← Chapters

ပေဂျာ

Vol. 8 Ch. 112

ပေဂျာ

Vol. 8 Ch. 112

ရေနွေးငွေ့စက် ပူးပေါင်း ဆောင်ရွက်မှုသည် အဆင်ပြေပြေနှင့် ပြီးမြောက် သွားပြီးနောက် ဖုန်းယွီ စိတ်သက်သာရာ ရသွားသည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် သိသာများပြားသည့် ပမာဏ မဟုတ်ပေ။ သို့သော် ပြန်ရမည့် အမြတ်က အလွန်များပေမည်။

ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှုက ယွမ်တစ်သန်းသာ ရှိသည်။ လေယာဉ် ထုတ်လုပ်သည့် စက်ရုံအနေဖြင့် အာထရာစောနစ် ထုတ်လုပ်သည့်စက်ကို လက်သီးတစ်ဆုပ်စာ အရွယ်ထက် မကြီးအောင် ချုံ့ရမည် ဖြစ်ပေသည်။

စက်ပစ္စည်းစက်ရုံ အနေဖြင့် သူတို့၏ထုတ်သည့် လမ်းကြောင်းကို ပြုပြင်ရန် လိုသည်။ ယခုလက်ရှိ ရေနွေးငွေ့စက်များ အတွက် ထုတ်လုပ်သည့် လမ်းကြောင်းမှာ ယာယီသာဖြစ်ကာ ထိုအရာက လုံလောက်မှု မရှိပေ။ ထိုရေနွေးငွေ့စက် အတွက် အထူးထုတ်လုပ်သည့် လမ်းကြောင်း ရှိရပေမည်။ ဖုန်းယွီက လေယာဉ်ထုတ်လုပ်သည့် စက်ရုံ၏ သုတေသနပြုချက် အဆင်သင့် ဖြစ်သည်နှင့် စက်ပစ္စည်းစက်ရုံက ထုတ်လုပ်မှုကို ချက်ချင်း စတင်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ထုတ်လုပ်သည့် ပမာဏက တစ်လလျှင် အခုရေ ငါးသောင်းအောက် လုံးဝ မနည်းရပေ။

စျေးကွက်က ဗလာဖြစ်နေပြီး ထိုအရာကို မိုနိုပိုလီကဲ့သို့ စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် သူတို့အနေဖြင့် စျေးကွက်ကို ပထမဦးဆုံး ရရှိနိုင်သည်။ ထိုခေတ် အခါတွင်တောင် ဖုန်းယွီ၏ ခန့်မှန်းတွက်ချက်မှုအရ တရုတ်ပြည်တွင် ယခုနှစ်မကုန်ခင် အနည်းဆုံး သိန်းချီ ရောင်းရနိုင်သည်။ နိုင်ငံခြား စျေးကွက်က ပိုတောင် ကြီးလွန်းပေ၏။

***

စာတိုက်ရုံးက ဖွင့်ကာစသာ ရှိသေးသည်။ ဝယ်ယူနှစ်ယောက် ရောက်လာ၏။ ထိုနေ့က နှင်းထူထဲစွာ ကျနေပြီး ထိုလူနှစ်ယောက်က တစ်စုံတစ်ခုကို အရေးတကြီးလိုဟန် ဖြစ်ပုံပေါ်နေ၏။

“မင်္ဂလာပါ၊ အိုး ဒါ ရှစ်ချင်ပဲ၊ fax ပို့ဖို့ ထပ်ရောက်လာတာလား ”

“အစ်ကိုဟွေ့ ကျွန်တော် ဒီမှာ fax ပို့ဖို့ ရောက်လာတာ မဟုတ်ပါဘူး၊ ကျွန်တော် တစ်ခုခု ဝယ်ဖို့ပါ၊ ကျွန်တော် အစ်ကိုနဲ့ နောက်မှ ပြောတော့မယ်၊ ကျွန်တော် အရင်ဦးဆုံး အထဲကို သွားလိုက်ဦးမယ် ”

