← Chapters

အခန်း (၁၀၁)

Vol. 7 Ch. 101

အခန်း (၁၀၁)

Vol. 7 Ch. 101

“လူကြီးဖုန်း လူလေးဖုန်း မင်းတို့တွေက ဒီနေ့ဒီကို ရောက်လာပြီဆိုတော့ ဆွေးနွေးတာ စလိုက်ရအောင် မင်းတို့တွေ ဝက်ခြံကိုဝယ်ဖို့ စီစဉ်ထားလား”

စိုက်ပျိုးရေးဌာန၏ အစည်းအဝေးတွင် ခေါင်းဆောင်များက စားပွဲ၏တစ်ဖက်တွင် ထိုင်ကြပြီး ဖုန်းယွီနှင့် သူ့အဖေသည် စားပွဲ၏ တခြားတစ်ဖက်တွင် ထိုင်ကြသည်။

“အရာရှိချုပ် ကျွန်တော်တို့တွေ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်ပါ။ ဒီမှာရှိတဲ့ လူတိုင်းက ဝက်ခြံနဲ့ ပတ်သက်တဲ့ အချိန်တွေ အားလုံးကို သိတယ်။ တကယ်လို့ ဝက်ခြံက ပိုက်ဆံရှာနိုင်တယ် ဆိုရင်တော့ ကျွန်တော် ဝယ်မှာပေါ့။ လက်ရှိ ဝက်ခြံက ပိုက်ဆံရှာနိုင်တယ်ဆိုရင် ကျွန်တော် ဝယ်ချင်ရင်တောင် အရာရှိတို့အနေနဲ့ ကျွန်တော့်ကို ရောင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အနေနဲ့လည်း ပိုက်ဆံမရတဲ့ စီးပွားရေးကို လုပ်မှာမဟုတ်ဘူး။ လက်ရှိမှာ ကျွန်တော်တို့မှာ အစားအစာ နည်းပညာနဲ့ ပိုက်ဆံတွေ ရှိနေပြီ။ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ ဒေသကို ကူညီချင်တယ်။ ဒါပေမဲ့ ဒေသဆိုင်ရာက ဒီလိုမျိုး စိတ်ဓာတ် ရှိနေပြီးတော့ မသင့်လျော်တဲ့ တောင်းဆိုမှုတွေ တောင်းဆိုနေမယ် ဆိုရင်တော့ ကျွန်တော်တို့အတွက် ဆက်ပြီး ဆွေးနွေးစရာ မရှိတော့ပါဘူး”

ဖုန်းယွီ ပြောဆိုပြီးနောက် သူက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ တစ်ငုံ သောက်လိုက်သည်။ ချီးပဲ။ ဒီလက်ဖက်ရည်က အရမ်းကောင်းမွန်တာပဲ။ စိုက်ပျိုးရေး ဌာနရဲ့ ခေါင်းဆောင်ငယ်လေးတောင် ဒီလိုမျိုး လက်ဖက်ရည်ကို သောက်နိုင်တာလား။ ဒါက သူတို့ပိုက်ဆံတွေ ဘယ်လို ဖြုန်းနေတယ်ဆိုတာ ပြတာပဲ။

အကယ်၍ဖုန်းယွီသာ သူ၏မွေးရပ်မြေကို ပြန်လည် တည်ဆောက်ချင်လျှင် သူ့အနေဖြင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို သူကိုင်တွယ်ရမည် ဖြစ်ပေသည်။ သူ့အနေဖြင့် စိုက်ပျိုးရေးဌာနကို ငွေကိုင်ရန် ခွင့်မပြုပေ။ သူတို့သည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများနှင့် ဆုံးဖြတ်ချက် ချရသည်များကို ကြိုက်နှစ်သက်သည့် အရူးများဖြစ်ကြောင်း သူတို့ကိုယ်တိုင် သိပေသည်။ အကယ်၍ ဖုန်းယွီက မကောင်းဆိုးဝါး တစ်ကောင် ဖြစ်ခဲ့ပါက သူ့အနေဖြင့် အကိုကီနှင့် ဖူကွမ်းကျန်းတို့ကို သူနှင့်အတူ အလုပ်လုပ်ဖို့ တောင်းဆိုကာ စိုက်ပျိုးရေးဌာနကို လိမ်လည်နိုင်သည်။

