နှစ်သစ်ကူးအတွက်အသစ်စတင်ခြင်း
Vol. 8 Ch. 118
ဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်းဒိုင်း
ပထမဦးဆုံး ဗျောက်အိုးသံ ထွက်ပေါ်လာပြီးနောက် မကြာမီတွင် အခြားအိမ်များသို့ ပျံ့နှံ့သွားတော့သည်။ ဗျောက်အိုးအခု တစ်ရာပါအတွဲ ဗျောက်အိုးအခု နှစ်ရာပါအတွဲနှင့် ဖုန်းမိသားစုသည် ဗျောက်အိုး ငါးရာပါအတွဲ ရှိပေသည်။
ဖုန်းယွီသည် တစ်သောင်းပါ ဗျောက်အိုးအတွဲကို မရရှိသည့်အတွက် အလွန် စိတ်မကောင်း ဖြစ်နေ၏။ ထိုအရာက ပိုပြီး ပျော်စရာကောင်းပြီး ပိုအရေးကြီးသည်က သူ၏မကောင်းသည့် ကံများကို အဝေးကို မောင်းထုတ် နိုင်ပေသည်။
ရေခဲတွင်း မတော်တဆမှု ဖြစ်ပွားပြီးနောက် သူသည် ဆေးရုံတွင် နှစ်ရက် နေလိုက်ရပြီး ဖုန်းရှင်းထိုက်က သူ့အား ထိုအဖြစ်အပျက် ပြီးနောက် ကားမောင်းခွင့် မပေးပေ။ ထိုအရာက သူသည် လီနကို အပြင်ခေါ်ထုတ်ရန် သူ့အစီအစဉ်ကို ပျက်စီးသွားစေသည်။
ယခုနှစ်သစ်တွင် ယမန်နှစ် ဖုန်းမိသားစု အခြေအနေအတွက် ပိုပြီး ကောင်းမွန် လာပေသည်။ စားပွဲပေါ်တွင် ဟင်းပွဲရှစ်ပွဲမှ ဟင်းပွဲ ဆယ့်ခြောက်ပွဲအထိ တိုးခဲ့ပြီး ဟင်းပွဲအများစုမှာ အသားများဖြစ်ပြီး နှစ်ပွဲသည်သာ ဟင်းသီးဟင်းရွက် ဖြစ်သည်။
ပိုပြီး သိသာထင်ရှားသည့် အချက်က သူတို့တွင် မိသားစုဝင် အသစ်တစ်ယောက် ရှိလာခြင်းဖြစ်သည်။
လီရှစ်ချင်သည် ဖုန်းမိသားစုအိမ်သို့ နှစ်သစ်ကူး ဆင်နွဲရန်အတွက် ရောက်လာခြင်း ဖြစ်သည်။ သူနှင့် ဖုန်းတန့်ယင်းသည် နှစ်ဆန်း ခုနစ်ရက်နေ့တွင် လက်ထပ်မည်ဖြစ်ကာ ယင်းက ယခုနှစ်ဖြစ်သည်။ ဖုန်းတန့်ယင်းအတွက် ယခုနှစ်သည် အိမ်တွင်နှစ်သစ်ကူး ဆင်နွဲသည့် နောက်ဆုံးနှစ်ပင် ဖြစ်သည်။ အနာဂတ်တွင် သူမက နှစ်သစ်ကူးကို လီမိသားစုအိမ်တွင် ကုန်ဆုံးရမည် ဖြစ်ပေသည်။
ဖုန်းမိသားစုသည် ဒေသတွင် တိုက်ခန်းသစ်ကို ဝယ်ထားသည်။ ယင်း အဆောက်အအုံက မနှစ်ကမှ ဆောက်ပြီးတာဖြစ်ပြီး ဒေသ၏ ဒုတိယမြောက် တိုက်ခန်း အဆောက်အအုံလည်း ဖြစ်ပေသည်။ အထပ်သုံးထပ်၊ အိမ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်း ပါရှိသည်။ တိုက်ခန်း အကျယ်အဝန်းကလည်း အလွန်ကြီးသည်။ ပြီးနောက် စိုက်ပျိုးရေးငှာန၏ အရာရှိချုပ်တောင် ယင်းကဲ့သို့သော တိုက်ခန်းမျိုးတွင် မနေနိုင်ပေ။ ထိုအရာက ဖုန်းရှင်းထိုက်ကို အလွန် ဂုဏ်ယူစေသည်။