အစ်ကိုဟွေ့သည် လီရှစ်ချင်မှာ ထောင်တစ်ထောင့်ဆီသို့ လမ်းလျှောက် သွားသည်ကို ကြည့်နေပြီး သူ၏မျက်လုံးများက ကျယ်လာသည်။ လီရှစ်ချင်က တကယ်ပင် ချမ်းသာသည်ပင်။ သူက ပေဂျာကို သွားဝယ်မလို့လား။ ထိုပေဂျာများ၏တန်ဖိုးက တစ်ခုလျှင် ထောင်ချီ တန်ဖိုးရှိပေသည်။

သို့သော် လီရှစ်ချင်သည် လက်ရှိတွင် ကားမောင်းနိုင်သည် ဆိုကတည်းက သူ့အနေဖြင့် ပေဂျာတစ်ခုကို အသေအချာပင် တတ်နိုင်ပေမည်။

“အစ်ကိုချင် ခင်ဗျား ဒီကို ရောက်လာတာပဲ၊ ဒီပေဂျာတွေက အခုမှ ရောက်လာတာ၊ ဘယ်တစ်ခုကို ခင်ဗျားကြည့်ချင်လဲ ”

ထိုအရာများက နာမည်များဖြင့် ဖော်ပြထားသည့် ပေဂျာများသာ ဖြစ်ပြီး ဖုန်းယွီက အနည်းငယ် စိတ်ပျက်သွားသည်။ တရုတ် စာလုံးများနှင့် ပေဂျာများသည် နောက်နှစ်တွင်မှ ရရှိမည်ဖြစ်သည်။ သို့သော် ထိုပေဂျာများက လက်ရှိအချိန်အတွက် လုံလောက်သည် ဖြစ်သည်။ တစ်စုံတစ်ယောက် အရေးပေါ် ကိစ္စဖြစ်ပါက အဆက်သွယ် မရသည်ထက် စာရင်တော့ ပိုကောင်းသေး၏။

“ခင်ဗျားမှာ ဘယ်လောက်ရှိလဲ ”

ဖုန်းယွီက မေးလိုက်သည်။ အရောင်းဝန်ထမ်းက ဖုန်းယွီကို ကြည့်လိုက်ပြီး ထိုအထက်စီးဆန်သည့် ကလေးက မည်သူနည်း။ ပေဂျာတစ်ခုက သူ့အတွက် မလုံလောက်တာလား။

“စွမ်းဝမ်ဝမ် မင်းမှာ ပေဂျာ ဘယ်နခုရှိလဲ ”

လီရှစ်ချင်က တစ်ဖန်မေးလိုက်သည်။ စွမ်းဝမ်ဝမ်၏ မျက်လုံးများက ကြီးသွားကာ

“အစ်ကိုချင် ခင်ဗျား ဘာကို ဆိုလိုတာလဲ၊ ခင်ဗျားက အများကြီး ဝယ်မှာလား ”

ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။

“သိပ်တော့မများပါဘူး၊ ကျွန်တော်တို့တွေက အခုနှစ်ဆယ်လောက်ပါပဲ ”

ဖုန်းယွီ၏ လေသံက ပုံမှန်အတိုင်းဖြစ်ကာ သူက စွမ်းဝမ်ဝမ်ကို ဖြတ်ပြောလိုက်သည်။ သူမကိုယ်သူမ တွေးလိုက်သည်။

‘ဘာလဲ၊ ပေဂျာ အခုနှစ်ဆယ်လား၊ ပေဂျာတစ်ခုက ယွမ်လေးထောင် ရှိတယ်၊ မင်းက အခုရေ နှစ်ဆယ်လိုချင်တာလား၊ အဲ့တာဆိုရင် ယွမ်ရှစ်သောင်း ဖြစ်သွားလိမ့်မယ်၊ ဒီကလေးက ဒီပေဂျာတွေ ဘယ်လောက် စျေးကြီးလဲဆိုတာ မသိဘူးထင်တယ်၊ ရှစ်သောင်းယွမ်၊ မင်း ရှစ်သောင်းယွမ် မြင်ဘူးလို့လား ’

