ချုံဧကရာဇ်ခေတ်
Vol. 92 Ch. 1194
ချင်မူတို့လည်း ကောင်းကင်နတ်အရှင်ယွဲ့နောက်မှ လိုက်၍ ကမ္ဘာဦးဘုံ၏ နယ်မြေထဲ ဝင်ရောက်လာကြသည်။ သူတို့အဖွဲ့မှာ အင်မတန် မျက်စိကျစရာ ဖြစ်နေသည်။ အားလုံးသည် တောက်ပနေသော စွမ်းအင်ကိုယ်ထည်များ ဖြစ်နေကြသောကြောင့် အာရုံစိုက်ခံနေရ၏။
ထို့ကြောင့် ကောင်းကင်နတ်အရှင်ယွဲ့က သူတို့အား လူမမြင်အောင် သူမ၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း သုံး၍ ဟင်းလင်းပြင်ကို ဝေဝါးထားပေးသည်။
အပြင်လူများမှာ ချင်မူတို့ကို မမြင်ရသော်လည်း ချင်မူတို့ကတော့ အပြင်ကို မြင်နေရပြီး တောင်ချုံဧကရာဇ်၏ ပြည်သူပြည်သားများ ချမ်းသာကြွယ်၀ကြကြောင်း တွေ့ကြရသည်။ နတ်ဘုရားမြို့တော်များသည် အရွယ်အစားစုံလင်စွာ ရှိနေကြပြီး နတ်ဘုရားများက မိမိနယ်မြေ၏ မြို့သူမြို့သားများကို ကာကွယ်စောင့်ရှောက်ပေးကြ၏။
တောင်ချုံဧကရာဇ်၏ ပြည်သူများသည် လူသားများသာ မဟုတ်ဘဲ မျိုးနွယ်စုထောင်ပေါင်းများစွာ ရောနေခြင်း ဖြစ်ပေသည်။ ကမ္ဘာခေတ်နှောင်းမျိုးနွယ်စုများတွင် အင်အားကြီးမားသော မျိုးနွယ်စုများစွာ ရှိကြသည့်အလျောက် အများစုက အခြားမျိုးနွယ်များမှ ဖြစ်ကြသည်။ လူသားများမှာ သူတို့ထဲမှ တစ်စုအပါအ၀င်သာ ဖြစ်၏။
လူသားများနှင့် မျိုးနွယ်ခြားများကား အတူယှဉ်တွဲ နေထိုင်ကြပြီး လမ်းမများ၊ စိုက်ခင်းလွင်ပြင်များပေါ်တွင် မျိုးနွယ်စုအားလုံး သင့်မြတ်စည်းလုံးစွာ ပေါင်းသင်းနေကြသော မြင်ကွင်းများကို တွေ့မြင်ရနိုင်သည်။
နတ်ဘုရားမြို့တစ်မြို့ကို ဖြတ်သွားသည့်အချိန်တွင် မြို့ပြင်၌ ကျောက်တိုင်တစ်တိုင်ကိုပင် တွေ့မြင်ခဲ့ရသည်။ ၎င်းအပေါ်တွင် ‘လူ့အသက်သည် ကောင်းကင်ဘုံထက် မြင့်မြတ်သည်’ ဟူသော စာသားများကို ရေးထိုးထား၏။
“ဒီက ‘လူ’ ဆိုတာ လူသားတွေကိုတင် ရည်ညွှန်းတာ မဟုတ်ဘူး…. အသိဉာဏ်ရှိတဲ့ သက်ရှိတွေ၊ မျိုးနွယ်စုတွေအကုန်လုံးကို ခြုံငုံထားတာပဲ…”
ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးလျက် ရှင်းပြသည်။ “ဒါက လက်ရှိချုံဧကရာဇ်ရဲ့ အတွေးအခေါ်လေ…. သူ့မှာ အကြံဉာဏ်တွေ အများကြီးရှိတဲ့အပြင် အင်မတန် အမျှော်အမြင်ကြီးတယ်…. ဒါ့အပြင် အတော်လေး တော်တယ်….”
