ဖရာလီတာ ဒေဝါလီခံပြီ
Vol. 11 Ch. 36
ခရစ်စမတ်နေ့မနက်။
ကလင်... ကလင်... ကလင်...
ရုတ်တရက်ကြီး ဖုန်းဝင်လာတဲ့အတွက် ဆောင်းအေးအေးနဲ့ အိပ်ရာပေါ်မှာ ပုစွန်ထုပ်လိုကွေးနေတဲ့ ဖရာလီတာတစ်ယောက် မျက်လုံးဖွင့်လိုက်ပါတယ်။
“မနက်အစောကြီးကို ဘယ်သူဖုန်းခေါ်နေတာလဲ။” နာရီကြည့်တော့ ရှစ်နာရီပဲရှိသေးတာလေ။ ညက I dream of Jeannie ကြည့်ပြီး အိပ်ရာဝင်နောက်ကျသွားတဲ့ ဖရာလီတာအဖို့တော့ စောသေးတယ်ပြောရမှာ။
ဖရာလီတာက စိတ်ဆိုးဆိုးနဲ့ပြောလိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တော့ မေမေလောရန့်ဆီက ဖုန်းဖြစ်နေမှန်းတွေ့လိုက်ရပြီး မျက်လုံးပြူးသွားတယ်။
“ဟယ်လို၊ အမေပါလား။ ဖုန်းမဆက်စဖူး အဆက်ထူးလို့ ဘာအကြောင်းများရှိလို့လဲ။”
ဖရာလီတာ မက်ဒါနာတို့ဆီရောက်နေကတည်းက မေမေလောရန့်က ဖရာလီတာကို သိပ်ပြီးအဆက်အသွယ်မလုပ်တာကြာပြီ။ သမီးလေးရဲ့အချစ်ရေးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့။ တစ်ချိန်လုံး အမေက အိမ်ကနေဖုန်းခေါ်နေရင် ကလေးနဲ့တူပြီး အရွယ်ရောက်ပြီး ပြိုင်ဖက်တွေကြားမှာ မျက်နှာငယ်ရမှာ စိုးလို့တဲ့လေ။ စာတော့ ပုံမှန်ပို့ပါရဲ့။
“ဟဲ့၊ သမီးမိုက်။ နင်ဘာသာနင် ဘာလုပ်ထားလဲသိလား။”
ဖရာလီတာလည်း ခေါင်းကုပ်လိုက်တယ်။ အကြောင်းမရှိဘဲ မနက်အစောကြီး မေမေလောရန့်က သူ့ကို ဖုန်းဆက်ပြီးခေါ်ဆူစရာအကြောင်းမရှိဘူးမဟုတ်လား။
“မသိဘူးလေ၊ အမေကလည်း သမီးခုမှ အိပ်ရာက နိုးတဲ့ဥစ္စာကို။”
“ဘာမသိရမှာလဲ။ နင်မနေ့က ပန်ဒရာဂွန် လုပ်ငန်းစုပိုင်ငွေတွေကို ပေါက်ကရတွေဝယ်ဖို့ လျှောက်သုံးလိုက်တယ်မဟုတ်လား။ အခုကုမ္ပဏီတစ်ခုလုံးက ဒါရိုက်တာတွေစိတ်ဆိုးပြီး နင့်ကို ဘုတ်အဖွဲ့ထဲကနေထုတ်ဖို့ မဲပေးလိုက်ကြပြီဟဲ့။”
ဖရာလီတာလည်း မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ အိပ်ရာထဲကနေ ခုန်ထလိုက်ပြီးပြောပါတယ်။
“ သူတို့အဲဒီလိုလုပ်လို့မှမရတာ ရှယ်ယာရှစ်ဆယ်ရာခိုင်နှုန်းက သမီးတို့ပိုင်တာလေ။”