“လူလေး၊ ဒီပေဂျာက လေးထောင်ယွမ် ရှိတယ် ”

စွမ်းဝမ်ဝမ်က ဖုန်းယွီအား ပြောလိုက်သည်။

“ယွမ်လေးထောင်လား၊ အဲ့တာက စျေးမကြီးပါဘူး၊ အခုရေ နှစ်ဆယ် လိုချင်တယ်၊ အခုချက်ချင်း ထုတ်ပေး၊ ကျွန်တော် အခု ကြည့်ချင်တယ် ”

ဖုန်းယွီ၏ အတွေးတွင် ပေဂျာတစ်ခုသည် အနည်းဆုံး ယွမ်ငါးထောင် ကုန်ကျမည်ဟု တွေးခဲ့သည်။ လွန်ခဲ့သည့်နှစ်နှင့် ယှဉ်ပါက စျေးနှုန်းက အနည်းငယ် လျော့သွားဟန် တူပေသည်။

“အစ်ကိုချင် ဒီကလေးက ဘယ်သူလဲ၊ ကျွန်မကို ဟာသပြောနေတာတွေ ရပ်လိုက်တော့ ”

လီရှစ်ချင် မျက်နှာကြောင့်သာ မဟုတ်လျှင် သူမအနေဖြင့် သူတို့အား ပြင်းပြင်းထန်ထန် ဆိုငေါက်မိပြီ ဖြစ်သည်။ ထိုကလေးက အလွန် အထက်စီး ဆန်လွန်းသည်။ ပေဂျာတစ်ခု၏ တန်ဖိုးမှာ ယွမ်လေးထောင်ရှိပြီး သူက အခုနှစ်ဆယ် လိုချင်သည်လော။ သူ့အနေဖြင့် ထိုအရာများကို လေးယွမ်တန် အရုပ်များဟု တွေးနေသည်လော။

“သူက ငါ့ယောက်ဖလေ၊ သူက မင်းကို ဟာသလုပ်နေတာ မဟုတ်ဘူး၊ ငါတို့တွေက ကုမ္ပဏီအတွက် ဝယ်မှာ၊ မင်းမှာ အခုရေ ၂၀ ရှိလား၊ ရှိရင် ငါတို့ကို ထုတ်ပေးပါ ”

ဖုန်းယွီက လီရှစ်ချင်နှင့် ဆွေးနွေးပြီး ဖြစ်သည်။ ဝူကျီကန်းနှင့် ကျန်သည့် ဝန်ထမ်းများသည် မကြာခဏ ခရီးသွားရပြီး အမြဲလိုလို အဆက်သွယ်မရှိ ဖြစ်သည်။ အကယ်၍ သူတို့တွင် အရေးကြီးကိစ္ စဖြစ်ခဲ့လျှင်ရော။

ဖုန်းယွီက အဆက်အသွယ် မရရှိခြင်းမှ ဆုံးရှုံးသည့်တန်ဖိုးက ထိုထောင်ချီသာရှိသည့် ပစ္စည်းများထက် ပိုဆုံးရှုံးမှုများကြောင်း ပြောသည်။ ထပ်ပြောရလျှင် ထိုက်ဟွ ကုန်သွယ်ရေး အနေဖြင့် ယခုနှစ်တွင် အမြတ်များစွာ ရခဲ့ပြီး ဖုန်းယွီသည် ဝူကျီကန်းနှင့် ဝန်ထမ်းများကို ဆုချီးမြှင့် ပေးချင်သည်။ ထို့အတွက်ကြောင့် လီရှစ်ချင် အနေဖြင့် ယင်းအကြံဉာဏ်ကို ဆန့်ကျင်ခြင်း မရှိပေ။