အိမ်ရှိ ပရိဘောဂ ပစ္စည်းများနှင့် လျှပ်စစ် အသုံးအဆောင်များသည် အကောင်းဆုံး ဖြစ်သည်။ အဟောင်းတွေလော။ အဟောင်း ပရိဘောဂနှင့် အသုံးအဆောင် ပစ္စည်းများကို ဝက်ခြံသို့ ပို့ခဲ့သည်။ ဖုန်းယွီက သူတို့သည် ပိုက်ဆံ လုံလောက်သည် ဖြစ်သည့်အတွက် အိုဟောင်းတွေကို ပြန်ရောင်းပြီး ရသည့်ငွေ အနည်းငယ်ကို မလိုချင်ကြောင်း ပြောသည်။ သူတို့အနေဖြင့် ထိုအရာများကို လယ်တောရှိ အလုပ်သမားများ အသုံးပြုနိုင်ပေသည်။ ဝက်ခြံတွင်နေသည့် အဖေနှင့်သား လေးယောက်သည် ရောင်စုံတီဗီ၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်တောင် ရလိုက်သည်။ အဖေနှင့်သားများသည် သူတို့၏အိမ်တွင် အဖြူအမည်း တီဗီသာရှိသည်။
သူတို့က ဖုန်းရှင်းထိုက်ကို အလွန်ကျေးဇူး တင်နေပြီး သူတို့အနေဖြင့် အလုပ်ကြိုးစားကာ ဝက်များ အားလုံးကိုလည်း ကျန်းကျန်းမာမာ ဖြစ်အောင် ထားမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ သူတို့အနေဖြင့် ဖုန်းရှင်းထိုက်ကို စိတ်ပျက်အောင် လုပ်မည် မဟုတ်ပေ။ သူတို့သည် ဝက်များကို ကြည့်ရှု စောင့်ရှောက်ရာတွင် အလွန် အားထုတ်ခဲ့မှန်း ရလဒ်များက ပြသနေပေသည်။ ထျန်ဖုန်း ဝက်ခြံသည် အခြား ဝက်ခြံများထက် ကြီးထွားနှုန်း ပိုမို မြန်ဆန်ပေသည်။ လက်ရှိတွင် ဝက်ခြံအနေဖြင့် ဝက်မများကို မွေးမြူနေပြီ ဖြစ်သည်။ ဝက်ထီးများ အားလုံးကိုလည်း မျိုးတူခြင်း သားမပွားနိုင်ရေးအတွက် သင်းကွပ် ထားပေသည်။ သူတို့အနေဖြင့် အခြား တစ်နေရာမှ ဝက်ထီး တစ်သုတ်ကို ဝယ်ယူကာ သားဖောက် ပေးမည်ဖြစ်သည်။
အစားအစာ ထုတ်လုပ်သည့် စက်ရုံ၏ တိုးတက်မှုကလည်း ကောင်းမွန်ပေသည်။ ပဲပိစပ်ဆီနှင့် သကြားရောင်းချမှုက ကောင်းပေသည်။ သို့သော် တိရစ္ဆာန်အစာများကို မရောင်းသေးဘဲ သူတို့၏ သိုလှောင်ရုံတွင်သာ သိမ်းဆည်း ထားသည်။ သို့သော် ဝက်ခြံ ချဲ့ထွင်မှုပြီးနောက် သူတို့အနေဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်မှုမှ သုံးပုံတစ်ပုံကို အသုံးပြုမည်ဖြစ်သည်။ ဖုန်းယွီက ရောင်းချသူများနှင့်လည်း ဆက်သွယ် ထားပြီးသား ဖြစ်သည်။ လာမည့်နှစ်တွင် တူညီသည့် အဖြစ်မျိုးကို ထပ်အဖြစ်မခံပေ။ ဖုန်းယွီ၏ ခန့်မှန်း တွက်ချက်မှုအရ နောက်နှစ်များတွင် တိရစ္ဆာန် အစာများ၏ ဝယ်လိုအားနှင့် ထုတ်လုပ်မှု မမျှမှာကို ခန့်မှန်းပြီးသား ဖြစ်ပေသည်။
လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္မဏီကို လီရှစ်ချင်အား လွှဲပြီးနောက် ထိုက်ဟွ ကုန်သွယ်ရေး၏ ပိုင်ဆိုင်မှုသည် ယွမ်ဆယ်သန်းကျော် ရှိနေဆဲဖြစ်သည်။ အကယ်၍ သူတို့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး ဆက်လုပ်လျှင်တောင် ပိုင်ဆိုင်မှုသည် နွေရာသီတွင်တောင် အနည်းဆုံး သန်းနှစ်ဆယ် တိုးလာမည် ဖြစ်ပေသည်။ ပြီးနောက် တစ်နှစ်အတွင်း ဖုန်းယွီသည် ယင်းသန်းနှစ်ဆယ်ကို အဆပေါင်းများစွာ မြင့်တင်နိုင်ပေ၏။
ထပ်ပြောရလျှင် ဖုန်းယွီသည် ကီရီလန်ကိုနှင့် ပြောပြီးဖြစ်သည်။ သူ့အနေဖြင့် ကိုယ်တိုင် ကိုယ်ကျ ဆိုဗီယက် ပြည်ထောင်စု၏ အဆင့်မြင့် နည်းပညာများကို ဤနှစ်နောက်ပိုင်းတွင် ဝယ်ယူမည် ဖြစ်သည်။ ထိုဆန်များ ရောင်းပြီးသည်နှင့် ဖုန်းယွီသည် နောက်ထပ် အမြတ်များ ရမည်ပင်။
စက်ယန္တရား စက်ရုံ၏ တိုးတက်မှုကလည်း မဆိုးပေ။ ထုတ်ကုန် အသစ်များကို မိတ်ဆက်ပြီးနောက် သူတို့သည် ကုန်သွယ်ရေး ပြပွဲကို တောင်ပိုင်းတွင် ပြုလုပ်ခဲ့ကာ ထိုအရာက တစ်တိုင်းပြည်လုံးကို တုန်လှုပ်သွားစေသည်။ ဘင်းမြို့တော် စက်ယန္တရား စက်ရုံအနေဖြင့် ယခုကဲ့သို့ အရည်အသွေး အထူးကောင်းမွန်သည့် စိုက်ပျိုးရေး ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။ အမှာစာ အသစ်များ၏ အရေအတွက်က လီမင်တကို ပျော်ရွှင်စေသည်။
ထို့အတွက်ကြောင့် လီမင်တသည် ဘင်းမြို့တော်တွင် နာမည်ကြီး လာသည်။ ပြီးနောက် သူက စိတ်ပြောင်း သွားပြီဖြစ်သည်။ လက်ရှိတွင် သူ့အနေဖြင့် စိုက်ပျိုးရေး ဌာနကို မပြန်ချင်တော့ပေ။ သူသည် စက်ယန္တရား စက်ရုံတွင်သာ ဆက်နေချင်သည်။ ဤနေရာတွင် သူက အမြင့်ဆုံး အာဏာရှိသူဖြစ်ပြီး လူတိုင်းက သူပြောလိုက်သည်ကို နားထောင်ကြသည်။ စက်ယန္တရား စက်ရုံတွင် ရရှိသည့် အကျိုးအမြတ်သည် စိုက်ပျိုးရေး ဌာန၏ အကျိုးများထက် ပိုရပေသည်။
ယခု လက်ရှိတွင် စက်ယန္တရား ကုမ္မဏီမှ ထုတ်လုပ်သည့် ထွန်စက်အင်ဂျင်သည် တစ်နိုင်ငံလုံးတွင် အကောင်းဆုံး ဖြစ်သည်။ လီမင်တက သူတို့၏ ထုတ်လုပ်ရေးကို ထွန်စက်တွင် အာရုံစိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထွန်စက် လိုအပ်ချက်ကလည်း ကြီးမားပေရာ အကျိုးအမြတ်သည်လည်း အမြင့်ဆုံး ဖြစ်ပေသည်။ သေချာသည်မှာ စက်ယန္တရား စက်ရုံအနေဖြင့် အမြတ်ပိုရသည့်အခါ ယင်းအဓိပ္ပာယ်က ဖုန်းမိသားစု အနေဖြင့်လည်း ရှယ်ယာအနေဖြင့် ရမည်ဖြစ်သည်။ နှစ်သစ်ကူး မတိုင်ခင် သူတို့သည် ခွဲတမ်းအဖြစ် တစ်သန်းရခဲ့သည်။
