နဂါးကြေးခွံများ ခွာခြင်း
Vol. 92 Ch. 1195
ထိုက်ရှီ၏ တာအိုသည် အသွင်သဏ္ဍာန် ရှိသော်လည်း ဒြပ်ထုထည် ကင်းမဲ့နေသောကြောင့် ချင်မူတို့အားလုံး တောက်ပနေသော စွမ်းအင်ကိုယ်ထည်များ ဖြစ်ကြခြင်းပင်။ ထိုက်ကျီတာအိုကမူ ယင်နှင့်ယန်၏ တာအိုဖြစ်သည်။ စွမ်းအင်က မည်သည့်အရာမဆိုအဖြစ် ပြောင်းလဲနိုင်ပြီး ယင်နှင့်ယန်တာအိုသည် ကမ္ဘာလောကအတွင်းရှိ တာအိုမှန်သမျှအား ဖော်ဆောင်နိုင်၏။
“ငါတို့ရဲ့ လက်ရှိအခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ထိုက်ကျိနတ်ကျောက်တုံးနဲ့ ထိုက်ကျိမူလကျောက်တုံးပဲ”
ချင်မူက ဤအချက်ကို တွေးမိလျှင်ချင်း ထိုက်ကျိနတ်ကျောက်တုံးနှင့် ထိုက်ကျိမူလကျောက်တုံး အပိုင်းအစတချို့ ထုတ်လိုက်သည်။
သူ့တွင် ထိုက်ကျိမူလကျောက်တုံးတစ်တုံးတည်းသာ ရှိသော်လည်း နတ်ကျောက်တုံးတစ်ရာကျော်တော့ ရထား၏။
ယခင်တုန်းက သူသည် ယင်ယန်လမ်းစဉ်နှင့် ထိုက်ကျိသဘောတရားအကြောင်း ကောင်းကောင်းနားလည်သည်ဟု ထင်ခဲ့မိ၏။ သူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှာ ယင်နှင့်ယန်အလဲအလှယ်ပင် မဟုတ်ပါလော။ သို့သော် ထိုက်ကျိကျောက်တုံးတွင်းထဲရှိ ထူးဆန်းသော အဖြစ်အပျက်များကို မြင်တွေ့ပြီးနောက် ထိုက်ကျိတာအိုအစစ်နှင့် ထိတွေ့ပြီးသည့်အခါ သူ့မှာ သူ့ကိုယ်သူ မသေချာတော့ပေ။
ယင်နှင့်ယန်၏ ဆင့်ကဲပြောင်းလဲမှုက ဒြပ်ထုများနှင် မဟာတာအိုကို နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲစေသည်။ မဟာတာအို၏ ဥပဒေ နိယာမများနှင့် စည်းမျဉ်းများကိုပင် ပြောင်းလဲနိုင်၏။ ၎င်းကား အလွန်ဆန်းကြယ်သဖြင့် ရှင်းပြ၍မရချေ။
သို့သော် ထိုက်ကျိကျောက်တုံးတွင်းသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ချင်မူသည် ထိုက်ကျိနတ်ကျောက်တုံးနှင့် ထိုက်ကျိကျောက်တုံးတွင်း၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို စုပ်ယူနိုင်ခဲ့သောကြောင့် အကျိုးအမြတ်များစွာလည်း ရရှိခဲ့၏။
ယင်နှင့်ယန်၏ ဆင့်ကဲပြောင်းလဲမှုများအပေါ် နားလည်မှုသည်လည်း ယခင်ထက် ပိုမိုနက်ရှိုင်းလာခဲ့သည်။
သူ ကျောက်တုံးတွင်းထဲ ရောက်နေစဉ်တုန်းက ထိုက်ကျိကျောက်တုံးတွင်းသည် ဖန်ဆင်းရှင်ကျောက်ရုပ်များကို ထိန်းချုပ်ကာ သူ့အား သတ်ရန် ကြိုးစားခဲ့၏။ သို့သော် သူက မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းဖြင့် မူလအစသို့ အကြိမ်ကြိမ် ပြန်သွားရင်း ယင်နှင့်ယန်၏ ဆင့်ကဲပြောင်းလဲမှုသဘောတရားအား နားလည်အောင် လုပ်ခဲ့သည်။
