← Chapters

အိပ်မက်တစ်ခုရဲ့အဆုံးသတ်

Vol. 11 Ch. 35

အိပ်မက်တစ်ခုရဲ့အဆုံးသတ်

Vol. 11 Ch. 35

“အိမ်ရှင်တို့ရှင့်၊ ကျွန်မဝင်လာခဲ့လို့ရမလား။”

အေမီရဲ့အိမ်စေဝတ်စုံ ခပ်ချောင်ချောင်ကိုဝတ်ထားတဲ့ မက်ဒါနာက ရှေးကျပုံရတဲ့ စံအိမ်တစ်လုံးရဲ့တံခါးရှေ့မှာ ရပ်နေပြီးတော့ တံခါးကိုခေါက်လိုက်တယ်။

ဒေါက်... ဒေါက်... ဒေါက်...

တံခါးခေါက်သံက စည်းချက်ညီညီထွက်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားပါတယ်။ အတန်ကြာတဲ့အထိ အတွင်းကနေ တုန့်ပြန်သံမကြားရလို့ ခြံဝင်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ ခြံဝင်းတစ်ခုလုံး နှင်းတွေနဲ့ပြည့်နှက်လို့ရယ်။ အိမ်တံခါးဆီသွားတဲ့ ကျောက်ခင်းလမ်းလေးကိုတောင် သိပ်မမြင်ရတော့ဘူး။

“နှင်းတွေကို ရှင်းပေးမယ့်သူ မရှိတာများလား။”

မက်ဒါနာက တွေးလိုက်မိတယ်။ စောင့်ရတာ ကြာနေပြီဖြစ်လို့ တံခါးကိုထပ်ခေါက်လိုက်သေးတယ်။ မိနစ်အနည်းငယ်လောက်ကြာတော့မှ အပေါ်ထပ်ကနေ တစ်စုံတစ်ယောက်ဆင်းလာတဲ့အသံကို ကြားရပြီး တံခါးပွင့်လာပါတယ်။ တံခါးကိုဖွင့်ပေးတဲ့သူတွေက သက်လတ်ပိုင်းစုံတွဲတစ်တွဲဖြစ်ပြီး သူတို့မျက်နှာပေါ်မှာ အထီးကျန်ဆန်တဲ့ အငွေ့အသက်တချို့ကိုတွေ့နိုင်တယ်။

“ဟယ်လို၊ ကျွန်မက မြို့ထဲမှာကြော်ပြာထားတဲ့ အလုပ်ခေါ်စာတွေ့လို့ ဒီကိုရောက်လာတာပါ။”

မက်ဒါနာက သူ့လက်ထဲမှာကိုင်ထားတဲ့ အလုပ်ခေါ်စာ စာရွက်လေးကို တရိုတသေကမ်းပေးတယ်။ အမျိုးသမီးကြီးက သူ့ကိုခက်ခက်ခဲခဲ ပြုံးပြလိုက်ပြီး သူ့ကိုအိမ်ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“အပြင်မှာအကြာကြီးစောင့်နေရတာဆိုတော့ အေးနေမှာပေါ့။ အထဲဝင်ခဲ့လေ။”

ဒီလိုနဲ့မက်ဒါနာက အိမ်ထဲ ခြေချလိုက်မိပါတယ်။ အိမ်ထဲရောက်တာနဲ့ ရင်းနှီးတယ်ဆိုတဲ့ခံစားချက်က ပိုတိုးလာတယ်။ သူဒီမှာတစ်စုံတစ်ယောက်နဲ့ အမြဲလိုလိုအချိန်ဖြုန်းခဲ့ဖူးသလို အတိတ်ကိုတမ်းတတဲ့ ခံစားချက်မျိုးက ရင်ထဲ ဝင်ရောက်လာတယ်။

“အရင်က ဒီမှာအလုပ်လုပ်နေကျ အန်တီတို့အိမ်စေက သူ့နယ်သူပြန်သွားပြီလေ။ ဒီတော့ အိမ်လေးက နည်းနည်းရှုပ်ပွနေတယ်ကွဲ့။”