ပုံမှန်အတိုင်း ဖုန်းယွီက ထိုပိုက်ဆံကို ထိုက်ဟွ ကုန်သွယ်ရေးသို့ ပြောင်းခဲ့သည်။ ဖုန်းရှင်းထိုက်သည် ယခုကဲ့သို့ ငွေပမာဏ ကြီးကြီးမားမားကို သုံးစွဲရန် အာရုံမရပေ။ ထို့အတွက် သူ့အနေဖြင့် ဖုန်းယွီ လုပ်ချင်သည်ကို လုပ်ရန် ခွင့်ပြုလိုက်သည်။ အကယ်၍ ဖုန်းယွီပိုက်ဆံ ဆုံးရှုံးလျှင်တောင် သူတို့တွင် အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့် ဝက်ခြံ ကျန်နေသည်။ သူတို့အနေဖြင့် သက်သောင့်သက်သာဖြင့် နေနိုင်ပြီး ဒေသတွင် အချမ်းသာဆုံး မိသားစုအဖြစ် ရှိနေမှာပဲဖြစ်သည်။
ယခုနှစ်သည် ယမန်နှစ်ထက် ကွဲပြားခြားနားပေသည်။ ယမန်နှစ်က ဖုန်းတန့်ယင်းနှင့် ဖုန်းယွီသည် အင်္ကျီအသစ် တစ်စုံနှင့် ဖိနပ်များသာ ရခဲ့သည်။ ယခုနှစ်တွင် ဖုန်းမိသားစုရှိ လူတိုင်းက အင်္ကျီအသစ်ပေါင်း များစွာကို ရရှိခဲ့တာ သေချာသည်မှာ သူတို့သည် အင်္ကျီအသစ်များကို ဝတ်မည်ပင်။
သို့သော် ဖုန်းယွီက သူ့အဖေ၏ သဘောကို မနှစ်မြို့ပေ။ သူ၏ဖခင်သည် ဆုအနောက်တိုင်းဝတ်စုံကို သဘောမကျပေ။ မောင်မော်ဝတ်ရုံကိုသာ သဘောကျသည်။ ကောင်းမွန်ပေသည်။ သို့သော် အဘယ့်ကြောင့် သူ့အနေဖြင့် အရောင်တူ သုံးစုံကို ယူခဲ့သနည်း။ ဖုန်းယွီက သူ၏အင်္ကျီကို သူကိုယ်တိုင်သာ ရွေးချယ်သည်။ သူ၏ကုတ်အင်္ကျီက တေလာဖြစ်ပြီး သူတစ်ယောက်တည်းသာ ယင်းဒီဇိုင်းကို ဆုံးဖြတ်ခဲ့သည်။
***
“လာပါ ဒီငါးကို စားကြည့်လိုက်ပါ။ ဒါက ကျွန်တော် ရေအိုင်ထဲကနေ ဖမ်းလာတာ”
ဖုန်းယွီက စားပွဲပေါ်ရှိ ငါးခေါင်းကို ညွှန်ပြလိုက်သည်။
“ဟွန်း မင်းကအဲ့ဒါကို ဖမ်းခဲ့တာလား။ မင်းအရမ်း တော်တာပဲနော်။ ကိုယ့်ကိုယ်ကိုယ်တောင် ငါးမျှားစာ အဖြစ်တောင် အသုံးပြုလိုက်သေးတယ်။ ပြီးတော့ ဒေသတစ်ခုလုံးက မင်းအကြောင်းကို သိကြပြီး မင်းက တကယ်ငါ့ကို ဂုဏ်ယူအောင် လုပ်နေတာပဲ”
ဖုန်းရှင်းထိုက်က ရွဲ့ပြောလိုက်သည်။ ဖုန်းယွီကပြုံးကာ -
“အဲဒါက မတော်တဆမှုလေးပါ အဖေ မြည်းကြည့်ပါ။ ဒီငါးက တကယ် အရသာရှိတယ်။ တကယ်လို့ အဖေတို့တွေ မစားတော့ဘူးဆိုရင် ကျွန်တော် လက်စသတ် လိုက်တော့မယ်”