နောက်ဆုံးအခေါက်တွင် ထိုက်ကျိကျောက်တုံးတွင်းသည် ယင်ယန်ချီကို ထိန်းချုပ်လျက် သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်လာကာ အသက်နှုတ်ယူရန် ကြိုးစားခဲ့၏။
သို့ရာတွင် ချင်မူက လျှို့ဝှက်ဆန်းကြယ်သော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို သုံး၍ သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာခဲ့သည့် ယင်ယန်ချီကို ဝါးမြိုခဲ့သည်။ ထို့ကြောင့် ကျောက်တုံးတွင်း၏ စွမ်းအားတစ်စိတ်တစ်ပိုင်းအား ရရှိခဲ့လေသည်။
“ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ငါ့ကို ဒီထိုက်ကျိမူလကျောက်တုံး ပေးခဲ့တယ်”
ချင်မူသည် ထိုက်ကျိနတ်ကျောက်တုံး၏ စွမ်းအားကို လှုံ့ဆော်ကြည့်နေ၏။ ထိုက်ကျိတာအိုအပေါ် ကောင်းမွန်စွာ နားလည်ထားသော်လည်း သူကိုယ်တိုင်မှာ ကျောက်တုံးတွင်း၏ ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်သည် မဟုတ်ပါလော။ သူ့အနေဖြင့် ဤစွမ်းအားကို ပထမဆုံး ထိန်းချုပ်ကြည့်ရပေမည်။
ထိုက်ကျိနတ်ကျောက်တုံးက သူ့လက်ဝါးထဲတွင် ဖြည်းဖြည်းချင်း မြောက်တက်လာပြီး သူ့ကိုယ်ထဲရှိ စွမ်းအင်က ၎င်းအတွင် စိမ့်ဝင်ရောက်ရင်း ယင်နှင့်ယန်ချီအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲနေကြောင်း ခံစားလာရသည်။ ဤအခြေအနေမျိုးမှာ အလွန်ဆန်းပြားသောကြောင့် တအံ့တဩ မစုပ်မိဘဲ မနေပေ။
စွမ်းအင်သည် ယင်နှင့်ယန်ချီအဖြစ် ပြောင်းလဲသွားပြီး ယင်နှင့်ယန်ချီက ဒြပ်ထု ဖြစ်တည်လာ၏။ စွမ်းအင်မှ ဒြပ်ထုဖြစ်တည်သွားသည့်အခါ အရာအားလုံး သဘာဝအတိုင်း ပေါ်လွင်လာမည်။
“ဒါပေမဲ့ ယင်နဲ့ယန်ချီက ငါ့ခန္ဓာကိုယ်ကို မပြုပြင်ပေးနိုင်ဘူး”
ချင်မူ တစ်ယောက်တည်း ရေရွတ်နေမိသည်။ သူသည် ထိုက်ကျိကျောက်တုံးတွင်းထဲမှ ရှုပ်ထွေးလှသော ဆင့်ကဲပြောင်းလဲမှုသဘောတရားများ ပါဝင်နေသည့် ယင်နှင့်ယန်ချီကို ရရှိခဲ့၏။ ထို့ကြောင့် အိပ်မက်ထဲ ဝင်ရောက်ကာ ၎င်းတို့ကို ထုတ်နုတ်ဆန်းစစ်ချင်မိသည်။
သို့သော် လက်ရှိသူ၏အခြေအနေမှာ သိပ်မတည်ငြိမ်ပေ။ အိပ်မက်ထဲ ဝင်ရောက်၍ ကိုယ်ပွားထောင်ချီ ပွားရန် အားကောင်းသော တွေးခေါ်နိုင်စွမ်းကို လိုအပ်သည်။ သူ ထိန်းချုပ်ရမည့် အတွေးပမာဏက ကြီးမားလွန်းသောကြောင့် သူ့ကိုယ်ထဲရှိ စွမ်းအင် ပေါက်ကွဲသွားနိုင်ခြေ များပေသည်။
သူ့မှာ ဤအတွေးကို ခဏပေးပို့ထားပြီး ထိုက်ကျိနတ်ကျောက်တုံး၏ စွမ်းအားကို နားလည်အောင် ယင်နှင့်ယန်၏ ဆင့်ကဲပြောင်းလဲမှုကို ဖြည်းဖြည်းချင်း တွေးခေါ်ကြည့်နေ၏။