အိမ်ရှင်ဒေါ်လေးက ပြောလိုက်တယ်။ တကယ်လည်း အိမ်ထဲက ပရိဘောဂတွေက ခမ်းနားပေမဲ့ ဖုန်တွေတက်နေပြီး ကြည့်မကောင်းတော့ဘူး။ တစ်နေရာရောက်တော့ မက်ဒါနာရဲ့မျက်လုံးတွေက ဗီရိုတစ်ခုပေါ်မှာရှိနေတဲ့ မှန်ဘောင်ထဲက မိသားစုဓာတ်ပုံပေါ် ရောက်သွားတယ်။

ကောင်လေးတစ်ယောက်နဲ့အိမ်ရှင်စုံတွဲ တွဲရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပြီးတော့ ကောင်လေးက လက်ထဲမှာ သိမ်းငှက်ပုံတံဆိပ်ကလေးတစ်ခုကို ဂုဏ်ယူစွာကိုင်ထားတယ်။ ပြီးတော့ ကောင်လေးရဲ့မျက်နှာကို မြင်တာနဲ့ သူ့ခေါင်းထဲက ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေဟာ စမ်းချောင်းထဲက ရေတွေလိုမျိုး စီးဆင်းထွက်ပေါ်လာလေရဲ့။

“ ရေမွန်....”

မက်ဒါနာက ဓာတ်ပုံကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး မြှောက်ကြည့်လိုက်တယ်။ တစ်ခါမှအပြင်မှာမတွေ့ဖူးပေမဲ့ ရင်းနှီးနေတဲ့ လူငယ်လေး။ ဒီလူငယ်လေး တကယ်ရှိနေမယ်လို့ကို သူမထင်ခဲ့မိတာ။

“နေ့တိုင်း ချစ်ရတဲ့တစ်စုံတစ်ယောက်အတွက် သန့်ရှင်းရေးလုပ်ပေးပြီး ညစာပြင်ပေးခွင့်ရခဲ့တဲ့ အချိန်တွေကို ငါဘယ်လိုလုပ်ပြီး မေ့သွားခဲ့တာလဲ။”

မက်ဒါနာက ရေရွတ်လိုက်တယ်။ သက်ကြီးပိုင်းစုံတွဲက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး မက်ဒါနာကို မေးလိုက်ပါတယ်။

“သမီးက အဒေါ်တို့သားကို သိနေတာလား။”

ဒီတော့မှ မက်ဒါနာ ကိုယ်ပိုင်စိတ်ကူးယဥ်ကမ္ဘာထဲကနေ နိုးထလာပြီး စိတ်ပျက်စွာနဲ့ ကြမ်းပြင်ကို ငုံကြည့်လိုက်ပါတယ်။

“ဟုတ်သားပဲ... အဲဒီအဖြစ်အပျက်တွေ....”

‘တကယ်မဖြစ်ခဲ့ဘူး' ဒီစကားလုံးကို သူ့နှုတ်ကနေပြီး ထုတ်မပြောခဲ့ဖြစ်ဘူး။ နေဝင်ဆည်းဆာချိန် သင်္ဘောပေါ်မှာ ဆိုခဲ့တဲ့ကတိသစ္စာစကားတွေကို သူမမေ့ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်တွေ အကုန်လုံးက နဂါးပြာရဲ့စစ်ဆေးမှုမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီကမ္ဘာမှ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့...

“ကျွန်မက သူ့သူငယ်ချင်းပါ။ အခုသူဘယ်မှာလဲဟင်။ ကျွန်မသူနဲ့ တွေ့ခွင့်ရမလား....”

