွားပေသည်။ ထိုအရာက သေးသေး ထုပ်ပိုးထားသည့် သကြားများလောက် ဆွဲဆောင်မှု မရှိပေ။ သကြားသည် ဟင်းချက်ဆီ သို့မဟုတ် ဆားများကဲ့သို့ မဟုတ်ပေ။ မည်သူမျှ သကြားကို နေ့တိုင်း မသုံးကြပေ။
“ငါတို့တွေလည်း သန့်စင်တဲ့ သကြားတွေ ထုတ်လုပ်တာပဲ။ ကုန်ကျစားရိတ်က အဲ့လောက် မမြင့်ပါဘူး။ မင်းရဲ့ သကြားတွေက အဲ့လောက် စျေးကြီးနေရင် ဘယ်သူက ဝယ်မှာလဲ”
ကျော့ခယ်ဟွာက ဖုန်းယွီသည် ရှုပ်ထွေးအောင် လုပ်နေသည်ဟု ခံစားရသည်။ ပုံမှန်အားဖြင့် လူများက စျေးအချိုဆုံး ထုတ်ကုန်များကို ဝယ်မည်ဖြစ်သည်။ မည်သူက စျေးကြီးသည့် အရာများကို ဝယ်မည်နည်း။
“အရာရှိကျော့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်တော် ပေးထားတဲ့ စျေးအတိုင်းပဲ ရောင်းပေးရင် ရပါပြီ။ တကယ်လို့ အရောင်းက မကောင်းဘူးဆိုရင် ကျွန်တော့်ကို လာရှာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ကြိုတင် ပေးထားတဲ့ ငွေတွေကို ပြန်ယူနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ ခင်ဗျားကို တစ်ထုတ် ရောင်းရတိုင်း နှစ်ကျောက် ပေးပါ့မယ်”
ဖုန်းယွီက သူ့စိတ်ထဲတွင်တော့ သက်ပြင်းချလိုက်သည်။ အသက်အရွယ် ကြီးရင့်သူများ၏ စိတ်ထဲတွင် မည်သူက စျေးကြီးသည့် အရာများကို ဝယ်မည်ဟု ထင်မည်နည်း။ နောက်ထပ် နှစ်နှစ်ခန့် ကြာပြီးနောက် ထိုအခါတွင် လူများက စျေးချိုရောင်းချသည့် အစားအစာ၊ ထုတ်ကုန်တို့ကို ဝယ်ယူတော့မည် မဟုတ်ပေ။
“စရံငွေပေးပြီး ပို့တာလား။ မလိုပါဘူး။ ငါတို့တွေ စရံငွေပေးပြီး ပို့တဲ့အဆင့်ထိ မလိုပါဘူး။ အဲ့ဒါဆိုရင် မင်းရဲ့ စျေးနှုန်းကို ဒီပေးထားတဲ့ စျေးအတိုင်းပဲ ရောင်းကြည့်ရအောင်။ တကယ်လို့ တစ်ယောက်မှ မဝယ်တော့ဘူး ဆိုရင်တော့ မင်းငါ့ကို အပြစ်တင်ဖို့ မကြိုးစားနဲ့။ ဒါမှမဟုတ်ဖူး ဆိုရင်တော့ ငါက မင်းဆီက သကြား ထပ်ပြီးမှာ မှာ မဟုတ်ဘူး”
“တကယ်လို့ အရာရှိအနေနဲ့ ဒီသတ်မှတ်ချက်တွေက ပြဿနာ မရှိဘူးဆိုရင် ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ”
ဖုန်းယွီက စာချုပ်ကို ချပေးလိုက်သည်။ အရာရှိကျော့သည် စီးကရက်ကို မီးညှိပြီး အတွေးနက်နက် တွေးလိုက် တော့သည်။
“ဘာကြောင့် ဒီကလေးက လူတွေ သူ့ရဲ့ သကြားကို ဝယ်ကြမယ်လို့ အရမ်း ယုံကြည်နေတာလဲ။ ဒါက ပုံမှန် သန့်စင်ထားတဲ့ သကြား မဟုတ်ဖူးလား။ ဘာကြောင့် သူတို့တွေက စျေးကို အရမ်းမြှင့်ထားရတာလဲ”
