သတ္တုထဲမှာ နတ်ဘူးသီးစေ့ ရှိနေတာလာ
Vol. 1-5 Ch. 21
အခန်း (၂၁) : သတ္တုထဲမှာ နတ်ဘူးသီးစေ့ ရှိနေတာလား
“လျန်အာ … ကိုကြီးတို့ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ အမြန်ဆုံး ပြန်ဖို့ လိုနေပြီ။ ညီလေးရှန်ကို နှုတ်ဆက်လိုက်တော့”
လီချန်းကောက သူညီမဖြစ်သူသည် သူမ၏ (၁၆)နှစ်ပြည့် မွေးနေ့လက်ဆောင်ကို ရှန်ထျန်းအား လက်ဆောင်ပြန်ပေးလိုက်သည့်အတွက် အံ့ဩနေမိ၏။
ငါ့ညီမလေး ဘာတွေ လုပ်လိုက်ပြန်ပြီလဲ … အဖေ ဘယ်လို ခံစားရမယ်ဆိုတာ ထည့်မစဉ်းစားဘူးလား …
ဤကျောက်စိမ်းရေစင်ဓားက ဝိညာဉ်လက်နက် ဖြစ်ပြီး ဓမ္မလက်နက်ထက် ပို၍ အဖိုးထိုက်ကာ တန်ဖိုးကြီးပေသည်။
ဝိညာဉ်လက်နက် တစ်ခုသည် အနည်းဆုံး ဝိညာဉ်သလင်းကျောက် ရာချီ တန်ပေသည်။ ဝိညာဉ်ကျောက်တုံး တစ်သိန်းနီးပါး ဖြစ်၏။
ထို့အပြင် ကျောက်စိမ်းရေစင်ဓားသည် ရှားပါး ဝိညာဉ်လက်နက် ဖြစ်သောကြောင့် တန်ဖိုး ပိုကြီးသည်။ အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သန်းနီးပါး ရှိ၏။
ဒီလိုပစ္စည်းမျိုးကို အလွယ်လေး ပေးပစ်လိုက်တာလား …
ကယ်ကြပါဦး …
…………....
လီချန်းကောက သူတို့နှစ်ယောက်ကို အတူတူ မနေခိုင်းရဲတော့ချေ။ သူမ ရှန်ထျန်းကို ဘာတွေ ဆက်ပေးပစ်မည်ကို ဘုရားမှပဲ သိတော့မည်။
“ ကိုကိုရှန် … ဒီရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့လေးက အရမ်းအရေးကြီးနေတော့ လျန်အာ အရင်သွားနှင့်မယ်နော်။ ကိုကိုရှန်ရဲ့ ဆရာနဲ့ ရက်သတ်မှတ်ပြီးသွားတဲ့အချိန်ကို လျန်အာနဲ့ ဖေဖေက ထိုက်ပိုင်ချိုုင့်ဝှမ်းကနေ စောင့်မျှော်နေမယ်နော် ”
ထို့နောက် လီချန်းကောက လီလျန်အာနှင့် အတူတူ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
“ ဟူး ”
အခုမှပဲ ရှန်ထျန်းတစ်ယောက် သက်ပြင်းချနိုင်တော့သည်။
အဆုံးသတ်၌ သူလေး လွတ်လပ်သွားပြီလေ…
သည်အဖြစ်အပျက်တစ်ခုလုံးက သူ့အား ပြောစရာစကားပင် ပျောက်ရှသွားစေသည်။
အစပိုင်းတွင် သူက လူများအား သတ္တုရိုင်းတုံး ကူရွေးပေးဖို့ ကြိုးစားခဲ့ရုံမျှဖြစ်ကာ ယခုတွင် စေ့စပ်လုနီးပါး ဖြစ်သွားခဲ့ရ၏။
ရှန်ထျန်း ယခင်ဘဝက တခြားမိန်းကလေးများကို ဖွင့်ပြောဖူးသော်လည်း အားလုံးက သူ့ကို ငြင်းခဲ့ကြသည်။
ဒါပေမဲ့ ဒီနေရာမှာကျတော့ …
သူက ဂိမ်းထဲက အန်ပီစီလိုမျိုး “ ငါနဲ့ မင်း ကံပါတယ် ” စကားတစ်ခွန်း ထုတ်ပြောလိုက်ရုံမျှဖြင့် သည်လိုမျိုး အနေအထားတွေအထိ ဖြစ်လာလေသည်။
ငါလေး အရမ်းရုပ်ချောလွန်းလို့ အနိုင်ကျင့်ခံနေရတာပဲ …
ရှန်ထျန်းက သက်ပြင်းချကာ သူတို့ ထွက်သွားသည့် ဦးတည်ရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
လီချန်းကောက လွယ်လွယ်ကူကူ ပြောသွားခဲ့သော်လည်း ထိုက်ပိုင်ချိုင့်ဝှမ်း အပြန်လမ်းကား ခက်ခဲသော ခရီးစဉ် ဖြစ်လိမ့်မည်။ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့၏ စွဲဆောင်မှုကား ကြီးမားလွန်းလှသည် မဟုတ်ပါလော။
သို့သော် ရှန်ထျန်းက များများစားစားတော့ မစိုးရိမ်မိပေ။
ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ကို မရခင်ကပင် လီလျန်အာတွင် အနီတောက်တောက် ရောင်ဝါစက်ဝန်း ရှိနေပြီးသား ဖြစ်၏။ ယခု နတ်ဘူးသီးစေ့ ရရှိသွားပြီ ဖြစ်ရာ သူမ ရောင်ဝါကား ရွှေရောင် တောက်ပလာလေရာ သူမ၏ ကံကောင်းမှု တိုးမြင့်လာကြောင်း သိသာလှသည်။
ချင်ကောင်းထက်တောင် အဆင့်မြင့်သွားပြီ မဟုတ်ပါလား …
တစ်ချိန်တည်းတွင် သူမအစ်ကိုဖြစ်သူကား ရွှေရောင်အကွက်များပါသည့် အနီရောင် ရောင်ဝါစက်ဝန်း ပိုင်ဆိုင်ထားလေ၏။ သဘောတရားအရ ပြောရလျှင် သူတို့နှစ်ယောက်လုံးက ကျင့်ကြံသူများ အိပ်မက်မက်နေကြသော အောင်မြင်သည့် ဘဝမျိုးကို ရရှိကြလိမ့်မည် ဖြစ်သည်။ တခြားနည်းဖြင့်ဆိုရလျှင် ဤအဆင့်လောက်ဖြင့် အန္တရာယ် ကြုံတွေ့ရဖို့ မဖြစ်နိုင်ချေ။
“ ကျွန်တော်တို့ ထပ်တွေ့ဦးမှာပါ။ အဲဒီအခါကျ ကံကောင်းမှု မျက်နှာသာပေးတဲ့လူ ဖြစ်လာဖို့တော့ မျှော်လင့်မိတယ်။ အဲဒီအချိန်ကျ မင်းအဖေကိုလည်း အနိုင်ယူနိုင်လောက်ပါပြီ ” ရှန်ထျန်းက ပြုံးစစဖြင့် ရေရွတ်လိုက်သည်။
ထို့နောက် သူက ကျောက်စိမ်းရေစင်ဓားကို ကောက်ယူလိုက်သည်။ ထိုဓားက ပါးလွှာဟန် ပေါ်သော်လည်း အတော်လေး လေး၏။ အနည်းဆုံးတော့ (၁၅)ကီလိုဂရမ် ရှိပေမည်။
ရှန်ထျန်းက ရုတ်ချည်းဆိုသလို တစ်ခုခု အမှတ်ရသွားလေ၏။
အခု သူက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်နှင့် ငါးကီလိုမီတာ အကွာအဝေးဆီမှာ ရောက်နေတာလေ…
“ လီချန်းကော အရူးကောင် … အနည်းဆုံးတော့ ငါ့ကို ပြန်ပို့ပေးသင့်တယ်လေ။ ငါက ချီသန့်စင်ခြင်းအဆင့်တောင်မှ မရောက်သေးတာ… ဓားပျံလည်း မစီးနိုင်သေးဘူး။ ကယ်ကြပါဦး … အနီးအနား သားရဲတစ်ကောင်ကောင်များ မရှိဘူးလား ”
ကံကောင်းစွာဖြင့် ရှန်ထျန်းက တောင်ကုန်းတစ်ခု တက်ပြီးသည့်နောက်တွင် လမ်းမကြီးတစ်ခုကို ရှာတွေ့သွားသည်။
ပုံမှန်အားဖြင့် သားရဲများနှင့် နတ်ဆိုးများက လမ်းမကြီးပေါ် ပေါ်လာလေ့ မရှိပေ။ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ဆီ သွားလာနေသော မြင်းလှည်းများသာ ရှိ၏။
“ ငါလေး အရမ်းကံမဆိုးရင် မကြာခင် စီးစရာတစ်ခုခုတော့ တွေ့မှာပါ။ အဲ… နေဦး …. ကံဆိုးတာလား … ”
ရှန်ထျန်းက သူ့ရောင်ဝါစက်ဝန်းသည် အမည်းရောင် ဖြစ်နေသေးကြောင်း အမှတ်ရသွား၏။
လမ်းအဆုံးတစ်ဖက်တွင် သားရဲများ ထွက်ပေါ်လာမှုကြောင့် လမ်းကို နောက်ထပ် သတိပေးချက် မရှိခင်အထိ ပိတ်ဆို့ထားကြောင်း ရှန်ထျန်းခမျာ မသိရှာပေ။ ထို့ကြောင့် သူ့အနေနှင့် ယနေ့ စီးစရာ ရဖို့ မဖြစ်နိုင်တော့ပေ။
ရှန်ထျန်းက အံ့ဖွယ်အဖြစ်အပျက် ဖြစ်လာအောင်အထိ စောင့်နေမည် မဟုတ်ပေ။ တစ်ခုခု ပြီးမြောက်ဖို့ရာအတွက် ကံကောင်းမှု မလိုအပ်ဘဲ အရည်အချင်းနှင့် ဆုံးဖြတ်ချက်သပ်သပ်ဖြင့်သာ လုပ်နိုင်ကြောင်း သူက ယုံကြည်ထားသည်။
ကိုယ့်အားကိုယ်ကိုးရမှာပဲ …
ကိစ္စမရှိပါဘူး ငါးကီလိုမီတာလေးပဲဟာ …
ဓားကလည်း (၁၅)ကီလိုဂရမ်လေးပဲ လေးတာပါလေ … လုံးလုံး မခက်ပါဘူး …
…………….....