အဲဲဒီအဖြစ်အပျက်တွေက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး ဆိုရင်တောင်မှ ချစ်ရသူရဲ့မျက်နှာကို မြင်ချင်မိတယ်။ အိမ်ရှင်လင်မယားကတော့ မက်ဒါနာရဲ့အပြုအမူကြောင့် တစ်ယောက်လက်ကိုတစ်ယောက် တင်းတင်းဆုပ်ကိုင် ထားလိုက်ကြပါတယ်။ အဲဲဒီနောက်တော့ အိမ်ရှင်ဦးလေးက မက်ဒါနာရဲ့ပခုံးပေါ်ကို လက်တင်ပြီး ပြောလိုက်တယ်။

“သမီးလေး၊ တစ်နေရာရာမှာ ထိုင်ပြီးတော့ စကားပြောကြမလား။”

...

အဲဒီနောက်တော့ သူတို့တွေက မက်ဒါနာကို ဧည့်ခန်းထဲ ခေါ်သွားပြီး ခုံတစ်ခုံမှာထိုင်စေပါတယ်။ ပြီးနောက်မှ သူတို့က မက်ဒါနာကိုစတင်မေးမြန်ကြတယ်။

“သမီးက ဘယ်သူလဲဟင်၊ တို့ရေမွန်နဲ့ ဘယ်လိုသိတာလဲ။” အိမ်ရှင်ဒေါ်လေးက မေးတော့ မက်ဒါနာက ပြုံးပြီးဖြေလိုက်တယ်။

“အန်တီတို့က မစ္စတာရစ်ချက် ဂလော်ရီးယားနဲ့ ဆူး ဂရော်ရီးယားတို့မဟုတ်လား။ ရေမွန်ဆီကနေပြီး အန်တီတို့အကြောင်း အများကြီးကြားဖူးပါတယ်။ နှစ်ယောက်လုံးက သတ္တဗေဒပညာရှင်တွေဆို။ သမီးက အိန်ဂျယ်လီကာပါ။ အိန်ဂျယ်လို့ခေါ်နိုင်ပါတယ်။ ဒီနှစ်ထဲမှာ ၁၆ နှစ်ပြည့်ပါပြီ။ ကျောင်းမပြောင်းခင်က ရေမွန်နဲ့ အတန်းအတူတူတက်ခဲ့ဖူးတယ်လေ။”

ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်ကနေ မက်ဒါနာက ရေမွန်ရဲ့မိဘတွေအကြောင်းတစ်စွန်းတစ်စသိထားတယ်။ ဒါကြောင့် ရေလိုက်ငါးလိုက်နေဖို့ဖြစ်နိုင်ပါတယ်။

‘ငါနဲ့စတွေ့တုန်းက ရေမွန်က ၁၆နှစ်မဟုတ်လား။ အခုငါ့ခန္ဓာကိုယ်ကလည်း အဲဒီအရွယ်လောက်ပဲဆိုတော့ အတန်းဖော်ဟောင်းလို ဟန်ဆောင်လို့ရတယ်မဟုတ်လား။'

မက်ဒါနာဆီကနေ အကြောင်းစုံကြားပြီးနောက်မှာတော့ ဆူးနဲ့ရစ်ချက်တို့က သူ့ကိုသဘောကျတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဝမ်းနည်းနေကြသလိုပဲ။

“သမီးသူ့ကို တကယ်တွေ့ချင်တာလား။” ရစ်ချက်က မေးတော့ မက်ဒါနာက ပြုံးပြပြီး ခေါင်းညိတ်ပြတယ်။ ရစ်ချက်ကတော့ ပိုဝမ်းနည်းသွားဟန်နဲ့ ခေါင်းကိုခါလိုက်လေရဲ့။ အန်တီဆူးကတော့ သက်ပြင်းချလိုက်ပြီး

“အန်တီတို့ သမီးကိုဒီလောက်အထိ အမေးအမြန်းထူနေတာ ဗွေမယူပါနဲ့နော်။ တကယ်တော့ သမီးရေမွန့်ပုံကို စမြင်ကတည်းက ဖြစ်သွားတဲ့ပုံစံကိုကြည့်ပြီး သာမန်သူငယ်ချင်းထက် ပိုမယ်လို့ထင်မိလို့ အခုလိုမေးနေရတာပါ။”