ချင်မူ ကျောက်တိုင်ကို အချိန်အတော်ကြာ ရပ်ကြည့်နေပြီးနောက် သူမနောက်မှ လိုက်သွားသည်။
ကောင်းကင်နတ်အရှင်ယွဲ့က ပျော်ရွှင်စွာ ပြုံးရင်း သူတို့ကို ဦးဆောင်ခေါ်သွားပေးနေသည်။
ကောင်းကင်နတ်အရှင်ယွဲ့သည် အချိန်များစွာကြာသည်အထိ သူ့ကိုယ်သူ အပြစ်တင်နေခဲ့လိမ့်မည်။ ကောင်းကင်နတ်အရှင်ယွင် သေဆုံးပြီးနောက် သူက အနားယူကြောင်း ကြေငြာ၍ လောကထဲတွင် ပေါ်မလာတော့ချေ။
ကောင်းကင်နတ်အရှင်ယွင်၏ သေဆုံးမှုနှင့် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ ကျဆုံးမှုက သူမအပေါ် မည်မျှ သက်ရောက်မှု ကြီးမားခဲ့မည်ကို ချင်မူ မှန်း၍ပင် မရနိုင်ပေ။ သို့သော် သူမသည် ရှုံးနိမ့်မှုမှ ထွက်လာခဲ့ပြီး ကောင်းကင်နတ်အရှင်လင်နှင့်အတူ ချုံဧကရာဇ်ခေတ်အား ကူညီတည်ထောင်ပေးခဲ့၏။
ချုံဧကရာဇ် ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်လင်နှင့် သူမ၏ ကြိုးပမ်းအားထုတ်မှု ဖြစ်သည်။ ကောင်းကင်နတ်အရှင်လင်သည် စူးစမ်းလေ့လာရန် ရူးသွပ်သူတစ်ယောက်ပင်။ သူမသည် ရှိသမျှအားအင်အကုန်လုံးအား မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို လေ့လာရာတွင်သာ ထည့်ထားခဲ့၏။ အထူးသဖြင့် ချုံဧကရာဇ်ခေတ်နှောင်းပိုင်းတွင် ဖြစ်လေသည်။ သူမ၏ကောင်းကင်နတ်သိုင်းမှာ ပြီးပြည့်စုံလုနီးပါးဖြစ်နေသဖြင့် ကောင်းကင်နတ်အရှင်လင်သည် တခြားအရာများတွင် အချိန်ကုန်ခံမည်မဟုတ်ပေ။
ထို့ကြောင့် ကောင်းကင်နတ်အရှင်ယွဲ့တစ်ယောက်တည်း ချုံဧကရာဇ်ခေတ်၏ ကိစ္စကြီးငယ်အသွယ်သွယ်ကို ဖြေရှင်းရပြီး ချုံဧကရာဇ်ကောင်းကင်နတ်ဘုံနှင့် ပြင်ပကောင်းကင်ဘုံများအကြားရှိ ဆက်ဆံရေးကိုလည်း ကိုင်တွယ်ရသေးသည့်အပြင် မြောက်ချုံဧကရာဇ်၊ နဂါးဟန်ကောင်းကင်နတ်ဘုံနှင့် အမိကမ္ဘာမြေ၏ အင်အားစုများကိုလည်း ရင်ဆိုင်ရသေး၏။
သူမ မည်မျှ အားထုတ်ထားသည်လဲ ချင်မူ မှန်းဆကြည့်နိုင်သည်။
မှန်ပါသည်။ သူမ အရာအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သောကြောင့်ပင် ချုံဧကရာဇ်ခေတ်သည် အထွန်းတောက်ဆုံးခေတ်ဟု ပြော၍ရနိုင်၏။
သို့သော် မြောက်ချုံဧကရာဇ်သည် ရိုင်းစိုင်းကြမ်းတမ်း၏။ သူက ရှေးဟောင်းနတ်ဘုရားတို့၏ ကမ္ဘာဦးစည်းမျဉ်းများကို လိုက်နာသည်။
ချိမင်နတ်ဘုရားသားတော်က ချုံဧကရာဇ်ကို ရှာဖွေရန် ကမ္ဘာဦးဘုံဆီသို့ သံတမန်တစ်ဦး စေလွှတ်ခဲ့ဖူးသည်။ ထိုသံတမန် သွားတွေ့ရမည့်သူမှာ မြောက်ချုံဧကရာဇ် ဖြစ်နေခဲ့၏။ သံတမန်မှာ မြောက်ချုံဧကရာဇ်၏ နှိုင်းမရလောက်အောင် ကြောက်မက်ဖွယ်ကောင်း၍ အရိုင်းဆန်သော မြင်ကွင်းကြီးကို မြင်လိုက်ရသည့်အခါ ကြောက်ရွံ့လွန်းသဖြင့် ချုံဧကရာဇ်ခေတ်နှင့် မပတ်သက်ရဲတော့ချေ။