“ပန်ဒရာဂွန်မိသားစုပိုင်တယ်လုပ်စမ်းပါ။ အဲဒီကုမ္ပဏီက ဖရာလီတာ ပန်ဒရာဂွန်နဲ့လောရန့်ပန်ဒရာဂွန်နှစ်ယောက်ပဲ ပိုင်တာမဟုတ်ဘူး။ တခြားမိသားစုခွဲတွေ အကြီးအကဲတွေလည်းပိုင်တယ်ဟဲ့။ နင်က တစ်ရက်တည်း ဒေါ်လာဘီလီယံနှစ်ရာလောက် အလကားဖြုန်းပစ်တော့ နင့်ကိုအကုန်လုံးက စိတ်ဆိုးနေတာဟဲ့။”
ဖရာလီတာမနေ့က သုံးခဲ့တဲ့ငွေပမာဏက နည်းတာ မဟုတ်ဘူး။ အကြီးဆုံးကုန်ကျစရိတ်က ပေါ်ရှေးကုမ္ပဏီပါ။ ကုမ္ပဏီတစ်ခုတည်းကတင် ဒေါ်လာ ဘီလီယံရှစ်ဆယ်လောက်တန်တယ်။ ဒုတိယအကြီးဆုံးက ဆိုဖီယာကို ဖိနပ်ဝယ်မရအောင်လုပ်ဖို့ ရှိသမျှဖက်ရှင်လုပ်ငန်းစုတွေကို ဝယ်ခဲ့ပြီး ဒေါ်လာဘီလီယံလေးဆယ်လောက် ဖြုန်းပစ်လိုက်တယ်။ ပြီးတော့ အမေရိကန်ကဂျုံတွေအားလုံးဝယ်ခဲ့ပြီး ဘီလီယံ နှစ်ဆယ်နီးပါးထပ်ဖြုန်းခဲ့တယ်။ ပြီးတော့ နယူးယောက်က ရတနာပစ္စည်းတွေ။ “ကားကုမ္ပဏီကတော့ထားတော့၊ ပန်ဒရာဂွန်တွေက စစ်သုံးကားတွေနဲ့တင့်တွေထုတ်နေတာမလို့ ကားကုမ္ပဏီတစ်ခုကိုဝယ်ပြီး စစ်ဘက်ဆိုင်ရာမှာ အသုံးချလို့ရသေးတယ်။ အမျိုးသမီးဖိနပ်ကုမ္ပဏီတွေက ငါတို့ကျွမ်းကျင်တဲ့စျေးကွက်နဲ့အဝေးကြီး။ ဝယ်ထားပြီး အပိုပဲဖြစ်နေမှာ။ ပြီးတော့ ကျောက်မျက်ရတနာတွေကို ပေါက်စျေးထက်ပိုပေးဝယ်ထားသေးတယ်။ နင်ရူးနေပြီလား။”
ဖရာလီတာက မဲ့လိုက်ပြီးတော့ ဆူနေတဲ့ မေမေလောရန့်ကို ပြောလိုက်ပါတယ်။ “ဘုတ်အဖွဲ့ ကနေထွက်ရတော့လည်း ထွက်ရတာပေါ့။ လုပ်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ။”
ဖရာလီတာလေသံက ဒီကိစ္စကိုပေါ့ပေါ့လေး မှတ်နေတဲ့ပုံ။ ဒါပေမဲ့ မေမေလောရန့်ပြောလိုက်တဲ့ ဒုတိယအချက်ကြောင့် ဖရာလီတာရူးချင်စိတ်ပေါက်လာရော။
“ဒါနဲ့ကိစ္စက အဲဒါတင်ပဲမဟုတ်ဘူး။ အခုဘုတ်အဖွဲ့က နင်ဝယ်ခဲ့တဲ့ပစ္စည်းတွေအားလုံးက ပုဂ္ဂိုလ်ရေးအရ ဝယ်ခဲ့တာဖြစ်လို့ ကုမ္ပဏီနဲ့မဆိုင်ကြောင်း ကြေညာချက် ထုတ်ပြီးပြီ။ ဒီတော့ ဝယ်ထားတာတွေအတွက် ပိုက်ဆံရှင်းမယ်ဆိုရင် ငါတို့ကိုယ်ပိုင်ပိုက်ဆံထဲကနေ ရှင်းရမှာ။”
“သောက်ကျိုးနည်း....”