မက်ဒါနာက လက်သီးကိုဆုပ်ထားလိုက်မိတယ်။ သူတို့နှစ်ယောက်ရဲ့ကတိစကားအကြောင်းကို ဒီနှစ်ယောက်ကို သူပြောပြလို့မရပါဘူး။ အဲဒီကိစ္စက ဒီကမ္ဘာမှာ ဘယ်တုန်းကမှ....

မဖြစ်ခဲ့ဘူး....

‘တကယ်လို့ ရေမွန်နဲ့တွေ့ရင်တောင် သူက ငါ့ကိုသိမှာမဟုတ်ဘူး...’ မက်ဒါနာက မျက်လွှာကို ချထားလိုက်ပြီး စိတ်အေးအေးနဲ့ဖြေလိုက်တယ်။

“တကယ်တော့ သူက ကျွန်မကို အတန်းထဲမှာ သတိမထားမိပါဘူး။ ဒါပေမဲ့ ကျွန်မက သူ့ကို သဘောကျနေခဲ့တာလေ။ ပြီးခဲ့တဲ့စာသင်နှစ်က သူ့ကိုဖွင့်မပြောဖြစ်ခင် ကျောင်းပြောင်းလိုက်ရပေမဲ့ပေါ့။

မက်ဒါနာက တတ်နိုင်သမျှ သာမန်ဖြစ်မယ့် ဆင်ခြေကို ပြောလိုက်တယ်။

“ထင်ထားတဲ့အတိုင်းပဲ။” ရစ်ချက်က လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ ဆူးကတော့ ရှင်းပြလိုက်ပါတယ်။

“အိန်ဂျယ်လေး... ပြောရမှာ စိတ်မကောင်းပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ကပဲ ဆိုင်မွန် ဂလော်ရီယားက ဒူဘိုင်းကို အမေတို့နဲ့သွားရင်း လေယာဥ်ပျက်ကျပြီး ဆုံးသွားပါပြီ။”

ရေမွန်က ငယ်ငယ်ကတည်းက ထူးချွန်တဲ့ကလေးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ လူငယ်ကင်းထောက်အသင်းမှာ သိမ်းငှက်ဆုတံဆိပ်ရသူဖြစ်လာခဲ့တယ်လေ။ တစ်နိုင်ငံလုံးက ကျောင်းသားငါးရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့်ရတဲ့ ဆုကြီးပေါ့။ သူဟာ ရှေးဦးသူနာပြုစုနည်းကို ကျွမ်းကျင်ပြီး အမြဲတက်ကြွ ဖြတ်လတ်နေတဲ့ လူငယ်လေးပါ။

ဒီလိုနဲ့တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်မှုနဲ့ကြုံခဲ့ပြီး လေယာဥ်စက်ချို့ယွင်းမှုကြောင့် သူတို့မိသားစုရဲ့ အပန်းဖြေခရီးက ရေမွန်အတွက် နောက်ဆုံးခရီးဖြစ်သွားခဲ့တယ်။

လေယာဥ်က သဲကန္တာရထဲကို ပျက်ချခဲ့တာဖြစ်ပြီး လေယာဥ်ပျက်ကျစဥ်က ရေမွန်ရဲ့ဝမ်းဗိုက်ကို သံချောင်းတစ်ချောင်း စိုက်ဝင်သွားခဲ့ပြီး ပျက်ကျကျချင်း အသက်ရှိနေခဲ့သေးပေမဲ့ တခြားဒဏ်ရာရတဲ့သူတွေကို သူတတ်ထားတဲ့ ရှေးဦးသူနာပြုစုနည်းနဲ့ ကယ်တင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ခဲ့မိတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရောက်မလာခင် နာရီဝတ်အလိုမှာ သွေးထွက်လွန်ပြီး ဆုံးပါးသွားခဲ့ပါတယ်။