ထိုက်ကျိနတ်ကျောက်တုံးကို နားလည်မှ ထိုက်ကျိမူလကျောက်တုံးသို့ ဆက်ရပေမည်။ ရေတိမ်မှ ရေနက်ပိုင်းသို့ သွားသကဲ့သို့ တဖြည်းဖြည်းသာ သွားရလိမ့်မည်။
မသိလိုက်မသိဖာသာဖြင့် ဆယ်ရက်ကျော် ကြာသွားခဲ့သော်လည်း ကောင်းကင်နတ်အရှင်ယွဲ့က ပြန်ရောက်မလာသေးပေ။ ချင်မူသည် ထိုက်ကျိနတ်ကျောက်တုံး၏ စွမ်းအားကို တစတစ ကျွမ်းကျင်လာပြီးနောက် ပိုမိုသဘောပေါက်လာ၏။
သူတို့ကို နှောင့်ယှက်မည့်သူ မရှိသောကြောင့် အလွန်တိတ်ဆိတ်အေးချမ်းနေချေသည်။
ယွီလင်နန်းစောင့်တပ်ဖွဲ့က တပ်မှူး၏ အမိန့်ကို မြေဝယ်မကျ နားထောင်သော တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ဝေစွေ့ဖုန်းက သူတို့၏ တပ်မှူးချုပ်ပင် ဖြစ်ချေရာ သူ၏အမိန့်ကြောင့် ယွီလင်နန်းစောင့်စစ်သည်တော်များသည် တုပ်တုပ်မလှုပ်ဘဲ မတ်မတ် ရပ်နေကြ၏။ သူတို့စိတ်ထဲတွင် တခြားအတွေးများ မရှိကြသည့်အပြင် စည်းကမ်းတင်းကြပ်ပုံက အပြင်လူများကို ကြောက်လန့်မိစေနိုင်သည်။
ကြက်နဂါးလင်းရှောင်မှာလည်း ဝေစွေ့ဖုန်း၏ အရှိန်ကြောင့် မလှုပ်ရဲပေ။
နဂါးအရှင်ဘုရင်၊ ဖုန့်ချိုးယွင်နှင့် ကျန်ရှိသူများကတော့ ငြိမ်ငြိမ်မထိုင်နိုင်ကြ။ အချိန်ကြာလာသည်နှင့်အမျှ ရတက်မအေး ဖြစ်လာကြသည်။ ကံကောင်းထောက်မစွာဖြင့် ပေါက်ကွဲတော့မည့်အချိန်တိုင်း သတိပြန်ဝင်သွားတတ်လေသည်။
“နဂါးအရှင်ဘုရင်”
နောက်ဆုံးတွင် ချင်မူက ထရပ်ပြီး နဂါးအရှင်ဘုရင်ကို လှမ်းခေါ်ကာ အပြုံးဖြင့် ပြောသည်။ “ကျွန်တော် ဒီရက်ပိုင်း စမ်းသပ်ထားတာတွေ ကျွန်တော်တို့လက်ရှိအခြေအနေကို ဖြေရှင်းပေးနိုင်မလား ကြည့်ဖို့ နဂါးအရှင်ဘုရင်ကြီးရဲ့ စွမ်းအင်ကိုယ်ထည်တချို့ လိုလို့ပါ”
နဂါးအရှင်ဘုရင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက သရော်တော်တော် ပြောသည်။ “ဒီမှာ မောင်ရင်၊ မင်းက ငါတို့ကို အစမ်းသပ်ခံ လုပ်စေချင်တယ်ပေါ့... မင်းကိုယ်မင်း ဘာထင်နေလဲ”
“ခင်ဗျားအတွက် ကောင်းကင်နတ်အရှင်ဆိုတာ ဘာအဆင့်အတန်းဖြစ်နေလို့လဲ”
ဝေစွေ့ဖုန်းက လျှောက်လာကာ ခနဲ့သည်။ “နဂါးအရှင်သခင်၊ ခင်ဗျား သိပ်သတ္တိကောင်နေတယ်ပေါ့”
နဂါးအရှင်ဘုရင်၏ မျက်နှာပေါ်ရှိ နဂါးကြေးခွံများ တုန်ခါသွားသည်။ ဝေစွေ့ဖုန်းကို သူ ကြောက်လေသည်။ နဂါးအရှင်စီရင်စုကို သုတ်သင်ချေမှုန်းပြီး နဂါးအရှင်ဘုရင်၏ ပုန်ကန်မှုအား နှိမ်နှင်းရန် ယွီလင်နန်းစောင့်တပ်ဖွဲ့အား ခေါ်လာသူမှာ ဝေစွေ့ဖုန်း မဟုတ်လော။ သူက နဂါးအရှင်မျိုးနွယ်ဝင်များကို ခေါင်းဖြတ်သတ်ကာ နဂါးဟန်ကောင်းကင်နတ်ဘုံဆီသို့ ပူဇော်ခဲ့လေသည်။