လီရှစ်ချင်သည်လည်း အလွန် ရက်ရောလှသည်။ သူသည် ကြီးမားသည့် တိုက်ခန်းတွင် နေနေသည်။ ကားမောင်းသည်။ ယခုလက်ရှိ သူတွေ့နေသည့် သူများထက် အဆင့်အတန်းက ပိုမြင့်သွားသည်။ သူတို့အတွက် အလုပ်ကြိုးစားသည့် ဝန်ထမ်းများ အကြောင်းကို သူသတိမရဘဲ နေမည်နည်း။

စွမ်းဝမ်ဝမ်က လီရှစ်ချင်ပြောတာကို ကြားသည့်အခါ အံ့ဩမှင်သက်သွားကာ

“အစ်ကိုချင် ကျွန်မတို့ဆီမှာတော့ ပေဂျာအခုရေ ၂၀ မရှိဘူး၊ ကျွန်မတို့တွေမှာ ၁၆ခုပဲ ရှိတယ် ”

“၁၆ခုလား၊ အဲ့တာလည်း လုံလောက်တာပဲ ”

ဖုန်းယွီက သူ့လက်ကို ဝေှ့ယမ်းကာ ပြောလိုက်သည်။

“ကျွန်တော့်အတွက် အကုန်လုံး ထုတ်ခဲ့ပေးပါ ”

လမ်းဆုံမှ တစ်စုံတစ်ယောက်သည် စာတိုက်ရုံးသို့ လမ်းလျှောက်လာပြီး စွမ်းဝမ်ဝမ်၏ အရောင်းကောင်တာသို့ လာခဲ့သည်။

“ဟေ့ ကောင်မလေး ဒီမှာ ပေဂျာရောင်းလား၊ ငါ့ကို စျေးအကြီးဆုံး တစ်ခုပေး ”

သူက ကျယ်လောင်သည့် အသံဖြင့် ပြောလိုက်သည်။ အကြောင်းမှာ သူပြောသည့် အသံကို အခြားသူများ မကြားမှာစိုးသည့် အတွက်ပင်။ စျေးအကြီးဆုံး ပေဂျာလား။ နံရံပေါ်တွင် ရေးထားသည့် ပေဂျာကို မဖတ်တတ်ဘူးလား။ ပေဂျာတိုင်းက ယွမ်လေးထောင်နဲ့ ရောင်းတယ်။

ဖုန်းယွီက ထိုလူဘက် လှည့်ကာ ကြည့်လိုက်သည်။ ထိုလူသည် ကုတ်အင်္ကျီနှင့် ဦးထုပ်ဝိုင်းကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်ဆင်ပုံနှင့် ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပေ။ သို့သော် သူ့ပါးစပ်ကို ဖွင့်ကာ သူ၏ရွှေသွား နှစ်ချောင်းကို ပြသည်ကိုတော့ ဖုန်းယွီ လက်မခံနိုင်ပေ။

“အိုး ဒါက ပေဂျာပဲ၊ ငါကြည့်ဦးမယ် ”

ရွှေသွားဖြင့်လူက သူ၏လက်မောင်းကို ဆန့်ထုတ်ကာ ဖုန်းယွီဆီမှ ပေဂျာကို ယူသွားသည်။

ဖုန်းယွီက နောက်ကို ဆုတ်လိုက်သည်။ ထိုလူက ရိုင်းပေသည်။ သူက ငါ ပေဂျာ ကိုင်ထားတာကို မမြင်ဘူးလား။ ဘာကြောင့် ဒီအရာကို ကောင်းကောင်း မတောင်းရတာလဲ။

ရွှေရောင်သွားနှင့် လူသည် သူ့အား ဖုန်းယွီက ရှောင်လိုက်မည်ဟု ထင်မထားပေ။ သူက ဒေါသတကြီးဖြင့် -

