အခန်း (၁၀၀)
Vol. 7 Ch. 100
ဖုန်းယွီပြောသည့် ခေတ်မီဝက်ခြံသည် သူ့အရင်ဘဝတွင် သတင်းစာ တစ်ခုတွင် ဖတ်ရှုမိခြင်း ဖြစ်ပေသည်။ ထိုအရာက မရှုပ်ထွေးမှန်း သူသိသည်။ သို့သော် ကနဦး ရင်းနှီးမြုပ်နှံမှုသည် အလွန်မြင့်ပေသည်။ သို့သော် ပမာဏက သိသိသာသာ ဖြစ်ပါက ကုန်ကျငွေသည် မိရိုးဖလာမွေးသည့် စနစ်ထက်တောင် ကုန်ကျစရိတ် ပိုနည်းပေ၏။
ထို့ပြင် ဝက်ခြံဆောက်ခြင်းသည် အခြားအကျိုး ကျေးဇူးများလည်း ရှိသေးသည်။ သူ့အနေဖြင့် ခေါင်းဆောင်များ၏ အာရုံစိုက်မှုကို ရရှိနိုင်ပြီး အနည်းဆုံးတော့ ပြည်နယ် ရုပ်မြင်သံကြားတွင် ပါဝင်မည် ဖြစ်ပေသည်။ ယင်းက သတင်းစာများတွင် ကြေညာရခြင်းထက် ပိုမိုကောင်းမွန်ပေ၏။
ဖြန့်ဖြူရေး လမ်းကြောင်းများအတွက် ဖုန်းယွီစိတ်မပူပေ။ နောက်နှစ် သို့မဟုတ် နောက်ဆယ်စုနှစ် များစွာအထိ ဝက်သား၏ လိုအပ်ချက်က မြင့်တက်နေမည် ဖြစ်သည်။ ပြီးနောက် သူ့ဝက်သားအား မဝယ်ယူချင်သည့် အခြေအနေ လုံးဝရှိမည် မဟုတ်ပေ။
တကယ်၍ သူတို့ဒေသတွင် သူ့ဝက်သား မဝယ်ပါက သူသည် အခြား မြို့တော်များတွင် သွားရောင်းနိုင်ပေသည်။ အကယ်၍ အခြားသော မြို့များက သူ့ဝက်သာ မဝယ်ချင်ပါက သူသည် လင်းပြည်နယ်တွင် ရောင်းနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ အကွာအဝေးက အရေးမကြီးပေ။
အကယ်၍ ဖုန်းယွီသည် ဝက်ခြံနှင့်စာချုပ် ချုပ်ဆိုပါက ယင်းကကွဲပြား ခြားနားပေလိမ့်မည်။
ခေတ်မီဝက်ခြံ ဆောက်လုပ်ပြီးနောက် အမြတ်များ ရလာသည့် အချိန်တွင် သူ၏အောင်မြင်မှုကို မနာလိုဝန်တိုသည့် လူများစွာ ရှိပေလိမ့်မည်။ အကယ်၍ လက်ရှိအရာရှိသည် အပြောင်းခံရပြီး နောက်အရာရှိသည် ဝက်ခြံကို ပြန်လိုချင်လျှင် မည်သို့ လုပ်မည်နည်း။ အသီးမှည့်မှ ခူးဆွတ်သည့် အရည်အချင်းသည် အချို့သော အစိုးရအရာရှိများ ကျွမ်းကျင်သည့်အရာပင် ဖြစ်သည်။ စာချုပ်လား။ သင့်အနေဖြင့် အစိုးရအရာရှိများ စာချုပ်အကြောင်း ပြောမည်ဟု တွေးနေသည်လော။
“မင်းဘယ်လောက် ရင်းနှီးမြုပ်နှံချင်တာလဲ”
အရာရှိက ဖုန်းယွီကို ကြည့်လိုက်သည်။ သူသည် ထိုကလေးက အထက်တန်းကျောင်း တက်နေသေးဆဲဖြစ်ကာ တစ်မိသားစုလုံး၏ ဆုံးဖြတ်ချက် မှန်သမျှကို ချနိုင်မည့် လူဖြစ်ကြောင်း သူသိပေသည်။
“ကနဦး ရင်းနှီးမြုပ်နှံမှုမှာတော့ ယွမ်သန်းအနည်းငယ်လောက်ဘဲ သုံးမှာပါ။ ဝက်ခြံတည်ဆောက်မှုက တော်တော်ကုန်လိမ့်မယ်။ ဒါပေမဲ့ ဝက်ခြံအနေနဲ့ တစ်နှစ်ကို အနည်းဆုံး အကောင်ရေ နှစ်ထောင် ထုတ်နိုင်တယ်။ အနာဂတ်ကျရင် နှစ်ထောင်ထက်တောင် ပိုနိုင်တယ်”