ဖုန်းယွီသည် သတင်းစာ အေဂျင်စီကို သကြားအတွက် ကြော်ငြာထည့်ရန် သတိပေးလိုက်သည်။ ထိုအရာက ယင်းက အရည်အသွေး အကြောင်းကို ပြောပြ၍ ကုန်ပစ္စည်း ဝယ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ကြော်ငြာမျိုးသည် နောက်ထပ် နှစ်ပတ်ကြာ ဆက်သွားလိမ့်မည် ဖြစ်သည်။ ဖုန်းယွီ အနေဖြင့် ယခုအခါ လူအများ၏ ဆင်ခြင်ဉာဏ်နှင့် ဆိုလျှင် သူတို့က သူ၏သကြားကို ဝယ်မည်ဆိုတာ ယုံကြည်သည်။ ထို့အပြင် တီဘီကြော်ငြာ၏ အကူအညီကြောင့် လူတိုင်းက ထိုက်ဟွ သန့်စင်သကြားကို မှတ်မိ ကြမည် ဖြစ်ပေသည်။
စာချုပ်ကို ဒါဇင်ပေါင်းများစွာ မိတ္တူကူးပြီး ဖုန်းယွီက ဝူကျီကန်းနှင့် အခြားသူများကို ပြည်နယ်အတွင်းရှိ ကျန်ဒေသများသို့ သွားရောက်ရန် စီစဉ်လိုက်သည်။ သမဝါယမ ဆိုင်များသည် အစားအသောက်ဌာန၏ စတိုးဆိုင်များနှင့် ယှဉ်လျှင် သေးနေသေးဆဲဖြစ်သည်။ မြို့ပေါ်ရှိ လူများသည် အစားအသောက် ဌာန၏ စတိုးဆိုင်များကို ဆန်နှင့် ဆီဝယ်ရန် ပိုရွေးချယ်ကြသည်။ ဖုန်းယွီသည် ဘင်းမြို့တော်တွင် သူနှင့် အစား အသောက်ဌာန အကြား စာချုပ်ချုပ်ဆိုရန် လိုချင်ခဲ့သည်။ သူ့အနေဖြင့် ယင်းကဲ့သို့ အခြေအနေအတိုင်း အခြားသော ဒေသရှိ အစားအသောက် ဌာနများနှင့်လည်း စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။ ဤအရာက ထိုက်ဟွ တံဆိပ်ကို လူပိုသိစေမည် ဖြစ်သည်။
***
“မင်းဘာလို့ ဒီရောက်နေရတာလဲ။ ဒီနေ့က အားလပ်ရက် မို့လို့လား”
ဖုန်းရှင်းထိုက်က ဖုန်းယွီကို စက်ရုံတွင် မြင်ခဲ့သည်။ ထို့နောက် သူသည် အခြားသော အဖေများကဲ့သို့ သူ့သားကို တွေ့သည့် အခါတွင် ပျော်ရွှင်သည့် အမူအရာမပြပဲ သူက စိတ်ဆိုး မာန်ဆိုးဖြင့် မေးလိုက်သည်။
“ မင်း ကျောင်း ထပ်ပျက်ပြန်ပြီလား”
“အဖေ ကျွန်တော့်ကို မရိုက်လိုက်နဲ့။ ကျွန်တော့်မှာ အရေးကြီး ပြောစရာရှိတယ်။ အဖေစိုက်ပျိုးရေး အရာရှိနဲ့ ဆွေးနွေး ပြီးပြီလား။ ဝက်ခြံတွေက ကျွန်တော်တို့ရဲ့ တိရစ္ဆာန်အစာတွေကို ဝယ်မှာလား”
ဖုန်းယွီသည် ဖုန်းရှင်းထိုက်၏ လက်ဝါးစာကို နောက်သို့ဆုတ်၍ ရှောင်လိုက်သည်။
“အရာရှိက အဲ့တာကို စမ်းသပ်ကြည့်ဖို့တော့ သဘောတူထားတယ်။ ဒါပေမယ့် အရေအတွက်က အဲ့လောက် မများဘူး။ ပြီးတော့ ဝက်ခြံမှာလည်း အဲ့လောက်များတဲ့ ဝက်တွေမှမရှိတာ။ ငါတို့တွေ ဒီတိရစ္ဆာန် အစာတွေနဲ့ ဘာသွားလုပ်မှာလဲ။ အဲ့တာတောင်မှ ငါ့ကို ထပ်ပြီး တိုးထုတ်လုပ်ဖို့ အတွက် တောင်းဆိုနေတုန်းပဲ။ ပြီးတော့ သကြားကလည်း သိုလှောင်စက်ရုံထဲမှာ ပြည့်နေပြီ။ ငါတို့တွေ ဘာကြောင့် သကြားတွေကို ချိုချဉ်စက်ရုံကို မရောင်းရတာလဲ”