နဂါးအရှင်ဘုရင်ကိုယ်တိုင်ပင် ဝေစွေ့ဖုန်း၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
“ကောင်းကင်နတ်အရှင်မူက နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ နဝမမြောက် ကောင်းကင်နတ်အရှင်ပဲ... သူက နတ်ဘုရားဖြစ်နိုင်မယ့် လမ်းစဉ်ကို ဟောပြောရင်း လောကသားတွေအတွက် ကောင်းကျိုးပြုခဲ့တယ်... ရှေးခေတ်ကနေ ဒီနေ့အချိန်ထိ သူ့ကို တွေ့တဲ့ ဘယ်သူမဆို... ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးတောင် သူ့ကို တာအိုညီတော်၊ တာအိုနောင်တော်လို့ ခေါ်ကြရတယ်”
ဝေဟွေ့ဖုန်းသည် အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောနေ၏။ “သူက ခင်ဗျားအသက်ကို ကယ်ခဲ့တယ်... ခင်ဗျားက ကျေးဇူးပြန်မဆပ်တဲ့အပြင် ရိုင်းပျနေသေးတယ်... တော်တော် အောက်တန်းကျတာပဲ”
နဂါးအရှင်ဘုရင်၏ အမူအရာ အနည်းငယ်ပျော့ပျောင်းသွားသည်။ “ငါက နဂါးအရှင်စီရင်စုရဲ့ အရှင်ဘုရင်... ဘိုးဘေးနန်းတော်ရဲ့ နဂါးသွေးကြောကနေ မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါး... ငါ့အဆင့်အတန်းက ကောင်းကင်နတ်အရှင်လို့ ခေါ်တဲ့ကောင်တွေထက် အဆတစ်ရာ မြင့်တယ်.. အဲဒီတုန်းက ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲမှာဆို ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ငါ့ကို အစားအသောက်တွေ တည်ခင်းဧည့်ခံကျွေးရတယ်... နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ကိုးယောက်ကတော့ နဂါးသွဲ့ရေကန်မှာ ဆော့ကစားနေတဲ့ ငါးလေးတွေသာသာပဲ ရှိတယ်... ငါ သူတို့ကို မျက်လုံးထဲတောင် မထည့်ဘူး... ဒါပေမဲ့ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးချုပ်ကိုယ်တိုင် ပြောနေမှတော့ ငါ မင့်မျက်နှာကို ထောက်ထားလိုက်မယ်”
သူက တစ်ယောက်တည်း ရေရွတ်နေပြီးနောက် နဂါးအရှင်တစ်ပါးကို ခေါ်ကာ ပြောလိုက်သည်။ “မင်းဆီက နဂါးကြေးခွံတစ်ချပ် ခွာပြီး ကောင်းကင်နတ်အရှင်မူ စမ်းသပ်ရအောင် ပေးလိုက်”
ထိုနဂါးအရှင်မှာ အရှက်ခွဲခံရသလို ခံစားသွားသည်။ နဂါးအရှင်ဘုရင်က အေးစက်စက် နှာခေါင်းရှုံ့၍ သူ့ခန္ဓာကိုယ်မှ နဂါးကြေးခွံတစ်ချပ် ခွာလိုက်သည်။
ထိုနဂါးအရှင်သည် မျက်နှာကြီးမဲ့သွားပြီး မတရားသဖြင့် ခံလိုက်ရသည့် အမူအရာဖြင့် ဘေးတွင် ရပ်နေတော့၏။
ချင်မူက နဂါးကြွေးခွံကို ယူကာ ထိုက်ကျိနတ်ကျောက်တုံးဖြင့် ထုတ်စမ်းကြည့်သည်။ နဂါးအရှင်ဘုရင်၏ သရော်စကားများအား သူ စိတ်ထဲမထားပေ။