ဖုန်းယွီက ထိုကဲ့သို့ ပမာဏများများ ရင်းနှီးမြုပ်နှံလိုစိတ် မရှိပေ။ သို့သော် သူပြောလေ စိုက်ပျိုးရေး ဌာနအနေဖြင့် မရောင်းချင်လေ ဖြစ်မည်ပင်။ ဖုန်းယွီက အရာရှိအား တစ်နှစ်အတွင်း ဝက်ခြံမှ အကောင်ရေ တစ်သောင်း ထုတ်လုပ်နိုင်သည်ဟု ပြောချင်သော်ငြား ထိုအရာက နည်းလမ်းမကျပေ။
“နှစ်ထောင်လား။ ဝက်ခြံကို ငါမင်းကို ရောင်းလို့ရပါတယ်။ ဒါပေမဲ့ ငါတခြားသူတွေနဲ့ ဈေးနှုန်း သတ်မှတ်ဖို့အတွက် ဆွေးနွေးဖို့ လိုသေးတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဒီဝက်ခြံကို မင်းတို့ကို ရောင်းမှာပါ”
အရာရှိ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုကြောင့် ပီတိပြုံးအထင်းသား ပေါ်နေသည်။ ယင်းက နောက်ထပ် နိုင်ငံအရေးအရ အောင်မြင်မှုပင် ဖြစ်နိုင်သည်။
ဝက်ခြံအနေဖြင့် ရုန်းကန်နေရမှုကို အဆုံးသတ်ရန် လိုအပ်ပေသည်။ တစ်နှစ်အတွင်း ဝက်အကောင်ရေ ငါးရာသာ ထုတ်နိုင်သည်။ လက်ရှိတွင် နံပါတ်အရေအတွက်က ဆပေါင်းများစွာပင် ဖြစ်သည်။
ဖုန်းယွီကပြောသည်။
“အိုး ဟုတ်သားပဲ။ အစကတော့ ကျွန်တော်တို့တွေက ဝက်ခြံမဝယ်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ တိရစ္ဆာန်အစာ ဖြန့်ချီရေး လမ်းကြောင်းကို တည်ဆောက်ရဉီးမှာ။ ဒါပေမဲ့ လက်ထောက် စိုက်ပျိုးရေးအရာရှိ ဝမ့်ကကျွန်တော်တို့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အကြံဉာဏ်ပေးပါတယ်။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့ အနေနဲ့ ဒီနေရာကို ဆုံးဖြတ်ချက်ချဖို့ လာခဲ့တာပါ”
ဖုန်းယွီသည် ယင်းအရာက နိုင်ငံရေးအရ ကြီးမားသည့် အောင်မြင်မှုမှန်း သိပေသည်။ ပြီးနောက် သူ့အနေဖြင့် ယင်းအရာရှိကို အမှတ်များအားလုံး မပေးနိုင်ပေ။ သူ့အနေဖြင့် အနည်းဆုံး ဦးလေးဝမ့်ကို ယင်းကိစ္စတွင် အမှတ်ရအောင် လုပ်မည်ပင်။ ဝမ်တုန့်ကျွင်းသည် အနာဂတ်တွင် အစိုးရဝန်ထမ်း ဖြစ်ချင်သည်။ ပြီးနောက် ထိုအရာက သူ့၏အဖေသည် အဆင့်မြင့် အရာရှိ ဖြစ်နေသည့်အတွက် ကူညီပေးနိုင်ခြင်း ဖြစ်ပေသည်။ ထပ်ပြောရလျှင် ဝမ်တုန့်ကျွင်း အဖေသာ လက်ထောက် မြို့တော်ဝန် အဖြစ်သာ ရာထူးတိုးခံရလျှင်တောင် သူ့အနေဖြင့် ဖုန်းယွီကို များစွာ အကူအညီ ပေးနိုင်မည်ပင်ဖြစ်သည်။