“ဒီကလေးက ဘယ်က ရောက်လာတာလဲ၊ သွားစမ်းပါ ဒီပစ္စည်းက တန်ဖိုးကြီးတယ်၊ မင်း မိသားစုက ဒီဟာကို ပေးဖို့အတွက် ပိုက်ဆံရှိရဲ့လား ”

သူက ပြောပြီးနောက် ဖုန်းယွီဆီမှ ပေဂျာကို ထပ်လုရန် ကြိုးစားလိုက်သည်။

“ငါတို့အနေနဲ့ ဒီပေဂျာကို ဝယ်ဖို့ တတ်နိုင်တတ်နိုင်၊ မတတ်နိုင် မတတ်နိုင် အဲ့တာ ငါတို့ကိစ္စ၊ မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး ”

ဖုန်းယွီသည် ထိုကဲ့သို့သော လူမျိုးနှင့် အငြင်းမပွားချင်ပေ။ သူက စွမ်းဝမ်ဝမ်ဘက် လှည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ ဒီပေဂျာတွေက ကောင်းတယ် ”

“မင်း စကားပြောနေတယ်လို့ ဘယ်သူက ထင်မှာလဲ၊ ဟေ့ အရောင်းသမ ငါ ဒီပေဂျာကို လိုချင်တယ်၊ အခု ထုတ်ပေး ”

ရွှေရောင်သွားနှင့်လူက စွမ်းဝမ်ဝမ်ကို အော်ငေါက် လိုက်သည်။

အရောင်းသမလား။ စွမ်းဝမ်ဝမ်က ကြောင်သွားပြီး ရွှေရောင်သွားနှင့်လူကို ပြောလိုက်သည်။

“ကျွန်မ တောင်းပန်ပါတယ်ရှင့်၊ ဒီဟာက ရောင်းပြီးပါပြီ ”

“အဲ့တာဆို နောက်ထပ် တစ်ခုပေး၊ မြန်မြန်လုပ်၊ အရူးမလုပ်နဲ့ ”

ရွှေရောင်သွားနှင့်လူက သည်းမခံနိုင်သည့် ပုံနှင့် ပြောလိုက်သည်။ သူက ယခုနှစ်တွင် သူ၏စီးပွားရေးမှ ယွမ်သုံးသောင်း ရခဲ့သည်။ အကယ်၍ သူသာ ခါးပတ်တွင် ပေဂျာကို ညှပ်ထားပါက ကျေးရွာရှိ အလှဆုံး အမျိုးသမီးက သူ့အား လက်မထပ်ချင်ရင်တောင် သူ၏မိဘများက သူနှင့်လက်ထပ်ရန် အတင်း တွန်းအားပေးမည် ဖြစ်သည်။

“တောင်းပန်ပါတယ်၊ ပေဂျာတွေ ထပ်မရှိတော့ပါဘူး ”

စွမ်းဝမ်ဝမ်က ပြန်ပြောလိုက်သည်။

“ကောင်မလေး၊ မင်း ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံနေတာလား၊ မင်းရဲ့ကောင်တာမှာ ပေဂျာမှာ ဒီလောက် အများကြီး ရှိနေပြီးသား၊ အဲ့တာကို ငါ့ကို မရှိဘူးလို့ပြောတာလား၊ မန်နေဂျာ ဘယ်မှာလဲ၊ သူ့ကို သွားခေါ်ချေ၊ သူ နင့်ကို ဘယ်လို လေ့ကျင့်ပေးခဲ့လဲဆိုတာ သူ့ကို မေးမယ် ”