“ဘယ်လောက်တောင် မဖြစ်နိုင်တဲ့ တောင်းဆိုမှုလဲ။ ဒီမြေက တကယ်ကို အဖိုးတန်တယ်”

လက်ထောက် အရာရှိရွှီက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။ ဖုန်းယွီက သူ့ကိုကြည့်ကာ ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားသာ ထပ်ပြီး နှောင့်ယှက်နေမယ်ဆိုရင် ကျွန်တော် ဆက်မပြောတော့ဘူး။ ကျွန်တော်တို့ ထွက်သွားတော့မယ်”

“မင်း”

လက်ထောက်အရာရှိရွှီက သူ့ကို စော်ကားလိုက်သလို ခံစားလိုက်သည်။ သူသည် ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ဆယ်ကျော်သက် တစ်ယောက်၏ ပြောဆိုမှုကို ခံလိုက်ရသည်ပင်။

ဝမ်သဲကွမ်းက ခပ်သွက်သွက် ပြောလိုက်သည်။

“ရှောင်ယွီ အဲ့ဒါဆိုရင် ဦးလေးတို့ကို ဈေးနှုန်းကိုပြော။ မင်းအနေနဲ့ ဘယ်လောက် သုံးစွဲမှာလဲ”

“ဝက်ခြံက အလွန်ဆုံးတန် ယွမ်၁၀၀,၀၀၀ပေါ့။ ကျွန်တော်အနေနဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ မြေတွေအတွက် ယွမ်၂၀၀,၀၀၀ ပေးပါမယ်။ ဝက်ခြံထဲမှာရှိတဲ့ ဝက်တွေအတွက် လက်ရှိပေါက်ဈေးအရ အဲ့ဒါတွေက ယွမ်၁၀,၀၀၀တောင် မရှိဘူး။ ဒါပေမဲ့ အဲ့ဒီဝက်တွေကို ယွမ်၁၀,၀၀၀နဲ့ တွက်ပေးပါ့မယ်။ စုစုပေါင်းကတော့ ယွမ် ၃၁၀,၀၀၀ ”

“ယွမ်၃၁၀,၀၀၀လား။ အဲ့ဒါအရမ်း နည်းတာပဲ။ ဒါက ကြီးမားတဲ့မြေလေ။ ပြီးတော့ ဝက်ခြံက ယွမ်၁၀၀,၀၀၀မကဘူး တန်တယ်။ မနေ့က မင်း ယွမ် ၅၀၀,၀၀၀ ပေးခဲ့တာမလား”

အရာရှိချုပ်က စိတ်ပျက်နေသည်။ ငွေပမာဏက အလွန်နည်းလွန်း၏။ သို့သော် ဖုန်းယွီပြောသည်မှာ သဘာဝကျပေသည်။ သို့သော် သူ့အနေဖြင့် ယွမ်၃၀၀,၀၀၀နှင့် ဘာလုပ်နိုင်မည်နည်း။ သူ့အနေဖြင့် ဒေသအတွင်း မည်သည့်ပြောင်းလဲမှုမှ မလုပ်နိုင်ဘဲ အောင်မြင်မှု တစ်ခုသာ ချထားရုံသာ ရှိသည်။

“ယွမ် ၅၀၀,၀၀၀ဒါပေမဲ့ အရာရှိတို့အနေနဲ့ ကျွန်တော် တောင်းဆိုတဲ့ အချက်အလက်တွေကို ဖြည့်ဆည်း ပေးရမယ်။ အရာရှိချုပ် အရာရှိအနေနဲ့ အဲ့ဒီမြေရဲ့ တည်နေရာကို သိပါတယ်။ အဲ့ဒီနေရာက ရွာဒါမှမဟုတ်ဘူးဆိုရင် ဈေးဆိုင်တွေနဲ့ လုံးဝမနီးဘူး။ လမ်းရဲ့ အခြေအနေကလည်း ကောင်းမွန်မနေဘူး။ စုတ်ပြတ်နေတဲ့လမ်းက အပေါက်တွေကြီးပဲ။ အဲ့ဒါတွေက ကျွန်တော်တို့တွေ ဝက်တွေကို တင်ပို့တဲ့အခါမှာ အဆင်မပြေမှုတွေ ဖြစ်စေနိုင်တယ်”