အရာရှိက ဖုန်းယွီ၏ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားပြီး ဖုန်းယွီကို ပြုံးပြလိုက်သည်။
“လက်ထောက် အရာရှိဝမ်က ဒီလုပ်ငန်းမှာ ပါရမှာပေါ့။ သူကလည်း စိုက်ပျိုးရေးဌာနရဲ့ အရာရှိ တစ်ယောက်ပဲလေ”
စိုက်ပျိုးရေး ဌာနတွင် နာရီနှစ်နာရီခန့် ဆွေးနွေးခဲ့ကြသည်။ သူတို့၏ အဓိကစိုးရိမ် ပူပန်မှုသည် မည်သူက ယင်းကိစ္စအတွက် တာဝန်ယူပြီး ဝက်ခြံနှင့် မြေအတွက် ဘယ်လောက်နှင့် ရောင်းမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ဝက်ခြံသည် နှစ်တိုင်းနှစ်တိုင်း ပိုက်ဆံ ဆုံးရှုံးနေသည်။ ထိုအရာကို တစ်ယောက်ယောက် ဝယ်လိုသည်နှင့် သူတို့အနေဖြင့် ခပ်မြန်မြန် ရောင်းရမည်ပင်။ ဝက်ခြံတွင် အလုပ်သမား အနည်းငယ်သာ ရှိသည်။ သူတို့သည် အခြားသော ဌာနများကို ပြောင်းနိုင်၏။ လွန်ခဲ့သည့်နှစ်က ကြက်ခြံသည် နှစ်တိုင်း ငွေရှုံးနေသည့်အတွက် နောက်ဆုံးတွင် ပိတ်လိုက်ရသည်။
အဆုံးတွင် အစားအသောက် ထုတ်လုပ်သည့် စက်ရုံကဲ့သို့ပင် ဝက်ခြံသည်လည်း ဝမ်သဲကွမ်း၏ တာဝန်ယူမှု လက်အောက်သို့ ရောက်သွားမည်ပင်။ အခြားသော သူများအနေဖြင့်လည်း ထိုနေရာကို ရယူချင်ကြသည်။ သို့သော် အရာရှိက တစ်ခွန်းသာ ပြောလိုက်သည်။
“သူတို့တွေက ဒီဝက်ခြံကို ဝယ်ယူတာက ဝမ်သဲကွမ်းကြောင့်ပဲ”
ဝမ်သဲကွမ်းသည် ဖုန်းယွီ၏မိသားစုက သူ့ကိုကူညီနေသည်ကို ချက်ချင်းပင် သိလိုက်သည်။ အခြားသူများက မနာလိုဝန်တို ဖြစ်လျှင်တောင် သူတို့အနေဖြင့် ပြန်ပြောဖို့ မတက်နိုင်ပေ။ အကြောင်းမှာ ဝမ်သဲကွမ်းနှင့် ဖုန်းရှင်းထိုက်သည် သူငယ်ချင်းကောင်းများ ဖြစ်သည့်အတွက်ပင်။
ဝက်ခြံနှင့်မြေကို မည်သည့်ဈေးဖြင့် ရောင်းရမည်ဆိုသည့် အချက်က ပြဿနာတစ်ရပ် ဖြစ်နေကာ ငြင်းခုံနေကြသည်။ အချို့သော သူများက ဈေးနှုန်းအရ ယွမ်သုံးသိန်းဖြင့် ရောင်းသင့်ကြောင်း ပြောသည်။ အချို့သောသူများက အစားအစာ ထုတ်လုပ်သည့် စက်ရုံ၏ဈေးနှုန်းကို ပြန်လည် ရည်ညွှန်းကာ ယွမ်ငါးသိန်းဖြင့် ရောင်းချင်သည်။ အချို့သော သူများက ဖုန်းမိသားစု၏ အလွန်ကြွယ်ဝ ချမ်းသာမှုကြောင့် သူတို့အနေဖြင့် ပိုတောင်းသင့်ကြောင်း ပြောသည်။ အနည်းဆုံး တစ်သန်းပင်။