“နံရိုးလေးလည်း စားဉီး။ ဒီဟာတွေက ငါတို့ရဲ့ဝက်က အရသာလည်း အရမ်းကောင်းတယ်”
ကျန်းမူဟွသည် ဝက်နံရိုး တစ်တုံးကို ဖုန်းယွီဆီသို့ ကမ်းပေးလိုက်သည်။ ပြီးနောက် ဖုန်းရှင်းထိုက်အား ကြည့်လိုက်သည်။ ယခုအချိန် ကာလသည် နှစ်သစ်ကူး ကာလဖြစ်ပြီး သူ့အနေဖြင့် ပျော်ရွှင်မှု ပျက်ပြားစေသည့် အရာများကို ပြောတာကို မရပ်တန့်နိုင်ဘူးလား။
“ကျေးဇူးပါအမေ အမေရော ငါးလေး စားပါဉီး”
ဖုန်းယွီသည်လည်း သူ၏သတင်း ဒေသတစ်ခုလုံး ပျံ့နှံ့သွားမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
ထိုအရာများ အားလုံးက အရူးဝမ်တုန့်ကျွင်းကြောင့် ဖြစ်ပေသည်။ သူသည် အရပ်တကာ လှည့်ပြီး သူ့အနေဖြင့် ဖုန်းယွီ၏ အသက်ကို မည်သို့ ကယ်ခဲ့ကြောင်း ပြောသည်။ သူ၏ ဇာတ်လမ်းတွင် ဖုန်းယွီက ရေခဲပေါက်ထဲ လုံးဝ ကျတော့မည်ပင်။ ပြီးနောက်သူက ဖုန်းယွီကို မနည်းရအောင် ဆွဲခေါ်ခဲ့ရသည့် အလား သူကသူ၏ အင်္ကျီအကုန်လုံးကို ချွတ်ကာ ဖုန်းယွီကို ပေးလိုက်သည်။ သူသည် ကားကို အပူပေးခဲ့ရပြီး ဖုန်းယွီအား ဆေးရုံကိုပို့ရန် တစ်နာရီ ကီလိုမီတာ နှစ်ရာနှုန်းဖြင့် မောင်းခဲ့ကြောင်း ပြောခဲ့သည်။ သူကအချိန်မီ ရောက်နိုင်ရန်အတွက် ဆေးရုံဂိတ် တံခါးကို တိုက်မိခဲ့သည်။ နောက်ဆုံးတွင် ဖုန်းယွီ၏ အသက်ကို ကယ်တင်နိုင်ခဲ့၏။
မည်သို့ပင် ဖြစ်စေကာမူ ထိုအရာများ အားလုံးက ဝမ်တုန့်ကျွင်း၏ ကောင်းကြောင်းများပင် ဖြစ်ပေသည်။ ထိုသတင်းက တောမီးကဲ့သို့ ပြန့်သွားကာ ဒေသတစ်ခုလုံးရှိ အိမ်တိုင်းကလည်း ယင်းအကြောင်း သိသွားသည်။ ထို့ကြောင့် ဖုန်းယွီအနေဖြင့် မိဘများက သူတို့၏ ကလေးများကို ဆုံးမရန် မကောင်းသည့် ဥပမာတစ်ခု ဖြစ်သွားသည်။
ဖုန်းယွီ၏ စိတ်နှလုံးထဲတွင်တော့ ငိုနေသည်။ သူသည် ဒေသတွင်းရှိ လူများ အားလုံးအတွက် ဥပမာနှင့် ကောင်းမွန်သည့် ပုံရိပ်ကို မျှော်မှန်းထားသည်။ အဘယ့်ကြောင့် ယင်းက ယခုကဲ့သို့ အဆုံးသတ် ရသနည်း။
“ရှောင်လီ မင်းရဲ့ လော်ဂျစ်စတစ် ကုမ္မဏီကကော ဘယ်လိုလဲ”
ဖုန်းရှင်းထိုက်က မေးလိုက်သည်။
“အဲ့ဒါက အဆင်ပြေပါတယ်။ ကျွန်တော် ရှောင်ရီရဲ့ အကြံပေးချက် အတိုင်းပဲ ကျွန်တော် လိုက်လုပ်နေတာ။ အခု ကျွန်တော်က ကျွန်တော်နဲ့ လုပ်ငန်းလုပ်ပိုင်ခွင့် ပူးပေါင်းထားတဲ့ ကုမ္မဏီဆယ်ခု ကျော်ပါပြီ။ နှစ်သစ်ကူး မတိုင်ခင်မှာတော့ အလုပ်က တော်တော် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ နှစ်သစ်ကူး လက်ဆောင်တွေပေါ့”