ရှန်ထျန်းတစ်ယောက် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ဆီ ပြန်ရောက်တော့ နေတောင် ဝင်ပြီးသွားလေပြီ။
သူ့ဂုဏ်သတင်းများကလည်း အဆုံးမဲ့ဝိညာဉ်ဥယျာဉ်အနှံ့ ပျံ့နှံ့သွားပြီးပြီ ဖြစ်၏။
“ ဟေ့ ကြားပြီးပြီလား … ငါတို့ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာ ဆရာတစ်ယောက် ရှိတယ်တဲ့။ သူက သတ္တုရိုင်းတုံးတွေကို အတိအကျ အကဲဖြတ်နိုင်တာတဲ့နော် ”
“ ငါ ကြားလိုက်တာတော့ မြင့်မြတ်သော ဝိညာဉ်ပြခန်းကနေ ဘူးသီးကျောက် သတ္တုရိုင်းတုံးကို ရွေးလိုက်တာတဲ့။ အဲဒီကနေ အစောင့်အရှောက်အပင် အဖြစ် ကြီးလာနိုင်တဲ့ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့ ထွက်လာတာဆိုပဲ ”
“ မဟုတ်ဘူး … အစေ့ မဟုတ်ဘူး။ ဘူးသီးတဲ့ …ကြားတာတော့ အဲဒီဘူးသီးကနေ သက်တန့်ရောင်တွေ ဖြာထွက်နေတာတဲ့တော် ”
“ အယ် တကယ်ကြီးလား … ကျွန်မ ကြားလိုက်တာတော့ အဲဒီသတ္တုရိုင်းတုံးထဲမှာ ကလေးလေးတစ်ယောက် ပါတယ်တဲ့။ ရတနာခုနှစ်သွယ် နတ်ဘူးသီးစေ့က သူ့ခေါင်းအထက်ကနေ ရစ်ဝဲနေတာတဲ့။ ကြည့်ရတာ သူက လူစွမ်းကောင်း ဖြစ်ဖို့ ကံပါလာပုံပဲတဲ့ ”
“ မဟုတ်သေးဘူး မဟုတ်သေးဘူး… ကျုပ်က အဲဒီနေရာမှာ ရှိနေခဲ့တာဆိုတော့ အဖြစ်အပျက်ကို အသေအချာ သိလိုက်ရတယ်ဗျ။ သူက သတ္တုရိုင်းတုံးကို ဖြတ်တဲ့သူ မဟုတ်ဘူး။ သူက နတ်မိမယ်လျန်အာအတွက် ရွေးပေးရုံပဲ ”
“ သူက မမလေးလျန်အာအတွက် မြင့်မြတ်သော ဝိညာဉ်ပြခန်းရဲ့ ကံကောင်းမှုအဆောင်ကို ရွေးပေးခဲ့တာ …
အဲဒီဘူးသီးအထဲမှာ ဝိညာဉ်အသွင်ပြောင်းခြင်း ကောင်းကင်အသျှင် ရှိနေတာတဲ့။ နတ်မိမယ်လျန်အာနဲ့ ကံပါတော့ သူမရဲ့ အကာအကွယ် စောင့်ရှောက်သူ ဖြစ်လာတာတဲ့ ”
…………...