ယွမ်သုံးသိန်းက ဝမ်သဲကွမ် အကြံပေးခြင်းပင် ဖြစ်သည်။ အခြားသော သူများက ထိုထက် ပိုလိုချင်ကြသည်။ အချို့သော သူများက ဝမ်သဲကွမ်းကိုတောင် မေးခွန်းထုတ်ကြပြန်သည်။ သူသည် ဖုန်းမိသားစုကို အထူးဆက်ဆံမှု ပေးခြင်းမှသူ့၏ ဇနီးအနေဖြင့် ဖုန်းရှင်းထိုက်၏ ကုမ္မဏီတွင် ရှယ်ယာများ ရှိနေသည့် အတွက်ပင် ဖြစ်သည်။ ဝမ်သဲကွမ်းက ထို့နောက် ငြိမ်ငြိမ်သာ နေတော့သည်။ ထပ်ပြောရလျှင် သူသည် ဂျူနီယာ အကျဆုံး ဖြစ်ပြီး အငယ်ဆုံး ဖြစ်ပေသည်။ သူ့ဇနီးသည် စက်ရုံတွင် ရှယ်ယာအချို့ ပိုင်ဆိုင်ထားသည်။ သို့သော် မည်သည့်အချက်က မှားနေသနည်း။ ထိုအချိန်က သူသည် ရွာသေးလေး၏ ခေါင်းဆောင်ဖြစ်ပေသည်။
နောက်ဆုံးတွင် ဖုန်းရှင်းထိုက်သည် လယ်တော အရာရှိနှင့် ညှိနှိုင်းမှုလုပ်ပြီး အမြင့်ဆုံး ဈေးနှုန်းကို သတ်မှတ်ရန် လက်ထောက် စိုက်ပျိုးရေး အရာရှိက ပြောလိုက်သည်။ သူတို့အနေဖြင့် ပိုက်ဆံများများရလျှင် သူတို့အနေဖြင့် အခြားသော အရာများတွင် သုံးနိုင်မည်ဖြစ်ပေသည်။ သူတို့က ယင်းကို နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုအဖြစ်လည်း စဉ်းစား၍ ရနိုင်ပေသည်။
***
“အရာရှိပြောတာ ပြီးသွားပြီလား”
ဖုန်းယွီက လက်ထောက်အရာရှိ ရှုကိုကြည့်ကာ သူသည် အရူးတစ်ယောက် မဟုတ်ကြောင်း ပြောလိုက်သည်။ ထိုသူ၏အတွေးတွင် သူ၏မိသားစု တစ်စုလုံးက အရူးများဖြစ်ကြပြီး သူတို့တောင်းသည့် ဈေးကိုပေးမည်ဟု တွေးထင်နေကြသည်လော။
ထိုအရာက ကြီးမားသည့် ဝက်ခြံဖြစ်ပြီး မြေလည်းဖြစ်သည်။ နေရာကလည်း ချောင်ကျပြီး ထိုနေရာ အနီးတစ်ဝိုက်တွင်လည်း မည်သူမှ မနေပေ။ သို့တိုင် သူတို့က ဈေးများများ လိုချင်နေသည်လား။ ထိုဈေးနှင့်ဆိုလျှင် သူတို့အနေဖြင့် ဘင်းမြို့တော်၏ မြို့အစွန်တွင် မြေအချို့တောင် ဝယ်နိုင်ပေသည်။
“ကျွန်တော်အနေနဲ့ ဝက်ခြံအပါအဝင် မြေအတွက်ကို ယွမ်ငါးသိန်းပေးမယ်။ ပြီးတော့ ကျွန်တော်မှာ တောင်းဆိုချက် ရှိသေးတယ်။ အရာရှိတို့အနေနဲ့ ဝက်ခြံနဲ့ဆက်ထားတဲ့ လမ်းကိုပြုပြင်ပေးရမယ်။ ကွန်ကရစ်လမ်း ဖြစ်ဖို့မလိုပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ခြောက်သွေ့တဲ့လမ်း ဖြစ်ရမယ်။ မိုးသည်းထန်စွာ ရွာတဲ့အချိန်မှာ အဲ့ဒီလမ်းက ရေမြုပ်လို့မရဘူး။ ပြီးတော့ အကျယ်ကလည်း ကုန်တင်ကားနှစ်စီး ဘေးချင်းယှဉ်လျက် သွားလို့ရအောင် လုပ်ပေးရမယ်”
“မဖြစ်နိုင်တာ။ ဘာကြောင့်ငါတို့က လမ်းကိုပြုပြင် ပေးရမှာလဲ။ မင်းက ဝက်ခြံကို ဆောက်ချင်တာလေ မင်းကိုယ်တိုင် ပြင်ရမှာပေါ့။ ပြီးတော့ ယွမ်ငါးသိန်းက အရမ်းကိုနည်းတယ်။ အနည်းဆုံး ၁.၃သန်းယွမ်ပဲ။ ဝက်ခြံတစ်ခုထဲနဲ့တောင် ယွမ်ငါးသိန်းတန်တယ်”