“သောက်ကျိုးနည်းမနေနဲ့၊ ခုလေးတင် ပြင်သစ်က ဖိနပ်ကုမ္ပဏီနဲ့တခြားကုမ္ပဏီတွေက ကိုယ်စားလှယ်တွေ ငွေတောင်းခံလွှာနဲ့ရောက်လာလို့ ပန်ဒရာဂွန်စံအိမ်ကို ရောင်းပြီးပေးလိုက်ရပြီ။ ဒါပေမဲ့ အကုန်အပြည့်မပေးနိုင်လို့ စရံချထားတဲ့သဘောပဲ။ နောက်ခြောက်လမှအကုန်မပေးနိုင်ရင် လုပ်ငန်းတွေကိုမပိုင်တဲ့အပြင် စရံငွေပါဆုံးမှာ။”
“အမေကလည်း သူတို့ကိုငြင်းပြီး ပြန်လွှတ်လိုက်တာ မဟုတ်ဘူး။ သမီးတို့ဘာသာဆို ဘယ်လိုမှ အပြည့်မပေးနိုင်ဘူးလေ။”
“ ငွေကို ဖြစ်နိုင်သလောက် မြန်မြန်ချေမယ်ဆိုပြီး စာချုပ်တွေမှာ လက်မှတ်ထိုးခဲ့တာ ဘယ်သူလဲဟဲ့။ ခုနေငြင်းရင် သူတို့က စာချုပ်ကိုဖောက်ဖျက်တယ်ဆိုပြီး ငါတို့ကို တရားစွဲမှာပေါ့ဟဲ့။ ငါကတော့ ပန်ဒရာဂွန်တွေ သိက္ခာကျခံမယ့်အစား စရံငွေအဆုံးခံပြီး အမွဲပဲခံမယ်ဟေ့။”
“.....” နောက်တော့ မေမေလောရန့်က ဖုန်းချသွားရော။ ဖရာလီတာကတော့ လက်ထဲမှာ ဖုန်းကိုင်ထားရင်းကနေ တံထွေးတွေကို မျိုချလိုက်မိတယ်။
“ငါတော့ ပြဿနာအကြီးကြီး ရှာမိပြီနဲ့တူတယ်။”
ဒေါက်... ဒေါက်... ဒေါက်...
အပြင်ကနေပြီး တံခါးခေါက်သံထွက်လာတဲ့အတွက် ဖရာလီတာတံခါးဖွင့်လိုက်တော့ ကျောင်းလုံခြုံရေးဌာနက စကော်ပီယိုဖြစ်နေတာ တွေ့လိုက်ရပါတယ်။
“ယို့၊ ဖရာလီတာ။ နင့်ကို လူတွေလာရှာနေလို့ ခဏလောက် ကျောင်းအဝင်ဝ ထွက်လာပေးလို့ရမလား။”
“အင်း... အဝတ်လဲလိုက်ဦးမယ်...” ဖရာလီတာက တစ်ခုခုတော့ မှားနေပြီဆိုတာ သိတဲ့အတွက် အကြောင်းပြပြီး ရှောင်ပြေးဖို့လုပ်ပေမဲ့ စကော်ပီယိုက လက်ကို ဖမ်းဆွဲထားလိုက်ရော...
“ဖိအားပေးပြီးခေါ်ရမှာ စိတ်တော့မကောင်းပေမဲ့ အဲဒီလူတွေက အခုလိုပြောတယ်။ အဲဒီကလေးမကို မျက်စိအောက်ကနေ အပျောက်မခံဘဲ ခေါ်လာခဲ့တဲ့...”
ဂလု...