အချိန်များစွာ ကုန်လွန်သွားသည်နှင့် သတင်းစကားများက အမှန်တရားမှ သွေဖယ်လာတော့သည်။ သတင်းက ကောင်းကင်ဝိညာဉ်ပြခန်းဆီ ရောက်သွားသည့်အခါ အမှန်တရားနှင့် လုံးလုံး ကွဲထွက်နေပြီ ဖြစ်သည်။
“ ရှန်အောင်းထျန်းလား… နီပွန်းတောင်ပေါ်က အထွတ်အထိပ်ရှင် ဖူတဲ့ရဲ့ တပည့်တဲ့လား…
သူက နတ်မိမယ်လျန်အာအတွက် ခရမ်းစိမ်းရောင် ဘူးသီးပုံ ဝိညာဉ်သတ္တုရိုင်းတုံးကို ရွေးပေးလိုက်တာ အထဲမှာ နတ်ဘူးသီးစေ့ ပါနေတယ်ပေါ့။ အဲဒါက လီမိသားစုကို နှစ်တစ်ထောင်လောက် ကောင်းချီပေးပြီးတော့ ထိုင်ပိုင်ချိုင့်ဝှမ်းကို မြင့်မြတ်နယ်မြေ ဖြစ်လာစေတော့မှာပဲ ”
ဆိုင်ပိုင်ရှင် သူဌေးစုန့်က သတင်းကို ကြားလိုက်ရသည့်အခါ မဲ့ရွဲ့သွားလေတော့သည်။
ဉာဏ်နည်းသူသာ ယုံလိမ့်မည်။
သူ့ဖခင်ဘေးနားတွင် ရှိနေသော ဆိုင်ပိုင်ရှင်ပေါက်စက မျက်နှာတစ်ခုလုံး ဖူးယောင်နေလေ၏။
“ ရှန်အောင်း … ရှန်အောင်းထျန်း … သူတို့က ဆက်နွယ်နေတာလား။ သူတို့က တစ်ယောက်တည်းတောင် ဖြစ်နေနိုင်တယ်။ ရှန်အောင်းက ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ တပည့်လေ။ ကျွန်တော့်ဖင်ကို ကန်ပြီးတော့မှ ဖြစ်လာတာတဲ့လား။ လီမိသားစုက ကျွန်တော်တို့ကို သတိပေးဖို့ ကြိုးစားနေတာများလား ”
“ မင်းဖင်ကို ကန်တာက လီမိသားစုနဲ့ ထိုက်ပိုင်ချိုင့်ဝှမ်းအတွက် အလွယ်လေး … ဒီလောက် ကိစ္စ ကြီးကြီးမားမား လုပ်နေစရာ မလိုဘူး ”
သူဌေးစုန့်က ဆက်ပြောလိုက်သည်
“ ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက လီမိသားစုက သတ္တုရိုင်းတုံးကနေ အရမ်း ထူးခြားတဲ့ ရတနာပစ္စည်းကို ရသွားတာ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ သူတို့က အမှန်တရားကို သိပြီး ရတနာနောက် လိုက်လာကြမှာစိုးလို့ ဒီလိုကောလဟလတွေ လျှောက်ဖြန့်လိုက်တာ ဖြစ်မယ်။ ဘာကောင်းကင်အသျှင်မှ မဟုတ်ဘူး …. အဲဒါက အယောင်ပြ သပ်သပ်ပဲကွ ….
ဒုတိယတစ်ခုကတော့ သူတို့က ရှန်အောင်းရဲ့ ဂုဏ်သတင်း ကြီးလာအောင် ကူညီပေးနေတာ ဖြစ်နိုင်တယ်။ ရှန်အောင်းက ဝိညာဉ်နတ်မိမယ်လေးနဲ့ ငါတို့နဲ့ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို သိသွားပြီးတဲ့နောက်မှာမှ ဒါမျိုး ဖြစ်လာတယ်ဆိုတာ…
သေချာပေါက် သူတို့က ငါတို့ပုံစံအတိုင်း လိုက်လုပ်တာပဲ ဖြစ်မယ်။ ပြီးတော့ အကျိုးမြတ်ရဖို့အတွက် မိန်းကလေးတွေကို ပစ်မှတ်ထားထားတယ်။ ဒီတော့ ဒီကောလဟာလတွေက အားလုံးရဲ့ အာရုံကို ဖမ်းစားဖို့ သပ်သပ်ပဲ …
ဒါပေမဲ့… ဖြစ်နိုင်ခြေနှစ်ခုစလုံးမှာ လီမိသားစုက ဒီရှန်အောင်းကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတယ်ဆိုတာ အသိသာကြီး… ငါတို့တွေ သွားရှုပ်မိလို့ မဖြစ်ဘူး”
ထိုက်ပိုင်ချိုုင့်ဝှမ်းရှေ့မှောက်တွင် ကောင်းကင်ဝိညာဉ်ပြခန်းကား သူတို့၏ လက်ထဲမှ ကစားစရာသာသာ ရှိသည်လေ…