“ငါတို့တွေ လမ်းတွေကို မင်းတို့အတွက် ပြင်ပေးနိုင်ပါတယ်။ အဲ့ဒါဆိုရင် မြေတန်ဖိုးက များသင့်တယ် မဟုတ်လား”

အရာရှိချုပ်က ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော။ ကျွန်တော်အနေနဲ့ ယွမ် ၁၀၀,၀၀၀ တိုးပေးမယ်။ ပြီးတော့ အဲ့ဒီ ယွမ်၁၀၀,၀၀၀က လုံလောက်တယ် မဟုတ်လား။ ပြီးတော့ ကျွန်တော့်အနေနဲ့ နှစ်သစ်ကူးပြီးရင် ဝက်ခြံကို အဆင့်မြင့်ပြီး တိုးချဲ့ဖို့လိုတယ်။ ကျွန်တော် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ အကုန်လုံးကို အရာရှိတို့ ဌာနကနေပဲ ဝယ်မှာပါ။ ကျွန်တော်အနေနဲ့ စရံငွေအဖြစ် ယွမ် ၉၀,၀၀၀ ပေးပါ့မယ်။ စုစုပေါင်းကတော့ ယွမ် ၅၀၀,၀၀၀ ပါ။ ဒါကကျွန်တော် နောက်ဆုံး ပေးနိုင်တဲ့ ပမာဏပဲ။ အနာဂတ်မှာ ဝက်ခြံက တစ်ခုခုလိုအပ်တာ ရှိတယ်ဆိုရင် ကျွန်တော်အနေနဲ့ စိုက်ပျိုးရေး ဌာနကနေပဲ ဝယ်မှာပါ။ ဒါကလည်း ပိုက်ဆံနဲ့လေ”

ယမန်နေ့ နေ့လယ်ခင်းတွင် ထိုလူများက အနည်းဆုံး ယွမ်တစ်သန်း လိုချင်ခဲ့တာလေ။ ညနေခင်းတွင် သူတို့အနေဖြင့် ယွမ် ၈၀၀,၀၀၀ သည်လည်း လက်ခံနိုင်သည့် ပမာဏဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် ယခုတွင် ဖုန်းယွီပေးသည့် ယွမ် ၅၀၀,၀၀၀ က သဘာဝကျသည်ဟု သူတို့ခံစားရမိသည်။

နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးသည့်သူသည် အရာရှိချုပ်ဖြစ်ကာ ဖုန်းယွီ၏ ကမ်းလှမ်းမှုကို ချက်ချင်းပင် လက်ခံလိုက်သည်။

လက်ထောက်အရာရှိရွှီသည် ပုပ်သိုးသော မျက်နှာဖြင့် ထွက်ခွာသွားသည်။ ဖုန်းမိသားစု စောင့်နေလိုက်။

“လေဝင်လေထွက်ကလည်း လုံးဝမကောင်းဘူး။ အဲ့ဒါက ဆောင်းရာသီရဲ့ အပူချိန်မှာဆို အရမ်း အရေးကြီးတယ်။ မှတ်ထားလိုက်။ ပြီးတော့ လေဝင်လေထွက်ကလည်း အရမ်း အရေးကြီးတယ်။ ဒီနေရာမှာ အနံ့က အရမ်းဆိုးတာပဲ။ ဘာလို့ဒီမှာ ဝက်မစင်တွေ ရှိနေရတာလဲ။ ပစ်လိုက်ပါ့လား။ ဒါပေမဲ့ နောက်ကျရင်တော့ ပစ်စရာမလိုတော့ဘူး။ သူတို့ကို အရှေ့မြောက် အပိုင်းမှာပဲ ထားထားရမယ်”