ဖရာလီတာ တံထွေးမျိုချလိုက်ပြီး စကော်ပီယိုနဲ့အတူ ကျောင်းရှေ့လိုက်လာတယ်။ ကျောင်းဝင်းအပြင်မှာ စောင့်နေသူတွေကိုမြင်တော့ ဖရာလီတာ မူးမိုက်ပြီး မေ့လဲချင်စိတ်ပေါက်လာရော။
အကုန်လုံးက ကားအကောင်းစားတွေနဲ့ လာကြတာဖြစ်ပြီး နယူးယောက်မြို့က ရတနာဆိုင် ပိုင်ရှင်တွေပါ။
“မစ်ဖရာလီတာ၊ ခင်ဗျားကုမ္ပဏီကနေ အထုတ်ခံရတဲ့ ကိစ္စကို ကျုပ်တို့သိပြီးပြီ။ အခုချက်ချင်း ကျုပ်တို့ဆီက ဝယ်ထားတဲ့ ရတနာတွေရဲ့တန်ဖိုးကိုပေးပါ။”
“အယ်... ကျွန်မဝယ်ကတည်းက ငွေလက်ငင်းပေးပြီးသားလေ။” ဖရာလီတာက ငြင်းချက်ထုတ်ပေမဲ့ ဒေါသထွက်နေတဲ့ ထိပ်ပြောင်ပြောင် ဆိုင်ရှင်ကြီးတစ်ယောက်က ရှေ့ထွက်လာပြီး ပြောလိုက်ပါလေရော။
“ပန်ဒရာဂွန်ကုမ္ပဏီကပါဆိုတဲ့လူတွေ ကျုပ်ဆိုင်ကို ရောက်လာပြီး ငွေအတင်းပြန်တောင်းသွားတယ်။ အဲဒီကိစ္စ ဘယ်လိုရှင်းမှာလဲ။”
“သောက်ကျိုးနည်း... သူတို့ကလည်း အဲဒီလောက် လုပ်စရာလိုလို့လား။” ဖရာလီတာတစ်ယောက် ထဆဲမိလိုက်ပါလေရော။ နောက်တော့ အားလုံးကို ပြုံးပြလိုက်ပြီး
“အားလုံးပဲ တောင်းပန်ပါတယ်နော်။ အဲဒီလောက် ရတနာပစ္စည်းတွေအားလုံးကို ကျွန်မမဝယ်နိုင်တာမလို့ အရောင်းအဝယ်ကို ပယ်ဖျက်လိုက်ရအောင်။”
ဒါပေမဲ့ ဆိုင်ရှင်တွေအားလုံးက နည်းနည်းလေးမှ ကျေနပ်ပုံမရဘဲ သူ့ကို လက်ပိုက်ပြီးကြည့်နေကြတယ်။
“အဲဒီလောက်နဲ့ပြီးသွားမယ်ထင်နေတာလား ကလေးမ။ ငါတို့က နင်ပေါက်စျေးထက်ပိုပေးပြီး ဆိုင်မှာရှိသမျှ အကုန်ဝယ်တယ်ဆိုလို့ တခြားသူတွေကိုမရောင်းဘဲ ဆိုင်တွေပိတ်ထားခဲ့တာလေ။ မနေ့က ဘာနေ့လဲသိလား။ ခရစ်စမတ်အကြိုညကွ။ ငါတို့ရောင်းရမယ့်ရက်ကြီး... နင့်ကြောင့် ငါတို့တွေတစ်နှစ်မှတစ်ခါပဲရမယ့် ရောင်းအားအကောင်းဆုံးနေ့ကို လွတ်သွားပြီ...”
ဆိုင်ရှင်ကြီးက ဖရာလီတာရဲ့ပခုံးကို တင်းတင်းဆုပ်ကိုင်ပြီး ထွက်မပြေးနိုင်အောင် တားဆီးလိုက်တယ်။
“နင်ဝယ်မယ်ပြောထားတဲ့ ပစ္စည်းတွေအတွက် ငွေရှင်းရင်ရှင်း... ဒါမှမဟုတ်ရင်တော့ ဥပဒေအရ တရားရင်ဆိုင်ဖို့ပြင်ပေတော့...”