အခြားတစ်ဖက်တွင် တောင်ချုံဧကရာဇ်၏ လူနေမှုအဖွဲ့အစည်းမှာ များစွာတိုးတက်ပြီး အောင်မြင်မှုများလည်း ရရှိထားသည်။ သူက နဂါးဟန်ခေတ်တုန်းထက် အင်မတန်စွမ်းအားကြီးသည့် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များစွာ မွေးထုတ်ပေးခဲ့ပြီး ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များကိုလည်း ချန်ရစ်ထားခဲ့သည်။
ထိုမျှသာမက သူ၏လက်ဆင့်ကမ်းဖြန့်ဝေခဲ့မှုကြောင့် ဤခေတ်၏ စိတ်ဓာတ်ဝိညာဉ်သည်လည်း ခိုင်ဧကရာဇ်ခေတ်နှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ပင် သက်ရောက်မှုရှိခဲ့၏။
သူတို့အထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့က များစွာပါ၀င်အားဖြည့်ခဲ့လေသည်။
ချင်မူမှာ သူ့အရှေ့ရှိ အမျိုးသမီးအား လေးစားအားကျစွာ ကြည့်နေမိသည်။ သူမသည် ဤခေတ်အတွက် အတိုင်းအဆများစွာ ပေးဆပ်ခဲ့သူ ဖြစ်၏။
သို့သော် ပြင်ပကောင်းကင်နတ်ဘုံ၏ အန္တရာယ်ကား ကျရောက်လာပေတော့မည်။ ချုံဧကရာဇ်ခေတ်မှာ အမိကမ္ဘာမြေသေဆုံးမှုနှင့်အတူ ပျက်သုဉ်းသွားပြီး ကောင်းကင်နတ်အရှင်လင်သည် ပျောက်ဆုံးသွားကာ ကောင်းကင်နတ်အရှင်ယွဲ့လည်း ဒုက္ခရောက်ပေလိမ့်မည်။
ချင်မူ ရင်ထဲ နာကျင်လာမိသည်။
ကောင်းကင်နတ်အရှင်ယွဲ့က စကားပြောရင်း ရယ်မောနေ၏။ ရုတ်တရက် သူမက လျှို့ဝှက်စွာ ပြုံးလျက် ပြောသည်။ “နင့်အရှေ့မှာ မြင်နေရတဲ့နေရာက ငါနေတဲ့ နေရာပဲ…. နင့်ကို ကြောက်စေမယ့် အရာတစ်ခု ရှိသေးတယ်…. နင် မျှော်လင့်ထားမှာတော့ မဟုတ်ဘူး…”
သူမမှာ မမြိုသိပ်ထားနိုင်တော့သဖြင့် ချင်မူ့အား တည့်တိုး ပြောပြလိုက်သည်။ “တောင်နတ်မင်းကျုချွဲက ဘယ်သူနဲ့လဲ မသိပါဘူး ကလေးရခဲ့တယ်... သူက အဲ့ကလေး မွေးမလာသေးခင်မှာတင် ဥကို ငါ့ဆီ ပို့ခဲ့တယ်လေ….. ဥက သူ့နေရာမှာ မလုံခြုတော့တဲ့အတွက် သူ့အစား ဒီကလေးကို ပျိုးထောင်ပေးဖို့ တောင်းဆိုခဲ့တယ်…. ကလေးက မွေးလာတော့ အတော်ကြာပြီ…. ပြီးတော့ မိန်းကလေး… အဲ့ကလေးမလေးက မွေးလာတာနဲ့ သူ့ဥခွံကို သူ ပြန်စားတာသိလား ခစ်ခစ်…”
ချင်မူ့မျက်လုံးများ တောက်ပလာချေသည်။
ကောင်းကင်နတ်အရှင်ယွဲ့က သဘောကျစွာ ရယ်နေရင်း ဆက်ပြောသည်။ “သူ့နာမည်က ယန်အာတဲ့…. သူက လူအတော်ကပ်တဲ့ ကလေးမလေးလေ သိလည်း သိတတ်တယ်... ငါ့ နန်းဆောင်ကလူတွေဆို ၀တုတ်ပြီး ဖြူဖွေးလာတဲ့အထိ သူက လိုက်ခွံ့ကျွေးခဲ့တာ…. ငါသာ ကိုယ့်ကိုကိုယ် မထိန်းနိုင်ခဲ့ရင် ငါလည်း ဖြူတုတ်လာတဲ့အထိ အကျွေးခံရမှာ…. သူ အစာကျွေးလိုက်လို့ ပျံတောင်မပျံနိုင်တော့တဲ့ ရှားယွီလို့ခေါ်တဲ့ ငါ့တပည့်တစ်ယောက်တောင် ရှိတယ်…”