ဖုန်းယွီသည် ဝက်ခြံကို ကြည့်နေသည်။ သူခြေချလိုက်သည်နှင့် တစ်ခါထဲ ပျို့အန်မလို ဖြစ်သွားသည်။ ဝက်မစင်အနံ့က အလွန်ဆိုးရွားပေသည်။ သူ့အနေဖြင့် အရင်က အလုပ်သမားများ ဤဝက်ခြံပေါ်တွင် နေနိုင်ခဲ့သည့်ဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။

ဝက်ခြံရှိ အချိန်ပြည့် အလုပ်သမားများသည် အခြားသော ဌာနများကို ပြောင်းရွှေ့ခံလိုက်ရသည်။ ယာယီအလုပ်သမား သုံးဦးသာရှိနေပြီး သူတို့ကိုဖုန်းယွီက ငှားထားသည်။ မဟုတ်လျှင် လက်ရှိတွင် သူ၏ခြံအား ဂရုစိုက်မည့်သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။

စိုက်ပျိုးရေးဌာနက ဖုန်းယွီ၏ ဝက်ခြံအတွက် တိရစ္ဆာန်အထူးကု ဆရာဝန်ကို ငှားထားသည်။ သို့သော် တိရစ္ဆာန် အထူးကု ဆရာဝန်နဲ့ တွေ့ဆုံးပြီးနောက် ဖုန်းယွီအနေဖြင့် နောက်ထပ် တိရစ္ဆာန်အထူးကု ဆရာဝန်အား သူကိုယ်တိုင်ငှားရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုတိရစ္ဆာန်အထူးကု ဆရာဝန်က နေ့ခင်းကြောင်တောင်တောင် အရက်သောက်ပြီး သူ့အနေဖြင့် သူ၏ဝက်များအတွက် သူ့အား ယုံကြည်မှု မရှိပေ။

ဖုန်းယွီသည် ဝက်မွေးကျွမ်းကျင်သူ အချို့နှင့်လည်း ဆက်သွယ်ခဲ့သည်။ သူတို့သည် ကိုယ်ပိုင်ဝက်ခြံ ပိုင်ဆိုင်ကြသည်။ သို့သော် အခက်အခဲကြုံသည့် နေရာတွင် အစိုးရက သူတို့ကို ပြန်ပေးခြင်း မပြုပေ။ ထိုအချက်များက အလွန်ရှုပ်ထွေးပေသည်။

သားနှစ်ယောက်နှင့် အဖေတစ်ယောက်ရှိသည့် မိသားစုတစ်စု ရှိသည်။ သူတို့သည် လက်ရှိတွင် ဝက်အနည်းငယ် မွေးမြူပြီး သူတို့၏ဝမ်းဗိုက် အစာကျွေးရန်အတွက် အလုပ်လုပ်ရန် လိုသည်။ ဖုန်းယွီက သူတို့အား တစ်နေ့လျှင် ယွမ်တစ်ထောင့်ငါးရာ ပေးမည်ဟု ကမ်းလှမ်းသည့်အခါ သူတို့က ချက်ချင်းပင် လက်ခံလိုက်သည်။ နေရာထိုင်ခင်းနှင့် အစားအသောက် အပါအဝင် မိသားစု၏ ဝင်ငွေသည် တစ်နေ့လျှင် ယွမ်လေးထောင့်ငါးရာ ရမည်ပင်။

ဝက်ခြံ၏ အခြေအနေသည် ဖုန်းယွီ မျှော်မှန်းထားတာ ထက်တောင် ဆိုးနေသေးသည်။ ခြံဝန်း၏ အစိတ်အပိုင်းများက ပျက်စီးနေပြီး ထိုအစိတ်အပိုင်းများကို ကာရန်အလို့ငှာ ပလတ်စတစ် အကာများကို အသုံးပြုထားသည်။ တံခါးသည်လည်း ကျိုးနေသည်။ ပြီးနောက် တံခါးတွင် အပေါက်တစ်ပေါက်တောင် ရှိနေကာ ထိုအရာအား မြက်ခြောက်များဖြင့် ဖုံးထားသည်။ ဝက်ခြံထဲတွင် ဝက်တစ်ရာကျော်ခန့် ရှိသည်။ ထိုဝက်များထဲမှ ဆယ်ကောင်က အရွယ်ရောက်ပြီး ဝက်မဖြစ်ပြီး ကျန်နှစ်ကောင်သည် ဝက်ထီးများဖြစ်သည်။ ကျန်သည့် ဝက်များက ဝက်ပေါက်များဖြစ်ပြီး အများစုမှာ ရောင်းရန်ပင် အဆင်သင့်မဖြစ်သေးပေ။