ဖုန်းရှင်းထိုက်သည် သကြားအကြောင်းကို စဉ်းစားသည့်အခါ သူက စတင် စိုးရိမ်လာသည်။ အခြားသောသူများက သူတို့၏ သကြားများကို အထုပ်ကြီးကြီးထဲတွင် ထုတ်သည်။ ပြီးနောက် သူတို့၏ စားသုံးသူများက သကြား ဝယ်ယူသောအခါ သူတို့၏ သကြားများသည် အထုပ်သေးလေးများဖြင့်သာ ထုတ်ထားပြီး အနည်းငယ် သာပါသည်။ သူ့သား တစ်ယောက်တည်းသာ သကြားကို အိတ်အသေးထဲတွင် ထည့်ခြင်းဖြစ်သည်။ ထိုထုပ်ပိုးမှု ကလည်း အကုန်အကျ များပေ၏။ လက်ရှိတွင် သကြားများသည် သိုလှောင်ရုံတွင် ရှိနေဆဲဖြစ်သည်။ အကယ်၍ သူတို့အနေဖြင့် ချိုချဉ်စက်ရုံကို မရောင်းချပါက ရှုံးတောင် ရှုံးနိုင်သည်။
ဖုန်းယွီက စာချုပ်ကို ဝှေ့ယမ်းပြလိုက်သည်။
“အဖေဒါကိုမြင်လား။ ဒါက ကျွန်တော်တို့ရဲ့ သကြားဖြန့်ဖြူးမယ့် လမ်းကြောင်းပဲ။ ကျွန်တော် လုပ်ပြီးပြီ။ ပို့ဆောင်ဖို့အတွက် ကုန်တင်ကားတွေကို ဆက်သွယ်ချေ။ ချိုချဉ်စက်ရုံက ကျွန်တော်တို့ရဲ့ သကြားတွေကို လိုချင်တာလား။ သူတို့အိပ်မက်သာ မက်နေလိုက်”
“ရောင်းချမယ့် လမ်းကြောင်း လုပ်ပြီးပြီလား။ ဒါက ကောင်းမွန်တဲ့အရာပဲ။ အား၊ ဒါက ဘင်းမြို့တော်၊ အစားအသောက်ဌာနရဲ့ စည်းတံဆိပ် မဟုတ်ဖူးလား။ နောက်ဆုံး ငါစိတ်ချသွားပြီ။ မဟုတ်ဖူးဆိုရင် ပဲပိစပ်ဆီ ရောင်းချ ရာကနေ ရလာတဲ့ ငွေက သကြားထုတ်လုပ်မှုရဲ့ အရှုံးကို ဖာထေးရုံပဲ ရှိမှာ။ ဟုတ်ပြီ။ အဲ့တာဆိုရင် တိရစ္ဆာန် အစာတွေကရော။ ငါတို့ရဲ့ ရွာမှာ ဝက်မွေးတဲ့သူ အများကြီး မရှိဘူးနော်။ တစ်ပတ်စာ ထုတ်လုပ်တဲ့ နှုန်းက ငါတို့ရဲ့ တစ်လစာထက်တောင် ပိုသေးတယ်”
“အဖေ စိုက်ပျိုးရေးဌာနက ဝက်ခြံကို ကျွန်တော်တို့ဆီကို လွှဲပြောင်းပြီး သဘောတူညီချက် စာချုပ် ချုပ်ဆိုဖို့ ပြောခဲ့တာ မဟုတ်လား”
“မင်းခေါင်းထဲမှာ စာချုပ်တွေချည်းပဲ။ ငါ ဒီစက်ရုံနဲ့တောင် အရမ်း အလုပ်ရှုပ်နေပြီ။ ငါ့ကို သေအောင် အလုပ် လုပ်ခိုင်းနေတာလား”
ဖုန်းရှင်းထိုက်က ဒေါသထွက်သွားပြီး ဖုန်းယွီအားရိုက်ရန် သူ၏လက်ကို ရွယ်လိုက်သည်။ သို့သော် သူသည် ဖုန်းယွီက သူ၏စကား မဆုံးသေးခင် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် ဖုန်းယွီကို မမီတော့ပေ။
ဖုန်းယွီက