“ဒါပေမဲ့ ကျွန်မမှာ အဲဒီလောက်ပိုက်ဆံအများကြီးမရှိဘူးလေ။ ပြီးတော့ တရားစွဲခံရအောင်လည်း အသက်ကမပြည့်သေး။”
ဖရာလီတာက အကြောင်းပြချက်မျိုးစုံနဲ့ သူတို့ကိုနှင်ထုတ်ဖို့လုပ်ပေမဲ့ ဆိုင်ပိုင်ရှင်လူအုပ်ကြီးထဲကနေ ထက်မြက်ပုံရတဲ့ မျက်မှန်တပ် တရုတ်မလေးက ထွက်လာပြီး ဖရာလီတာကို ပြောတယ်။
“မစ်ဖရာလီတာ၊ အသက်မပြည့်သေးဘူးဆိုတာနဲ့ပဲ ရာဇဝတ်မှုကျူးလွန်ပြီး အပြစ်ကနေလွတ်နိုင်တာမဟုတ်ဘူး။ ရှင့်အမှုက သက်သေအများကြီးရှိနေတာဆိုတော့ သေချာပေါက် အမှုကရှုံးမှာ။ ရှင်က ဂရိတ်ဗြိတိန်နိုင်ငံသားမလို့ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက် ချိုးဖောက်မှုဆိုရင် လျှော်ကြေးပေးရင်ပေး မပေးရင် ထောင်ထဲမှာ ခုနစ်နှစ်နေရမှာ။”
“ချီ... ချီလုလု... ငါက ဆယ့်ခြောက်နှစ်ပဲရှိသေးတာလေလို့။”
ဒါပေါ့၊ အဲဒီမိန်းကလေးက အခုတလော နယူးယောက်မြို့ထဲမှာ နာမည်ကြီးနေတဲ့ ဥပဒေရေးရာဟီးရိုးလေဒီဘက်တာဖလိုင်းရဲ့တွဲဖက် ချီလုလုပါ။ ချီလုလုက ဖရာလီတာဆီက ချေပချက်ကို ကြားပြီးနောက် ဖရာလီတာအရပ်နဲ့ညီသွားအောင် ဒူးတစ်ဖက်ထောက်လိုက်ပြီး နားနားကပ်ပြောလိုက်တယ်။
“ဖရာလီတာ၊ နင်သိလောက်တယ်ထင်ပေမဲ့ ဗြိတိန်မှာလည်း လူငယ်ထိန်းသိမ်းရေးစခန်းဆိုတာ ရှိတယ်နော်။ နင်အသက်ပြည့်မယ့်ကာလအထိ ထိန်းသိမ်းရေးစခန်းမှာခေါ်ထားပြီး အသက်ပြည့်ရင် နင့်ကို ထောင်အစစ်ဆီပို့လိမ့်မယ်။”
ဖရာလီတာတစ်ယောက် ကြောက်လွန်းလို့ သူ့ကိုယ်သူ ဖက်ထားလိုက်တယ်။ မက်ဒါနာအနားကနေ ခုနစ်နှစ် ခွဲနေရမယ်ဆိုတာ တွေးရုံနဲ့တင်လန့်စရာကြီး။ အဲဒီခုနစ်နှစ်အတွင်းမှာ တခြားပြိုင်ဖက်တွေက သူ့ကိုကျော်တက်ပြီး မက်ဒါနာကို အပိုင်စီးသွားလိမ့်မယ်။
“ဒါ... ဒါတော့မဖြစ်ဘူး... တခြားနည်းလမ်းမရှိဘူးလား။”