ဖုန်းယွီက သက်ပြင်း ချလိုက်လေသည်။ ချီးပဲ။ ဒီမှာရှိတဲ့ ဝက်တွေက ယွမ်တစ်သောင်းတောင် မတန်ဘူး။ သူကထိုထက် ပေးခဲ့တာဖြစ်သည်။

“အဲ့ဒီပြတင်းပေါက်တွေကို ပြောင်းဖို့လိုတယ်။ ပြီးတော့ တံခါးကောပဲ။ အဲ့ဒါတွေကို ဒီနေ့အပြီးလုပ်ပါ။ ပြီးတော့ ဒီကိရိယာတွေ အဲ့ဒါတွေကို အသစ်ချက်ချင်း ပြောင်းပေးပါ။ ဒီဧရိယာတွေ အကုန်လုံးကို ပိုးသတ်ဆေးနဲ့ သန့်စင်ဖို့လိုတယ်။ ဝက်ခြံရဲ့ အပြင်ဘက်ကိုရော သန့်ရှင်းဖို့လိုမယ်။ ဒီနေရာတွေကတော့ ပြန်တည်ဆောက်ရမယ်။ အဲ့ဒါတွေကို မှတ်ထားလိုက်။ နွေဦးစတာနဲ့ အလုပ်စမယ်”

ချီးပဲ။ ဤဝက်ခြံသည် ယွမ်တစ်သိန်းပင် မတန်ပေ။ သူသည် ထိုထက်များများ ပေးခဲ့ရခြင်းဖြစ်သည်။

ကံကောင်းသည်မှာ ဖုန်းယွီသည် မြေရိုင်းများကိုလည်း ရရှိခဲ့တာဖြစ်သည်။ သူ့အနေဖြင့် လယ်တော သို့မဟုတ် လယ်တော အရာရှိများကို ဤနေရာတွင် ဆွေးနွေးသင့်ပေသည်။ လက်ရှိတွင် ဖုန်းယွီက ခြံနှင့်မြေသည် ယွမ်သုံးသိန်း မတန်ဟုတောင် ခံစားမိနေသည်။ ထိုအရာက အလွန်မြင့်မားသည့် ပမာဏဖြစ်၏။

စိုက်ပျိုးရေးဌာန၏ ခေါင်းဆောင်များသည် လက်ရှိတွင် အောင်ပွဲခံနေကြသည်။ ဤဝက်ခြံက နှစ်တိုင်း အရှုံးပေါ်သည်။ နောက်ဆုံးတွင် ထိုဝန်ထုပ်ဝန်ပိုးအား အခြားတစ်ယောက်ဆီသို့ လွှဲနိုင်ပေသည်။ သူတို့ မျှော်မှန်းထားသည့် ပမာဏထက် နည်းပြီးရသော်ငြား သူတို့သည် ပျော်ရွှင်နေသေးဆဲဖြစ်သည်။ အကယ်၍ ဖုန်းယွီသာ လူချမ်းသာ တစ်ယောက်လို စက်ရုံမြေအား ဈေးကြီးပေးပြီး မဝယ်ခဲ့လျှင် ခေါင်းဆောင်များသည် ထိုဝက်ခြံကိုသူ့အား ယွမ်သုံးသိန်းနှင့် ရောင်းရန် သဘောတူမည်ဖြစ်သည်။

လက်ရှိတွင် ဌာနအနေဖြင့် မြေရောင်းချခြင်းမှ ရန်ပုံငွေများ ရှိသည်။ သူတို့အနေဖြင့် လာမည့်နှစ်တွင် ရုံးအဆောက်အဦး သို့မဟုတ် ဝန်ထမ်းအိမ်ယာ အသစ်ကို ဆောက်လုပ်နိုင်ပေသည်။