“အဖေ၊ ကျွန်တော် အဖေ့ကို အကြိမ်ကြိမ်ပြောပြီးပြီ။ သူဌေးကောင်း တစ်ယောက်က သူကိုယ်တိုင် အကုန်လုံးကို လိုက်လုပ်စရာ မလိုဘူး။ လူတွေကို ဘယ်လို အသုံးချရမလဲဆိုတာ သိရင်ရပြီ။ ကျွန်တော် အဖေ့ကို အနားယူဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အဖေက အနားမယူခဲ့ဘူး။ ကျွန်တော်တို့ အနေနဲ့ လယ်ယာ နည်းပညာရုံးကနေ ဝက်မွေးမြူတဲ့ ကျွမ်းကျင်ပညာရှင်များကို ငှါးလို့ရတယ်။ ကျွန်တော်တို့မှာ အခု တိရစ္ဆာန် အစာတွေ ရှိနေပြီ။ တကယ်လို့ ကျွန်တော်တို့ရဲ့ ဝက်တွေက လျင်လျင်မြန်မြန် ကြီးထွားတယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိရစ္ဆာန် အစာတွေလည်း ကောင်းကောင်း ရောင်းရမှာ”
“မင်း အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ။ စီမံခန့်ခွဲဖို့ မလိုဘူးလား။ ဝက်တစ်ကောင် မွေးရတာ ဘယ်လောက်တောင် ခက်လဲ မင်းသိရဲ့လား။ မင်းငယ်ငယ်တုန်းက မင်းလည်း ဝက်တစ်ကောင်ပဲ။ အဲ့တာက ဘယ်လောက်တောင် ထိန်းရတာ ပင်ပန်းလဲ သိလား။ တကယ်လို့ ဝက်တွေ ဖျားတယ်ဆိုရင် သူတို့တွေ အဖျားကျသွားတဲ့ အထိ မင်း အလုပ်တွေ ရှုပ်လိမ့်မယ်”
“ကျွန်တော်တို့တွေ ဝက်တွေကို စောင့်ရှောက်ဖို့အတွက် လူငှါးလို့ရတယ်။ အဖေ့ရဲ့ နောက်အလုပ်က လက်ဖက်ရည်သောက်၊ တီဗွီကြည့်၊ မာကျောက် ကစားဖို့ပဲ။ တစ်ခါတလေတော့ အဖေ စက်ရုံကို လာရောက် ကြည့်ရှုနိုင်တယ်။ တကယ်လို့ အဖေပျင်းတယ်ဆိုရင် အဖေ့ရဲ့ ငွေစုစာအုပ်ထဲမှာ ရှိတဲ့ ပိုက်ဆံတွေကို ရေနိုင်တယ်။ ဒါမှမဟုတ်ရင် အားလပ်ရက်တွေမှာ ကျွန်တော်နဲ့အတူ လာနေနိုင်တယ်။ တရုတ်နိုင်ငံက အကြီးကြီးပဲ။ အဖေတို့ ဇနီးမောင်နှံ နှစ်ယောက်အတွက် နှစ်ပေါင်းများစွာ အကြာကြီး ခရီးထွက်လို့ရတယ်။ တကယ်လို့ အဖေက တရုတ်နိုင်ငံမှာ ပျင်းတယ်ဆိုရင် အဖေတို့တွေ နိုင်ငံခြားကို သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဖေတို့ရဲ့ ဘဝသက်တမ်း တစ်လျှောက်မှာ ပိုက်ဆံအတွက် စိုးရိမ်ဖို့ မလိုတော့ဘူး”
ဖုန်းယွီက သူ့အဖေကို စတင်၍ နားချတော့သည်။
“သွားစမ်းပါ။ မင်းရဲ့အဖေက အဲ့လောက်ထိလည်း မအိုသေးပါဘူး။ ဘာလက်ဖက်ရည် သောက်မှာလဲ။ ဘာတီဗွီ ကြည့်မှာလဲ။ ဘာလို့ မာကျောက် ကစားမှာလဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြောဦးနော်။ မင်းအနေနဲ့ တက္ကသိုလ် ကောင်းကောင်း တက်ရဖို့အတွက် စာကောင်းကောင်း ကြိုးစားရမယ်။ မင်းကို အဆင့်ကောင်းကောင်း ရမယ်လို့ ငါ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် တခြားသူတွေထက်တော့ နောက်ကျလို့ မဖြစ်ဘူး”