ဖရာလီတာက မေးလိုက်တော့ ချီလုလုက မျက်မှန်ကို လက်နဲ့ပင့်တင်လိုက်ပြီးပြောပါတယ်။ “နင်က သူတို့ကို ပေးစရာပိုက်ဆံမရှိဘူးဆိုတော့ လူမွဲစာရင်းခံယူပြီး ဖက်ဒရယ်အစိုးရကို သနားခံစာတင်လိုက်။ ဖက်ဒရယ်အစိုးရက နင်ပေးဖို့ရှိတဲ့ပိုက်ဆံတွေကို ခဏစိုက်ပေးလိမ့်မယ်။ နင်ပိုင်ဆိုင်သမျှကို သူတို့က ချိပ်ပိတ်ပြီး ထိန်းသိမ်းပေးဦးမှာမလို့ စိုးရိမ်စရာမလိုဘူး။ ပြီးရင်တော့ တစ်ဘဝလုံးအလုပ်လုပ်ရင်း အစိုးရကို အကြွေးပြန်ဆပ်ပေတော့။”
ဖရာလီတာက သူ့ဂါဝန်ကိုသူ ငုံကြည့်လိုက်တယ်။ ကြည့်ရတာ မက်ဒါနာအနားက မဝေးချင်ရင် တခြားနည်းမရှိတော့တဲ့ပုံပဲ။
“ကောင်းပြီလေ။”
...
နာရီဝက်လောက်ကြာတော့ အစိုးရဘဏ်က ဝန်ထမ်းတွေရောက်လာပြီး ဖရာလီတာပိုင်သမျှကို ချိပ်ပိတ်သွားတယ်။ အခုဆိုရင် သူ့ဘန်ဒလေကားလေးမှာ စာရွက်တွေကပ်ပြီး ဘီးကို သော့ခတ်သွားပြီ။ Archmegaဝတ်စုံကြီးကိုလည်း ချိပ်ပိတ်သွားတဲ့အပြင် မဟာမိတ်ရဲ့လေပေါ်ဌာနချုပ်အဖြစ်သုံးနေတဲ့ နယ်ဆင်သင်္ဘောပျံပါ အဲဒီကံကြမ္မာကနေ မလွတ်ခဲ့ဘူး။ နောက်ဆုံး ဖရာလီတာရဲ့အဝတ်သေတ္တာကိုပါ သော့ခတ်သွားကြတာ။ ကံကောင်းစွာနဲ့ ဂြိုဟ်တုဂိုင်ယာကတော့ မက်တယ်ပလာဒင်နဲ့ပန်ဒရာဂွန်တွေ ဖက်စပ်ပိုင်တဲ့ ပစ္စည်းမလို့ ပါမသွားဘူး။
“ဒါလေးကတော့ ဖက်ဒရယ်အစိုးရက ပေးလိုက်တဲ့ ငွေပြေစာစလစ်ပါ။ သတ်မှတ်ထားတဲ့ ဆယ်နှစ်အတွင်း အကြွေးပြန်မဆပ်နိုင်တာဖြစ်ဖြစ်၊ နှစ်တိုင်းအတိုးမသတ်နိုင်တာပဲဖြစ်ဖြစ် ဖြစ်ခဲ့ရင် အစိုးရက ပိုင်ဆိုင်သမျှအားလုံးကို လေလံပစ်ပြီးရောင်းမှာဖြစ်လို့ သတိထားပါခင်ဗျ။”
ဘဏ်ဝန်ထမ်းက ဖရာလီတာကို စာရွက်လေးတစ်ရွက် ကမ်းပေးလိုက်ပြီး ထွက်သွားတယ်။ ဖရာလီတာ ဖတ်ကြည့်တော့ ဒေဝါလီခံစာရင်းဖြစ်နေပြီး အစိုးရအပေါ် သူတင်နေတဲ့ အကြွေးတန်ဖိုးကို ရေးထားတယ်။
“ဒေါ်လာဘီလီယံတစ်ရာ့ရှစ်ဆယ်တဲ့.... ချီးထဲမှ၊ ငါ့မှာ ဘာလုပ်ငန်းမှမရှိဘဲ ပြန်ဆပ်ရမယ်ဆိုရင် တစ်သက်လုံးပြန်ဆပ်တောင် ဘယ်လိုမှကျေမှာမဟုတ်တော့ဘူး။”
အခုလောလောဆယ် ဖရာလီတာမှာ ဘာလုပ်ငန်းမှမရှိတော့တဲ့အတွက် ဝင်ငွေမရှိဘူး။ အစည်းအရုံးထဲဝင်ပြီး လခစား စူပါဟီးရိုးလုပ်ရအောင်ကလည်း သူ့ဝတ်စုံကိုပါ ဘဏ်က ချိပ်ပိတ်သွားကြတာလေ။ ပုံမှန်အလုပ်တစ်ခုခုမှာဝင်လုပ်ရင် ဝင်ငွေရကောင်းရမှာဆိုပေမဲ့...