ဖုန်းရှင်းထိုက်သည် ရွာကိုပြန်သွားပြီး ဝက်ခြံကို သန့်ရှင်းရန်နှင့် ပြတင်းပေါက်တံခါးကို ပြောင်းရန်အတွက် လူအချို့ ငှားရမ်းတော့သည်။ အမိုးများကိုလည်း ပြန်ပြင်ရမည် ဖြစ်ပေသည်။ သူသည် ရွာသားများထံမှ ဝက်ပေါက်များကို ဝယ်ပြီး ဝက်ခြံတွင်ဖြည့်ရန် စီစဉ်ရသည်။ ဤဝက်ပေါက်များသည် နှစ်မကုန်ခင် သေချာပေါက် ရောင်းရမည်ပင်။ ရွာသားများကို ပိုက်ဆံပေးပြီးနောက် ဖုန်းယွီသည် ကြီးမားသည့် ဝက်ခြံအသစ်ကို မြင်လိုက်ရကာ သူ့အနေဖြင့် ခံစားချက် ပိုကောင်းသွားသည်။ ထိုအရာက ခေတ်မီဝက်ခြံဟု တွေး၍မရသော်ငြား နောက်ဆုံးတွင် နေလို့ထိုင်လို့ ရသွားပေသည်။

ဝက်ခြံ၏ ပင်မတံခါးပေါက်တွင် ကျု့ပါကျဲပုံကို ဆွဲထားသည်။ ပါကျဲသည် အနောက်အရပ်သို့ ခရီးသွားခြင်းမှ ဖြစ်သည်။

ဟင်း ဤတံခါးသည် အလွန်ပင် စိတ်ဝင်စားမှု ကင်းမဲ့နေသည်။ ထိုနေရာက နှစ်ကြောင်းစပ် ကဗျာတစ်ပုဒ်ဖြစ်ပါက ပိုကောင်းပေမည်။

ဖုန်းယွီသည် အနီရောင်စက္ကူကို ထုတ်လိုက်ပြီးနောက် စုတ်တံကိုဆွဲကာ ထိုစကားလုံးများကို ရေးလိုက်တော့သည်။

“ကောင်းကင်ဘုံမှ စစ်သူကြီးတစ်ယောက် ”

သူသည် ယင်းစက္ကူကို တံခါး၏ ညာဘက်အခြမ်းတွင် ကပ်လိုက်ပြီး ဘာမှမရေးထားသည့် အနီရောင်စက္ကူကို ဘယ်ဘက်အခြမ်းတွင် ကပ်လိုက်သည်။ ဖုန်းယွီက ပျော်ရွှင်စွာ ရေးလိုက်သည်။ ခေါင်းဆောင်များသည် လယ်တောကိုလာပြီး ကြည့်ရှုပါက သူတို့အနေဖြင့် အတွေးတစ်မျိုး ပြောင်းသွားမည်ကို စဉ်းစားရင်း သူပျော်ရွှင်နေမိသည်။

ဘာသာပြန်မှတ်စု…..

နှစ်ကြောင်းစပ်ကဗျာကို “在上为帅!ရေးထားသည်။ ထိုကဗျာက အနောက်အရပ်သို့ ခရီးသွားခြင်း(စွန်းဝူခုန်း) မှ ပါကျဲ ဖြစ်သည်။ ပါကျဲသည် ကောင်းကင်ဘုံတွင် စစ်သူကြီး ဖြစ်ခဲ့ပြီး ကမ္ဘာပေါ်သို့ နှင်ထုတ်ခြင်းခြင်းဖြင့် ပြစ်ဒဏ်ပေးခဲ့သည်။ ဒုတိယ အကြောင်းက在下为猪 ဖြစ်သည်။ ဒုတိယ စာကြောင်းတွင် အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ပထမ တစ်မျိုးက ကမ္ဘာပေါ်မှဝက် ဖြစ်ပြီး ဒုတိယ အဓိပ္ပာယ်ကား ကျွန်တော်က ဝက်ကြီး ဖြစ်သည်။ ထိုအရာက တရုတ်ဟာသ ဖြစ်သည် သို့သော် ဘာသာပြန်ဆိုလိုက်သည့် အခါ ဟာသ ပျောက်သွားသည်။

***

All Chapters