ချင်မူက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ခေါင်းကိုးလုံး ဇာမဏီငှက်ဖြစ်သည့် အနီရောင်နတ်မင်းချီရှားယွီuတစ်ယာက် ၀တုတ်ပြီး မပျံနိုင်တော့သည်အထိ အစာကျွေးခံနေရသည့် မြင်ကွင်းကို မမြင်ယောင်မိဘဲ မနေမိချေ။
ရုတ်တရက် ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်နှာအမူအရာက စိုးရိမ်ပူပန်သွားပြီး ပြောလေသည်။ “သူ နင့်နေရာဆီ မလာအောင် ငါ သေချာစောင့်ကြည့်ထားပေးမယ်…. ဒီကောင်မလေးက လူကပ်ပြီးတော့ သူ့ပါးစပ်နဲ့ ခွံ့ကျွေးရတာကို ကြိုက်တာလေ.…. မိန်းကလေးတွေကတော့ ဘာမှမဖြစ်ပေမယ့် ယောက်ျားတွေကတော့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး…”
သူမ၏ နန်းဆောင်သို့ ရောက်သောအခါ ကောင်းကင်နတ်အရှင်ယွဲ့က အတွင်းသို့ ခေါ်သွားရင်း ပြောသည်။ “ငါ နင်တို့ ယာယီနေဖို့ ဟင်းလင်းပြင်တချို့ကို ခေါက်ချိုးထားတယ်…. ယန်အာ ၀င်လာနိုင်မှာမဟုတ်ဘူး…. ငါက အမိကမ္ဘာမြေကို ဖိနှိပ်ဖို့ ဒီမှာနေတာ…. ငါ ရှိနေသရွေ့ အမိကမ္ဘာမြေလည်း ရမ်းကားရဲမှာ မဟုတ်ဘူး…. နင် ဒီ ထူးဆန်းတဲ့အခြေအနေက လွတ်သွားရင် ငါ နင့်ကို ချုံဧကရာဇ်ကောင်းကင်နန်းဆောင်ဆီ ခေါ်သွားပေးမယ်…. ညီမလင်က အဲ့ဒီမှာရှိတယ်…. သူ နင့်ကို မြင်ရင် အတော်လေး စိတ်လှုပ်ရှားသွားမှာပဲ…”
ချင်မူက ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
“နင်က စိတ်လှုပ်ရှားလို့ မရဘူးပဲ…. ပျင်းဖို့ ကောင်းလိုက်တာ…. နင်တို့အရင် ဒီမှာ နေကြ.. နင် နင့်ရဲ့ လက်ရှိအခြေအနေကို မဖြေရှင်းနိုင်ဘူးဆိုရင် ငါ ညီမလင်ကို သူ့စာကြည့်ခန်းထဲကနေ မရရအောင် ဆွဲခေါ်လာခဲ့မယ်….”
ကောင်းကင်နတ်အရှင်ယွဲ့က မျက်လုံးဝှေ့ကြည့်ပြီးနောက် ချင့်မူအား တိတ်တဆိတ် တို့လိုက်ပြန်သည်။ ချင်မူမှာ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။ “မဆော့ပါနဲ့ မမကြီးယွဲ့ရာ..”
ကောင်းကင်နတ်အရှင်ယွဲ့က ရယ်လျက် ချာခနဲ လှည့်ကာ ထွက်ခွာသွားသည်။ “ငါ ရှင်းပေးမယ့် ကိစ္စလေးတချို့ ရှိသေးတယ်…. ဆိုတော့ နန်းဆောင်မှာ ကြာကြာနေလို့ မရဘူး…. ပြီးရင်တော့ နင်တို့ဆီ ပြန်လာလည်မယ်…. ဟုတ်သားပဲ”
သူမက လက်ကို ဆန့်တန်း၍ တံခါးတစ်ခု ရေးဆွဲလိုက်ရင်း ပြုံးနေသည်။ “ဒီတံခါးအပြင်ကို မထွက်နဲ့နော်…. နင် အပြင်ထွက်လို့ တခြားသူတွေ နင်တို့ပုံစံတွေ မြင်သွားရင် လိပ်ပြာလွင့်သွားကြလိမ့်မယ်… ပြီးတော့ ဒီက နေရာဟင်းလင်းပြင်က နေနောက်ကို လိုက်နေတာ….. ညဘက် ဘယ်တော့မှ ရှိမှာမဟုတ်ဘူး…. နင့်ခေတ်ကို ပြန်ရောက်သွားမှာ စိတ်ပူစရာမလိုဘူး”
ချင်မူက အသာအယာ ခေါင်းညိတ်သည်။ ဤနေရာမှာ မဆိုးလှချေ။ ကောင်းကင်နှင့် မြေကြီး၊ တောင်များနှင့် ရေကြည်များ ရှိပြီး သူ့ကို နှောင့်ယှက်မည့် အပြင်လူမရှိချေ။ ယင်းက သူ့စိတ်ကို တည်ငြိမ်အေးချမ်းစေ၍ ထူးဆန်းသောအခြေအနေကို လေ့လာခွင့်ရစေသည်။