“ ရေမွန်က စွမ်းအားကြီးမြူတန့်မဟုတ်လို့ ဟီးရိုးဖြစ်ဖို့ ကံမပါခဲ့ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ ဟီးရိုးဖြစ်ကြောင်း သက်သေပြခဲ့တာပါပဲ။”

ရစ်ချက်က ရေမွန်အကြောင်း ပြောပြနေတာကို အဆုံးသတ်လိုက်တယ်။ မက်ဒါနာကတော့ အဲဒီအကြောင်းတွေကို နားထောင်နေရင်းကနေ ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာခဲ့တယ်။

“တစ်နည်းအားဖြင့်...”

‘ငါတို့က လက်တွေ့ဘဝမှာ ဘယ်တုန်းကမှ တွေ့ဆုံဖို့ ကံပါမလာခဲ့ဘူးပဲ။'

ဒါပေမဲ့ သူ့ရင်ထဲတစ်နေရာမှာ ချိုမြိန်တဲ့မှတ်ဉာဏ်တွေ ရှိနေသေးပြီး အဲဒီမှတ်ဉာဏ်တွေကို ပြန်ရလာလို့ ဝမ်းသာနေမိတယ်။ တစ်ချိန်တည်းမှာပဲ ဝမ်းနည်းမိနေပြန်ပါတယ်။

“ဖြစ်နိုင်ရင် သူ့ရဲ့နောက်ဆုံးနားခိုရာကို ကျွန်မသွားကြည့်နိုင်မလား....”

မက်ဒါနာက တောင်းဆိုလိုက်တယ်။

...

မြို့ပြင်က သုသာန်လေးက နှင်းတွေကြောင့် အဝေးကနေ ကြည့်မယ်ဆိုရင် တောင်ကုန်းလေးတစ်ခုလိုပါပဲ။ မက်ဒါနာက အုတ်ဂူတစ်ခုရှေ့မှာ ရပ်လိုက်ပြီး ဖုံးနေတဲ့ နှင်းတွေကို ဖယ်ရှားလိုက်ပါတယ်။ ရေမွန် ဂလော်ရီးယား ဆိုတဲ့နာမည်စာလုံးကို လက်နဲ့သုံးသပ်ကြည့်ပြီးနောက် အဖြူရောင် ဂန္နမာပန်းကို အုတ်ဂူပေါ်တင်ပေးလိုက်တယ်။

“ဒီအမှတ်တရတွေကို သိမ်းထားဖို့အပြင် ငါတတ်နိုင်တာ ဘာမှမရှိဘူးပဲ။ နောက်ဆုံးတော့လည်း ဒီအဖြစ်အပျက်တွေက တကယ်ဖြစ်ခဲ့တာလို့မှ ပြောလို့မရတာ။”

ဒါပေမဲ့ မက်ဒါနာခုလိုပြောမိချိန်မှာပဲ နဂါးပြာဆီကနေပြီး စကားသံထွက်ပေါ်လာလေရဲ့။

“တကယ်မဖြစ်ခဲ့ဘူးလို့ မင်းအာမခံနိုင်သလား။ အပြိုင်ကမ္ဘာပန်းခင်းကြီးရဲ့တစ်ထောင့်တစ်နေရာမှာ အဲဒီကောင်လေးက မင်းကိုစောင့်မျှော်နေခဲ့မယ်ဆိုရင်ရော။”

...