ရွှေရောင်သွားနှင့်လူက ဒေါသတကြီးဖြင့် အော်လိုက်သည်။

လီရှစ်ချင်က ဆက်လက် တင်းမခံနိုင်တော့ကာ ပြောလိုက်သည်။

“အစ်ကို ဒီပေဂျာတွေ အကုန်လုံးက ရောင်းပြီးပါပြီ၊ မန်နေဂျာကို သွားရှာရင်တောင် အသုံးဝင်တော့မှာ မဟုတ်တော့ပါဘူး၊ အစ်ကို့မှာ ဒီနေရာမှာ အော်ဖို့အချိန် ရှိတယ်ဆိုရင် ဘာကြောင့် တခြား စာတိုက်ရုံးကို သွားဖို့အချိန် မရှိရမှာလဲ၊ ပြီးတော့ အများပြည်သူ အလယ်မှာ အသံကျယ်ကျယ် ပြောတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး၊ အဲ့တာက လူကြီးလူကောင်း မပီသတာကို ဖော်ပြနေတာ ”

“ဘယ်သူ့ကို လူကြီးလူကောင်း မပီသဘူးလို့ ပြောနေတာလဲ၊ ငါက ဒီနေရာကို ပစ္စည်းဝယ်ဖို့ ရောက်လာတာ၊ ဝယ်ယူသူတွေက နတ်ဘုရားတွေလို့ မင်း မကြားဖူးဘူးလား ”

ရွှေရောင်သွားနှင့်လူက လီရှစ်ချင်ကို တွန်းကာ ပြောလိုက်သည်။

လီရှစ်ချင်က ဘေးသို့လှမ်းကာ ရွှေရောင်သွားနှင့် လူ၏ပခုံးကို ဆုပ်ကိုင်ပြီး သူ၏ဘယ်လက်ဖြင့် ခပ်ကြမ်းကြမ်း လိမ်ချလိုက်တော့သည်။ ရွှေရောင်သွားနှင့်လူ၏ ဒူးခေါင်းများက ချက်ချင်းပင် မြေပေါ်သို့ ရောက်သွားသည်။ လီရှစ်ချင်သည် စစ်တပ်ထဲတွင် သုံးနှစ်ကြာနေခဲ့ပြီး ထိုကဲ့သို့သော အရာမျိုးကို ကိုင်တွယ်ရန်က သူ့အတွက် ကိတ်မုန့်တစ်လုံး စားရသလိုပင်။

“အား မင်း ငါ့ကို ရိုက်ရဲတာလား၊ ကူညီပါဦး၊ တစ်ယောက်ယောက်က ငါ့ကို ထုရိုက်နေတယ် ”

စာတိုက်အရာရှိက ပြေးထွက်လာသည်။

“ဘာဖြစ်လို့လဲ၊ ရှောင်လီ သူ့ကို အရင်လွှတ်လိုက် ”

လီရှစ်ချင်က သူဆွဲကိုင်ထားတာကို လွှတ်ပေးလိုက်သည်။ သို့သော် ရွှေရောင်သွားနှင့်လူက မြေပြင်ပေါ်တွင် ရှိနေသေးသည်။

“ဟား ဒီကောင်က ပိုက်ဆံရှိပြီ ဆိုတာနဲ့၊ ဒီနေရာမှာ ပြဿနာတွေ ရှာဖို့ ကြိုးစားနေတာ၊ သူက စွမ်းဝမ်ဝမ်ကို အခုလေးတောင် ကြိမ်းမောင်း လိုက်သေးတယ် ”

စွမ်းဝမ်ဝမ်က ထပ်ပေါင်း ပြောလိုက်သည်။

“မန်နေဂျာ သူက ဒီမှာ ပြဿနာ ဖန်တီးဖို့ ရောက်လာတာ၊ ကျွန်မ သူ့ကို ပေဂျာတွေ အကုန်လုံး ရောင်းကုန် သွားပြီလို့ ပြောပါတယ်၊ ဒါပေမဲ့ သူက ကျွန်မကို တစ်ခုရောင်းဖို့ အတင်း တောင်းဆိုနေတယ်၊ ကျွန်မကလည်း မှော်ဆရာမှ မဟုတ်ဘဲ၊ ဒီလေထဲမှာ ကျွန်မအနေနဲ့လည်း ပေဂျာတစ်ခုကို မလုပ်နိုင်ဘူး ”