ကောင်းကင်နတ်အရှင်ယွဲ့က တံခါးပိတ်ကာ ထွက်ခွာသွားသည်။
ဝေစွေ့ဖုန်းက ယွီလင်နန်းစောင့်တပ်ဖွဲ့များအား ချက်ချင်း နေရာချထားသည်။ နဂါးအရှင်ဘုရင်နှင့် နဂါးအရှင်ခုနစ်ပါးကလည်း ယာယီနေထိုင်ရန် နေရာတစ်နေရာ ရှာ၍ ချင်မူ့အား အနှောင့်အယှက်မပေးကြချေ။
ချင်မူက သူ၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းရန် ကြိုးစားလိုက်သည်။ ၎င်းမှာ သုံး၍ ရသေးသည့်အပြင် အသက်ဝင်လာသည့် အမြန်နှုန်းမှာလည်း ပို၍ပင် မြန်ဆန်နေကြောင်း တွေ့လိုက်ရ၏။
“ကောင်းကင်နတ်သိုင်းတွေဆိုတာ မဟာတာအိုစည်းမျဉ်းတွေကို စွမ်းအင်တွေအဖြစ် ပြောင်းလဲဖို့ လူတွေ ဖန်တီးထားတဲ့ ဆန်းကြယ်မန္တန်တွေပဲ…. ငါတို့က တောက်ပနေတဲ့ စွမ်းအင်ကိုယ်ထည်တွေ ဖြစ်လာတော့ ကောင်းကင်နတ်သိုင်းကို သုံးတဲ့နှုန်းကလည်း ပိုပြီး မြန်လာတာပေါ့လေ….”
ချင်မူက တခဏ တစ်ယောက်တည်း ရေရွတ်နေပြီးနောက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်သည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုပါ အသက်သွင်းနေနိုင်ခြင်းက သူ့ကို အံ့ဩမှင်သက်သွားစေ၏။ သို့သော် ကျင့်စဉ် လှည့်ပတ်နေစဉ် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်မှာ မတည်ငြိမ်ဖြစ်လာသဖြင့် မချိန်မရွေး ပေါက်ကွဲသွားနိုင်လေသည်။
သူက အလျင်အမြန် ရပ်၍ အသံကို နှိမ့်ကာ ပြောနေသည်။ “လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နိုင်တယ်ဆိုတော့ ငါ့ရဲ့မူလဝိညာဉ်၊ ဝိညာဉ်သန္ဓေသား၊ ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်တွေ တည်ရှိနေသေးတဲ့ သဘောပဲ…. စွမ်းအင်အခြေအနေကို ပြောင်းလဲနေပြီး ဒြပ်ထုတွေ မဟုတ်တော့တာပဲ ရှိတယ်”
ရုတ်တရက် ချင်မူမှာ ကြောင်အသွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ထိုက်ရှီကောင်းကင်နတ်သိုင်း၏ ပြောင်းလဲခြင်းမခံရသေးသော အရာတစ်ခု ရှိသည်ကို သတိရသွားသည်။
ယင်းက သူ၏ တတိယမျက်လုံးပင်။
သူ့မျက်လုံးသည် စွမ်းအင်မဖြစ်သွားခဲ့ပေ။
“ငါ့မျက်လုံးထဲမှာ ထိုက်ချူဥ၊ မြေအောက်ဘုံအရှင်သခင်ရဲ့ ချင်စာလုံးမြေပြင် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး၊ ထိုက်ရှီဥ၊ ထိုက်စုဥရေကြည်တစ်ဝက်အပြင် ရတနာမျိုးစုံလည်း ရှိတယ်... အရှင်မယွမ်မုရဲ့ အလောင်းနဲ့ အခေါင်းလည်း ရှိနေတယ်”
ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး ပေါက်ကွဲတော့မည့်အလား ထပ်ခံစားလိုက်ရသည်။ သူက သူ့ကိုယ်သူ ကပျာကယာ ထိန်းလိုက်၏။ “ထိုက်ကျိနတ်ကျောက်တုံးနဲ့ မူလကျောက်တုံးလည်း ရှိသေးတယ်... ဟုတ်သားပဲ ထိုက်ကျိမူလကျောက်တုံး”