ဝေစွေ့ဖုန်းနှင့် နဂါးအရှင်ဘုရင်မှာ နဂါးကြေးခွံများကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့မှာ ဖော်ပြမတတ်အောင် စိတ်လှုပ်ရှားလာသောကြောင့် သူတို့၏ခံစားချက်များအား အလျင်အမြန် ထိန်းချုပ်လိုက်ရ၏။
ချင်မူ ထုတ်လွှတ်လိုက်သည့်အခါ ထိုက်ကျိနတ်ကျောက်တုံးသည် မူလအသွင်သဏ္ဍာန်မှ အဖြူနှင့်အမည်း ယင်နှင့်ယန်စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ နဂါးကြေးခွံအား လှည့်ပတ်နေကြ၏။ ဆန်းပြားသော စွမ်းအားတစ်ရပ်က နတ်ကျောက်တုံးအတွင်းထဲမှ ထွက်လာပြီး နဂါးကြေးခွံ၏ ကိုယ်ထည်ကို ပြောင်းလဲလိုက်သည်။
ဤနဂါးကြေးခွံမှာ နဂါးကြေးခွံသဏ္ဍာန် ရှိသော စွမ်းအင်ကိုယ်ထည်တစ်ခုသာ ဖြစ်ကာ ဒြပ်ထုမရှိပေ။ သို့သော် ယင်နှင့်ယန်ချီ၏ သက်ရောက်မှုအောက်တွင် နဂါးကြေးခွံသည် တစတစ ဒြပ်ထု ရှိလာချေပြီ။
အားလုံးမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာကြသော်လည်း မနည်းထိန်းချုပ်ထားရသဖြင့် ပင်ပန်းလာကြသည်။
နဂါးကြေးခွံ၏ တစ်ဝက်ကျော်မှာ ရုပ်ဒြပ်ထု ရှိလာပြီဖြစ်သော်လည်း ရုတ်တရက် စွမ်းအင်မှ ဒြပ်ထုသို့ ပြောင်းလဲနေသော ဖြစ်စဉ်သည် ပြောင်းပြန်ဖြစ်ပြီး ဒြပ်ထုမှ စွမ်းအင်အဖြစ် ပြန်လည်ပြောင်းလဲကုန်၏။
နဂါးကြေးခွံကာ တောက်ပသထက် တောက်ပလာတော့သည်။
ဝေစွေ့ဖုန်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူက အင်္ကျီလက်အိုးများ လှုပ်ခါလိုက်ရင်း နဂါးကြေးခွံကို ကောင်းကင်ထက်သို့ မြှင့်တက်လိုက်သည်။
အုန်း
ဒြပ်ထု ပြိုကွဲ၍ စွမ်းအင် ပေါက်ကွဲကုန်သည်။ ကောင်းကင်ထက်တွင် နေနောက်တစ်စင်း ထွက်လာသကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများမှာ အချိန်အတော်ကြာသည်အထိ မလွင့်ပျယ်သွားပေ။
“နောက်တစ်ခု” ချင်မူက မျက်မှောင်ကြုတ်လျက် ပြောသည်။
နဂါးအရှင်ဘုရင်သည် စောစောက နဂါးအရှင်ကိုပင် လှမ်းခေါ်လိုက်၏။ ထိုနဂါးမှာ ခါးသီးနေသော အမူအရာဖြင့် မလျှောက်ချင် လျှောက်ချင် လျှောက်လာကာ ကြေးခွံတစ်ချပ် ထပ်ခွာပေးသည်။
တခဏကြာသော် ဝေစွေ့ဖုန်းက အင်္ကျီလက်အိုးများ ခါလိုက်ပြီး ကောင်းကင်ထက်၌ နေနောက်တစ်စင်း ပေါ်လာသည်။ စောစောက နေလုံးကြီးပင် မလွင့်ပျယ်သေးပေ။
“နောက်တစ်ခု” ချင်မူက ခေါင်းပင် မထောင်ဘဲ ပြောသည်။
နဂါးအရှင်ဘုရင်က ထိုနဂါး၏ခန္ဓာကိုယ်မှ ကြေးခွံတစ်ချပ် ထပ်ခွာလိုက်ပြီး ချင်မူက လှမ်းယူသည်။ သူက လက်ဟန်နည်းစနစ်များ၏ ပြင်းအားကို တွက်ဆရင်း ထပ်စမ်းကြည့်နေ၏။
“နောက်တစ်ခု”
...