“ရောင်းထွက် သွားပြီလား၊ ဒီအပတ်မှ ရတဲ့ပေဂျာ အသစ်တွေ အကုန်လုံးက ရောင်းထွက် သွားတာလား ”

မန်နေဂျာက မေးလိုက်သည်။

“ဒါအမှန်ပဲ၊ သူမက ဒါကို ရည်ရွယ်ချက် ရှိရှိနဲ့လုပ်နေတာ၊ ခင်ဗျားက မန်နေဂျာ ဟုတ်တယ်မလား၊ ဒီအရောင်းသမကို အလုပ်ဖြုတ်ပစ်ရမယ် ”

ရွှေရောင်သွားနှင့်လူက မတ်တပ်ရပ်ပြီး စအော်လိုက်သည်။ သူ့အနေဖြင့် မန်နေဂျာက သူ့ဘက်တွင် ရှိမည်ဟု ခံစားသည့် အတွက်ပင်။

ရုတ်တရက်တွင် ဖုန်းယွီက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“အဲ့တာတွေ အကုန်လုံးက ရောင်းထွက်သွားပြီ၊ လွန်ခဲ့တဲ့ ငါးမိနစ်တုန်းက၊ ငါ ဒီပေဂျာတွေ အကုန်လုံးကို ဝယ်လိုက်တာ ”

“လိမ်နေတာ၊ မင်း အခုထက်ထိ ဆက်လိမ် နေသေးတယ်၊ မင်း ဒီနေရာမှာ ပေဂျာတွေ အကုန်လုံးဝယ်ဖို့ ပိုက်ဆံ ဘယ်လိုလုပ် ရှိမှာလဲ ”

ရွှေရောင်သွားနှင့်လူက အော်လိုက်သည်။

ဖုန်းယွီက သူ၏အိတ်ကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်ကာ သူက ထိုအိတ်ထဲမှ ပိုက်ဆံကို ထုတ်လိုက်သည်။ သူသည် ပိုက်ဆံများကို ယွမ်တစ်ရာတန် ငွေစက္ကူများကို တစ်သောင်းတန် အစည်းအဖြစ် စည်းထားခြင်း ဖြစ်ပေသည်။

“တစ်ထုပ်၊ နှစ်ထုပ်၊ သုံးထုပ်၊ လေးထုပ်၊ ငါးထုပ်၊ ခြောက်ထုပ်၊ ခုနစ်ထုပ်၊ ရှစ်ထုပ် ”

ဖုန်းယွီက ပိုက်ဆံကို ဖြေလိုက်ကာ

“ဒီမယ် ယွမ်ရှစ်သောင်း၊ ပေဂျာတစ်ခုကို လေးထောင်၊ ပေဂျာ ဆယ့်ခြောက်ခုအတွက် ယွမ်ခြောက်သောင်း လေးထောင်ကျတယ်၊ ဆက်သွယ်မှု ချိတ်ဆက်စရိတ်က ပေဂျာ တစ်ခုအတွက် ယွမ်ရှစ်ရာ၊ ဒီပိုက်ဆံတွေက လုံလောက်ပြီလား ”

(စာရေးဆရာမှတ်စု)

(တရုတ်စာများဖြင့် ပေဂျာကို ၁၉၉၀ ခုနှစ်တွင် INSPUR နှင့် MOTOROLA မှ အတူတကွ မိတ်ဆက်ခဲ့သည်။ တရုတ်ပြည်၏ NINGBO BIRD ကုမ္ပဏီသည် ၁၉၉၃ တွင် ပြည်တွင်းထုတ် ပေဂျာများကို မိတ်ဆက်ခဲ့သည်။ ထိုအချိန်တွင် မိုဘိုင်းဖုန်းများလည်း ပေါ်ပေါက်နေပြီ ဖြစ်သည်။ သို့သော် ပြောရသည့် အချိန်က မိနစ်သုံးဆယ်ခန့်သာ ရှိသည်။)

***

All Chapters