သူတို့သည် ယင်းအကြောင်းကို ပြောသည့်အခါ လီရှစ်ချင်၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နေသည်။ သူ့အနေဖြင့် သူ၏စီးပွားရေးသည် အလွန် ကောင်းမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ သူသည် ယခုနှစ်တွင် ယွမ်သန်းပေါင်း များစွာတောင် လုပ်နိုင်သည်။ ပြီးနောက် မကြာမီတွင် ကုန်တင်ကား တစ်သုတ်၏ ကုန်ကျငွေကိုလည်း ဖာထေးနိုင်မည် ဖြစ်သည်။
“ဒါက နားထောင်လို့ ကောင်းတဲ့အရာပဲ။ မင်းကိုယ်မင်းတော့ ပင်ပန်းအောင် မလုပ်နဲ့။ မင်းအနေနဲ့ မင်းရဲ့ မိသားစုကိုလည်း သေချာဂရုစိုက် ပေးရမယ်”
ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
“ကျွန်တော် သိပါတယ်။ ကျွန်တော်ရဲ့ ဝန်ထမ်းတွေထဲက လုပ်နိုင်စွမ်းရှိတဲ့ လူအချို့ကို နှစ်လကြာ အချိန်မှာ ရာထူးတိုးပေးမှာပါ။ ပြီးတော့ သူတို့ကို နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ကြည့်ခိုင်းပြီး ကျွန်တော်အနေနဲ့ ကုမ္မဏီရဲ့ ငွေကြေးတွေကိုပဲ ဂရုစိုက်မှာပါ”
လီရှစ်ချင်က ပြုံးကာ ပြောလိုက်သည်။
သူသည် ယင်းကို ဖုန်းယွီထံမှ သင်ခဲ့ခြင်း ဖြစ်ပေသည်။ သူ့အနေဖြင့် ငွေရေးကြေးရေး ကိစ္စရပ်များ အားလုံး သူ့ထိန်းချုပ်မှု အောက်တွင် ရှိနေသမျှ ပြီးနောက် အရာရာတိုင်း သူလက်မှတ်ထိုးမှ ဖြစ်မည်က ထိုအရာများသည် ကုမ္မဏီအတွက် ကြီးမားသည့် ပြဿနာများ မဟုတ်ပေ။ သူ့အနေဖြင့် အေးအေးဆေးဆေး အနားယူနိုင်ပေသည်။
“မင်းရဲ့အိမ်သစ် ပြင်ဆင်တာရော ဘယ်လိုလဲ”
“အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော်က ဖိတ်စာကိုတောင် ပို့တော့မလို့ပါ။ စိတ်ချလိုက်ပါ။ ကျွန်တော် လီရှစ်ချင်က ဖုန်းတန့်ယင်းကို ဘယ်တော့မှ မျက်နှာ မပျက်စေရပါဘူး။ ကျွန်တော် သူမကို ဒီလိုမျိုးပဲ ထာဝရ ဆက်ဆံမှာပါ”
လီရှစ်ချင်က အခိုင်အမာ ပြောလိုက်သည်။ သူက ဖုန်းတန့်ယင်းကို ချစ်ခြင်း မေတ္တာတွေနှင့် ကြည့်နေ၏။
ဖုန်းရှင်းထိုက်သည်လည်း လီရှစ်ချင်ကို အကြာကြီး ကြည့်ကာ ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူသည် ဖန်ခွက်ကို မြောက်လိုက်ကာ -
“လာ ငါတို့ရဲ့ ဘဝတွေ နှစ်တိုင်းနှစ်တိုင်း ပိုကောင်းလာဖို့အတွက် ချီးယားလုပ်ရအောင်”
“ချီးယား ”
***