လက်ထောက်အရာရှိရှုက အော်လိုက်ကာ ဈေးထပ်တင်ကာ မေးလိုက်သည်။
“တကယ်ကြီးလား။ ဒီလောက်တောင် ဝက်ခြံက ဈေးကြီးနေမယ်ဆိုရင် ကျွန်တော်တို့တွေ အဲ့ဒါကို မတတ်နိုင်ဘူး။ အရှုံးဘဲပြနေတဲ့ ဝက်ခြံကို ရတနာတစ်ပါးလို သတ်မှတ်ထားတာပဲ။ အရာရှိတို့အနေနဲ့ အရာရှိတို့ ကိုယ်တိုင်ပဲ ဆက်လုပ်လိုက်ပါ။ ဒီပရောဂျက် အကြောင်းကိုတော့ မေ့လိုက်ပါတော့။ ကျွန်တော် တောင်းဆိုချက်အတိုင်း မရဘူးဆိုရင်တော့ ကျွန်တော်တို့တွေ အရင်ဆုံး ထွက်သွားပါဉီးမယ်။ ခွင့်ပြုပါဉီး”
ဖုန်းယွီနှင့် ဖုန်းရှင်းထိုက်က ထရပ်လိုက်သည်။ ဖုန်းရှင်းထိုက်သည် ဆွေးနွေးမှုတွင် မပါဝင်ပေ။ သူသည် သူ့သားအား အလုံးစုံ ယုံကြည်သည်။
သူတို့ရောက်သည့် အချိန်တွင် ဖုန်းရှင်းထိုက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“မင်းက အဲ့ဒီမြေနဲ့ ဝက်ခြံမဝယ်ဘူးလား”
“ကျွန်တော်ဝယ်မှာ”
“အဲ့ဒါဆိုရင် မင်းဘာကြောင့် အဲ့လို ပြောလိုက်ရတာလဲ။ သူတို့တွေက ငါတို့ကို တားတောင်မတားဘူး။ မင်းအနေနဲ့ ဆွေးနွေးမှုကို ဘယ်လို ဆက်လုပ်မှာလဲ”
ဖုန်းရှင်းထိုက်က မေးလိုက်သည်။
“အဖေ ခဏလောက် သည်းခံပြီးစောင့်ပါ။ သူတို့တွေ ကျွန်တော်တို့ကို ဆက်သွယ်လာမှာပါ။ ပြီးတော့ ကျွန်တော် မမှားဘူးဆိုရင် လာရောက်မဲ့သူက ဦးလေးဝမ့်ပဲဖြစ်မယ်”
ဖုန်းယွီက တည်ငြိမ်စွာ ပြောလိုက်သည်။
တစ်ချိန်တည်းတွင် စိုက်ပျိုးရေးဌာနရှိ အရာရှိများက အစည်းအဝေးတစ်ခု ရှိနေသည်။ လက်ထောက် အရာရှိရွှီက ထိုဈေးကို တောင်းလိုက်ပြီး ထိုဈေးအနေဖြင့် နောက်ဆုံးတွင် ဖုန်းမိသားစု အနေဖြင့် လက်ခံမည်ဖြစ်ကြောင်း ပြောလိုက်သည်။ သို့သော် ကျန်သည့်သူများက သူ့အား မယုံကြည်ပေ။ ဖုန်းမိသားစုသည် ချမ်းသာသည်။ သို့သော် သူတို့က မရူးမိုက်ကြပေ။ သူတို့က အစည်းအဝေးတွင် ယွမ်တစ်သန်းဟု ပြောခဲ့သည်။ သို့သော် ဆွေးနွေးသည့် အချိန်တွင် သူက ဖုန်းယွီတို့ကို 1.3သန်း ပြောလိုက်သည်လား။ အကယ်၍ သင်ဆိုရင်ရော လက်ခံမည်လော။