ဒီဇင်ဘာလ ဒုတိယပတ်။

နှင်းတွေကတော့ ကျမြဲကျနေဆဲ။

အနက်ရောင်သားရေဂျာကင်ကိုဝတ်ထားပြီး ကျောမှာ နည်းပညာမြင့်ဇက်သတ္တုဓားကိုပိုးထားတဲ့ သတ်လတ်ပိုင်း လူတစ်ယောက်က ဧရာမဇက်သတ္တုတိုင်ကြီးတစ်ခုရဲ့ရှေ့မှာ ရပ်လိုက်တယ်။ သူ့လည်ပင်းမှာတော့ ရေချိုးခန်းသုံးပဝါဟောင်းကို မာဖလာသဖွယ်ပတ်ထားတယ်။ တိုင်ပေါ်မှာတော့ စာတန်းတချို့ရှိနေပြီး “မဟာသူရဲကောင်း ငွေရောင်စစ်သည်အတွက် အထိမ်းအမှတ်”လို့ ရေးထိုးထားတယ်။

ဒီသတ္တုတိုင်ကြီးရှိခဲ့တဲ့နေရာမှာ ငွေရောင်စစ်သည်က ပိုးကောင်ဗိုလ်ချုပ်ယင်ကောင်ကို အသက်စွန့်ပြီးတိုက်ခဲ့ပါတယ်။ မဟာမိတ်က မြောက်အမေရိကကနေ လူသားတွေဆုတ်ခွာနိုင်အောင် ကူညီပေးတဲ့လုပ်ရပ်အဖြစ် ချီးကျူးခဲ့ပြီး အရှေ့ဘက်ကမ်းခြေကို ပြန်သိမ်းမိချိန်မှာ ဒီအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ပေမဲ့ တကယ့်တကယ်တမ်း ငွေရောင်စစ်သည်ရဲ့လုပ်ရပ်က ဒီလိုမရည်ရွယ်မှန်း သူသိနေတယ်။

ရေမွန်က အေးစက်နေတဲ့သတ္တုတိုင်ကို လက်နဲ့သုံးသပ်ပြီး ကျောက်တိုင်ကိုကျောပေးလို့ ထိုင်ချလိုက်တယ်။ သူ့တခြားလက်ထဲမှာတော့ အဖြူရောင် ဂန္နမာပန်းလေးတစ်ပွင့်။

“ထွက်သွားချင်သလိုထွက်သွားပြီး ကိုယ့်စကားကိုယ် တာဝန်မယူတဲ့သူကို ငါက ဘာဖြစ်လို့ပန်းလာပေးမိပြန်တာပါလိမ့်။”

ရေမွန်က ရေရွတ်လိုက်တယ်။ ခဏနေတော့ အနားက ခြေသံကြားရတဲ့အတွက် မော့ကြည့်လိုက်တော့ သူ့အဖော် နည်းပညာမြူတန့်စစ်သည်လေးဖြစ်နေတာ တွေ့လိုက်ရတယ်။

“စီနီယာရေမွန်၊ ခင်ဗျားရဲ့လက်ကျန်ဘဝတစ်ခုလုံးကို လက်စားချေဖို့သက်သက်နဲ့ပဲ အသက်ရှင်တော့မှာလား။”

ရေမွန်ကတော့ ပန်းကို မြေပြင်မှာ ချပေးလိုက်ပြီး ထရပ်လိုက်တယ်။ “နောက်ဆုံးတိုက်ပွဲက နီးလာပြီ၊ အပိုစကားတွေမပြောဘဲ ခရီးဆက်ရအောင်။”

အဲဒီနောက်တော့ ရေမွန်က ချိုမြိန်တဲ့အမှတ်တရတွေကို ရင်မှာမြုပ်နှံရင်း ခရီးဆက်ခဲ့ပါတယ်။

...