“စိတ်မပူပါနဲ့။ ကျွန်တော် သေချာပေါက် တက္ကသိုလ် ဝင်နိုင်မှာပါ။ ကျွန်တော် ဘေကျင်းမှာရှိတဲ့ အကောင်းဆုံး တက္ကသိုလ်တောင် ဝင်နိုင်တယ်။ အခုအဲ့အကြောင်း မပြောတော့နဲ့။ ကျွန်တော်တို့တွေ စိုက်ပျိုးရေးဌာနကို သွားပြီး ဝက်ခြံအတွက် ကန်ထရိုက်တာ အနေနဲ့ ယူရအောင်။ ကျွန်တော်တို့တွေ တရုတ်နှစ်သစ်ကူး အတွက် အချိန်တွေ ရှိမှာပဲ”
ဖုန်းယွီက သူ့အဖေကို စိုက်ပျိုးရေးဌာန အရာရှိထံသို့ ဆွဲခေါ်သွားသည်။ အရာရှိက ဖုန်းရှင်းထိုက်မှ သူ့ကို ရှာနေသည်ဟု ကြားသောအခါ သူ၏ လုပ်လက်စ အလုပ်ကို ချက်ချင်းချကာ သူ့ကို သွားကြိုတော့သည်။ ထိုအရာက သူတို့ဒေသတွင် ပထမဆုံး ပုဂ္ဂလိစက်ရုံဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် နာမည်ကြီးနေသည်။ ယင်းစက်ရုံသည် သူ၏လက်ထက်တွင် တည်ဆောက်ထားသည် ဖြစ်သည့်အတွက် သူ၏ အောင်မြင်မှုတစ်ခု ဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။ နောက်နှစ်တွင် သူသည် အခြားသောဌာနသို့ အရာရှိခေါင်းဆောင်အဖြစ် ပြောင်းရွှေ့ရနိုင်ပေသည်။
“ဝက်ခြံကို စာချုပ်ချုပ်မလို့လား။ လူအိုဖုန်း။ ကျွန်တော့်အနေနဲ့ ခင်ဗျားကို ခင်ဗျားရဲ့ တိရစ္ဆာန် အစာတွေကို ဝက်ခြံတွေကို ရောင်းပေးမယ်လို့ သဘောတူပြီးပြီ။ ဘာလို့ ကိုယ်တိုင် ဝက်မွေးဖို့ ကြိုးစားချင်ရတာလဲ”
အရာရှိက အနည်းငယ် စိုးရိမ်ပူပန် သွားသည်။ တိရစ္ဆာန်အစာ ရောင်းချခြင်းက မကောင်းတာလား။ ထို့အတွက် သူတို့အနေဖြင့် သူတို့၏ ကိုယ်ပိုင် တိရစ္ဆာန် အစာများဖြင့် ဝက်ကိုမွေးရန် ဆုံးဖြတ်ချက် ချသည်လား ဟု တွေးခေါ်မိသည်။
“ဒါအမှန်ပါပဲ အရာရှိ။ ကျွန်တော်တို့တွေက ဝက်ခြံကို စာချုပ် မချုပ်ချင်ပါဘူး။ ကျွန်တော်တို့က ဝက်ခြံနဲ့ ကျန်ရှိတဲ့ မြေတွေကို ဝယ်ချင်တာပါ။ နောက်နှစ်ကျရင် ကျွန်တော်တို့က ဝက်ခြံအကြီးကြီး တည်ဆောက်မယ်။ ခေတ်မီဝက်ခြံ”
ဖုန်းယွီက ခဲတံကို အသုံးပြုပြီး လယ်တောပေါ်ရှိ စွန့်ပစ်မြေ ဧရိယာများကို စက်ဝိုင်း ဝိုင်းပြလိုက်သည်။
“ခေတ်မီဝက်ခြံလား”
“ခေတ်မီဝက်ခြံ။ စက်တွေကပဲ တိရစ္ဆာန်တွေကို အစာကျွေးမယ်။ စက်တွေကပဲ ရေတိုက်မယ်။ ပြီးတော့ စက်တွေကပဲ ဝက်ခြံကို သန့်ရှင်းရေးလုပ်မယ်။ ကျွန်တော်တို့ အနေနဲ့ ဝက်ထောင်ချီ မွေးဖို့အတွက် လူနည်းနည်း ပဲ လိုမယ်”
ဖုန်းယွီက ခိုင်ခိုင်မာမာ ပြောလိုက်သည်။
***