လက်ထောက်အရာရှိ ရွှီအနေဖြင့် ယင်းဆွေးနွေးမှုကို ဆက်လက် ဆောင်ရွက်ရန် အရည်အချင်း မရှိကြောင်း သက်သေပြနေသည်။ အရာရှိချုပ်သည် သူ့ကိုယ်သူ နှိမ့်ချပြီး ဖုန်းရှင်းထိုက်အိမ်သို့ မသွားရောက်နိုင်ပေ။ နောက်ဆုံးတွင် ယင်းကိစ္စကိုလုပ်ရန် တာဝန်ပေးခံ ရသူက ဝမ်သဲကွမ်းပင် ဖြစ်ပေသည်။ လူတိုင်းက တစ်ခဏကြာ ဆွေးနွေးပြီးနောက် ယွမ်ရှစ်သိန်းဟု ဆုံးဖြတ်ချက် ချလိုက်သည်။ သူတို့အနေဖြင့် ဖုန်းယွီတို့မိသားစုသည် ဤဈေးကို လက်ခံသည်ဟု ခံစားမိသည်။ ထိုဈေးနှုန်းက ထိုသို့ဖြစ်သွားရခြင်းမှာ လက်ထောက်အရာရှိ ရွှီ၏ လိုချင်တပ်မက်မှုကြောင့်လည်း ပါ၏။
“ယွမ်ရှစ်သိန်းလား။ ဦးလေးဝမ် ယွမ်ရှစ်သိန်းက ဘာတွေလုပ်နိုင်လဲဆိုတာ သူတို့သိလို့လား”
“သူတို့တွေရဲ့ ဝက်ခြံက ယွမ်တစ်သိန်းတောင် မတန်ဘူးဆိုတာ သူတို့သိရဲ့လား။ ဦးလေးပြန်သွားပြီး သူတို့တွေကို ပြန်ပြောလိုက်ပါ။ ကျွန်တော် မနက်ဖြန်ကျရင် ဌာနကိုလာပြီး သူတို့တွေနဲ့ တွက်ချက်မှုအချို့ ပြုလုပ်မယ်လို့။ ပြီးတော့ ကျွန်တော်တို့တွေက အရာအားလုံးကို စားပွဲပေါ်မှာပဲ ဆွေးနွေးမယ်လို့”
ဝမ်သဲကွမ်းက သက်ပြင်းချပေသည်။ သူသည် ဖုန်းယွီအနေဖြင့် ယင်းကို သဘောမတူမှန်းလည်း သိပေ၏။ သို့သော် ဖုန်းယွီက မနက်ဖြန်တွင် သူ့ဌာနကိုလာပြီး ကိုယ်တိုင်ကိုယ်ကျ ရှင်းပြမည် ဖြစ်သည့်အတွက် သူ့အတွက် အသက်ရှူပေါက် ဖြစ်သွားစေသည်။
“သား အဲ့ဒါဆိုရင် အမေတို့တွေက အဲ့ဒီဝက်ခြံကို ဘယ်လောက်နဲ့ ဝယ်မှာလဲ”
ကျန်းမူဟွက သူ့သားအား သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အမေ သိပ်မများပါဘူး။ အလွန်ဆုံး ယွမ်ငါးသိန်းပေါ့။ အမေ ကျွန်တော့်ကို အဖေ့လိုမျိုးတော့ မကြည့်နဲ့နော်။ ဝက်ခြံကနေပြီးတော့ ဘယ်လောက်ရလဲဆိုတာ ကျွန်တော်ပြမယ်။ နှစ်နှစ်သုံးနှစ်အတွင်း ကျွန်တော် ရင်းနှီးမြုပ်နှံမှုတွေကို ပြန်ရမယ်။ အဲ့ဒီနောက်ပိုင်း နှစ်တွေမှာ ကျွန်တော်တို့တွေက အကျိုးအမြတ်တွေနဲ့ ပျော်ရွှင်ဖို့ပဲ”
ဖုန်းယွီ၏ စိတ်ထဲတွင် ဤရင်းနှီးမြုပ်နှံမှုက ဆုံးရှုံးလျှင်တောင် ပြည်နယ်အစိုးရသည် နောက်နှစ် အနည်းငယ်အတွင်း အဝေးပြေးလမ်းမ တည်ဆောက်ပြီးနောက် ထိုမြေကွက်၏ ဈေးနှုန်းသည်လည်း ဆယ်ဆခန့် ထိုးတက်သွားမည်ပင်။
စာရေးဆရာမှတ်စု စာဖတ်သူ အများစုက ကျွန်တော့်ကို စုန့်လောင်စီအပိုင်းနဲ့ ပတ်သက်ပြီး မကြိုက်သည်ဟု ပြောကြပါသည်။ နောက်အပိုင်းတွေမှာ သူတို့တွေနဲ့ ပတ်သက်ပြီးတော့ လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ စုန့်ရှောင်ဖုန်းကတော့ ပြန်လာပါ့မယ်။ ကျွန်တော်ရဲ့စာစဉ်ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
***