ဖရာလီတာက သူ့ကိုယ်သူ ကန်တာကီကြက်ကြော်ဆိုင် ယူနီဖောင်းဝတ်ထားတဲ့ပုံ ပြန်မြင်ယောင်ကြည့်လိုက်တယ်။ ဘယ်နည်းနဲ့မှကို ဗြိတိသျှပုံမထွက်တာ။ တွေးရင်းနဲ့ကို အော်ဂလီဆန်လာရော။
“နောက်ဆုံးတော့လည်း ဆယ်ကျော်သက်ဘဝမှာတင် အကြွေးတောင်လိုပုံပြီး အိမ်ခြေရာမဲ့ဘဝကို ဖြတ်သန်းရတော့မှာပါလား။”
ဖရာလီတာက သူ့အနာဂတ်ကိုသူတွေးရင်း လေပူတွေ မှုတ်ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ မက်ဒါနာအနားမှာဆက်နေဖို့ အလုပ်ကြိုးစားရမယ်ဆိုတာ တွေးမိတော့...
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လက်လျှော့လို့မရဘူး ဖရာလီတာ။”
ဖရာလီတာက သူ့ဘာသာသူတွေးလိုက်ပြီး အလုပ်ရှာဖို့ ဖုန်းကိုဖွင့်လိုက်တယ်။ အလုပ်ရှာဖွေရေးဝက်ဆိုဒ်တစ်ခုမှာ လော့အင်ဝင်ပြီး နည်းပညာနဲ့သက်ဆိုင်တဲ့အလုပ်တွေ ဝင်လျှောက်ဖို့လုပ်ပေမဲ့ Appက သူ့ကိုအရည်အချင်း မပြည့်မီကြောင်းပဲ ပြနေပါတယ်။
“ဟုတ်သားပဲ၊ ငါက နည်းပညာမြူတန့်ဆိုပေမဲ့ ဘယ်တုန်းကမှ ဘွဲ့မယူခဲ့တဲ့ဥစ္စာကို။ ဒီအလုပ်တွေအကုန်လုံးက နည်းပညာဘွဲ့ရမှ အလုပ်ခန့်ကြတာလေ။”
ဖရာလီတာတစ်ယောက် လောကကြီးရဲ့ခက်ခဲကြမ်းတမ်းပုံကို စပြီးမြင်လာရပြီ။
‘ဘယ်တတ်နိုင်မလဲ။” နောက်ဆုံးတော့ ဖရာလီတာက ကန်တာကီကြက်ကြော်ဆိုင်ကတင်ထားတဲ့ အချိန်ပိုင်းလုပ်သားအလိုရှိသည်ဆိုတဲ့ ကြော်ငြာကိုပဲဝင်ပြီး အလုပ်လျှောက်လိုက်တယ်။
“အနည်းဆုံးတော့ ဒီအလုပ်မှာခဏဝင်လုပ်ရင် မက်ဒါနာအတွက် လက်ဆောင်တစ်ခုခုဝယ်ပေးဖို့ ဖြစ်နိုင်မှာပါ။”