မက်ဒါနာက ပန်းကိုအုတ်ဂူမှာချပေးပြီးတဲ့နောက်မှာ အဝေးပြေးလမ်းမကြီးပေါ်ကို ပြန်တက်လာဖြစ်တယ်။ သူဒီထက်ပိုပြီး ဘာဆက်လုပ်ရမှန်းမသိဘူး။ ရေမွန်ကိစ္စကို သိရပြီးတဲ့နောက် ဖရာလီတာတို့အုပ်စုကို စိတ်ဆိုးနေတာလည်း ပျောက်သွားပြီ။ ဒေါသစိတ်ရော ဝမ်းနည်းတဲ့စိတ်ပါ သူ့ကိုလွှမ်းမိုးမနေတဲ့နောက်တော့ အသိစိတ်က ပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ဖက်ထားမိလိုက်တယ်။

“အေးလိုက်တာ... အနွေးထည်မဝတ်ဘဲ အပြင်ထွက်လာမိတာပဲ။”

မက်ဒါနာက ရေရွတ်လိုက်မိတယ်။ ဒါပေမဲ့ စက္ကန့်ပိုင်း အကြာမှာပဲ သူ့ခန္ဓာကိုယ်ပေါ်ကို တစ်စုံတစ်ယောက်က သားမွှေးအင်္ကျီနဲ့ခြုံပေးလိုက်တဲ့အတွက် လန့်သွားပြီး မော့ကြည့်မိတော့...

“အေမီ၊ နင်ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ။”

သူ့လိုပဲ အိမ်စေဝတ်စုံဝတ်ထားတဲ့ အေမီက ခေါင်းလေးကို စောင်းလိုက်ပြီး မက်ဒါနာရဲ့ခေါင်းမှာတင်နေတဲ့ နှင်းပွင့်လေးတွေကို လက်နဲ့ဖယ်ရှားပေးလိုက်တယ်။

“မမလေးစိတ်ဆိုးပြီးထွက်သွားတာကို ကျွန်မက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်ပါ့မလဲ။”

မက်ဒါနာကတော့ စိတ်ကောက်သွားပြီး နှုတ်ခမ်းကို ဆူထားလိုက်တယ်။ အဲဲဒီနောက် စိတ်ဆိုးနေတဲ့လေသံနဲ့ ပြောလိုက်ပါလေရာ။

“ငါမှတ်မိတဲ့အတိုင်းဆိုရင် နင့်ကိုလိုက်မလာနဲ့လို့ ပြောထားတယ်မဟုတ်လား။”

အေမီက ခေါင်းညိတ်ပြလိုက်ပြီး... “အင်း၊ သွေးချောင်းစီးသွားမယ်ဆိုလားဘာလား။”

“ဒါဖြင့် ဘာလို့လိုက်လာတာလဲ။”

“ကျွန်မက မမလေးအနားမှာ တစ်ချိန်လုံး အရိပ်လိုမျိုး ရှိနေချင်တာလေ။ တကယ်လို့ မမလေးက အဲဒီအတွက် ကျွန်မကို သတ်ချင်တယ်ဆိုလည်း ခံပါ့မယ်။”

“အောင်မလေး စကားတတ်လိုက်တာ။” မက်ဒါနာက အေမီကို နဖူးတောက်လိုက်တယ်။

“ဒါဆို မမလေးစိတ်ဆိုးပြေသွားပြီပေါ့။” အေမီက ပြောပြောဆိုဆိုနဲ့ မက်ဒါနာကို ဖက်ထားလိုက်ပါတယ်။ မက်ဒါနာကလည်း ပြုံးလိုက်ပြီး...

“အင်း၊ ဆိုပါတော့။ ဒါပေမဲ့ ဖရာလီတာကိုတော့ လွှတ်ထားပေးလို့မဖြစ်ဘူး။ ဒင်းကို သင်ခန်းစာပေးမှဖြစ်မယ်။ နောက်ပိုင်း ဒီလိုဆက်လုပ်နေရင် အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်။”

မက်ဒါနာက အတည်ပေါက်နဲ့ပြောလိုက်တော့ အေမီက အပြုုံးအကြီးကြီးပြုံးလိုက်ပြီး မက်ဒါနာကို နားနားကပ်ကာ ပြောလိုက်လေရဲ့။

“ဒါကလေ... တကယ်တော့ ကျွန်မမှာ တွေးမိပြီးသား အကြံတစ်ခုရှိတယ် မမလေးရဲ့။”

All Chapters