အကြေးခွံ ခွာခံနေရသော နဂါးမှာ ကတုံးပြောင် ဖြစ်နေချေပြီ။ နဂါးအရှင်ဘုရင်က သူ့ကို ပြန်လွှတ်ပြီး နောက်တစ်ကောင်ကို လှမ်းခေါ်ကာ အကြေးခွံများ ဆက်ခွာနေသည်။
ဤသို့ဖြင့် တစ်လကျော် ကြာသွားပြီး ကောင်းကင်ထက်တွင် ပေါက်ကွဲမှုတစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်။ ချင်မူမှာ တစ်ကြိမ်မှ မအောင်မြင်သေးပေ။
နဂါးအရှင်ဘုရင်မှာ မျက်နှာကြီးမည်းမှောင်ပြီး ပေါက်ကွဲတော့မလို ဖြစ်နေတော့သည်။ ကံကောင်းထောက်မစွာနှင့် အတွေ့အကြုံများသူပီပီ သည်းခံထားနိုင်လေသည်။
“နောက်တစ်ခု” ချင်မူက ပြောသည်။
ဤအသံက နဂါးအရှင်ဘုရင်၏ အမျက်ဒေါသတို့ကို ပေါက်ကွဲသွားစေသော လောင်စာအလားပင်။ သူ့မှာ ဒေါသကို မထိန်းနိုင်တော့သောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာတော့သည်။
ဝေစွေ့ဖုန်းက ချောင်းဟန့်၍ ဝင်ပြောသည်။ “နဂါးအရှင်ဘုရင်၊ ပေါက်ကွဲသွားဦးမယ် သတိထား”
ထိုအခါမှ နဂါးအရှင်ဘုရင်မှာ သတိဝင်သွားပြီး တာအိုနှလုံးသားထဲရှိ အမျက်ဒေါသများကို ဖိနှိပ်လိုက်သည်။ သူက အံတင်းတင်းကြိတ်၍ သူ့ခန္ဓာကိုယ်မှ နဂါးကြေးခွံတစ်ခု ဆွဲနုတ်လိုက်ရင်း ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့နဂါးအရှင်မျိုးနွယ်ရဲ့ ကြေးခွံတွေပဲ မယူနဲ့လေ... ဟိုးက ဇာမဏီမျိုးနွယ်ရဲ့ ခေါင်းဆောင်မှာလည်း အမွှေးတော်တော်များတယ်ကွ”
ချင်မူက တောင်းတောင်းပန်ပန်ဖြင့် ပြောလေသည်။ “ကျွန်တော် အောင်မြင်တော့မှာပါ... အောင်မြင်တော့မှာပါ... နဂါးအရှင်ဘုရင်ကြီးဆီ ကုန်သွားရင် မမကြီးချိုးယွင်ဆီ သွားပါ့မယ်”
ခပ်လှမ်းလှမ်းရှိ ဖုန့်ချိုးယွင်မှာ မျက်နှာအကြီးအကျယ် ပျက်သွားတော့သည်။